News @ M-Media

Author: Ko Lay

  • လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ဆန်းသစ်စေမည့် အသေးစား နျူဓာတ်ပေါင်းဖို

    လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ဆန်းသစ်စေမည့် အသေးစား နျူဓာတ်ပေါင်းဖို

    ဇွန် ၁၊ ၂၀၂၄

    M-Media 


    -အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Westinghouse ဟာ လျှပ်စစ်ဓာတ်အားပေးနယ်ပယ်ကို ပြောင်းလဲပေးနိုင်မယ့် နျူဓာတ်ပေါင်းဖိုအသေးစားတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

    AP300 လို့ အမည်ပေးထားတဲ့ အဲဒီ အသေးစား ဓာတ်ပေါင်းဖိုဟာ နျူဓာတ်ပေါင်းဖိုအကြီးစား AP1000 ကို ချုံ့ထားတာဖြစ်ပါတယ်။

    စွမ်းအင်ထုတ်လုပ်မှုက အကြီးထက် ၃ ပုံ ၁ ပုံသာ ရှိမှာ ဖြစ်ပေမယ့် ကုန်ကျစားရိတ်က ၅ ဆကျော်လောက် သက်သာပါတယ်။ 

    AP300 နျူ ဓာတ်ပေါင်းဖို ကုန်ကျစားရိတ်ဟာ ကန်ဒေါ်လာ ၁ ဘီလီယံ ကျသင့်မှာဖြစ်ပြီး ဓာတ်အား ၃၀၀ မီဂါ၀ပ်ထုတ်လုပ်နိုင်ကာ နေအိမ်ပေါင်း ၃ သိန်းလောက်ကို မီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

    နျူဓာတ်အားပေးစနစ်ဟာ ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိပါဘူး။ ဓာတ်ပေါင်းဖိုအကြီးထက် ကုန်ကျစားရိတ်သက်သာပြီး ဖန်တီးတည်ဆောက်ရ လွယ်တာကြောင့် AP300 ဓာတ်ပေါင်းဖိုကို စက်မှုလက်မှုလုပ်ငန်းတွေကလည်း စိတ်၀င်စားလာကြပါတယ်။ 

    AP300 ကို ၂၀၂၇ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ စီစဥ်ထားပြီး အမေရိကန် နျူစွမ်းအင်ထိန်းချုပ်ရေး ကော်မရှင်ရဲ့ ခွင့်ပြုချက် ရရှိဖို့ လိုအပ်အုံးမှာ ဖြစ်ပါတယ်။ 

    လုံခြုံဘေးကင်းရေးမှာ AP1000 ဓာတ်ပေါင်းဖိုကအတိုင်း ဆောင်ရွက်ထားတယ်လို့ Westinghouse ကုမ္ပဏီက ပြောပါတယ်။ 
    Ref: Interesting Engineering

  • ဂါဇာတွင် ၈ လအတွင်း လခြမ်းနီအဖွဲ့၀င် ၃၃ ဦးကို အစ္စရေးက သတ်ဖြတ်ထား

    ဂါဇာတွင် ၈ လအတွင်း လခြမ်းနီအဖွဲ့၀င် ၃၃ ဦးကို အစ္စရေးက သတ်ဖြတ်ထား

    ဇွန် ၁၊ ၂၀၂၄

    M-Media


    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း မိမိတို့အဖွဲ့၀င် ၃၃ ဦး အသတ်ခံထားရတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    မေလ ၃၁ ရက်နေ့ည ရာဖာက စစ်ရှောင်စခန်းတွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လခြမ်းနီအဖွဲ့၀င် မိုဟာမက် ဂျီဟတ် အာဘဒ် သေဆုံးခဲ့ပါတယ်။ 

    ဒါဟာ ၈ လအတွင်း အစ္စရေးရဲ့သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ၃၃ ယောက်မြောက် လခြမ်းနီအဖွဲ့၀င် ဖြစ်ပါတယ်။ အဲဒီအထဲက ၁၉ ဦးဟာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေစဥ်မှာ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ၈ လအတွင်း ဂါဇာမှာ အစ္စရေးက လူပေါင်း ၃၆၀၀၀ ကျော် သတ်ဖြတ်ထားပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ရာဖာက စစ်ရှောင်စခန်းတွေကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    Ref: Aljazeera

  • ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်းတွေ့ရတဲ့ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ၀င်ပြိုင်နိုင်မလား

    ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်းတွေ့ရတဲ့ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ၀င်ပြိုင်နိုင်မလား

    မေ ၃၁၊ ၂၀၂၄

    M-Media 


    -အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှု ၃၄ မှုအတွက် အပြစ်ရှိကြောင်း တွေ့ရတယ်လို့ နယူးယောက်ပြည်နယ် တရားရုံးက မေလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ 

    အပြာမယ်ကို ငွေပေးပြီး သူ့အကြောင်းတွေ မပြောအောင် နှုတ်ပိတ်ခဲ့မှု မပေါ်လာစေဖို့အတွက် စာရွက်စာတမ်းအတုလုပ်ကာ ဖုံးကွယ်မှု၊ ၂၀၁၆ ရွေးကောက်ပွဲမှာ သြဇာလွှမ်းမိုးနိုင်ရေး ငွေပေးကြိုးစားမှု အပါအ၀င် စုစုပေါင်း ၃၄ မှုဖြစ်ပါတယ်။ 

    ဒီအမှုတွေအတွက် ပြစ်ဒဏ်အမိန့်ကို ဇူလိုင် ၁၁ ရက်နေ့မှာ ချမှတ်မှာဖြစ်ပါတယ်။ အမှုတစ်ခုစီအတွက် ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ အမြင့်ဆုံး ချမှတ်ခံရနိုင်ပါတယ်။ 

    ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ အပြစ်ပေးခံရမယ့် ပထမဆုံးသမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

    ထရမ့်ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ခြစားနေတဲ့ တရားသူကြီးတွေလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ထရမ့်ရဲ့ ရှေ့နေအဖွဲ့က ဆုံးဖြတ်ချက်ကို ပယ်ဖျက်ဖို့ တောင်းဆိုခဲ့ပေမယ့် နယူးယောက်တရားရုံးက ပယ်ချခဲ့ပါတယ်။

    သမ္မတရွေးပွဲကို ထိခိုက်မလား

    ထရမ့်ဟာ လာမယ့်နိုင်၀င်ဘာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်နဲ့အတူ သမ္မတအဖြစ် ၀င်ရောက်အရွေးခံမှာဖြစ်ပါတယ်။

    ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေပညာရှင် ပရော်ဖက်ဆာ ရစ်ချက် အလ် ဟာဆန်က ရာဇ၀တ်သားတစ်ယောက် သမ္မတ၀င်ရွေးခွင့်မရှိဘူးလို့ အခြေခံဥပဒေမှာ တားမြစ်ထားတာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

    “ဥပဒေအရတော့ ထရမ့်ရဲ့ သမ္မတလောင်းအဆင့်ဟာ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အခြေခံဥပဒေမှာက ကန့်သတ်ချက်တွေ (အသက် ၃၅ နှစ်နဲ့ အထက်ရှိရမယ်။ အမေရိကန်မြေမှာမွေးရမယ်။ အနည်ဆုံး ၁၄ နှစ် နိုင်ငံအတွင်း နေထိုင်ရမယ်)  ပါ၀င်ပြီးဖြစ်ပါတယ်” 

    ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ကြောင်း တွေ့ရတယ်လို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ပြပြီး ရွေးကောက်ပွဲမပါနိုင်အောင် ပြည်နယ်တရားရုံးတွေက တားမြစ်ပိုင်ခွင့် မရှိဘူးလို့လည်း အလ်ဟာဆန်က ပြောပါတယ်။ 

    ထရမ့်ကို ထောက်ခံတဲ့ ပြည်နယ်တွေက ယခင် စစ်တမ်းတွေအရ ပြစ်မှုထင်ရှားစီရင်ခံရရင် ထရမ့်ကို မဲထည့်မှာမဟုတ်ဘူးလို့ မဲဆန္ဒရှင်တွေရဲ့ ၅၃ ရာခိုင်နှုန်းက ဖြေကြားထားပါတယ်။ 

    Ref: CNN

  • ကွာလာလမ်ပူလေဆိပ်တွင် နိုင်ငံခြားအလုပ်သမား ၂ သောင်းခန့် ပိတ်မိနေ

    ကွာလာလမ်ပူလေဆိပ်တွင် နိုင်ငံခြားအလုပ်သမား ၂ သောင်းခန့် ပိတ်မိနေ

    မေ ၃၁၊ ၂၀၂၄

    M-Media 


    -မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က လေဆိပ်နှစ်ခုမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက နိုင်ငံခြားအလုပ်သမား ၂ သောင်းခန့် ပိတ်မိနေတယ်လို့ မလေးရှား ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။ 

    ပြည်တွင်းလုပ်ငန်းရှင်တွေ အလုပ်လုပ်ခွင့်ပါမစ်နဲ့ နိုင်ငံခြားအလုပ်သမား တရား၀င်ခေါ်ယူခွင့် နောက်ဆုံးရက်ကို မေလ ၃၁ ရက်နေ့ သတ်မှတ်ထားတာပါ။ 

    လေဆိပ်ကို ရောက်ရှိလာတဲ့ အလုပ်သမားတွေဟာ အစိုးရဲ့ ကျန်းမာရေးစစ်ဆေးမှုကို ခံယူရပြီး အလုပ်ရှင်တွေကိုယ်တိုင် စာရွက်စာတမ်း အပြည့်အစုံနဲ့ လာရောက် တာ၀န်ခံခေါ်ယူမှ လေဆိပ်ကနေ ထွက်ခွင့်ရတာ ဖြစ်ပါတယ်။ 

    မေလနောက်ဆုံးပတ်အတွင်း ကွာလာလမ်ပူက နိုင်ငံတကာ လေဆိပ်နှစ်ခုကို တစ်နေ့ နိုင်ငံခြားအလုပ်သမား အနည်းဆုံး ၄ ထောင်ခန့် ရောက်ရှိလာခဲ့ပြီး အလုပ်ရှင်တွေက အချိန်မီ လာရောက်ခေါ်ယူမှု မရှိတာကြောင့် လေဆိပ်မှာ ပိတ်မိနေတာဖြစ်ပါတယ်။ 

    မလေးရှား လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဒါတွတ် ရုစ်လင် ဂျူဆိုက အလုပ်ရှင်တွေဟာ နောက်ဆုံးရက်နားရောက်မှ အလုပ်သမားတွေကို ခေါ်ယူတဲ့အတွက် ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာတာလို့ ပြောပါတယ်။ 

    မေလ ၃၁ ရက်နေ့အထိ အလုပ်ရှင်လာမခေါ်တဲ့ အလုပ်သမားတွေကို မိခင်နိုင်ငံ ပြန်ပို့မယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေပြီး မလေးရှား လူ၀င်မှုကြီးကြပ်ရေး ရင်းမြစ်တစ်ခုက ဒီသတင်းမဟုတ်ဘူးလို့ မလေးရှားပြည်တွင်း သတင်းဌာန The Star ကို ပြောကြားခဲ့ပါတယ်။ 

    “ပြန်ပို့မယ့်အကြောင်း ကျွန်တော်တို့ မပြောပါဘူး။ လူတွေများနေတော့ သူတို့ကို စီမံဖို့ စိန်ခေါ်မှုရှိလာတာတော့ မှန်ပါတယ်။ ဒီအတွက် အချိန်လိုပါတယ်”

    နိုင်ငံခြားသားသောင်းချီ ပိတ်မိမှုပြဿနာကို ဖြေရှင်းဖို့အတွက် မလေးရှားအစိုးရဟာ လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းတွေ၊ ကောင်တာတွေ ထပ်တိုးချပေးထားပါတယ်။

    ပိတ်မိနေသူတွေကို အစားအသောက် စီစဥ်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။ 

    Ref: The Star 

  • အမေရိကန်၏  ဘီလီယံတန် လေဆာလက်နက်ကို  တစ်ဒေါ်လာတည်းနှင့် ကာကွယ်မည့် တရုတ်

    အမေရိကန်၏ ဘီလီယံတန် လေဆာလက်နက်ကို တစ်ဒေါ်လာတည်းနှင့် ကာကွယ်မည့် တရုတ်

    မေ ၃၀၊ ၂၀၂၄

    M-Media 


    -အမေရိကန်က ဒေါ်လာဘီလီယံချီ အကုန်အကျခံ ထုတ်လုပ်ထားတဲ့ လေဆာလက်နက်တွေကို တစ်ဒေါ်လာတန် ဓာတုပစ္စည်းနဲ့ အန်တု ကာကွယ်ဖို့ တရုတ်ပညာရှင်တွေက ကြိုးစားနေပါတယ်။ 

    ဘေဂျင်းနည်းပညာတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လေဆာလက်နက်ကို ကာကွယ်ရေးမှာ လူလုပ်ရော်ဘာတု Resin နဲ့ ကာကွယ်နိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်နေပါတယ်။ 

    ဓာတုဗေဒအမည် BPR လို့ခေါ်တဲ့ Resin ဟာ ၂ ဒဿမ ၂ ပေါင်ကို တစ်ဒေါ်လာသာ ကျသင့်မှာပါ။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ BPR အများဆုံးထုတ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

    လေဆာလက်နက်တွေဟာ အရာ၀တ္ထုတွေကို အပူချိန် အလွန်မြင့်မားတဲ့ လေဆာရောင်ခြည်နဲ့ လောင်ကျွမ်းပျက်ဆီးစေတာ ဖြစ်ပါတယ်။ 

    တရုတ်ပညာရှင်တွေဟာ လေဆာလက်နက်က ထွက်လာမယ့် အပူချိန်ကို Resin ရော်ဘာနဲ့ ကာကွယ်အန်တုနိုင်အောင် ကြိုးစားနေပါတယ်။ Resin ရော်ဘာဟာ အပူချိန်နဲ့ ဖိအားကို ခံနိုင်တဲ့ ဓာတ်တုပစ္စည်းဖြစ်ပြီး လက်ရှိ စက်မှုလက်မှုနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။ 

    စက်ဖက်နယ်ပယ်မှာတော့ ဒုံးကျည်တွေ၊ ဒရုန်းတွေမှာ အပူခံအလွှာအဖြစ် Resin ကို အသုံးပြုနေကြပါတယ်။ 

    တရုတ်ပညာရှင်တွေက ပုံမှန် Resin ကို စျေးကွက်ထဲမှာ အလွယ်တကူ၀ယ်လို့ရတဲ့ စီလီကွန် ကာဘိုက်၊ ဇီခရွန်နီယမ် အောက်ဆိုက်၊ ကာဘွန်ဘလက်နာနိုအမှုန့် စတဲ့ ဓာတုပစ္စည်းတွေ ထပ်ပေါင်းကာ လေဆာလက်နက်ရဲ့ အပူဒဏ်ကို ခံနိုင်အောင် စမ်းသပ်နေကြပါတယ်။ 

    ဒီ Resin အသစ်ကို BPR1 လို့ အမည်ပေးထားပါတယ်။ BPR1 ရော်ဘာ ၀ ဒဿမ ၁ လက်မကို၊ တစ်စကွဲယားစင်တီမီတာ ၅၀၀ ၀ပ်ရှိတဲ့ လေဆာရောင်ခြည်ပူနဲ့ ထိုးခွဲစမ်းသပ်ရာမှာ မပေါက်တာကို တွေ့ခဲ့ရပါတယ်။ 

    ၃ မီဂါ၀ပ်ရှိတဲ့ လေဆာလက်နက်က ထုတ်လုပ်နိုင်တဲ့ လေဆာရောင်ခြည်ရဲ့ အပူဟာ တစ်စကွဲယားစင်တီမီတာကို ၃၀၀ သာရှိပါတယ်။ ဒါ့ကြောင့် တရုတ်ပညာရှင်တွေ စမ်းသပ်တဲ့ အပူဟာ လေဆာလက်နက်ကထွက်တဲ့ အပူထက် ပိုမိုများပြားတာကြောင့် BPR1 ကို လေဆာလက်နက် ကာကွယ်ရေး အလားအလာရှိတဲ့ ပစ္စည်းတစ်ခုအဖြစ် မှတ်ယူလာကြပါတယ်။ 

    လက်ရှိ လေဆာလက်နက်နယ်ပယ်ကို အမေရိကန်က ဦးဆောင်နေတာဖြစ်ပါတယ်။ အမေရိကန်ဟာ အမြင့်ဆုံး ၃၀၀ ကီလို၀ပ်အားရှိတဲ့ လေဆာလက်နက်ကိုသာ ထုတ်ပြထားပြီး လက်ရှိမှာ မီဂါ၀ပ်အဆင့်ရှိတဲ့ လက်နက်တွေကို ထုတ်လုပ်နေပါတယ်။ 

    Ref: Interesting Engineering