News @ M-Media

Author: Ko Lay

  • ကုလနှင့် လခြမ်းနီအဖွဲ့အပြင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုပါ အကြမ်းဖက်လာတဲ့ အစ္စရေး

    ကုလနှင့် လခြမ်းနီအဖွဲ့အပြင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုပါ အကြမ်းဖက်လာတဲ့ အစ္စရေး

    ဧပြီ ၂၊ ၂၀၂၄

    M-Media 


    – ကမ္ဘာအကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်တဲ့ World Central Kitchen ယာဥ်တန်းကို ဂါဇာမှာ အစ္စရေးက ဒုံးကျည်နဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။ 

    အစားအသောက်တွေ အကူအညီပေးတဲ့ World Central Kitchen အဖွဲ့ကို နာမည်ကျော် အမေရိကန် စာဖိုမှူး ဟိုဆေး အန်ဒရက်စ်က တည်ထောင်ထားတာပါ။ 

    ဂါဇာက World Central Kitchen အကူအညီပေးရေးယာဥ်တန်း တိုက်ခိုက်ခံရမှုဟာ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဖွဲ့၀န်ထမ်း ၇ ဦး သေဆုံးခဲ့ပါတယ်။ 

    သေဆုံးသူတွေထဲမှာ သြစတေးလျ၊ ပိုလန်၊ ယူကေ၊ အမေရိကန်၊ ကနေဒါနဲ့ ပါလက်စတိုင်းနိုင်ငံသားတွေ ပါ၀င်ပါတယ်။ 

    “ဂါဇာမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ကျွန်တော်တိုအဖွဲ့၀င် ၇ ဦး သေဆုံးသွားတယ်ဆိုတဲ့ သတင်းဆိုးကို World Central Kitchen က အတည်ပြုပါတယ်” လို့ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    ဒီအကြမ်းဖက်မှုကြောင့် ဒေသတွင်း အကူအညီပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့လည်း World Central Kitchen က ပြောပါတယ်။ 

    တိုက်ခိုက်မှုတွေ မရှိတော့တဲ့နေရာကို အဖွဲ့တံဆိပ် ထင်ထင်ရှားရှား ကပ်ထားတဲ့ အစောင့်အရှောက် ကားနှစ်စီးနဲ့ သွားရောက်ကူညီစဥ်မှာ အခုလို ပစ်မှတ်ထားခံလိုက်ရတာလို့လည်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

    “အစ္စရေးစစ်တပ်နဲ့ သဘောတူညီချက် ယူထားတာတောင်မှ ဒီ အလ်ဘာလာမြို့မှာ ကျွန်တော်တို့ယာဥ်တန်း တိုက်ခိုက်ခံလိုက်ရပါတယ်။ ရေကြောင်းကနေ ဂါဇာကို ရောက်လာတဲ့ ရိက္ခာ တန် ၁၀၀ ကျော်ကို ကျွန်တော်တို့အဖွဲ့က သွားချပေးအပြီးမှာ ဖြစ်သွားတာပါ”

    အဖွဲ့တည်ထောင်သူ ဟိုဆေး အန်ဒရက်စ်က အဖွဲ့၀င်တွေ ဆုံးရှုံးသွားတဲ့အတွက် ၀မ်းနည်းမိကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    “ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ဆုံးရှုံးလိုက်ရပါတယ်။ သူတို့ရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ WCK မိသားစုအတွက် ယူကြုံးမရ ဖြစ်မိပါတယ်” 

    အစ္စရေးဟာ ဂါဇာမှာ ၅ လကျော်အတွင်း ကုလ ကူအညီပေးရေး၀န်ထမ်းတွေနဲ့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့၀င် အမြောက်အများကိုလည်း သတ်ဖြတ်ထားပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – WCK ယာဥ်တန်း တိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း)

  • ယူကရိန်းမှာ သုံးမယ့် ရုရှားရဲ့ လူမဲ့စစ်ကား

    ယူကရိန်းမှာ သုံးမယ့် ရုရှားရဲ့ လူမဲ့စစ်ကား

    ဧပြီ ၂၊ ၂၀၂၄

    M-Media 


    -ရုရှားစစ်တပ်ဟာ သူတို့ထုတ်လုပ်ထားတဲ့ လူမဲ့စစ်ကား Zubilo ကို အဆင့်မြှင့်တင်ပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ စီစဥ်နေပါတယ်။ 

    ကားထုတ်လုပ်တဲ့ Remdizel JSC ကုမ္ပဏီက Zubilo စစ်ကားတွေကို ရုရှားစစ်တပ်ထံ ရောင်းချနေတယ်လို့ အတည်ပြု ပြောဆိုပါတယ်။ 

    ၂၀၂၃ ခုနှစ်မှာ နမူနာထွက်လာတဲ့ Zubilo ဟာ ဘက်စုံသုံး စစ်ကားပါ။ ရှေ့တန်းစစ်မျက်နှာက တပ်ဖွဲ့တွေကို လက်နက်ခဲယမ်း၊ ရိက္ခာတွေ ထောက်ပံ့ဖို့၊ ဒဏ်ရာရသူတွေကို သယ်ဆောင်ဖို့၊ ရေဒီယိုစခန်းတွေနဲ့ လူမဲ့ ရဟတ်ယာဥ်ငယ်တွေမှာအသုံးပြုတဲ့ ဘထ္ထရီတွေကို အားပြန်သွင်းဖို့ စသဖြင့် ရည်ရွယ်ချက်မျိုးစုံအတွက် အသုံးပြုနိုင်ပါတယ်။ 

    တိုက်ပွဲအခြေအနေပေါ်လိုက်ပြီး အပေါ့စား စက်သေနတ်တွေ၊ လေယာဥ်ပစ်သေနတ်တွေကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။ 

    ပုံမှန် Zubilo တစ်စီးဟာ အလျား ၇ ဒဿမ ၆၅ မီတာ ရှိကာ ၊၁၆ တန်လေးပါတယ်။ အင်ဂျင်ပါ၀ါ မြင်းကောင်ရေအား ၃၅၀ ရှိပြီး၊ တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်း မောင်းနှင်နိုင်ပါတယ်။ လျှောစောက်တွေဆိုရင် ၃၀ ဒီဂရီရှိတဲ့ လျှောစောက်တွေအထိ တက်နိုင်ပါတယ်။ 

    အခုတစ်ခေါက် အဆင့်မြှင့်တင်မှုမှာ ရုရှားစစ်တပ်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ထားပါတယ်။ 

    အဓိက အဆင့်မြှင့်တင်မှုက Zubilo ကားကို တိုက်ပွဲ၀င်ဒရုန်းတွေ လွှတ်တင်နိုင်တဲ့ ကြားခံအဖြစ် အသုံးပြုနိုင်မှုပါ။ တိုက်ပွဲ၀င် ဒရုန်းတွေကို ဒီကားမှာပဲ တစ်ခါတည်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ 

    အဆင့်မြှင့်တင်ထားတဲ့ Zubilo ကား စမ်းသပ်မှုကို ယူကရိန်းက ရှေ့တန်းအပြင် အခြားနေရာတွေမှာလည်း လုပ်ဆောင်မှာပါ။ 

    စစ်သုံးယာဥ် လျော့နည်း 

    ယူကရိန်းကျူးကျော်စစ်မှာ ရုရှားရဲ့ တင့်ကားတွေ၊ အခြားစစ်သုံးယာဥ်တွေ အများအပြား ဖျက်ဆီးခံထားရပါတယ်။ 

    စစ်အေးခေတ်က Ladoga လို အသုံးနည်းတဲ့ စစ်ကားမျိုး ယူကရိန်းစစ်ပွဲမှာ ပြန်သုံးလာတာကိုကြည့်ရင် ရုရှားစစ်တပ်အတွင်း စစ်သုံးယာဥ် ပြတ်လတ်မှု ကြီးကြီးများများ ဖြစ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ 

    ရုရှားစစ်တပ်မှာ ယာဥ်အိုယာဥ်ဟောင်းတွေ အများအပြားရှိပေမယ့် နည်းပညာမြင့်ယာဥ်တွေ ပြတ်လပ်နေပြီး ဒါကို နည်းမျိုးစုံနဲ့ ဖြည့်တင်းနိုင်အောင် ရုရှားက ကြိုးပမ်းနေပါတယ်။ 

    Ref: Interesting Engineering 

  • ဂါဇာမှ အလ်ရှီဖာဆေးရုံကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ပြီးနောက် မြင်ကွင်းများ

    ဂါဇာမှ အလ်ရှီဖာဆေးရုံကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်ပြီးနောက် မြင်ကွင်းများ

    ဧပြီ ၁၊ ၂၀၂၄

    M-Media 


    -ဂါဇာက အကြီးဆုံးဆေးရုံနှစ်ခုက တစ်ခုဖြစ်တဲ့ အလ်ရှီဖာဆေးရုံကို အစ္စရေးစစ်တပ်က ဒုတိယအကြိမ် တိုက်ခိုက်ပြီးနောက် တွေ့ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ 

    ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ ၂ ပတ်တာ ကြာမြင့်ခဲ့ပါတယ်။ တနင်္လာနေ့မနက်ပိုင်း အစ္စရေးတပ်ဖွဲ့တွေ ထွက်ခွာသွားပြီးနောက် ဆေးရုံ၀င်းထဲမှာ အနည်းဆုံး အလောင်း ၆ လောင်းကို တွေရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ 

    ဆေးရုံတစ်ခုလုံးနီးပါးက သုံးလို့မရအောင် ပျက်ဆီးသွားခဲ့ပါပြီ။ ဆေးရုံက လူနာတော်တော်များများကို အနားမှာရှိတဲ့ အဟ်လီအာရပ်ဆေးရုံကို ရွှေ့ခဲ့ရပြီး ဂါဇာ ကျန်းမာရေး၀န်ကြီးဌာနက ဆေးရုံထဲမှာ ၀င်ရောက်ပြီး အလောင်းကောက်တာတွေ ပြုလုပ်နေပါတယ်။ 

    အစ္စရေးဟာ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလမှာတစ်ကြိမ် အလ်ရှီဖာဆေးရုံကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဘော်နီယိုကျွန်းတွင် အင်ဒို-မလေး-ဘရူနိုင်း ၃ နိုင်ငံပတ် အမြန်ရထားလမ်းဖောက်ရန် စီစဥ်

    ဘော်နီယိုကျွန်းတွင် အင်ဒို-မလေး-ဘရူနိုင်း ၃ နိုင်ငံပတ် အမြန်ရထားလမ်းဖောက်ရန် စီစဥ်

    မတ် ၃၁၊ ၂၀၂၄

    M-Media


    -အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်း ၃ နိုင်ငံရဲ့ ပိုင်နက်တွေရှိတဲ့ ဘော်နီယိုကျွန်းမှာ ကီလိုမီတာ ၁၆၂၀ ရှည်လျားမယ့် အမြန်ရထားလမ်း စီမံကိန်းတစ်ခုကို မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ 

    ဘရူနိုင်းအခြေစိုက် ကုမ္ပဏီ Brunergy Utama Sdn Bhd က ဒီစီမံကိန်းကို ဦးစီးမှာဖြစ်ပြီး အဆင့် ၂ ခုနဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ 

    ပထမအဆင့်ဟာ ဘောနီယိုကျွန်းရဲ့ အရှေ့အနောက် ကမ်းရိုးတမ်းကို ဆက်သွယ်မှာပါ။ အင်ဒိုနီးရှားနိုင်ငံ အနောက် ကလီမန်တန်ပြည်နယ် ပွန်တီယာနက်မြို့က စတင်ကာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က စီးပွားရေးအချက်အခြားဖြစ်တဲ့ ကိုတာကင်နာဘာလူမြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။  

    ဒုတိယအဆင့် လမ်းပိုင်းဟာ ကျွန်းရဲ့ မြောက်ပိုင်းကနေ အရှေ့ပိုင်းကို ဆက်သွယ်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ ကလီမန်တန် ပြည်နယ်က အချက်အခြာကျတဲ့ ဆာမာရင်ဒါမြို့၊  အင်ဒိုနီးရှားရဲ့မြို့တော်သစ် ဖြစ်လာမယ့် နူဆန်ထရာနဲ့ စတဲ့ မြို့တွေနဲ့ ဆက်သွယ်ပေးမှာပါ။ 

    ရထားလိုင်းဟာ တစ်နာရီကို ၃၀၀ ကနေ ၃၅၀ ကီလိုမီတာအထိ ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ဒီရထားလိုင်းစီမံကိန်းမှာ ဘူတာကြီး ၄ ခုအပါအ၀င် စုစုပေါင်း ဘူတာ ၂၈ ခု ပါ၀င်မှာ ဖြစ်ပါတယ်။ 

    ရထားလိုင်းကို Trans Borneo Railway လို့ အမည်ပေးမှာဖြစ်ပြီး ၃ နိုင်ငံ ခရီးလမ်းအကွာအ၀ေးကို ချုံ့နိုင်ဖို့ ရည်ရွယ်တည်ဆောက်မှာ ဖြစ်ပါတယ်။ 

    Ref: The Borneo Post 

  • အစ္စလာမ် ခါလီလော့ဗ် (သို့) လူ ၁၀၀ ကျော်ကို အကြမ်းဖက်လက်မှ ကယ်တင်ခဲ့သူ

    အစ္စလာမ် ခါလီလော့ဗ် (သို့) လူ ၁၀၀ ကျော်ကို အကြမ်းဖက်လက်မှ ကယ်တင်ခဲ့သူ

    မတ် ၃၀၊ ၂၀၂၄

    M-Media 


    -ရုရှားမွတ်စလင်အသင်းဟာ အသက် ၁၅ နှစ်အရွယ် အစ္စလာမ် ခါလီလော့ဗ်ကို ရုရှားမွတ်စလင်သူရဲကောင်းဆု ချီးမြှင့်လိုက်ပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ် မော်စကိုက Crocus ကပွဲရုံမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ လူ ၁၀၀ ကျော်ကို ဘေးလွတ်ရာ ကယ်တင်ပေးခဲ့တဲ့ ခါလီလော့ဗ်ရဲ့ သူရသတ္တိကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။ 

    IS အကြမ်းဖက်အဖွဲ့က သေနတ်သမား ၄ ယောက်ရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသူအနည်းဆုံး ၁၄၄ ဦး ရှိတယ်လို့ ရုရှားက ထုတ်ပြန်ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ယူကရိန်းစနက် မကင်းဘူးလို့လည်း ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ဆိုပါတယ်။ 

    သေနတ်ပစ်ခတ်မှုတွေ၊ မီလောင်ကျွမ်းမှုတွေ ဖြစ်နေတဲ့ ကပွဲရုံမှာ လူတွေ သွေးရူးသွေးတမ်းနဲ့ ဆောက်တည်ရမရ ဖြစ်နေတဲ့အချိန် ခါလီလော့ဗ်က အရေးပေါ်ပြေးပေါက်ကို အလျင်အမြန်ရှာဖွေပြီး လူ ၁၀၀ ကျော်ကို ကယ်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

    “ကျွန်တော့်နေရာမှာ တစ်ခြားလူတွေဆိုလည်း ဒီလိုပဲ ကယ်တင်ပေးကြမှာပါ။ ဒါကတော့ သေချာပါတယ်” လို့ ခါလီလော့ဗ်က မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ မွတ်စလင်သူရဲကောင်းဆု ချီးမြှင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    ခါလီလော့ဗ်ဟာ စတိတ်ရှိုးလာသူတွေရဲ့ အ၀တ်အစားတွေကို စစ်ဆေးပေးရတဲ့တာ၀န် ယူထားသူဖြစ်ပါတယ်။ 

    ရုရှးမွတ်စလင် သူရဲကောင်းဆုကို ရုရှား အစ္စလာမ့်ဓမ္မသတ်မှုးချုပ်(မွဖ်သီချုပ်)က ချီးမြှင့်ခဲ့ပါတယ်။ ကိုယ့်အသက်ကိုယ် မငဲ့ကွက်ပဲ သူတစ်ပါးရဲ့ အသက်တွေကို ကယ်တင်တဲ့ သူရဲကောင်းတို့ထုံးကို ခါလီလော့ဗ်က နှလုံးမူခဲ့တာလို့ မွဖ်သီချုပ်က မှတ်ချက်ပေးပါတယ်။ 

    “လူတွေကို တတ်နိုင်သ၍ ကူညီရမယ်ဆိုတဲ့ သွန်သင်ဆုံးမမှုနဲ့ ကျွန်တော် လူလားမြောက်လာတာပါ” လို့ ခါလီလော့ဗ်က ဆိုပါတယ်။ 

    သူရဲ့ သူရသတ္တိအတွက် ရုရှားအာဏာပိုင်တွေကလည်း ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ 

    Ref: Aljazeera