News @ M-Media

Author: Ko Lay

  • သီရိလင်္ကာသမ္မတသစ် ယနေ့တွင် ကျမ်းကျိန်မည်

    ဇန်န၀ါရီ ၉၊ ၂၀၁၅
    M-Media

    Sri Lanka presidential candidate Maithreepala Sirisena campaigning
    သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် မိုင်သရီပါလာ ဆရီဆီနာ

     

    – သီရိလင်္ကာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် မိုင်သရီပါလာ ဆရီဆီနာမှာ ယနေ့တွင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည်ဟု အတိုက်အခံအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    ယမန်နေ့ကပြုလုပ်ခဲ့သော မဲရေတွက်မှုတွင် စုစုပေါင်း ၅၆.၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည် ဆီရီဆီနာမှာ သီရိလင်္ကာစံတော်ချိန် ညနေ ၆ နာရီတွင် မြို့တော်ကိုလံဘိုရှိ လွတ်လပ်ရေး ရင်ပြင်တွင် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်သည်။

    သီရိလင်္ကာသမ္မတ ရာဂျာပက်စ်ကာကလည်း စောစောပိုင်းတွင် ၎င်းရှုံးနိမ့်ကြောင်း ၀န်ခံခဲ့ပြီး၊ ပြည်သူများ၏ ဆန္ဒကို အလေးထားကာ အာဏာလွဲပြောင်းမှုကို ချောမွေ့စွာ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်ခဲ့သူ ဆရီဆီနာမှာ ယခင်က ရာဂျာပက်စ်ကာ၏ ပါတီဝင်တစ်ဦး ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အတိုက်အခံဘက်သို့ပြောင်းကာ သမ္မတအဖြစ် ၀င်ရောက်အရွေးခံခဲ့ခြင်းဖြစ်သည်။ ဆရီဆီနာကမူ နိုင်ငံအတွင်း ဖြစ်ပွားနေသော ချစားမှုများကို တိုက်ဖျက်ရေးနှင့် သမ္မတ၏ လုပ်ပိုင်ခွင့်ကို ပိုမိုပေးအပ်ထားသော အခြေခံဥဒေကို ပြင်ဆင်ရန် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် ပါလီမန်ရွေးကောက်ပွဲကို ရက် ၁၀၀ အတွင်း ပြုလုပ်ပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။

    ၂၀၁၀ ခုနှစ်က တမီလ်ကျားသူပုန်များကို နှိမ်နင်းပြီးနောက် လူကြိုက်များလာခဲ့သည့် ရာဂျာပက်စ်ကာမှာ အာဏာအလွန်အကျွံ ရယူခြင်း၊ အစိုးရ ရာထူးကြီးများတွင် မိသားစုဝင်များအား ခန့်ထားခြင်း၊ လူနည်းစု တမီလ်များ၏ တောင်းဆိုမှုများကို မလိုက်လျောခြင်း၊
    နိုင်ငံအတွင်းရှိ ခရစ်ယာန်များနှင့် မွတ်စလင်များအား ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS မှ ပစ်မှတ်ထား တိုက်ခိုက်မှုကို လစ်လျူရှုထားခြင်း စသည့် အကြောင်းအရင်းများကြောင့် လူကြိုက်နည်းလာခဲ့သည်။

    Ref : aljazeera

  • ပျောက်ဆုံး Air Asia လေယာဉ်၏ Black Box မှ အချက်ပြမှုကို ဖမ်းယူရရှိပြီ

    ပျောက်ဆုံး Air Asia လေယာဉ်၏ Black Box မှ အချက်ပြမှုကို ဖမ်းယူရရှိပြီ

    ဇန်န၀ါရီ ၉၊ ၂၀၁၅
    M-Media

    tail
    QZ8501 လေယာဉ်၏ အမြီးပိုင်း

     

    – ဂျာဗားပင်လယ်အတွင်း ပျက်ကျသွားခဲ့သည့် Air Asia လေယာဉ် QZ8501 ၏ Black Box မှ အချက်ပြမှုကို ဖမ်းယူရရှိပြီဟု အင်ဒိုနီးရှား ရှာဖွေရေးအဖွဲ့က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လေယာဉ်၏ အမြီးပိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ အချက်ပြမှုအား ဖမ်းယူရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အင်ဒိုနီးရှား အမျိုသား သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းမှု ကော်မတီမှ ဆန်တိုဆို ဆာယိုဂိုကမူ Black Box မှာ အမြီးပိုင်းတွင် ရှိမနေဟု ပြောကြားခဲ့သည်။

    `အချက်ပြမှုကို ဖမ်းယူရရှိပြီလို့ ရှာဖွေရေးနေရာက နောက်ဆုံးသတင်း ရရှိပါတယ်။ ဒါဟာ Black Box ဖြစ်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းနေပါတယ်။ ရေငုပ်သမားတွေက ဒါကို အတည်ပြုဖို့ လိုပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒီ Black Box ဟာ အမြီးပိုင်းမှာ ရှိမနေတဲ့ ပုံပါပဲ´ ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါအမြီးပိုင်းမှာ လေယာဉ် အဆက်အသွယ်ပြတ်တောက်သွားသည့် နေရာမှ ကီလိုမီတာ ၃၀ အကွာ ပင်လယ်ကြမ်းပြင်အောက်တွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ရေအနက်မှာ မီတာ ၃၀ ခန့် ရှိနေသည်။

    `ဒီနေ့လုပ်ငန်းအတွက်တော့ အမြီးပိုင်းကို မတင်ဖို့အတွင် လိုအပ်တဲ့ ဘောလုံးတွေသယ်ဖို့ ရဟတ်ယာဉ်ကို အသုံးပြုသွားမှာပါ´ ဟု ဆယ်ယူရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ အင်ဒိုနီးရှားစစ်တပ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    လေယာဉ်မှာ ရာသီဥတုကြောင့် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖျင်း ယူဆထားသော်လည်း လေယာဉ် ဦးပိုင်းအတွင်း ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော Black Box ကို ရှာဖွေတွေ့ရှိမှသာ ပျက်ကျရသည့် အကြောင်းအရင်းအမှန်ကို သိရှိမည်ဖြစ်သည်။

    ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံးမြို့တော် ဆူရာဘာယာမှ စင်ကာပူသို့အသွား ပျက်ကျသွားခဲ့သည့် အဆိုပါလေယာဉ်တွင် ခရီးသည်နှင့် လေယာဉ်မှုထမ်း စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားခဲ့ပြီး မည်သူမှ အသက်ရှင်ကျန်ရစ်ဖွယ် မရှိချေ။

    Ref : aljazeera, abc

  • ပြင်သစ်တွင် ဗလီဝတ်ကျောင်းတော်များ တိုက်ခိုက်ခံနေရ

    ပြင်သစ်တွင် ဗလီဝတ်ကျောင်းတော်များ တိုက်ခိုက်ခံနေရ

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    Explosion Hits Restaurant Near Mosque in East France
    တိုက်ခိုက်ခံရသော ပြင်သစ်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး

     

    – ပဲရစ်ရှိ မဂ္ဂဇင်းတိုက်အား သေနတ်သမားများက တိုက်ခိုက်မှုဖြစ်ပွားပြီး ၂၄ နာရီအကြာတွင်ပင် ပြင်သစ်ရှိ ဗလီဝတ်ကျောင်းတော်များမှာ တိုက်ခိုက်မှုများ ခံနေရသည်ဟု သိရသည်။

    လီမန့်စ်မြို့ ဗလီဝတ်ကျောင်းတော်အတွင်းသို့ လက်လုပ်ဗုံးများ ပစ်ထည့်ခြင်း ခံခဲ့ရပြီး တစ်လုံးမှာ ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှုများ မရှိချေ။ မပေါက်ကွဲသေးသော အခြား လက်လုပ်ဗုံး ၃ လုံးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းထားပြီး အဆိုပါ ဗလီဝတ်ကျောင်းတွင် အစောင့်များ ချထားသည်။ ၎င်းအပြင် သေနတ်သံတစ်ချက်ကိုလည်း ကြားခဲ့ရပြီး ထိုဗလီဝတ်ကျောင်းတော်သို့ ထိမှန်ခဲ့သည်။

    ယနေ့နံနက်ပိုင်းကလည်း ပြင်သစ်နိုင်ငံအရှေ့ပိုင်း Villefranche-sur-Saone ရှိဗလီဝတ်ကျောင်းတော်အနီး စားသောက်ဆိုင်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူများ ရှိ၊ မရှိနှင့် ပေါက်ကွဲရသည့် အကြောင်းအရင်းများကို သိရှိရခြင်း
    မရှိသေးပေ။

    ဗုဒ္ဓဟူးနေ့ညကလည်း ပြင်သစ်နိုင်ငံတောင်ပိုင်း Port-la-Nouvelle မြို့ရှိ မွတ်စလင် ၀တ်ပြုဆောင်တစ်ခုကို သေနတ်ဖြင့်ပစ်ခဲ့ပြီး ၀င်ပေါက်တံခါး ပျက်ဆီးခဲ့ကာ မှန်များလည်း ကွဲခဲ့သည်။ သို့သော်လည်း ထိခိုက် ဒဏ်ရာရမှုများ မရှိခဲ့ပေ။

    ယမန်နေ့မှစ၍ နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များ တိုက်ခိုက်ခံရမှု ရှိနေသည်ဟု သတင်းများရရှိထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

    Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအတွင်း ရဲအရာရှိ ၂ ဦးနှင့် ကာတွန်းဆရာများ အပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ပထမဆုံး ပစ်သတ်ခံရသူမှာ မွတ်စလင်ရဲအရာရှိ ဖြစ်သည်။

    ပြင်သစ်ရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများကလည်း ထိုလုပ်ရပ်ကို ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်ထားသည်။

    Ref: RT

  • မွတ်စလင်ခရီးသွားများအတွက် မိုဘိုင်း Application တစ်ခု စင်ကာပူတွင် ဖြန့်ချီ

    မွတ်စလင်ခရီးသွားများအတွက် မိုဘိုင်း Application တစ်ခု စင်ကာပူတွင် ဖြန့်ချီ

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    hal

    – ဟာလာအစားအသောက် ကြိုက်နှစ်သက်သူများနှင့် မွတ်စလင်ခရီးသွားများ ကမ္ဘာတစ်ဝှမ်းရှိ ဟာလာစားသောက်ဆိုင်များမှ ဟင်းလျာများကို ရှာဖွေရာနှင့် ထပ်ဆင့်မျှဝေရာတွင် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်း အက်ပလီကေးရှင်းတစ်ခုကို စင်ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုက ဇန်န၀ါရီ ၇ ရက်နေ့တွင် ဖြန့်ချီလိုက်သည်ဟု သိရသည်။

    HalalTrip ဟု အမည်ပေးထားသည့် အဆိုပါ အက်ပလီကေးရှင်းကို iOS နှင့် အန်ဒရွိုက်သုံး ဖုံးများတွင် သုံးစွဲနိုင်မည်ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့် ဟာလာဟင်းလျာများကို ဓာတ်ပုံရိုက်တင်ကာ ဆိုရှယ်မီဒီယာများတွင် တပ်ဆင့် ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

    ထိုအက်ပလီကေးရှင်းရှိ ဟင်းလျာဓာတ်ပုံအား နှိပ်လိုက်လျှင်ပင် အဆိုပါဟင်းလျာ၏ အသေးစိတ်အချက်အလက်များကို ရရှိနိုင်မည်ဖြစ်ပြီး ဟင်းလျာရနိုင်သည့် စားသောက်ဆိုင် တည်နေရာကို သိရှိနိုင်မည် ဖြစ်သည်။

    အဆိုပါ အက်ပလီကေးရှင်းကို အင်္ဂလိပ်နှင့် အာရဘီဘာသာစကား နှစ်မျိုးဖြင့် အသုံးပြုနိုင်ပြီး မိမိရောက်ရှိနေသောနေရာ အနီးအနားရှိ စားသောက်ဆိုင်များမှ ဟာလာဟင်းလျာများကိုလည်း ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် အဆိုပါ အက်ပလီကေးရှင်း၌ ၀တ်ပြုရန် အချိန်ဇယား၊ ခရီးသွားရင်း ရွတ်ဖတ်သရဇ္ဈယ်ရမည့် တောင်းဆုဒိုအာများကိုလည်း ထည့်သွင်းထားသည်။

    ဟာလာဟူသော အသုံးအနှုန်းကို အစ္စလာမ်မှ သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အစားသောက်၊ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို ဖော်ပြရာတွင် အသုံးပြုသည်။

    `ဟာလာအစားသောက်ဟာ မွတ်စလင်ဈေးကွက်ရဲ့ ခရီးသွားလုပ်ငန်းမှာ မောင်းနှင်အားကြီးတစ်ခု ဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ မွတ်စလင်တွေရဲ့ အဓိက စိုးရိမ်မှုထဲက တစ်ခုက ဟာလာအစားအသောက်ပါ။ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ ဒီအက်ပလီကေးရှင်းက ဟာလာ အစားအသောက် ရှာဖွေတာနဲ့ ပျော်စရာပိုကောင်းအောင် လုပ်ဆောင်တဲ့နေရာမှာ ဆိုရှယ် မီဒီယာကို ထည့်သွင်းအသုံးပြုလိုက်ခြင်းပါပဲ´ ဟု HalalTrip မှ အမှုဆောင်ဒါရိုက်တာ ဖိုက်ဇဲလ် ဟာရ်ဒီန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ဖိုင်ဇယ်က မွတ်စလင် ခရီးသွားဈေးကွက်မှာ ၂၀၂၀ ခုနှစ် အရောက်တွင် တစ်နှစ် ကန်ဒေါ်လာ ၁၉၂ ဘီလီယံ ရရှိမည့် ဈေးကွက်ကြီးတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်ထားသည်။ ၂၀၁၃ ခုနှစ်အတွင်း အဆိုပါဈေးကွက် ပမာဏမှာ ကန်ဒေါ်လာ သန်း ၁၄၀ ဘီလီယံ ရှိနေသည်။

    Ref: channelnewsasia

  • အက်သလက်တီကိုနှင့် ပထမဆုံးနေ့မှာ အောင်ပွဲရသည့်နေ့ဟု တောရက်စ်ပြော

    အက်သလက်တီကိုနှင့် ပထမဆုံးနေ့မှာ အောင်ပွဲရသည့်နေ့ဟု တောရက်စ်ပြော

    ဇန်န၀ါရီ ၈၊ ၂၀၁၅
    M-Media

    tr1

    – အက်သလက်တီကိုမက်ဒရစ်အသင်းသို့ ပြန်ရောက်ပြီးနောက် ပထမဆုံး စတင်ကစားခဲ့ရသည့်ပွဲမှာ အောင်ပွဲရခဲ့သည့်နေ့ပင် ဖြစ်သည်ဟု တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားခဲ့သည်။

    အသက် ၁၇ နှစ်အရွယ်တွင် အက်သလက်တီကိုအသင်းနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို စတင်ခဲ့သည့် တောရက်စ်မှာ အင်္ဂလန်နှင့် အီတလီတို့တွင် ၇ နှစ်တာ ကျင်လည်ခဲ့ပြီးနောက် အက်သလက်တီကိုသို့ ပြီးခဲ့သည့် သီတင်းပတ်က ပြန်လည် ရောက်ရှိလာခဲ့သည်။

    ထို့ပြင် ယမန်နေ့က အိမ်ကွင်း၌ ကစားခဲ့သည့် ရီးယဲလ်နှင့် စပိန်ရှုံးထွက်ဖလား ပထမအကျော့ပွဲစဉ်တွင် လူစားဝင်ကစားခွင့်ရခဲ့ပြီး အနိုင်နှင့် အဆုံးသတ်နိုင်ခဲ့သည်။

    `အကြောင်းအရာ တော်တော်များများအတွက် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်။ စွမ်းဆောင်ရည်၊ ရလဒ်နဲ့ ပရိသတ်… ဒါတွေ အားလုံးအတွက်ပါ။ ဒီနေ့ဟာ အောင်ပွဲရခဲ့တဲ့ နေ့ပါပဲ။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို အနိုင်ရတဲ့အခါ (ဒီအောင်ပွဲဟာ) အမြဲတမ်း ချိုမြိန်ပါတယ်´ ဟု ပွဲအပြီးတွင် တောရက်စ်က ပြောကြားခဲ့သည်။

    ရီးယဲလ်နှင့် အက်သလက်တီကိုတို့၏ ဒုတိယအကျော့ကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ကစားမည်ဖြစ်ပြီး တောရက်စ်ကမူ မိမိတို့အနေဖြင့် လုပ်ဆောင်ရမည့်အရာ အများကြီးရှိသေးကြောင်း၊ ဘာနေဗျူးတွင် ကစားရမည့် အဆိုပါ မိနစ် ၉၀ မှာ ခက်ခဲလိ့မ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : goal.com