News @ M-Media
Author: Ko Lay
  • ကလေးမယူသော အိမ်ထောင်ရှင်များမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု ပုပ်ရဟန်းမင်းကြီးပြော
    ကလေးမယူသော အိမ်ထောင်ရှင်များမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု ပုပ်ရဟန်းမင်းကြီးပြော
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    pope
    – မည်သည့်အကြောင်းအရင်းမှမရှိဘဲ ကလေးမယူချင်သည့် အိမ်ထောင်ရှင်များကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က
    ဝေဖန်ပြောကြားလိုက်ပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်မှာ တစ်ကိုယ်ကောင်းဆန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဆိုသည်။
    ဗုဒ္ဓဟူးနေ့က စိန်ပီတာရင်ပြင်တွင် လူထုအား ပြောကြားခဲ့သည့် မိန့်ခွန်း၌ ပုပ်ရဟန်းမင်းကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ကလေးယူခြင်းမှာ ၀န်ထုတ်ဝန်ပိုးဖြစ်သည် သို့မဟုတ် စွန့်စားမှုတစ်ခုဖြစ်သည်ဟု မှတ်ယူကြသော လူ့အဖွဲ့အစည်းအား လောဘတက်သည့် လူ့အဖွဲ့အစည်း၊ စိတ်ပျက်စရာကောင်းသည့် လူ့အဖွဲ့အစည်းဟု ဝေဖန်ခဲ့သည်။
    “ကလေးမယူဖို့ ရွေးချယ်တာဟာ တစ်ကိုယ်ကောင်းဆန်ပါတယ်။ လူ့အသက်တွေတိုးလာတာဟာ အားသစ်လောင်းတာဖြစ်ပြီး စွမ်းအားတွေတိုးလာတာပါ။ ပြီးတော့ ဒါဟာ ကြွယ်ဝလာတာဖြစ်ပြီး ဆုံးရှုံးနစ်နာသွားတာ မဟုတ်ပါဘူး” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်။
    ထိုကဲ့သို့ပြောကြားမှုမှာ ကလေးများ၏ ပျော်ရွှင်မှုနှင့် လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍကို အာရုံစိုက်ရန် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ပုပ်ရဟန်းမင်းကြီးမှာ မိခင်ဖြစ်သူအား သားသမီး ၅ ယောက်တွင် မည်သူ့ကို အချစ်ဆုံးလဲဟု မေးခဲ့သည့် ကလေးဘ၀ အမှတ်တရကို ပြန်ပြောင်း ပြောကြားခဲ့သည်။
    “အမေက ‘လက်တစ်ဖက်မှာ လက်ငါးချောင်းရှိသလို အမေ့မှာ ကလေး ၅ ယောက်ရှိတယ်။ တကယ်လို့ အဲဒီလက် ငါးချောင်းထဲက တစ်ချောင်းအရိုက်ခံရရင် ကျန်တဲ့လက်ချောင်းတွေ နာသလိုပဲပေါ့။ ကလေးတွေအားလုံးဟာ အမေ့ကလေးတွေပဲ။ ဒါပေမယ့် တစ်ယောက်တစ်မျိုးစီ ချစ်ရတာပါပဲ’ လို့ ပြန်ပြောခဲ့တယ်” ဟု ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားခဲ့သည်။
    ပုပ်ရဟန်းမင်းကြီးမှာ ပြီးခဲ့သည့်သီတင်းပတ်များက ပြည်သူများနှင့် ၎င်းတို့၏ မိသားစု အရွယ်အစားနှင့် ပတ်သက်၍ မည်သည့် ပြင်ပအဖွဲ့အစည်းမှ ၀င်ရောက်သတ်မှတ်၍ မရနိုင်ဟုဆိုပြီး ကက်သလစ်ဘာသာဝင်များမှာ ယုန်များကဲ့သို့ ကလေးတစ်ပြွတ်ပြွတ် မွေးရမည်ဟု မဆိုလိုကြောင်း ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း သဘာဝမဟုတ်သော ပဋိသန္ဓေတားဆီးထိန်းချုပ်ခြင်းကိုလည်း ကက်သလစ်အသင်းတော်က လုံးဝ အားပေးမှုမရှိဟု ဆိုသည်။
    Ref: independent,theguardian
  • မန်ယူ၏ ကစားပုံနှင့်ပတ်သက်၍ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ် ဝေဖန်
    မန်ယူ၏ ကစားပုံနှင့်ပတ်သက်၍ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ် ဝေဖန်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    vgal
    – ဗန်ဂါလ်းကိုင်တွယ်သည့် မန်ယူအသင်း၏ ကစားပုံမှာ ညံ့ဖျင်းနေပြီး အသင်းတွင် တိုက်စစ်ဆင်လိုမှုစိတ်ဓာတ်လည်း
    လုံလုံလောက်လောက်မရှိဟု မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဝေဖန်ပြောကြားလိုက်သည်။
    မန်ယူမှာ အမှတ်ပေးဇယားတွင် အဆင့် ၃ နေရာ၌ ရှိနေသော်လည်း အသင်း၏ ကစားပုံနှင့်ပတ်သက်၍ ဝေဖန်ခံနေရပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ဘန်လေအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်ပွဲ ပထမပိုင်းကစားပုံမှာ အလွန် ဆိုးဝါးခဲ့သည်။ စခိုးလ်ကမူ လက်ရှိမန်ယူအသင်း၏ ကစားပုံမှာ ဘောလုံးကို အရှေ့သို့ရောက်စေရန် လုံလောက်သော စွန့်စားမှုများမရှိဘဲ ထိုအကြောင်းအရင်းကြောင့်ပင် မန်ယူမှာ ခံစားနေရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “လူးဝစ်ဗန်ဂါးလ်ရဲ့အသင်းကိုကြည့်ရတာ စိတ်ချမ်းသာတယ်လို့ပြောဖို့ မကောင်းပါဘူး။ ဗုဒ္ဓဟူးနေ့ညမှာ ဘန်လေကို နိုင်ခဲ့ပေမယ့် ဘန်လေကသာ ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့တာပါ။ အချိန်ကြာလာတာနဲ့အမျှ မန်ယူရဲ့ ဘောလုံးကစားပုံဟာ ညံ့ဖျင်းလာပါတယ်” ဟု စခိုးလ်က The Independent တွင် ရေးသားသောဆောင်းပါး၌ ဖော်ပြခဲ့သည်။
    ထို့ပြင် မန်ယူ၏ တိုက်စစ်နှင့်ပတ်သက်၍လည်း ဝေဖန်ခဲ့ပြီး၊ ၀ိန်းရူနီအား တိုက်စစ်တွင် ထားမကစားဘဲ အလယ်တန်းတွင်
    ကစားစေခြင်းနှင့်ပတ်သက်၍လည်း နားမလည်ကြောင်း စခိုလ်းက ထည့်သွင်းရေးသားခဲ့သည်။
    “တကယ်လို့များ ရူနီဟာ အခြားနှစ်ယောက် (ဗန်ပါစီနှင့် ဖယ်ကာအိုတို့) ထက် အရှေ့တန်းမှာ ပိုပြီး ရွေးချယ်သင့်တယ်လို့
    မထင်ဘူးဆိုရင်တော့ ဒါဟာ ပြဿနာပါပဲ”
    တိုက်စစ်မှူး ဗန်ပါစီနှင့် ဖယ်ကာအိုတို့ ရှိနေသော်လည် မန်ယူအသင်း၏ ဂိုးရရန်ရုန်းကန်ရမှုမှာ ဖြေရှင်း၍မရသေးဘဲ ပရီးမီးယားလိဂ်တွင် ၎င်းတို့နှစ်ဦးစလုံးပေါင်း သွင်းဂိုမှာ ၁၄ ဂိုးသာရှိနေကာ ၎င်းတို့၏ ခြေစွမ်းနှင့် ပတ်သက်၍လည်း ဝေဖန်မှုများကို ခံနေရသည်။
    Ref:goal.com
  • မိမိသေဆုံးလျှင် အကောင့်အား အခြားတစ်ယောက်ကို လွှဲနိုင်မည့် option ကို Facebook ထည့်သွင်းမည်
    မိမိသေဆုံးလျှင် အကောင့်အား အခြားတစ်ယောက်ကို လွှဲနိုင်မည့် option ကို Facebook ထည့်သွင်းမည်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    fb
    – မိမိသေဆုံးသွားပြီးနောက် မိမိ၏ အကောင့်အား မည်သူ့ကို စီမံခန့်ခွဲခွင့်ပေးမည်ဆိုသည်နှင့် ပတ်သက်၍ ရွေးချယ်ထားနိုင်မည့် option တစ်ခုကို ထည့်သွင်းပေးတော့မည်ဟု Facebook က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကြေညာလိုက်သည်။
    ယခုလက်ရှိတွင် အသုံးပြုသူတစ်ယောက် ကွယ်လွန်သွားပါက ၎င်း၏ အကောင့်မှာ အမှတ်တရအဖြစ်သာ ရှိနေပြီး မည်သူမှ
    အဆိုပါအစီအစဉ်ကို အမေရိကန်တွင် စတင်မည်ဖြစ်ပြီး legacy contact ဆိုသော နေရာတွင် မိမိသေဆုံးသွားပြီးနောက် မိမိအကောင့်အား ၀င်ရောက်စီမံခန်ခွဲနိုင်မည့်သူ၏ အကောင့်ကို ထည့်သွင်းပေးရမည်ဖြစ်သည်။ ရွေးချယ်ခံရသူမှာ သူငယ်ချင်းအသစ်များ Add ခြင်း၊ profile ဓာတ်ပုံများနှင့် cover ဓာတ်ပုံများ ပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကာ အကောင့်ကိုလည်း ဖျက်ပစ်နိုင်မည်ဖြစ်သည်။
    ထို option ထည့်သွင်းခြင်းအပြင် သေဆုံးသွားသူ၏ မိသားစုနှင့် ချစ်သူတို့ စိတ်ထိခိုက်စေနိုင်သော သေဆုံးသွားသူ၏ အကောင့် Suggested Friend စာရင်းတွင် ပေါ်နေမှုကိုလည်း ပိတ်ပစ်ရန်အတွက် Facebook က စီစဉ်နေသည်။
    Ref: todayonline
  • ချယ်ဆီးမှာ စပါယ်ရှယ်ဝမ်းအသင်းမဟုတ်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီဆို
    ချယ်ဆီးမှာ စပါယ်ရှယ်ဝမ်းအသင်းမဟုတ်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီဆို
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    nsr
    – လက်ရှိအချိန်တွင် ဇယားအား ဦးဆောင်နေသော်လည်း ချယ်ဆီးမှာ စပါယ်ရှယ်အသင်းမဟုတ်ဘဲ ခြေချော်လိမ့်မည်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ၀ီလီယံ၏ နောက်ဆုံးမိနစ် နာကျင်အချိန်ပိုဂိုးဖြင့် အဲဗာတန်အား အနိုင်ရခဲ့သည့် ချယ်ဆီးအသင်းမှာ ယခုအချိန်တွင် ဒုတိယနေရာမှ မန်စီးတီးအသင်းအား ၇ မှတ်ဖြတ်ထားနိုင်သည်။ နာဆရီကမူ မိမိတို့အသင်းအနေဖြင့် အမှတ်ကွာဟမှုကို လျှော့ချနိုင်မည်ဟု ယုံကြည်နေသည်။
    “ကျွန်တော်ဟာ မော်ရင်ဟိုရဲ့ ပရိတ်သတ်တစ်ဦးပါ။ ဒါပေမယ့် သူ့အသင်းကိုတော့ အထင်မကြီးပါဘူး။ လုံးဝပါပဲ။ သူတို့နဲ့ ကျွန်တော်တို့ ၂ ကြိမ်ကစားခဲ့ပြီးပါပြီ။ တစ်ကြိမ်ကတော့ ၁၀ ယောက်နဲ့ပါ။ ကျွန်တော်တို့ သူတို့ထက် ပိုကောင်းခဲ့ပါတယ်။ နောက်တစ်ကြိမ် စတမ်းဖို့ဘရစ်ခ်ျမှာ ကစားတော့လည်း ကျွန်တော်တို့ကသာ ပိုကောင်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့ဟာ လုံးဝ စပါယ်ရှယ်မဟုတ်ပါဘူး။ သူတို့အမှားတွေလုပ်အုံးမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု နာဆရီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    မန်စီးတီးနှင့်ပတ်သက်၍လည်း နာဆရီက မိမိတို့အသင်းမှာ ပွဲများကိုအနိုင်ကစားရမည်ဖြစ်ပြီး မည်သည့်အရာဖြစ်လာသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အခြေအနေမှာ တစ်ရာသီလုံး ယခုအတိုင်ဖြစ်သွားမည်ဖြစ်ပြီး မည်သူကမှ ရာသီပြီးဆုံးရန် ၁၀ ပွဲအလိုတွင် ဖလားအား ရနိုင်မည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    Ref:goal.com
  • သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူ အမေရိကန်မွတ်စလင် လူငယ် ၃ ဦး၏ ဈာပန ကျင်းပပြီးစီး
    သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူ အမေရိကန်မွတ်စလင် လူငယ် ၃ ဦး၏ ဈာပန ကျင်းပပြီးစီး
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    ncr
    – အင်္ဂါနေ့က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် မြောက်ကယ်ရိုလိုင်းနားမှ မွတ်စလင်လူငယ် ၃ ဦး၏ ဈာပနအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ ၅၀၀၀ ခန့်ရှိသည်ဟု သိရသည်။
    ရုပ်အလောင်းများကို ပြည်နယ်မြို့တော် Raleigh ရှိ မိသားစုများ၏ နေအိမ်မှ မြောက်ကယ်ရိုလိုင်နားတက္ကသိုလ် အားကစားကွင်းအထိ သယ်ဆောင်လာပြီး လိုက်ပါပို့ဆောင်သူ ၅၀၀၀ နီးပါးခန့်ရှိခဲ့သည်။ ထို့နောက် အဆိုပါ အားကစားကွင်းတွင် ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီး ရုပ်အလောင်းများကို လက်ဆင့်ကမ်းသယ်ဆောင်ကာ Raleigh မြို့ပြင်ရှိ မွတ်စလင်သုဿန်တွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြသည်။
    သေဆုံးသွားသူများမှာ အသက် ၂၃ နှစ်အရွယ် ဒီယာရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် ယူဆိုးရ် မိုဟာမက် အဘူ ဆလ်ဟာနှင့် ယူဆိုးရ်၏ ၁၉ နှစ်အရွယ်ညီမ ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့ဖြစ်ကြပြီး ၎င်းတို့ ၃ ဦးအား ချက်ပဲလ်ဟေးမြို့ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ် ပရ၀ုဏ်ရှိ ၎င်းတို့နေထိုင်သော ကွန်ဒိုတိုက်ခန်းတွင် ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို အင်္ဂါနေ့က တွေ့ရှိခဲ့ရသည်။
    သေနတ်ဖြင့်ပစ်ခဲ့သူမှာ အသက် ၄၆ နှစ်အရွယ် ခရေ့ဂ်ျ စတီဖင် ဟစ်က်ဆိုသူဖြစ်ပြီး ၎င်းကိုယ်တိုင် ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ကားပါကင်အတွက် အချေအတင်ဖြစ်မှုက အခင်းဖြစ်ပွားမှုအတွက် အကြောင်းအရင်းဖြစ်သည်ဟု ကနဦး သတင်းထုတ်ပြန်ခဲ့သော်လည်း သေဆုံးသွားသူများ၏ မိသားစုများကမူ အဆိုပါ သတ်ဖြတ်မှုမှာ အမုန်းတရားကြောင့် ဖြစ်ပွားခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ လက်စားလည်းမချေပါဘူး။ ဘယ်လိုပစ်ဒဏ်ချမှတ်မယ်ဆိုတာကိုလည်း ဂရုမစိုက်ပါဘူး။ ကျွန်တော်တို့လိုချင်တာက ဘာဖြစ်လို့ ဒီလိုလုပ်ရလဲဆိုတာကိုသာ ၀န်ခံစေချင်တာပါ” ဟု သေဆုံးသွားသူ အမျိုးသမီး ၂ ဦး၏ ဖခင်ဖြစ်သူ အဘူဆလ်ဟာက ဈာပနအခမ်းအနားတွင် ပြောကြားခဲ့သည်။
    အမေရိကန်၏ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သော အမေရိကန်အစ္စလာမ် ဆက်ဆံရေးကောင်စီမှ အကြီးအကဲ
    နီဟတ် အ၀ဒ်က
    “ဒီရက်စက်တဲ့ ရာဇတ်ဝတ်မှု၊ သေဆုံးသူအမျိုးသမီးနှစ်ဦးရဲ့ဘာသာရေးနဲ့သက်ဆိုင်တဲ့ ၀တ်စားဆင်ယင်မှု၊ အမေရိကန်လူ့အဖွဲ့အစည်းအတွင်း မွတ်စလင်ဆန့်ကျင်ရေး မြင့်တက်လာမှုတွေကို အခြေခံပြီးတော့ ပြည်နယ်နဲ့ ပြည်ထောင်စု ဥပဒေထိန်းသိမ်းရေး အရာရှိတွေအနေနဲ့ ဒီအဖြစ်အပျက်မှာ ပုံမှန်မဟုတ်တဲ့ တွန်းအားတွေ ရှိနေတယ်ဆိုတဲ့ ကောလဟာလတွေကို အလျင်အမြန်ဖြေရှင်းပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့သည်။
    အဆိုပါ လူငယ် ၃ ဦးအတွက် ဆုတောင်းပွဲများကို ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့များတွင် အမေရိကန်နိုင်ငံတစ်ဝှမ်း ကျင်းပပြုလုပ်ခဲ့ကြသည်။
    Ref:aljazeera