News @ M-Media

Author: Ko Lay

  • ဘာလ်တီမိုးတံတားကျိုးကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    ဘာလ်တီမိုးတံတားကျိုးကျမှု အနည်းဆုံး ၆ ဦးသေဆုံး

    မတ် ၂၇၊ ၂၀၂၄

    M-Media 


    -အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့က Francis Scott Key တံတား ကျိုးကျမှုအတွင်း အနည်းဆုံး လူ ၆ ဦးသေဆုံးဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    မတ်လ ၂၆ ရက်နေ့မနက်ပိုင်းက တံတားတိုင်တစ်ခုကို  ကွန်တိန်နာသင်္ဘောကြီး ၀င်တိုက်ခဲ့တာကြောင့် ကျိုးကျခဲ့တာပါ။ အခင်းဖြစ်ပွားစဥ် တံတားပေါ်မှာ လူ ၈ ဦး ရှိခဲ့ပြီး ၂ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ 

    ရှာမတွေသေးတဲ့ အခြား ၆ ဦးကို သေဆုံးသွားပြီလို့ ယူဆကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အန္တရာယ်ရှိတဲ့ အနေအထားကြောင့် ရှာဖွေကယ်ဆယ်မှုတွေကို မတ်လ ၂၈ ရက်နေ့မှ ပြန်လည်လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ 

    သေဆုံးသွားပြီလို့ ယူဆရသူ ၆ ဦးဟာ ဂွါတီမာလာ၊ အလ်ဆာဗေဒိုးနဲ့ မက္ကဆီကိုတို့က ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်ပါတယ်။

    တံတားကို ၀င်တိုက်ခဲ့တဲ့ ကွန်တိန်နာသင်္ဘော Dali ဟာ စင်ကာပူအလံလွှင့်ထားတဲ့ သင်္ဘောပါ။ တံတားကိုမတိုက်ခင်မှာ ကမ်းခြေစောင့်အဖွဲ့ကို အန္တရာယ်ရှိနေကြောင်း သတင်းပေးပို့ခဲ့ပြီး တံတားက ကားအသွားအလာကို ရှင်းလင်းထားဖို့ အကြောင်းကြားခဲ့ပါတယ်။ 

    တံတားကို၀င်မတိုက်ခင် Dali သင်္ဘောဟာ အင်ဂျင်ရော၊ လျှပ်စစ်စနစ်အားလုံး ပြတ်တောက်သွားကြောင်း ကနဦးစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။ 

    ဒီသင်္ဘောဟာ ပြီးခဲ့တဲ့နှစ်က အင်ဂျင်ပိုင်းနဲ့ စက်ကိရိယာပိုင်းဆိုင်ရာ ပြဿနာကြောင့် ချီလီနိုင်ငံမှာ တစ်ထောက်နား ပြင်ဆင်ခဲ့ရဖူးပါတယ်။ 

    Francis Scott Key တံတား ကျိုးကျမှုကြောင့် အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းက ကုန်သွယ်ရေးကို ထိခိုက်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    Ref: CNN 

  • ဆောက်လုပ်ချိန် ၁၄၄ နှစ် ကြာပြီးနောက် အဆုံးသတ်တော့မည့် ဘာစီလိုနာက နာမည်ကြီး ကက်သလစ်ဘုရားကျောင်း

    ဆောက်လုပ်ချိန် ၁၄၄ နှစ် ကြာပြီးနောက် အဆုံးသတ်တော့မည့် ဘာစီလိုနာက နာမည်ကြီး ကက်သလစ်ဘုရားကျောင်း

    မတ် ၂၇၊ ၂၀၂၄
    M-Media 

    -စပိန်နိုင်ငံ ဘာစီလိုနာမြို့က နာမည်ကျော် Sagrada Familia ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း ဆောက်လုပ်မှုဟာ ၂၀၂၆ ခုနှစ်မှာ ပြီးဆုံးမယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ 

    ၁၈၈၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ အဲဒီဘုရားကျောင်းကို ကာ့တ်လန်ဗိသုကာပညာရှင် အန်တိုနီ ဂေါင်ဒီက ဒီဇိုင်ဆွဲပေးခဲ့တာပါ။ 

    ခရစ်တော်၊ မယ်တော်မေရီ၊ တမန်တော် ၁၂ ပါး၊ ခရစ်၀င်ကျမ်းရေးသူ ၄ ဦး စတဲ့ သမ္မာကျမ်းစာပါ ပုဂ္ဂိုလ် ၁၈ ဦးကို အထိမ်းအမှတ်ပြုတဲ့  ကြောင်လိမ်တာ၀ါ ၁၈ ခု တည်ဆောက်ဖို့ ဒီဇိုင်းမှာ ပါ၀င်ပါတယ်။ 

    လက်ရှိ ဆောက်လုပ်မှု နောက်ဆုံးပိုင်းမှာ ၀တ်ပြုခန်းမဆောင်ကို ၂၀၂၅ ခုနှစ်မှာ အဆုံးသတ်နိုင်မှာဖြစ်ပြီး ခရစ်တော်ကို အထိမ်းအမှတ်ပြုတဲ့ မျှော်စင်က ၂၀၂၆ ခုနှစ်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။

    ဒီမျှော်စင်ဟာ ၅၆၆ မီတာမြင့်မှာဖြစ်ပြီး အဲဒီမှာပါ၀င်မယ့် လက်၀ါးကပ်တိုင်က ၆၅ ပေ မြင့်မှာဖြစ်ပါတယ်။ ဒီမျှော်စင်ပြီးသွားရင် ဂျာမနီက Ulm Minster ဘုရားကျောင်းကိုကျော်ပြီး ကမ္ဘာ့ အမြင့်ဆုံးဘုရားကျောင်းအဖြစ် မှတ်တမ်း၀င်မှာ ဖြစ်ပါတယ်။ 

    နှစ် ၁၄၀ ကျော် 
    —————

    ဗိသုကာပညာရှင် ဂေါင်ဒီကွယ်လွန်ချိန် ၁၉၂၆ ခုနှစ်မှာ Sagrada Familia ဘုရားကျောင်း ဆောက်လုပ်မှု ၁၅ ရာခိုင်နှုန်းလောက်သာ ပြီးစီးခဲ့ပါတယ်။ 

    အဲဒီနောက် ဆောက်လုပ်မှု နှေးကွေးခဲ့ပြီး စပိန်ပြည်တွင်းစစ်ဖြစ်တဲ့ ၁၉၃၀ ပြည့်နှစ်တွေမှာ ရပ်ဆိုင်းခဲ့ပါတယ်။ စစ်အတွင်း ဘုရားကျောင်းထဲက ဂေါင်ဒီရဲ့ အုတ်ဂူ ဖျက်ဆီးခံခဲ့ရပြီး သူ့ရဲ့ ဒီဇိုင်းတွေ၊ မော်ဒယ်ပုံကြမ်းတွေလည်း ပျောက်ဆုံးခဲ့ပါတယ်။

    နောက်ပိုင်းမှာ မူရင်းဒီဇိုင်းကို မှီငြမ်းပြီး ပြန်လည်ဆောက်လုပ်ခဲ့ရတာဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Sagrada Familia ဘုရားကျောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်က ၀တ်ပြုခွင့်ပြုခဲ့ပါတယ်။ 

    Sagrada Familia ဘုရားကျောင်း ဆောက်လုပ်ခွင့်ပါမစ် မတင်ခဲ့တာကို ၁၃၇ နှစ်ကြာ ၂၀၁၆ ခုနှစ်မှ ဘာစီလိုနာအာဏာပိုင်တွေ သိရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးခဲ့ပါတယ်။

    Ref: CNN

  • မိုးမရွာ၍ အခက်တွေ့နေသည့် တရုတ်နိုင်ငံမှ ရေအားလျှပ်စစ် စီမံကိန်းကြီးများ

    မိုးမရွာ၍ အခက်တွေ့နေသည့် တရုတ်နိုင်ငံမှ ရေအားလျှပ်စစ် စီမံကိန်းကြီးများ

    မတ် ၂၇၊ ၂၀၂၄ 

    M-Media 


    (တရုတ်နိုင်ငံမှ ဧရာမဆည်တစ်ခု)

    -တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးခေါင်မှုကြောင့် မြစ်ရေတွေလျော့နည်းလာတဲ့အတွက် ဧရာမဆည်တွေက ရေအားလျှပ်စစ် စီမံကိန်းတွေ လည်ပတ်ဖို့ အခက်တွေ့နေပါတယ်။ 

    ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းကစတင်ပြီး တရုတ်မှာ မိုးခေါင်ရေရှားမှု စတင်ခဲ့တာပါ။ ဧရာမဆည်တွေကနေ ရေအားလျှပ်စစ်ထုတ်ဖို့ အားခဲထားတဲ့ တရုတ်အစိုးရဟာ မိုးခေါင်မှုကြောင့် ကျောက်မီးသွေး လျှပ်စစ်စက်ရုံတွေကို ပြန်လည်မှီခိုလာခဲ့ရပါတယ်။ 

    တရုတ်နိုင်ငံတစ်၀ှမ်း ရေအားလျှပ်စစ် စီမံကိန်းတွေကနေ ထုတ်လုပ်နိုင်မယ့် လျှပ်စစ်ပမာဏဟာ ၂၀၁၉ ခုနှစ်မှာ ကီလို၀ပ် ၃၅၈ သန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၄၂၂ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။ 

    ဒါပေမယ့် အမှန်တကယ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုမှာတော့ ပြီးခဲ့တဲ့ ၄ နှစ်ကထက်ယှဥ်ရင် ၁ ရာခိုင်နှုန်း လျှော့ကျသွားပါတယ်။ 

    ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်းလာတာကြောင့် နေစွမ်းအင်နဲ့ လေစွမ်းအင်သုံး လျှပ်စစ်စီမံကိန်းတွေကို တရုတ်က ပိုမို အကောင်အထည် ဖော်လာပါတယ်။ 

    ဧရာမ ဆည်များ 

    တရုတ်နိုင်ငံရဲ့ ရေအားလျှပ်စစ်ထုတ်လုပ်မှုဟာ ယန်ဇီမြစ်နဲ့ မြစ်လက်တက်တွေရှိတဲ့ နိုင်ငံအနောက်တောင်ပိုင်းက ဧရာမဆည်တွေအပေါ်မှာ အဓိက အခြေတည်ပါတယ်။ 

    အဲဒီဒေသမှာ မိုးရာသီဖြစ်တဲ့ ဇွန်လကနေ သြဂုတ်လအထိ မိုးရေချိန်တော်တော်များများ ရရှိလေ့ရှိပြီး၊ မတ်လကနေ မေလအတွင်းမှာ နွေဦးပေါက်ကာလမှာ မိုးအနည်းငယ် ရွာလေ့ရှိပါတယ်။

    ၂၀၂၂ ခုနှစ် အလယ်ပိုင်းကစတင်ကာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးခေါင်မှု စတင်ခဲ့ပြီး မိုးရွာသွန်းမှု ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။ 

    အခုနှစ်မှာတော့ ပုံမှန်အတိုင်း မိုးပြန်ရွာမယ်လို့ အာဏာပိုင်တွေက မျှော်မှန်းထားပါတယ်။ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာရင်တော့ တရုတ်နိုင်ငံဟာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို ပိုမို အကောင်အထည်ဖော်ရတော့မှာ ဖြစ်ပါတယ်။ 

    Reuters 

  • ဂါဇာမှာ နာဇီထက်ဆိုးနေတဲ့ အစ္စရေး

    ဂါဇာမှာ နာဇီထက်ဆိုးနေတဲ့ အစ္စရေး

    မတ် ၂၇၊ ၂၀၂၄

    M-Media 


    Photo – Comparison of terrorist acts between Nazi Leader and Natanyahu

    -ဂါဇာမှာ ချက်ခြင်း အပစ်ရပ်ဖို့အတွက် ကုလ လုံခြုံရေးကောင်စီက အခုတစ်ပတ် အစောပိုင်းမှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေမယ့် အစ္စရေးက တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်သတ်ဖြတ်မှုတွေကို တားဆီးဖို့ ကြိုးစားတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာသုံးပြီး တောက်လျှောက်ပယ်ချလာတဲ့ အမေရိကန်ဟာ ဒီတစ်ပတ် ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်း မပြုတော့ပါဘူး။ 

    ဒါဟာ အစ္စရေးရဲ့ အကြမ်းဖက်မှုတွေအပေါ် မနှစ်မြို့မှုကို အမေရိကန်က လူသိရှင်ကြား ထုတ်ပြလာတာ ဖြစ်ပါတယ်။ 

    အစ္စရေးကတော့ လုံခြုံရးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ 

    ဒုတိယကမ္ဘာစစ်အတွင်း နာဇီရန်ကြောင့် ပါလက်စတိုင်းကို ထွက်ပြေးလာတဲ့ ဂျူးတွေ လက်နက်ကိုင်ပြီး ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ နိုင်ငံထူထောင်တဲ့အချိန်က ကုလရဲ့ ဆုံးဖြတ်ချက်တွေကို အဓိကအသုံးချ အကာအကွယ်ယူခဲ့တာ ဖြစ်ပါတယ်။

    သိပ်လွန်နေပြီ 

    ပြီးခဲ့တဲ့ ၅ လအတွင်း ဂါဇာကမ်းမြှောင်က အစ္စရေးရဲ့ လုပ်ရပ်တွေဟာ အရမ်းလွန်နေပြီလို့ အမေရိကန် ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က မတ်လ ၂၆ ရက်နေ့မှာ အစ္စရေးကာကွယ်ရေး၀န်ကြီးကို  ထပ်မံ သတိပေးလိုက်ပါတယ်။  

    ဂါဇာမှာ အရပ်သားတွေ သတ်ဖြတ်ခံရမှုဟာ အလွန်အမင်း များပြားနေပြီး၊ ပါလက်စတိုင်းပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီ ရောက်ရှိမှုဟာ အလွန်နည်းနေတယ်လို့ အော်စတင်က ဆိုပါတယ်။ 

    အစ္စရေးအပေါ် အမေရိကန်တာ၀န်ရှိသူတွေရဲ့ ၀ေဖန်ရှုတ်ချမှု မြင့်တက်လာပေမယ့်လည်း တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အမေရိကန်က အစ္စရေးထံ ဆက်လက်ထောက်ပံ့နေဆဲ ဖြစ်ပါတယ်။ 

    လူမျိုးတုန်းသတ်ဖြတ်မှု 

    ပါလက်စတိုင်းဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်ဆက်ဆကာ အလ်ဘန်းနီးစ်က ဂါဇာမှာ အစ္စရေးက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ မတ်လ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

    မြေပြင်အဖွဲ့အစည်းတွေထံက ရရှိတဲ့ အချက်အလက်တွေ၊ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွေ၊ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ပြောကြားမှုတွေကို သုံးသပ်ရင် အစ္စရေးဟာ ကုလရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးသဘောတူညီချက်မှာ ပါ၀င်တဲ့ အချက် ၅ ချက်မှာ အနည်းဆုံး ၃ ချက်ကို ကျူးလွန်နေတယ်ဆိုတာ တွေ့ရတယ်လို့ အလ်ဘန်နီးစ်က ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကစတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၃၃၀၀၀ နီးပါးရှိလာပြီး အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ 

    အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန်ပုသ်လဖြစ်တဲ့အတွက် တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းထားပေမယ့် အစ္စရေးက မရပ်တန့်ဘဲ သတ်ဖြတ်မှုတွေ တိုးမြှင့်ပြုလုပ်နေပါတယ်။ 

    ဂါဇာကမ်းမြှောင်က အဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးက ဖျက်ဆီးထားပြီး၊ အစ္စရေးရဲ့ အကူအညီတားဆီးပိတ်ပင်မှုတွေကြောင့် ၂ ဒဿမ ၂ သန်းသော ပါလက်စတိုင်းပြည်သူတွေဟာ အငတ်ဘေးဆိုက်နေပြီ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ အသတ်ခံရသူ ၃၂၀၀၀ ကျော်ပြီ

    ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ အသတ်ခံရသူ ၃၂၀၀၀ ကျော်ပြီ

    မတ် ၂၅၊ ၂၀၂၄
    M-Media

    -၅ လကျော် ကြာမြင့်နေပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၃၂၃၃၃ ဦး ရှိလာပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးဟာ ပါလက်စတိုင်း ၁၀၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူအရေအတွက်က ၁၇၆ ဦး ရှိပါတယ်။

    လတ်တလောမှာ အစ္စရေးဟာ ဂါဇာက ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ ဂါဇာကမ်းမြှောင်က အကြီးဆုံး အလ်ရှီဖာဆေးရုံ အပါအ၀င် ဆေးရုံ အနည်းဆုံး ၃ ခု တိုက်ခိုက်ခံနေရပါတယ်။

    အစွန်းရောက် အစ္စရေး

    ဂျော်ဒန်နိုင်ငံခြားရေး၀န်ကြီး အေမန် ဆာဖာဒီက နိုင်ငံတကာက တားဆီးဟန့်တားတာမျိုး မရှိတဲ့အတွက် အစ္စရေးအစိုးရဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    “လူမျိုးရေးအစွန်းရောက် လူသွမ်းတွေ အစ္စရေးအစိုးရကို ဦးဆောင်နေပါတယ်။ ဒေသတစ်ခုလုံး အခြေအနေ ပိုဆိုးသွားစေမှာမျိုး ကျွန်တော်တို့ ဆက်ပြီး ခွင့်ပြုထားလို့ မရတော့ပါဘူး”

    Ref: Aljazeera