News @ M-Media

Author: Ko Lay

  • အနောက်ဖက်ကမ်းမှ ကျန်းမာရေးစနစ်ကိုလည်း အစ္စရေးက ဖျက်ဆီးနေ

    အနောက်ဖက်ကမ်းမှ ကျန်းမာရေးစနစ်ကိုလည်း အစ္စရေးက ဖျက်ဆီးနေ

    ဇွန် ၁၅၊ ၂၀၂၄
    M-Media 

    -ဂါဇာမှာ ၈ လကျော်ကြာ လူသတ်ပွဲ ပြုလုပ်နေတဲ့ အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း ကျန်းမာရေးနယ်ပယ်ကို ပစ်မှတ်ထား ဖျက်ဆီးနေပါတယ်။ 

    ပြီးခဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကနေ အခုနှစ် မေလ ၂၈ ရက်နေ့အထိ အနောက်ဖက်ကမ်းက ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပေါင်း ၄၈၀ လောက် အစ္စရေးက ပြုလုပ်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ 

    ဆေးဘက်ဆိုင်ရာ အဆောက်အဦးတွေ၊ ဆေးခန်းတွေ၊ လူနာတင်ယာဥ်တွေ အပါအ၀င် ကျန်းမာရေးအခြေခံအဆောက်အဦးတွေ တိုက်ခိုက်ခံရပြီး ကျန်းမာရေးလုပ်သားတွေနဲ့ လူနာတွေ ဖမ်းဆီးခံခဲ့ရတယ်လို့ WHO က ဆိုပါတယ်။ 

    အဲဒီတိုက်ခိုက်မှုတွေကြောင့် ၁၆ ဦး သေဆုံးခဲ့ပြီး ၉၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အနောက်ဖက်ကမ်းမှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ အရင်ကထက် ပိုမိုမြင့်တက်လာပြီး ပါလက်စတိုင်းပြည်သူ ၇၅၂ ဦး အသတ်ခံထားပါတယ်။ 

    အဲဒီအထဲမှာ ၁၂၆ ဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူအရေအတွက်က ၅၂၀၀ ရှိပြီး ၈၀၀ က ကလေးငယ်တွေ ဖြစ်တယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းတွေရဲ့ လှုပ်ရှားသွားလာမှုကို ကန့်သတ်ချုပ်ချယ်တာကိုလည်း အစ္စရေးက ပိုမိုလုပ်ဆောင်လာပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးက ပါလက်စတိုင်း ၉ ထောင်ကျော်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား

    အစ္စရေးက ပါလက်စတိုင်း ၉ ထောင်ကျော်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား

    ဇွန် ၁၁၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှ ပါလက်စတိုင်းသို့ လှေဖြင့် ၀င်ရောက်လာကြသည့် ဂျူးများ) 

    -အစ္စရေးအကျဥ်းထောင်တွေထဲမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ မတိုင်ခင်ကတည်းက ဖမ်းဆီးအကျဥ်းချထားရတဲ့ ပါလက်စတိုင်းပြည်သူ အရေအတွက် စုစုပေါင်း ၉၃၀၀ ရှိတယ်လို့ သိရပါတယ်။ 

    ပါလက်စတိုင်း အကျဥ်းသားများ ကူညီရေအဖွဲ့က အချက်အလက်တွေကို ထုတ်ပြန်တာပါ။

    ၉၃၀၀ ထဲက ၂၀၅၆ ဦးကို အစ္စရေးက မတရားပြစ်ဒဏ်ချထားပြီး၊ ၃၇၉၄ ဦးက အမှုပေါင်းများစွာနဲ့ တရားစွဲဆိုခံထားရပါတယ်။ ကျန်တဲ့ ၃၄၅၀ ကို ဒီအတိုင်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ 

    ဖမ်းဆီးခံထားရသူတွေထဲက ၉၀၂၁ ဦးဟာ အနောက်ဖက်ကမ်းကဖြစ်ပြီး၊ ၁၉၄ ဦးက ဂါဇာကမ်းမြှောင်က ဖြစ်ပါတယ်။ နောက်ထပ် ၈၅ ဦးဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေက ဖြစ်ပါတယ်။ 

    ဒုတိယကမ္ဘာစစ်က နာဇီရန်ကြောင့် ဥရောကနေ ထွက်ပြေးလာရတဲ့ ဂျူးတွေဟာ လက်နက်ကိုင်ပြီး ဌာနေ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ နယ်မြေခိုးယူပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ 

    အဲဒီနောက်ပိုင်းမှာလည်း နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်တာ၊ ပါလက်စတိုင်းတွေကို အကြမ်းဖက်သတ်ဖြတ်တာ၊ ဓားစားခံအဖြစ် ဖမ်းဆီးထားတွေကို စဥ်ဆက်မပြတ် လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ ပါလက်စတိုင်းပြည်သူ ၃၇၀၀၀ နီးပါး သတ်ဖြတ်ခံထားရပါတယ်။ 

    Ref: Aljazeera 

  • တစ်ချက် ၁၃ ဒေါ်လာသာ ကျမယ့် ယူကေရဲ့ စွမ်းအားမြင့် လေဆာလက်နက်

    တစ်ချက် ၁၃ ဒေါ်လာသာ ကျမယ့် ယူကေရဲ့ စွမ်းအားမြင့် လေဆာလက်နက်

    ဇွန် ၁၀၊ ၂၀၂၄

    M-Media 


    -DragonFire လို့ အမည်ပေးထားတဲ့ ယူကေရဲ့ ပထမဆုံး လေဆာလက်နက်နဲ့ ကောင်းကင်က ပစ်မှတ်တွေကို စမ်းသပ် ပစ်ခတ်ရာမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 

    စတာလင်ပေါင် သန်း ၁၀၀ တန်ဖိုးရှိတဲ့ DragonFire စီမံကိန်းကို ယူကေ ကာကွယ်ရေး၀န်ကြီးဌာနက ၂၀၁၇ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာပါ။ 

    လက်ရှိ စမ်းသပ်ဆဲအဆင့်မှာ ကြည်း၊ ရေ၊ လေ ပစ်မှတ်တွေကို တိတိကျကျ ထိမှန်အောင် ပစ်ခတ်နိုင်တာကို တွေ့ရပါတယ်။ DragonFire က ၁၀ မိနစ်တာထွက်တဲ့ အပူချိန်ဟာ လေပူပေးစက်က တစ်နာရီထွက်တဲ့ အပူချိန်နဲ့ ညီမျှပါတယ်။

    DragonFire နဲ့ တစ်ချက်ပစ်ခတ်မှုဟာ ကုန်ကျစားရိတ် ၁၀ ပေါင် (၁၃ ဒေါ်လာ) သာ ကျသင့်မှာဖြစ်ပြီး ဒါဟာ ဒုံးကျည်အခြေပြု လေကြောင်းရန် ကာကွယ်ရေးစနစ်တွေထက် ကုန်ကျစားရိတ် ပိုမို သက်သာစေပါတယ်။ 

    “စျေးကြီးတဲ့ လက်နက်ခဲယမ်းတွေကို မှီခိုနေရမှု၊ ဘေးထွက်ပျက်ဆီးဆုံးရှုံးမှုတွေကို လျှော့ချနိုင်တာကြောင့် ဒီ နောက်ဆုံးပေါ်လက်နက်ဟာ စစ်ပွဲတွေကို ပြောင်းလဲပစ်နိုင်မှာပါ” လို့ ယူကေ ကာကွယ်ရေး၀န်ကြီး ဂရန့်ရှပ်က ပြောပါတယ်။ 

    ယူကရဲ့ DragonFire လေဆာလက်နက်ဟာ လက်ရှိ သုသေသနအဆင့်မှာသာ ရှိနေသေးပြီး လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့အတွက် စတာလင်ပေါင်သန်းရာချီ ကုန်ကျမှာ ဖြစ်ပါတယ်။ 

    static high-power လေဆာရောင်ခြည်ကို ပထမဆုံး အသုံးပြုနိုင်မှု၊ ကုန်းမြေနဲ့ ရေပြင်မှာ ရွေ့လျားပစ်မှတ်တွေကို တိတိကျကျနဲ့ ပစ်ခတ်နိုင်မှု စတဲ့ မှတ်တမ်းကောင်းတွေကို DragonFire က ပိုင်ဆိုင်ထားပါတယ်။ 

    Ref: Interesting Engineering

  • ဂါဇာလူသတ်ပွဲတွင် အစ္စရေးက ယူရေနီယံအသုံးပြုမှု ရှိနေလား

    ဂါဇာလူသတ်ပွဲတွင် အစ္စရေးက ယူရေနီယံအသုံးပြုမှု ရှိနေလား

    ဇွန် ၁၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ယူရေနီယံ အသုံးပြုထားသည့် ကျည်များ)

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ အစ္စရေးရဲ့ ဂါဇာတစ်ကျော့ပြန်လူသတ်ပွဲမှာ ပြင်းအားနည်း ယူရေနီယံ (depleted uranium) လက်နက်တွေ အသုံးပြုမှု ရှိ၊ မရှိ စစ်ဆေးပေးဖို့ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ကို တိုက်တွန်းဆော်သြမှုတွေ ရှိလာပါတယ်။ 

    ၈ လကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဒီလူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်း အရေအတွက်ဟာ ၃၇၀၀၀ နီးပါး ရှိလာပြီဖြစ်ပြီး အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ 

    IAEA ရဲ့ ပါလက်စတိုင်းဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဆာလေဟင် အဘ်ဒဲလ် ရှာဖီက အစ္စရေးအသုံးပြုနေတဲ့ လက်နက်တွေမှာ depleted uranium အသုံးပြုမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ ဇွန်လ ၉ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ် ။

    “ဂါဇာမှာ အစ္စရေးက အသုံးပြုတဲ့ လက်နက်ပမာဏဟာ ဒုတိယကမ္ဘာစစ် တစ်ခုလုံးမှာ အသုံးပြုခဲ့တဲ့ လက်နက်ပမာဏထက်ကို ကျော်လွန်နေပါပြီ။ IAEA နဲ့ အခြား ကျွမ်းကျင်အဖွဲ့အစည်းတွေ ဂါဇာကိုသွားပြီး စုံစမ်းစစ်ဆေးမှုတွေ စေ့စေ့ငှငှလုပ်ဆောင်ဖို့ ဒီအချက်တစ်ချက်တည်းနဲ့ လုံလောက်နေပါပြီ။ အခုအချိန်အထိ ဒီလို လုပ်တာမျိုး မရှိသေးပါဘူး” 

    depleted uranium ဟာ နူကလီးယားလက်နက်တွေမှာ အသုံးပြုတဲ့ ယူရေနီယံလောက် ဓာတ်ရောက်ခြည် အများအပြား ထွက်ရှိမှု မရှိပါဘူး။ ဒါပေမယ့် depleted uranium က ထွက်တဲ့ ဓာတ်ရောင်ခြည် ကြာကြာထိမိရင် အန္တရာယ်ရှိနိုင်တာကြောင့် IAEA ရဲ့ ကြပ်မတ်မှု လိုအပ်နေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • မိုးမျှော်အဆောက်အဦးများကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်မည့် ဗိသုကာ နည်းပညာသစ်

    မိုးမျှော်အဆောက်အဦးများကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်မည့် ဗိသုကာ နည်းပညာသစ်

    ဇွန် ၈၊ ၂၀၂၄

    M-Media


    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က မိုးမျှော်တိုက် Burj Khalifa ကို ဆောက်ခဲ့တဲ့ အမေရိကန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ Skidmore, Owings & Merrill LLP (SOM) ဟာ မိုးမျှော်တိုက်တွေကို ဧရာမဘတ္ထရီအဖြစ် အသုံးပြုနိုင်ဖို့ စီစဥ်နေပါတယ်။ 

    အလေးချိန်ကြီးမားတဲ့ ကွန်ကရစ်ဘလောက်တုံးတွေကို အတင်အချလုပ်ပြီး ကမ္ဘာမြေဆွဲအားကနေ ရရှိမယ့် စွမ်းအင်ကို သိုလှောင်အသုံးချမယ့် (GESS) နည်းပညာ ဖြစ်ပါတယ်။  

    SOM ဟာ ဒီစီမံကိန်းအတွက် နည်းပညာကုမ္ပဏီ Energy Vault နဲ့ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

    GESS နည်းပညာဟာ ရေအားလျှပ်စစ် စက်ရုံတွေမှာ သုံးနဲ့ နည်းပညာမျိုးဖြစ်ပြီး၊ စွမ်းအင်ရယူမှု အခြေခံရင်းမြစ်မှာ ရေနဲ့၊ ကမ္ဘာ့ဆွဲအား ကွာသွားတာမျိုးသာ ဖြစ်ပါတယ်။ 

    Energy Vault ကုမ္ပဏီဟာ GESS နည်းပညာနဲ့ပတ်သက်ရင် ထိပ်တန်းက ဦးဆောင်နေတဲ့ လုပ်ငန်းဖြစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး စီမံကိန်းကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ အခုလအတွင်း စတင်ခဲ့ပြီး ၄ နာရီအတွင်း လျှပ်စစ်ဓာတ်အား ၂၅ မီဂါ၀ပ်ကို ထုတ်ပေးနိုင်ခဲ့ပါတယ်။ 

    GESS ဟာ ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုစနစ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဆွဲအားကို အသုံးပြုတာကြောင့် မြို့ပေါ်၊ ကျေးလက်ဒေသ၊ တောင်ကုန်းတောင်တန်း စသဖြင့် နေရာမရွေး ဆောင်ရွက်နိုင်ပါတယ်။ 

    ကုန်ကျစားရိတ်ကလည်း တစ်ခြားစွမ်းအင်ထုတ်လုပ်မှုစနစ်တွေထက် အလွန်သက်သာပါတယ်။ GESS စနစ်မှာ အသုံးပြုမယ့် ကွန်ကရစ်ဘလောက်တုန်းတွေကို အမှိုက်လို စွန့်ပစ်ပစ္စည်းတွေကနေ လွယ်လွယ်ကူကူ ပေါပေါများများ ထုတ်လုပ်နိုင်ပါတယ်။ 

    SOM ကုမ္ပဏီဟာ အနာဂတ် မိုးမျှောက်အဆောက်အဦးတွေမှာ GESS ဓာတ်အားပေးစနစ် ထည့်သွင်းပြီး ဧရာမဘတ္ထရီတွေအဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ 

    Ref: Interesting Engineering