News @ M-Media

Author: Ko Lay

  • ၄ ရက်အတွင်း Safe Zone များတွင် လူ ၆၆ ဦးကို အစ္စရေးက အကြမ်းဖက်သတ်ဖြတ်ခဲ့

    ၄ ရက်အတွင်း Safe Zone များတွင် လူ ၆၆ ဦးကို အစ္စရေးက အကြမ်းဖက်သတ်ဖြတ်ခဲ့

    မေ ၃၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ရာဖာရှိ Safe Zone တစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ပြီးနောက် မြင်ကွင်း)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်တောင်ပိုင်း ရာဖာမြို့က ဘေးကင်းဇုန်တွေကို အစ္စရေးက ပြီးခဲ့တဲ ၄ ရက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ အနည်းဆုံး ၆၆ ဦး အသတ်ခံခဲ့ရပါတယ်။ 

    သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ Save the Children အဖွဲ့က ထုတ်ပြန်ခဲ့ပြီး အပြစ်မဲ့အရပ်သားတွေကို အမြန်ဆုံး ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။ 

    “ဂါဇာက မိသားစုတွေ၊ ကလေးငယ်တွေ ဘယ်နေရာမှ မလုံခြုံဘူးဆိုတာကို သိရှိနားလည်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် နောက်ထပ် သက်သေတွေ ထပ်လိုနေသေးလား”လို့ Save the Children ရဲ့ ပါလက်စတိုင်းရေးရာ ဒါရိုက်တာ ဇာဗီယာ ဂျူဘာ့တ်က ပြောပါတယ်။ 

    “သူတို့တွေဟာ အန္တရာယ်ဇုန် တစ်ခုကနေ နောက်တစ်ခုကို ပြောင်းရွှေ့နေရတယ်။ သူတို့က သူတို့ကြိုက်တဲ့နေရာမှာ သွားနေတာမဟုတ်ဘူး။ အစ္စရေးက မတိုက်ခိုက်ဘူးလို့ ပြောပြီး သွားခိုင်းတဲ့နေရာမှာ သွားနေတာပါ။ ဒါပေမယ့် ပစ်မှတ်ထား တိုက်ခိုက်ခံနေရတုန်းပါပဲ”

    တိုက်ခိုက်မှုကို တိုက်ရိုက်မခံရတဲ့ ပါလက်စတိုင်းအရပ်သားတွေလည်း အစ္စရေးရဲ့ လုပ်ရပ်ကြောင့် ဖြစ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုကို ခံနေရကြောင်း၊ ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး၊ ရုပ်ကျန်းမာရေးတွေဟာ အလွန် ဆိုးဆိုးရွားရွား ထိခိုက်ပျက်ဆီးလာကြောင်း ဇာဗီယာက ထည့်သွင်း သတိပေးခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ အစ္စရေးရဲ့ ဂါဇာက တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃၆၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ အများစုဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါ။ 

    ဂါဇာက အခြေခံအဆောက်အဦး ၈၅ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera 

  • လူ ၂ သောင်းခွဲကျော်ကို အလုပ်ပေးနိုင်မယ့် မလေးရှားက ဒေါ်လာ ၂ ဘီလီယံတန် ဂူးဂဲလ် ဒေတာစင်တာ

    လူ ၂ သောင်းခွဲကျော်ကို အလုပ်ပေးနိုင်မယ့် မလေးရှားက ဒေါ်လာ ၂ ဘီလီယံတန် ဂူးဂဲလ် ဒေတာစင်တာ

    မေ ၃၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – မလေးရှားတွင် တည်ဆောက်မည့် ဂူးဂဲလ်၏ ဒေတာစင်တာ)

    -အရှေ့တောင်အာရှရဲ့ ပထမဆုံး ဒေတာစင်တာနဲ့ Cloud Region မလေးရှားမှာ တည်ဆောက်ဖို့အတွက် Google ဟာ ကန်ဒေါ်လာ သန်းပေါင်း ၂ ထောင် အသုံးပြုသွားမယ်လို့ သိရပါတယ်။ 

    မြို့တော် ကွာလာလမ်ပူမှာ တည်ဆောက်မှာဖြစ်ပြီး နယ်ပယ်အသီးသီးအတွက် အလုပ်အကိုင်ပေါင်း ၂၆၅၀၀ လောက် ဖန်တီးပေးနိုင်မယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

    ဒီဒေတာစင်တာဟာ မလေးရှားစီးပွားရေးကို ကန်ဒေါ်လာ သန်းသုံးထောင်ဖိုးလောက် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

    ဂူးဂဲလ်ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Search၊ Maps၊ နဲ့ Workspace တို့အတွက် ဒေတာစင်တာက ၀န်ဆောင်မှု ပေးနိုင်မှာဖြစ်ပြီး မလေးရှားနိုင်ငံတစ်၀ှမ်းက ဉာဏ်ရည်တု အသုံးပြုသူတွေလည်း အကျိုးကျေးဇူး ရရှိလိမ့်မယ်လို့ ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တည်ဆောက်ပြီးစီးသွားရင် မလေးရှားဟာ ကမ္ဘာတစ်၀ှမ်းက ဂူးဂဲလ်အသုံးပြုသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ ဒေတာစင်တာရှိရာ ၁၁ ခုမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    လက်ရှိ မလေးရှားအစိုးရရဲ့ Madani 

    စီမံကိန်းအရ ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေနိုင်ရေးပါ၀င်ပြီး ဂူးဂဲလ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက စီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    Ref: The Star 

  • ဂါဇာပြည်သူတွေ အငတ်ဘေးဆိုက်အောင် အစ္စရေးက တမင်လုပ်ဆောင်နေလား

    ဂါဇာပြည်သူတွေ အငတ်ဘေးဆိုက်အောင် အစ္စရေးက တမင်လုပ်ဆောင်နေလား

    မေ ၂၉၊ ၂၀၂၄

    M-Media 


    -အစ္စရေးရဲ့ လုပ်ရပ်တွေကြောင့် ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်ဒေသဟာ အငတ်ဘေးဆိုက်တဲ့ ဒေသတစ်ခု ဖြစ်လာပြီလို့ ပါလက်စတိုင်း အကူအညီပေးရေးကွန်ယက် PNGO က ပြောပါတယ်။ 

    ဂါဇာကို အငတ်ဘေးဆိုက်ဇုန်အဖြစ် ကြေငြာဖို့ လိုအပ်နေတယ် လို့ ရာမာလာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ PNGO ဒါရိုက်တာ အမ်ဂျဒ် ရှာ၀ါက ပြောပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ပစ်မှတ်ထားကာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေပြီး နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေကို ဂါဇာကမ်းမြှောင်ထဲ ၀င်ခွင့်မပေးပါဘူး။ 

    ဂါဇာမှာ စစ်ရှောင်စခန်းတွေအကြား ရေဆိုးတွေ ပြန့်နှံ့နေပြီး သန့်စင်တဲ့ သောက်သုံးရေလည်း ပြတ်လပ်နေပြီလို့ အမ်ဂျဒ် ရှာ၀ါက ပြောပါတယ်။ 

    အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ မြင်မြင်သမျှ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေဟာ မိနစ်နဲ့အမျှ ဆိုးလာနေတယ်လို့လည်း သူက ဆိုပါတယ်။ 

    ငတ်ပြတ်အောင် လုပ်နေသလား

    အကူအညီပေးရေးအဖွဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မိုဟာမက် အီဒါကလည်း အစ္စရေးဟာ ဂါဇာပြည်သူတွေ ငတ်ပြတ်လာအောင် ရည်ရွက်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။ 

    ဂါဇာပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှု၊ ဆေး၀ါးပြတ်လပ်မှု၊ ကလေးငယ်တွေအကြား အဟာရချို့တဲ့မှု၊ ရေဓာတ်မလုံလောက်မှု၊ ရေဆိုးပြန့်နှံ့မှုကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပွားမှု စတဲ့ အခြေအနေဆိုးတွေကို တွေ့ကြုံ ခံစားနေရတယ်လို့ အီဒါက ပြောပါတယ်။ 

    “ပြိုကျနေတဲ့ အဆောက်အဦးတွေကြားထဲ အလောင်းတော်တော်များများ ပိတ်မိနေတယ်။ တစ်ချို့အလောင်းတွေကလည်း လမ်းပေါ်မှာ ပြန့်ကျဲနေပါတယ်။ ဂါဇာကမ်းမြှောင်က ပြည်သူတွေ ငတ်မွတ်ခေါင်းပါးပြီး နေရပ်စွန့်ခွာသွားအောင် အစ္စရေးက ရည်ရွယ်လုပ်ဆောင်နေတာလား”

    ၁၉၇၇ ခုနှစ် ဂျီနီဗာကွန်ဗန်းရှင်းရဲ့ အပိုဒ် ၁၄ အရ နယ်မြေတစ်ခုကို ကျူးကျော်တိုက်ခိုက်ပြီး ပြည်သူတွေကို ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်တာ၊ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေဟာ ရာဇ၀တ်မှုမြောက်တယ်လို့လည်း  အီဒါက ထောက်ပြပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera

  • လူသားတွေ မကြာခင် ပင်လယ်ရေကို သောက်လို့ရတော့မည်

    လူသားတွေ မကြာခင် ပင်လယ်ရေကို သောက်လို့ရတော့မည်

    မေ ၂၉၊ ၂၀၂၄

    M-Media 


    -ပင်လယ်ရေကနေ ဆားဓာတ်ဖယ်ရှားကာ သောက်သုံးရေအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းသစ်တစ်ခုကို နယူးယောက်မြို့ အင်ဂျင်နီယာကျောင်း NYU Tandon School of Engineering က ထုတ်ဖော် ပြသလိုက်ပါတယ်။ 

    ဒေါက်တာ အန်ဒရေ တေလာ ဦးဆောင်တဲ့ သုတေသနအဖွဲ့ ဖန်တီးထားတဲ့ နည်းလမ်းသစ်ဟာ ဘက်တ္ထရီငုတ်တွေကနေ ဓာတုဗေဒ ဓာတ်ပေါင်းတွေ အရည်ထဲပျော်၀င်စေကာ ဆားဓာတ်ဖယ်ရှားတဲ့ နည်းလမ်းဟောင်း RFD ကို ဆန်းသစ်ထားတာဖြစ်ပါတယ်။ 

    နည်းလမ်းဟောင်းထက် ၂၀ ရာခိုင်နှုန်းပိုပြီး ဆားဓာတ်ဖယ်ရှားပေးနိုင်မယ့် အခုနည်းလမ်းသစ်ဟာ စွမ်းအင်သုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ 

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လွယ်လွယ်ကူကူနဲ့ ရေရှည်အသုံးပြုလို့ရမယ့် နည်းလမ်းမျိုး ဖော်ဆောင်ဖို့ပါ။ ဒီနည်းလမ်းဟာ ရေချိုလိုအပ်ချက်ပမာဏ မြင့်မားနေမှုကို ဖြေရှင်းနိုင်ရုံသာမကဘဲ၊ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးနဲ့ ပြည့်ဖြိုးမြဲစွမ်းအင် ပေါင်းစပ်အသုံးပြုနိုင်ရေးတွေမှာလည်း ရှေ့တန်းကနေ အထောက်အကူပြုနိုင်ရပါမယ်”လို့ ဒေါက်တာ တေလာက ပြောပါတယ်။ 

    ဒေါက်တာတေလာနဲ့အဖွဲ့ရဲ့ အခုနည်းလမ်းသစ်ဟာ ပုံမှန် ဓာတ်အားလိုင်းကနေ ဓာတ်အား ဆွဲယူသုံးစွဲဆရာမလိုဘဲ လေစွမ်းအင်၊ နေစွမ်းအင်လို ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေကို အသုံးပြုနိုင်မှာပါ။

    နည်းပညာသစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် နောက်ထပ် လေ့လာစမ်းသပ်မှုတွေ ထပ်မံလိုအပ်မှာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering

  • ထိုင်းနိုင်ငံက ကွန်ဒိုစျေးကွက်ကို စိုးမိုးထားတဲ့ မြန်မာ

    ထိုင်းနိုင်ငံက ကွန်ဒိုစျေးကွက်ကို စိုးမိုးထားတဲ့ မြန်မာ

    မေ ၂၉၊ ၂၀၂၄

    M-Media 


    -၂၀၂၄ ခုနှစ် ပထမ ၃ လပတ် ထိုင်နိုင်ငံတစ်၀ှမ်း နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်း ၀ယ်ယူမှု မြင့်တက်လာခဲ့ပြီး ဒါဟာ တရုတ်၊ မြန်မာနဲ့ ရုရှားနိုင်ငံတို့က ၀ယ်လက်တွေကြောင့် ဖြစ်တယ်လို့ ထိုင်း အိမ်ခြံမြေ စောင့်ကြည့်ရေးအဖွဲ့ REIC က ထုတ်ပြန်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်မှာ ထိုင်းနိုင်ငံတစ်၀ှမ်း နိုင်ငံခြားသားတွေ ကွန်ဒို၀ယ်ယူမှုနှုန်းဟာ ၄ ဒဿမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဒီနှစ်မှာ ၅ ဒဿမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ 

    ဘတ်ငွေ ၁၈ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ခန်း နိုင်ငံခြးသားတွေကို လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ 

    ဒီမြင့်တက်မှုဟာ တရုတ်၊ မြန်မာနဲ့ ရုရှားနိုင်ငံသားတွေရဲ့ ၀ယ်လိုအားကြောင့်ဖြစ်တယ်လို့ REIC ရဲ့ အကြီးအကဲ ဗီချိုင် ဗီရက်ကာပန်က ပြောပါတယ်။ 

    “ပြည်တွင်းက ၀ယ်လိုအားက ကျလာပါတယ်။ နိုင်ငံခြား ၀ယ်လိုအားသာ မရှိဘူးဆိုရင် ကွန်ဒိုတိုက်ခန်း ရောင်းချရမှုနှုန်း ကျဆင်းလာမယ်ဆိုတဲ့ သဘောပါ”

    ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြီး နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်း ၀ယ်ယူမှု မြင့်မားလာတာ ဖြစ်ပါတယ်။ 

    မြန်မာနိုင်ငံသားတွေ အများဆုံး၀ယ်ယူတဲ့ နေရာတွေကတော့ ဘန်ကောက်၊ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ချင်းမိုင်နဲ့ တာ့က်ခရိုင်တို့မှာ ဖြစ်ပါတယ်။

    Ref: Bangkok Post