News @ M-Media

Author: Ko Lay

  • မိုဟာမက်အလီ ဆေးရုံကဆင်းပြီ

    မိုဟာမက်အလီ ဆေးရုံကဆင်းပြီ

    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media

    ali

    – ဆီးလမ်ကြောင်းရောဂါကြောင့် ဆေးကုသမှု ခံယူခဲ့ရသည့် ကမ္ဘာကျော် လက်ဝှေ့သမားဟောင်း မိုဟာမက်အလီမှာ ဇန်န၀ါရီ ၆ ရက် အင်္ဂါနေ့က ဆေးရုံမှဆင်းလာခဲ့ပြီဟု သိရသည်။

    အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဟာမက်အလီမှာ လွန်ခဲ့သည့် သီတင်း ၂ ပတ်က ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ထိုစဉ်က နမိုးနီးယားရောဂါဟု ယူဆခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆရာဝန်များက အလီမှာ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကို ခံစားနေရခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

    `ဂန္တ၀င်ဘောက်ဆာသမားကြီးဟာ အခု လုံးဝသက်သာခဲ့ပြီး အိမ်ပြန်ရောက်နေပါပြီ။ ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ၇၃ နှစ်မြောက်မွေးနေ့ကိုလည်း မိသာစု၊ မိတ်ဆွေတွေနဲ့ ကျင်းပဖို့ စိုင်းပြင်းနေပါတယ်။ မြားမြောင်လှတဲ့ အားပေးမှုတွေနဲ့ ဆုမွန်ကောင်း တောင်းပေးမှုတွေ အတွက်လည်း အလီရဲ့ မိသားစုဟာ ပီတီဖြစ်ရပါတယ်။ ပြီးတော့ ဆရာဝန်တွေနဲ့ သူနာပြုအဖွဲ့တွေရဲ့ ချွင်းချက်မဲ့ စောင့်ရှောက်ကုသပေးမှုကိုလည်း သူတို့က ကျေးဇူးတင်နေကြပါတယ်´ ဟု မိုဟာမက်အလီ၏ ပြောရေးဆိုခွင့်ရှိသူ ဘော့ ဂန်နဲလ်က ကြညာချက် ထုတ်ခဲ့သည်။

    ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ သုံးကြိမ်ဖြစ်ခဲ့သည့် အလီမှာ လွန်ခဲ့သည့် ၃ နှစ်က ပါကင်ဆန်ရောဂါကို ခံစားခဲ့ရသည်။ မိုဟာမက်အလီမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ၎င်း၏ဇာတိဖြစ်သည့် ကန်တာကီပြည်နယ် လူးဝစ်ဗီလီမြို့တွင် ပြုလုပ်ခဲ့သော `မိုဟာမက်အလီ
    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆု´ ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

    Ref: aljazeera

  • ပြင်သစ်မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူနှစ်ဦး၏ ဓာတ်ပုံများထုတ်ပြန်

    ပြင်သစ်မဂ္ဂဇင်းတိုက် တိုက်ခိုက်မှု သံသယရှိသူနှစ်ဦး၏ ဓာတ်ပုံများထုတ်ပြန်

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    pri 2

    – ယမန်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့ Carlied Hebdo မဂ္ဂဇင်းတိုက်ကို သေနတ်နဲ့ ၀င်ပစ်မှုမှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ ညီအကိုနှစ်ဦးရဲ့ ဓာတ်ပုံတွေကို ပြင်သစ်ရဲတပ်ဖွဲ့ ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီသူတွေကတော့ အသက် ၃၂နှစ်အရွယ် စအီးဒ် ကော်ချီနဲ့ အသက် ၃၄ နှစ်အရွယ် ချရစ် ကော်ချီတို့ ဖြစ်ပါတယ်။ သူတို့နဲ့အတူ အိမ်ရာမဲ့လူငယ်တစ်ဦးလို့ ယူဆရတဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပါ တယ်။

    တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်တဲ့ ကာတွန်းတွေကို ရေးသား ဖော်ပြလေ့ရှိတဲ့ ဒီမဂ္ဂဇင်းတိုက်မှာ အစည်းအဝေး လုပ်နေစဉ်အတွင်း သေနတ် သမား အနည်းဆုံး ၂ ယောက်က မဂ္ဂဇင်းတိုက်ထဲကိုဝင်ပြီး တိုက်ခိုက်ရေး ရိုင်ဖယ်တွေနဲ့ ပစ်ခတ်သွားခဲ့တာပါ။

    ဒီလိုပစ်ခတ်မှုကြောင့် အယ်ဒီတာချုပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအ၀င် လူ ၁၂ ယောက်လောက် သေဆုံးခဲ့ပြီး ၇ ယောက်လောက် ဒဏ်ရာရသွားခဲ့ပါတယ်။ သေနတ်မားတွေကတော့ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

    ပြင်သစ်မွတ်စလင်ခေါင်းဆောင်တွေက ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး မီဒီယာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်ကမ္ဘာရဲ့အမြင့်ဆုံးတက္ကသိုလ်ဖြစ်တဲ့ အလ်-အဇ်ဟာရ် တက္ကသိုလ် ကတော့ အဲဒီတိုက်ခိုက်မှုဟာ ရာဇ၀တ်မှုသာဖြစ်ပြီး အစ္စလာမ်သာသနာက အကြမ်းဖက်မှုအားလုံးကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

    အာရပ်နိုင်ငံများအဖွဲ့ချုပ်ကလည်း အဲဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာလည်း ဒီလုပ်ရပ်ဟာ လွတ်လပ်စွာ ပြောဆိုဖော်ပြခွင့်ကို တိုက်ခိုက်တာဖြစ်တယ်လို့ဆိုကာ ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။

    ပဲရစ်မှာ လုံခြုံရေးအဆင့်ကို အမြင့်ဆုံး မြှင့်တင်ထားပြီး သေနတ်သမားတွေကို ပိုက်စိတ်တိုက် ရှာဖွေမှုတွေလည်း ပြုလုပ်နေပါတယ်။

    Carlied Hebdo မဂ္ဂဇင်းဟာ အစ္စလာမ်သာသနာနဲ့ တမန်တော် မိုဟာမက်ကို စော်ကားလှောင်ပြောင်တဲ့ ကာတွန်းတွေကို ဆန့်ကျင်မှုတွေ ရှိနေတဲ့ကြားကပဲ အကြိမ်ကြိမ် ဖော်ပြခဲ့တဲ့ မဂ္ဂဇင်းတစ်စောင် ဖြစ်ပါတယ်။

    ဒီလိုဖော်ပြမှုတွေအတွက် ပြင်သစ်က မွတ်စလင်တွေနဲ့  မွတ်စလင်မဟုတ်သူတွေ က ဆန့်ကျင်ခဲ့ကြပေမယ့်လည်း တရားဥပဒေအရ အရေးယူနိုင်ခြင်း မရှိခဲ့ပါဘူး။

    Ref : aljazeera

  • ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်စွာ မဖြေရှင်းနိုင်ဟု   ကုလဆို

    ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိရောက်စွာ မဖြေရှင်းနိုင်ဟု ကုလဆို

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    A Syrian refugee girl sits with her brother at a makeshift settlement in Bar Elias in the Bekaa valley
    ဒုက္ခသည်စခန်းတစ်ခုမှ ဆီးရီးယားကလေးငယ် ၂ ဦး

     

    – ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသော ဋိပက္ခများအား တားဆီးမှုစွမ်းရည် ဆုံးရှုံးနေပြီး၊ ထိရောက်သော ခေါင်းဆောင်မှု စွမ်းရည် မရှိခြင်းကလည်း ဒုတိယကမ္ဘာစစ်အပြီး အဆိုးရွားဆုံး အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့မှုကို ဖြစ်ပေါ်စေသည်ဟု ကုလသမဂ္ဂမှ
    ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်က တူရကီနိုင်ငံမြို့တော် ပြီးခဲ့သည့်ရက်ပိုင်းက အန်ကာရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားတို့တွင် တစ်ပြိုင်တည်းဖြစ်ပွားနေသော ပြဿနာများက ဆိုးရွားသော အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုကို ဖန်တီးပေးပြီး အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းရန် ထိရောက်သည့် ခေါင်းဆောင်မှုကို ကမ္ဘာက မပြသနိုင်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ယမန်နှစ်အတွင်းမှာပင် အီရတ်နှင့် ဆီးရီးယားတို့ရှိ ပဋိပက္ခများကြောင့် လူပေါင်း ၁၃ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ တောင်ဆူဒန်ပဋိပက္ခမှာလည်း ချဒ်နိုင်ငံသို့ ပြန့်နှံ့သွားကြောင်း၊ လစ်ဗျားတိုက်ခိုက်မှုမှာလည်း ပိုမိုဆိုးဝါးလာကာ ယူကရိန်းတွင်လည်း
    မတည်ငြိမ်မှုများထပ်မံ ပေါ်ထွက်လာခဲ့သည်ဟု ၎င်းက ထောက်ပြခဲ့သည်။

    ထိုပြဿနာများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများမှာ ပြီးခဲ့သည့်နှစ် ဇွန်လတွင်ပင် စုစုပေါင်း သန်း ၅၀ ရှိလာခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးနောက် အများဆုံး ပမာဏလည်း ဖြစ်သည်။

    ဂူတာရက်စ်ကမူ ဆီးရီးယားအစိုးရတပ်များနှင့် သူပုန်များ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို လမ်းဖွင့်ပေးကာ ကူညီစောင့်ရှောက်ပေးထားသည့် တူရကီနိုင်ငံ၏ သဘောထားကြီးမှုကိုလည်း ချီးကျူးပြောဆိုခဲ့သည်။

    တူရီကီနိုင်ငံတွင် ခိုလှုံနေသော ဆီးရီးယားဒုက္ခသည် အရေအတွက်မှာ ၁.၇ သန်းရှိပြီး ၎င်းတို့ထဲမှ အချို့မှာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများ တွင် နေထိုင်နေရသည်။ အချို့မှာ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့ ရောက်ရှိနေသည်။

    တူရကီနိုင်ငံခြားရေးဝန်ကြီး မီဗဲလ် ကာဗူဆော့ဂ်လူက မိမိတို့အစိုးရမှာ လက်ရှိအချိန်အထိ ဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၅ ဘီလီယံကျော် သုံးစွဲထားပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် မိမိတို့၏ ၀န်ထုပ်ဝန်ပိုးကို မျှယူကြရန် ဆော်သြခဲ့သည်။

    Ref : alarabiya

  • ဘိန်းဘုရင်ပုံတင်သည့် မန်ယူနောက်ခံလူ ရိုဂျို ဝေဖန်ခံနေရ

    ဘိန်းဘုရင်ပုံတင်သည့် မန်ယူနောက်ခံလူ ရိုဂျို ဝေဖန်ခံနေရ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    ru

    – မန်ယူအသင်း၏ အားထားရသည့် နောက်ခံလူတစ်ဦးဖြစ်သူ မားကို့စ်ရိုဂျိုမှာ ကိုလံဘီယာ မူးယစ်ရာဇာတစ်ဦး၏ ဓာတ်ပုံကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်မှုကြောင့် ဝေဖန်မှုများ ခံနေရသည်ဟု သိရသည်။

    အသက် ၂၄ နှစ်အရွယ်ရှိ အာဂျင်တိုင်းသား ရိုဂျိုမှာ ၁၉၈၀နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်းက ကိုလံဘီယာတွင် ဖြစ်ပွားခဲ့သော ပြည်သူရာပေါင်းများစွာ သေဆုံးမှုနှင့် ဆက်စပ်ပတ်သက်နေသည့် မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘာ၏ ပုံကို ၎င်း၏ Twitter
    စာမျက်နှာတွင် ပြီးခဲ့သည့် ရပ်ပိုင်းအတွင်းက လွှင့်တင်ခဲ့သည်။

    အဆိုပါ ဓာတ်ပုံတွင် `ဘ၀အချိုးအကွေ့တစ်ခုမှာ အဆိုးတွေနဲ့ ကြုံတွေ့ရတုန်း ကျွန်တော်နဲ့အတူ အငတ်ခံခဲ့တဲ့သူတွေ၊ ကျွန်တော့်ဘေးနားမှာ ရှိခဲ့တဲ့သူတွေသာလျှင် ကျွန်တော့်ရဲ့စားပွဲဝိုင်းမှာ ထိုင်ရမှာပါ´ ဟု အဓိပ္ပါယ်ရသည့် စာတန်းကိုလည်း ရေးသားခဲ့သည်။

    လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် မူးယစ်ရာဇာတစ်ဦးအား အမွှမ်းတင်သော ရိုဂျို၏ ထိုလုပ်ရပ်ကြောင့် ကိုလံဘီယာပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

    ဂျာမီ အော်တီဂါအမည်ရှိ Twitter သုံးစွဲသူတစ်ဦးကမူ `အသုံးမကျတဲ့ အာဂျင်တိုင်းကောင်။ အက်စ်ကိုဘာကို သူတို့က အမွှမ်းတင်မှာပေါ့။ ငါတို့တိုင်းပြည်မှာ ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးတွေကို သူတို့မှ မခံစားဘူးတာ။ ကိုလံဘီယာမှာထက် အာဂျင်တီးနားမှာ အဲဒီကောင်တွေကို
    ရှိစေချင်လိုက်တာ´ ဟု ရေးသားခဲ့သည်။

    အက်စ်ကိုဘာမှာ ဘိန်းလုပ်ငန်းဖြင့် ပေါင် ၂၀ ဘီလီယံခန့် ရှာဖွေခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ကိုလံဘီယာရှိ မီဒယ်လင်မြို့၌ ရဲတပ်ဖွဲ့၏ ပစ်သက်မှုကို ခံခဲ့ရသည်။ ရိုဂျိုကမူ ၎င်း၏ ထိုလုပ်ရပ်အတွက် မည်သည့်ပြောဆိုမှုမျိုးကိုမှ ယခုအချိန်အထိ မပြုလုပ်သေးပေ။

    Ref: dailymail

  • ဆလီနာဂိုးမက်ဇ် အချစ်သစ်တွေ့နေပြီလား

    ဆလီနာဂိုးမက်ဇ် အချစ်သစ်တွေ့နေပြီလား

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    slgm

    – ကမ္ဘာကျော်ပေါ့ပ်စတား ဆလီနာဂိုးမက်ဇ်တစ်ယောက် အချစ်သစ်တွေ့နေပြီလားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်စေမယ့် ဓာတ်ပုံတွေ အခုရက်ပိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။

    ဒါကတော့ ဘွန်ဒစ်လီဂါ ဟိုဖင်ဟင်မ်အသင်းက အလယ်တန်းကစားသမား ဆာလီဟိုဗစ်နဲ့
    အတူရှိနေတဲ့ ဓာတ်ပုံတွေပါပဲ။

    ဘွန်ဒစ်လီဂါ ရာသီဝက်အနားပေးချိန်မှာ အရှေ့အလယ်ပိုင်းကို ခရီးထွက်ခဲ့တဲ့ ဘော့စနီးယားသား အသက် ၃၀ အရွယ် ဆာလီဟိုဗစ်ဟာ ခရီးဖော်အဖြစ် ဆလီနာဂိုးမက်ဇ်နဲ့ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူတို့တစ်တွေဟာ ကုလားအုတ်အတူစီးရင်း၊ ထမင်းအတူစာရင်းနဲ့ နှစ်သစ်ကူးကို ဒူဘိုင်းမှာ ကုန်ဆုံးခဲ့ကြ ပါတော့တယ်။

    slgm 2

    ကမ္ဘာကျော် အလှပဂေးနဲ့ အတူတူပျော်ရွှင်ရတာလောက်နဲ့ ဆာလီဟိုဗစ်တစ်ယောက် မတင်းတိမ်ခဲ့ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ကုလားအုတ်စီးနေတဲ့ပုံတွေ၊ ထမင်းအတူစားနေတဲ့ပုံတွေကို Instagram မှာ လွှင့်တင်ခဲ့ပြီး ဒီလို ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံတွေကို ဆောင်ကျဉ်းပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ကြွားကြွားဝံ့ဝံ့ ဖော်ပြခဲ့ပါသေးတယ်။

    ဆလီနာဂိုးမက်ဇ်ကလည်း အားကျမခံ တူနှစ်ကိုယ် ထမင်းလက်ဆုံစားနေတဲ့      ဓာတ်ပုံကို လွှင့်တင်ခဲ့ပြီး `ငါတို့ဒီလိုစားခဲ့ကြတာပေါ့´ လို့ ထပ်ပြီး ကွန့်ခဲ့ပါတယ်။

    ဒီလိုပွင်းလင်းမှုတွေကြောင့် Baby သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဂျက်စတင်ဘီးဘာရဲ့  အဆက်ဟောင်း ဆလီနာဂိုးမက်ဇ်တစ်ယောက် အချစ်သစ်တွေ့နေပြီလားလို့ မေးခွန်း  တွေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဟုတ်လား၊ မဟုတ်လားဆိုတာကိုတော့  ကာယကံရှင်မှလွဲပြီး ဘယ်သူမှ မသိနိုင်ကြောင်းပါ။

    Ref: dailymail