News @ M-Media

Author: Ko Lay

  • FA ဖလားအာရုံစိုက်မှုက ချန်ပီယံလိဂ်ကို ထိခိုက်သည်ဟု အာဆင်ဝင်းဂါးဆို

    FA ဖလားအာရုံစိုက်မှုက ချန်ပီယံလိဂ်ကို ထိခိုက်သည်ဟု အာဆင်ဝင်းဂါးဆို

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media

    winger

    – မိမိမှာ အသင်းအား FA ဖလားရရှိရန် ပိုအားသန်ခဲ့ပြီး ထိုအကြောင်းအရင်းက ချန်ပီယံလိဂ်တွင် ထိခိုက်ရခြင်းဖြစ်သည်ဟု
    အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပြီးခဲ့သည့်နှစ်က ဟားလ်စီးတီးအသင်းအား အနိုင်ကစား၍ FA ဖလားကို ရယူခဲ့ပြီး ၉ နှစ်ကြာ ဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့သည်။ ယခုနှစ် FA ဖလားတွင်လည်း အာဆင်နယ်မှာ ပဉ္စမအဆင့်သို့ ရောက်နေပြီး မနက်ဖြန်တွင်ကစားမည့် မစ်ဒယ်ဘရော့နှင့်ပွဲ အနိုင်ရပါက ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    အာဆင်ဝင်းဂါးကမူ မိမိမှာ FA ဖလားအား ပိုမိုရယူချင်သည့် စိတ်ဓာတ် ပိုများသည်ဟု ၀န်ခံခဲ့ပြီး ထိုဆန္ဒကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း အသင်း၏ ချန်ပီယံလိဂ်ယှဉ်ပြိုင်မှုတွင် ထိခိုက်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “(FA ဖလားဟာ) ကျွန်တော်တို့အတွက် အရေးကြီးပြီး သေသေချာချာကို အရယူခဲ့ပါတယ်။ အမြဲတမ်းရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့လက်ထက်မှာ ၅ ကြိမ်ရရှိခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ဘယ်အသင်းမှ အဲဒီလောက် မရခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အမြဲတမ်း သေသေချာချာ ကစားခဲ့တာ့ပါ။ တစ်ခါတစ်ရံမှာ အရမ်း ဂရုစိုက်ခဲ့လို့ ချန်ပီယံလိဂ်မှာ ထိခိုက်ခဲ့ရပါတယ်” ဟု အာဆင်ဝင်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် FA ဖလားပြိုင်ပွဲမှာ များသောအားဖြင့် ချန်ပီယံလိဂ်မတိုင်ခင် တစ်ပတ်အလိုတွင် ကစားရသောကြောင့် FA ဖလားတွင်
    ဖိကစားခဲ့သည့် မိမိတို့အသင်းမှာ ချန်ပီယံလိဂ်အတွက် ကစားသမားများဆုံးရှုံးကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနှစ်ပရီးမီးယားလိဂ်အခြေအနေနှင့်ပတ်သက်၍မူ မိမိတို့အသင်းမှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန်ဟု ဆိုသည်။

    “ကျွန်တော်တို့အမြဲတမ်း ချန်ပီယံဖြစ်ချင်ခဲ့တာပါ။ အမှတ်ပေးဇယားကို ကြည့်လိုက်ရင် ဒီရာသီမှာ ဒါဟာ အရမ်းခက်ခဲပါတယ်။
    အခုအချိန်မှာ ပွဲတိုင်းဟာ အသည်းအသန်ကစားရမယ့် ပွဲတွေပါပဲ”

    Ref: goal.com

  • အစ္စရေးမှ ဖမ်းဆီးထားသည့် အသက်ငယ်ဆုံး ပါလက်စတိုင်းမိန်းကလေးတစ်ဦး လွတ်မြောက်လာ

    အစ္စရေးမှ ဖမ်းဆီးထားသည့် အသက်ငယ်ဆုံး ပါလက်စတိုင်းမိန်းကလေးတစ်ဦး လွတ်မြောက်လာ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media

    PALESTINIAN-ISRAEL-CONFLICT-CHILDREN-PRISON

    – စစ်တပ်အား တိုက်ခိုက်ရန် ကြံစည်သည်ဟုဆိုကာ အစ္စရေးက ထောင် ၂ လ ချမှတ်ခဲ့သည့် ပါလက်စတိုင်းမှ အသက် ၁၄
    နှစ်အရွယ် ကျောင်းသူ အမျိုးသမီးငယ်လေးတစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းခြေမှ မာလက် အလ်-ခါသစ်ဆိုသူ
    ကျောင်းသူဖြစ်ပြီး ယမန်နေ့က လွတ်မြောက်လာခြင်းဖြစ်ကာ မိသားစုများနှင့် ဆွေမျိုးများက ကြိုဆိုခဲ့ကြပြီး ၎င်းတို့နေထိုင်ရာ
    ဘိုင်တင်ရွာသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

    မာလက်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ကျောင်းမှ အိမ်သို့အပြန်လမ်းတွင် အစ္စရေးစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက်
    ထောင်ဒဏ် ၂ လ ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး သူမ၏ အသက်ကြောင့် ၂ ပတ်လျော့ရက် ရခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်း
    အကျဉ်းသားများအသင်းက ပြောကြားခဲ့သည်။

    အစ္စရေး၏စွဲချက်တွင် မာလက်မှာ ပါလက်စတိုင်းပိုင်နက်ရှိ ကျူးကျော်အိမ်ယာများတွင် နေထိုင်သော အစ္စရေးမှဂျူးများ၏
    ကားကို ပစ်ခတ်ရန်အတွက် ကျောက်တုံးများကိုကောက်ခဲ့ခြင်းနှင့် လုံခြုံရေးအဖွဲ့များ ဖမ်းဆီးပါက ပြန်လည်တိုက်ခိုက်ရန်
    ဓားမြှောင်တစ်ချောင်းကို ယူဆောင်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ပါလက်စတိုင်းပိုင်း အနောက်ဖက်ကမ်းခြေမှ နှစ်စဉ် ကလေးငယ်ပေါင်း ၁၀၀၀ ခန့်ကို အစ္စရေးမှ ဖမ်းဆီးလျက်ရှိပြီး
    ခဲဖြင့်ပေါက်မှုဖြင့် မကြာခဏ တရားစွဲဆိုခြင်းခံရသည်ဟု ကလေးငယ်များအခွင့်အရေးကို ဆောင်ရွက်ပေးနေသည့် Defense
    for Children International Palestine အဖွဲ့က ပြောကြားခဲ့သည်။

    ပါလက်စတိုင်း အကျဉ်းသားများအသင်းကမူ အစ္စရေးအကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်း
    ကလေးငယ်များမှာ ၂၀၀ ခန့်ရှိပြီး မိန်းကလေး ၄ ဦးပါဝင်ကာ မာလက်က အငယ်ဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးစစ်ဖက် ပြောရေးဆိုခွင့်ရှိသူများကမူ မာလက်မှာ အပြစ်ရှိကြောင်းဝန်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း
    မာလက်၏ ဖခင်ဖြစ်သူက သမီးဖြစ်သူ၏ ထွက်ဆိုချက်ကို အတည်ယူ၍မရဟု ဆိုသည်။

    “အစ္စရေးစစ်သားတွေဝိုင်းထားတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ဘာမဆိုဝန်ခံမှာပါပဲ။
    နျူလက်နက်ကြီး ကိုင်ထားတယ်လို့ စွပ်စွဲခဲ့ရင်တောင် သူဝန်ခံမှာပါ” ဟု ပြောကြားခဲ့သည်။

    Ref: alarabiya

  • အိန္ဒိယလူမျိုးတစ်ဦးအား လက်ရောက်ကျူးလွန်ခဲ့သူ အမေရိကန် ရဲတစ်ဦးကို တရားစွဲ

    အိန္ဒိယလူမျိုးတစ်ဦးအား လက်ရောက်ကျူးလွန်ခဲ့သူ အမေရိကန် ရဲတစ်ဦးကို တရားစွဲ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media

    Handout of Sureshbhai Patel at Huntsville Hospital, in Huntsville

    – အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ်တွင် အိန္ဒိယလူမျိုးတစ်ဦးအား ထိခိုက်ဒဏ်ရာရစေခဲ့သည်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ရဲတပ်သားတစ်ဦးကို လက်ရောက်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    ကျူးလွန်ခံရသူမှာ အသက် ၅၇ နှစ်အရွယ်ရှိ ဆူရက်ရှ်ဘိုင် ပက်တဲလ်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ နံနက်ပိုင်းက မက်ဒီဆင်ရှိ သားဖြစ်သူနေအိမ်မှထွက်ကာ လမ်းလျှောက်နေစဉ် ရဲတပ်သားများနှင့်တွေ့ကာ ထိုကဲ့သို့ ကျူးလွန်ခံခဲ့ရခြင်းဖြစ်သည်။

    ရဲတပ်သားများက သံသယရှိသူတစ်ဦးနှင့်ပတ်သက်၍ ဖုန်းခေါ်ဆိုမှုရရှိခဲ့သည်ဟု ပက်တဲလ်အား ပြောကြားခဲ့သည်။ သို့သော်လည်း ပက်တဲလ်က မိမိမှာ အင်္ဂလိပ်စကားမပြောတတ်ဟုဆိုကာ သားဖြစ်သူ၏ အိမ်နံပါတ်ကို ပေးခဲ့သော်လည်း ရဲတပ်သားများက ပက်တဲလ်အား လုံးထွေးကာ မြေပြင်ပေါ်သို့လှဲချခဲ့သည်။

    ပက်တဲလ်မှာ ထိုဒဏ်ရာကြောင့် ကျောရိုးရှိ နာ့ဗ်ကြောမကြီး ထိခိုက်သွားပြီး ခန္ဓာကိုယ်လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည်။ ထို့နောက် ပက်တဲလ်က မြို့တာဝန်ရှိသူများနှင့် ၎င်းအား ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို တရားစွဲဆိုခဲ့ပြီး ထိုအဖြစ်အပျက်မှာ လူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားရာ အလာဘားမားပြည်နယ် မဒ်ဒီဆန်မြို့မှ ရဲအရာရှိများကလည်း ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပက်တဲလ်နှင့် သူ၏ မိသားစုအား တောင်းပန်ခဲ့ပြီး ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှ ၁ ဦးအား လက်ရောက်မှုဖြင့် တရားစွဲဆိုထားသည်ဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မှ စောစောပိုင်းထုတ်ပြန်သော ကြေညာချက်တွင် ပက်တဲလ်မှာ ၎င်း၏လက်နှစ်ဖက်အား ဘောင်းဘီအိတ်ထဲသို့ ထည့်ကာ ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ပတ္တရောင်ကားတွင် ရိုက်ကူးထားသည့်ဗီဒီယိုအရ လက်နောက်ပစ်ထားသော ပက်တဲလ်အား ရဲတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရုတ်တရတ် မြေပေါ်သို့ လှဲချခဲ့ခြင်းကို တွေ့ရှိခဲ့ရသည်။

    မက်ဒီဆင် ရဲတပ်ဖွဲ့အကြီးအကဲ လယ်ရီ မန်စီကမူ အဆိုပါ ရဲတပ်သား၏လုပ်ရပ်မှာ မိမိတို့ဌာနက သတ်မှတ်ထားသော စည်းကမ်းနည်းလမ်းများနှင့် ညီညွတ်ခြင်းမရှိဟု ပြောကြားခဲ့သည်။ ပက်တဲလ်မှာ မကြာသေးမီက ကလေးမွေးထားသည့် ၎င်း၏သားဖြစ်သူမိသားစုအား စောင့်ရှောက်ရန် ပြီးခဲ့သည့် နှစ်ပတ်က အိန္ဒိယမှ အမေရိကန်သို့ ရောက်ရှိလာသူဖြစ်သည်။

    Ref:alarabiya

  • ရုရှားနိုင်ငံ မော်စကိုမြို့တွင် မိုဘိုင်းဗလီဝတ်ကျောင်းတော်အစီအစဉ် စတင်မည်

    ရုရှားနိုင်ငံ မော်စကိုမြို့တွင် မိုဘိုင်းဗလီဝတ်ကျောင်းတော်အစီအစဉ် စတင်မည်

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media

    mobile mosque

    – သက်ဝင်ယုံကြည်သူဦးရေ များပြားလာသော်လည်း ၀တ်ပြုရာနေရာ လုံလောက်စွာမရှိခြင်းကို ဖြေရှင်းရန်အတွက် မော်စကိုတွင် မိုဘိုင်းဗလီဝတ်ကျောင်းတော်များ ဖန်တီးရန်အစီအစဉ်ကို ရုရှားမွတ်စလင်များက ဆောင်ရွက်နေကြသည်။

    “ဒီနေ့ မော်စကိုက ၂ သန်းသော မွတ်စလင်တွေဟာ မြို့ထဲက ဗလီဝတ်ကျောင်းတော် ၄ လုံးမှာ ကျပ်ကျပ်တည်းတည်း ၀တ်ပြုနေရပါတယ်။ ခေတ်ပေါ်မြို့တစ်မြို့ရဲ့ စည်းချက်နဲ့ ဧရိယာသေးတဲ့ ဗလီဝတ်ကျောင်းတော်တွေက ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တွေ နေ့စဉ်ပုံမှန်ဝတ်ပြုဖို့အတွက်တောင်မှ မလုံလောက်ပါဘူး” ဟု မိုဘိုင်းဗလီဝတ်ကျောင်းတော် အစီအစဉ်ကို စတင်ခဲ့သည့် အလ်ဆူ ခါဖစ်ဆိုသူက ပြောကြားခဲ့သည်။

    မြို့တော်မော်စကိုတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၂ သန်းခန့်ရှိပြီး ၀တ်ပြုရာနေရာ နည်းပါးခြင်းကြောင့် မွတ်စလင်များမှာ လုပ်ငန်းခွင်များ၊ နေအိမ်များနှင့် ဂိုထောင်များတွင် ၀တ်ပြုနေကြရသည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော်အသစ်များ ဆောက်လုပ်ရန်အတွက် ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရပြီး မော်စကိုမြို့တော်ဝန်
    ဆာဂျီ်ဆိုဗျာနင်ကလည်း မြို့အတွင်းရှိ ဗလီဝတ်ကျောင်းတော်များမှာ မွတ်စလင်များအတွက် လုံလောက်နေပြီဟု ၂၀၁၃ ခုနှစ်
    နိုဝင်ဘာလက ပြောကြားခဲ့သည်။

    ထိုပြဿနာကို ဖြေရှင်းရန်အတွက် မိုဘိုင်းဗလီဝတ်ကျောင်းတော်အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး ထိုအစီအစဉ်အတွက် ကားနောက်တွဲယာဉ်များ ၀ယ်ယူရန် ရန်ပုံငွေကောက်ခံမှုများကိုလည်း စတင်ခဲ့သည်။

    အဆိုပါကားများအတွင်း ၀တ်ပြုရန်နေရာလုပ်၍ မိုဘိုင်းဗလီဝတ်ကျောင်းတော်အဖြစ် ပြောင်းလဲမည်ဖြစ်ကာ ၀တ်ပြုခြင်းမပြုမီ
    ကိုယ်လက်သန့်စဉ်ရန်အတွက် အကန့်တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ မိုဘိုင်းဗလီဝတ်ကျောင်းတော်ကို မော်စကိုမြို့တစ်ဝှမ်း လှည့်လည်သွားလာကာ နေ့စဉ် ၀တ်ပြုချိန်တိုင်း မွတ်စလင်များ ၀တ်ပြုနိုင်ရန် အခမဲ့ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

    ထိုစီမံကိန်းအတွက် ရုရှားရူဘဲလ် ၈၅၀၀၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကနဦးအနေဖြင့် မိုဘိုင်းဗလီဝတ်ကျောင်းတော် ၅ ခု တည်ဆောက်ကာ မြို့အတွင်းရှိ စီးပွားရေးအချက်အချာကျသည့်နေရာတွင် ထားရှိသွားမည်ဖြစ်သည်။ ထိုစီမံကိန်းဖြင့် ဗလီဝတ်ကျောင်းတော် မလုံလောက်ခြင်း ပြဿနာကို ဖြေရှင်းနိုင်မည်ဟု ရုရှားမွတ်စလင်များက မျှော်လင့်နေကြသည်။

    မော်စကိုရှိ မွဖ်သီချုပ် အိုင်ဒါ အလ်ယသ်ဒီနော့ဗ်ကမူ အဆိုပါစီမံကိန်းမှာ စိတ်ဝင်စားဖွယ်ကောင်းသော်လည်း
    မိုဘိုင်းဗလီဝတ်ကျောင်းတော်များက တကယ့်ဗလီဝတ်ကျောင်းတော်၏ အခြေအနေမျိုး မဖြစ်နိုင်ဟု သတိပေး ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၂၃ သန်းရှိပြီး အများစုမှာ နိုင်ငံမြောက်ဘက် ကော်ကေးရှပ်ဒေသတွင် နေထိုင်ကြသည်။ အစ္စလာမ်သာသနာမှာ ရုရှာအော်သိုဒေါ့စ် ခရစ်ယာန်သာသနာပြီးနောက် ရုရှားတွင် ဒုတိယ ကိုးကွယ်မှုအများဆုံး အယူဝါဒလည်းဖြစ်သည်။

    Ref: onislam

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ကျောင်းသားငယ်များအပါအ၀င် လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့သော ပက်ရှ်ဝါရ်စာသင်ကျောင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ၂၇ ဦးပါ တာလီဘန်အဖွဲ့မှ ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၉ ဦးအား သုတ်သင်နိုင်ခဲ့သည်ဟု ပါကစ္စတန် စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    – ယမန်နေ့က အပစ်ရပ်ရေးသဘောတူညီချက် ရခဲ့သော်လည်း ယူကရိန်းအရှေ့ပိုင်းတွင် အစိုးရတပ်များနှင့် သူပုန်များအကြား တိုက်ခိုက်မှုများမှာ လျော့သွားခြင်းမရှိဘဲ ယနေ့နံနက်စောစာပိုင်းက ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားရာ Donetsk နှင့် Luhansk မြို့များသို့ အမြောက်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အပစ်ရပ်ရေးသဘောတူညီချက်မှာ တနင်္ဂနွေည သန်းခေါင်ယံတွင် စတင်သက်ရောက်မည်ဖြစ်ပြီး အဆိုပါ သဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်ပါက ပိတ်ဆို့မှုအသစ်များနှင့် ရင်ဆိုင်ရမည်ဟု အနောက်နိုင်ငံများက ရုရှားအား သတိပေးထားသည်။

    – အီရတ်ရှိ IS အဖွဲ့များမှာ အီရတ်အနောက်ပိုင်း အလ်-ဘဂ္ဂဒါဒီမြို့၏ အစိတ်အပိုင်းအများအပြားကို ယမန်နေ့က သိမ်းပိုက်လိုက်သည်။ အဆိုပါမြို့အနီးတွင် အမေရိကန် မရိန်းတပ်သားများ၏ လေတပ်အခြေစိုက်စခန်းတစ်ခု ရှိနေပြီး ထိုစခန်းအတွက်လည်း စိုးရိမ်ရမှုများ ရှိနေသည်။

    – ယီမင်နိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှုကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့အပါဝင် နိုင်ငံအချို့မှ သံရုံးများ ပိတ်သိမ်းခဲ့ပြီးနောက် ဆော်ဒီနိုင်ငံကလည်း ၎င်းတို့၏ သံရုံးကို ပိတ်သိမ်းကာ သံအဖွဲ့အား ရီယာ့ဒ်သို့ ပြန်လည်ခေါ်ယူခဲ့သည်ဟု ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    – ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်း၏သားဖြစ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လက ဆေးခြောက်မှုဖြင့် ထောင်ဒဏ် ၆ လကျခံခဲ့ရသည့် ဂျေစီချန်းမှာ ယနေ့တွင် ထောင်မှ ပြန်လည်လွတ်လာခဲ့သည်။

    – မိမိတို့အဖွဲ့အား ထောက်လှမ်းရန်အတွက် မိမိတို့နှင့် ပူးပေါင်းခဲ့သည့် အစ္စရေးထောက်လှမ်းရေး မော့ဆက်မှ အသက် ၁၉ နှစ်အရွယ် မိုဟာမက်မိုဆာလမ်ဆိုသူ သူလျှိုတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု IS အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။ သို့သော်လည်း မိုဆာလမ်၏မိဘများနှင့် အစ္စရေးအာဏာပိုင်များကမူ မူဆာလမ်မှာ အောက်တိုဘာလက တူရကီသို့အသွားတွင် ပျောက်သွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ IS အဖွဲ့ကို တိုက်ခိုက်နေသည့် ဆီးရီးယားတပ်များအား အစ္စရေးမှ ဗုံးကြဲမှုများရှိနေပြီး လေ့လာဆန်းစစ်သူအချို့ကမူ အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ်ဖြစ်ရန် IS အဖွဲ့အား အစ္စရေးက ထောက်ပံ့ပေးနေသည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    Ref: news agencies