News @ M-Media

Author: Ko Lay

  • အီရန် နျူသိပ္ပံပညာရှင်လုပ်ကြံခံရမှု အစ္စရေးလက်ချက်ဟု အမေရိကန်အတည်ပြု

    အီရန် နျူသိပ္ပံပညာရှင်လုပ်ကြံခံရမှု အစ္စရေးလက်ချက်ဟု အမေရိကန်အတည်ပြု

    နိုဝင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    -မနေ့က အီရန်ထိပ်တန်း နျူကလီးယားသိပ္ပံပညာရှင် မိုဆန် ဖက္ကရီဇာဒဟ် လုပ်ကြံခံရမှုဟာ အစ္စရေးလက်ချက်ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက အတည်ပြုကြောင်း နယူးယောက် တိုင်းမ်စ်သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

    ဖက္ကရီဇာဒါ လိုက်ပါလာတဲ့ ယာဉ်တန်းဟာ မြို့တော်တီဟီရန်အနီးမှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတာပါ။ ဒဏ်ရာအပြင်းအထန်ရပြီးနောက် ဖက္ကရီဇာဒါဟာ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အမေရိကန် ထောက်လှမ်းရေးတာဝန်ရှိသူ ၂ ဦး၊ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးတို့က ဒီတိုက်ခိုက်မှုကို အစ္စရေးက စီစဉ်တာဖြစ်တယ်လို့ ​နယူးယောက်တိုင်းမ်စ် သတင်းစာကို ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကို အမေရိကန်က ဘယ်လောက်စောစော ကြိုသိလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမယ့် ဒီနှစ်နိုင်ငံဟာ အနီးကပ်မဟာမိတ်တွေဖြစ်ပြီး အီရန်နဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို အရင်ကတည်းက မျှဝေကြတယ်လို့ သတင်းစာက ထည့်သွင်းရေးသားခဲ့ပါတယ်။

    အီရန်က အရက်ဖက်အတွက် အသုံးပြုမယ်လို့ အကြိမ်ကြိမ်ပြောကြားထားတဲ့ နျူစီမံကိန်းဟာ လက်နက်ထုတ်လုပ်ရေး ဖြစ်တယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မှတ်ယူထားတာပါ။ ဖက္ကရီဇာဒါဟာ ဒီစီမံကိန်းကို ခေါင်းဆောင်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုက ၂၀၁၈ ခုနှစ်တုန်းက ပြောကြားဖူးပါတယ်။

    အမေရိကန် ထောက်လှမ်းရေး CIA ရဲ့ အရာရှိဟောင်းတစ်ဦးက သမ္မတထရမ့်ဟာ ဂျိုးဘိုင်ဒန်အစိုးရ မတက်မီအချိန်မှာ အီရန်နဲ့ ဆက်ဆံရေးကို အဆိုးရွားဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ဆန္ဒရှိနေပြီး အခု တိုက်ခိုက်မှုဟာ ဒီဆန္ဒရဲ့ တစ်စိတ်တစ်​ဒေသဖြစ်မယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကို ပြောကြားခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်က အာဏာရရင် ထရမ့်ဖျက်ခဲ့တဲ့ ၂၀၁၅ အီရန်နျူသဘောတူညီချက်ကို ပြန်လည်သုံးသပ်မယ်လို့ ပြောကြားဖူးပါတယ်။

    ဖက္ကရီဇာဒါကို လုပ်ကြံမှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စအတွက် ပြင်းပြင်းထန်ထန်တုန့်ပြန်သွားမယ်လို့ အီရန်က ထုတ်ပြန်ထားပါတယ်။

    Ref: New York Times

  • လာမယ့်နှစ်အစပိုင်းတွင် မလေးရှားလူဦးရေ ၃၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

    လာမယ့်နှစ်အစပိုင်းတွင် မလေးရှားလူဦးရေ ၃၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

    နိုဝင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    -လာမယ့်နှစ်မှာ နိုင်ငံအတွင်းက လူ ၉.၆ သန်းလောက်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်လိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒါဟာ မလေးရှားလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က ကိုဗစ်ကာကွယ်ရေး ရရှိဖို့အတွက် အစိုးရဟာ သဘောတူညီချက် ၂ ခုကို လက်မှတ်ရေးထိုးထားတယ်လို့ သူဦးဆောင်တဲ့ Bersatu ပါတီရဲ့ နှစ်ပတ်လည်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

    အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer၊ WHO က ဦးဆောင်ပြီး ကမ္ဘာတစ်ဝှမ်း ကာကွယ်ဆေးဖြန့်မယ့် COVAX အစီအစဉ် စတာတွေကနေ လာမယ့်နှစ် ပထမ ၃ လပတ်အတွင်း ကာကွယ်ဆေးရဖို့အတွက် မလေးရှားက သဘောတူညီချက် ရထားတာဖြစ်ပါတယ်။

    ဝန်ကြီးချုပ် မုဟ်ယစ်ဒင်က လက်ရှိ ဆောင်ရွက်နေတဲ့ ကာကွယ်ရေး အစီအမံတွေ၊ မကြာခင်ရမယ့် ကာကွယ်ဆေး ပေါင်းရင် ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း၊ ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ဦးမော့ရေး၊ ကာကွယ်ဆေး တန်းတူရရှိရေးအတွက် ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကာကွယ်ဆေးရတဲ့အခါ နိုင်ငံသားတွေကို အခမဲ့ထိုးပေးမှာဖြစ်ပြီး ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းကနေ ဆောင်ရွက်သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေကို ဦးစားပေးသွားမယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

    မလေးရှားဟာ အခုနှစ်အလယ်ပိုင်းမှာ ကိုဗစ်ကူးစက်မှုကို သိသိသာသာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် စက်တင်ဘာလမှာတော့ ၄ ဆအထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

    Ref: CNA

  • ထရမ့် ရာထူးမှမဆင်းခင် အီရန်ကို တိုက်ခိုက်မည်ဟု သတင်းထွက်

    ထရမ့် ရာထူးမှမဆင်းခင် အီရန်ကို တိုက်ခိုက်မည်ဟု သတင်းထွက်

    နိုဝင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးကနေ မဆင်းခင်မှာ အီရန်ကို တိုက်ခိုက်နိုင်ဖွယ်ရှိတဲ့အတွက် အစ္စရေးစစ်တပ်က ပြင်ဆင်နေတယ်လို့ အမေရိကန်က မီဒီယာတစ်ချို့က ဖော်ပြပါတယ်။

    ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ သမ္မတသစ် ဂျိုးဘိုင်ဒန် အာဏာလွှဲပြောင်းယူမှာပါ။ ထရမ့်က အိမ်ဖြူတော်က မဆင်းမီ အီရန်ရဲ့ နျူကလီးယား အဆောက်အဦးတွေကို တိုက်ခိုက်ဖွယ်ရှိတယ်လို့ အစ္စရေးအစိုးရက အမည်မဖော်လိုတဲ့ အရာရှိတွေကို ကိုးကားပြီး အမေရိကန်သတင်းဌာန Axios က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

    အစ္စရေးအစိုးရဟာ ဒီအတွက် ပြင်ဆင်ထားဖို့ စစ်တပ်ကို ညွှန်ကြားထားပါတယ်။ တိုက်ခိုက်မှုခံရရင် အီရန်ဟာ ဆီးရီးယား၊ လက်ဘနွန်နဲ့ ဂါဇာတို့မှာရှိတဲ့ သူတို့ရဲ့ သစ္စာခံအဖွဲ့တွေကနေတစ်ဆင့် တုန့်ပြန်တိုက်ခိုက်မှုတွေ လုပ်လာလိမ့်မယ်လို့လည်း အစ္စရေးအစိုးရက တွက်ဆထားပါတယ်။

    တိုက်ခိုက်မှုလုပ်ဖို့ ထရမ့်က ညွှန်ကြားထားတာကြောင့်မဟုတ်ဘဲ ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မသစ်ဘိုင်ဒန် ကျမ်းသစ္စာမကျိန်ဆိုမီအထိ ကာလဟာ အကဲဆတ်တာကြောင့် အစ္စရေးအာဏာပိုင်တွေက ဒီလိုမျှော်လင့်ထားတာ ​ဖြစ်တယ်လို့ Axios ရဲ့ သတင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    အစ္စရေးရုပ်သံ Chanel 13 က ထရမ့်ရဲ့ နောက်ဆုံးနေ့တွေမှာ အီရန်အပေါ် တိုက်ခိုက်မှုလုပ်ဖို့ အစ္စရေးနဲ့ အမေရိကန်တို့က စီစဉ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့သလို၊ New York Times သတင်းဌာနက ထရမ့်ဟာ အီရန်ရဲ့ အဓိက နျူဓာတ်ပေါင်းဖိုကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် အရှေ့အလယ်ပိုင်းမှာ ဆိုးရွားတဲ့ စစ်ပွဲတစ်ခု ထပ်ဖြစ်လာလိမ့်မယ်ဆိုတဲ့ အကြံပေးတွေရဲ့ သတိပေးမှုကြောင့် ရှေ့ဆက်မတိုးခဲ့တာလို့ အခုလအစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

    အီရန်ကတော့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားထားပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းအကြီးအကဲ ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီဟာ အခုနှစ်အစောပိုင်းက အီရတ်မှာ လုပ်ကြံခံခဲ့ရပြီး အမေရိကန်က သူတို့လက်ချက်လို့ ဝန်ခံခဲ့ပါတယ်။ မနေ့ကလည်း အီရန်ထိပ်တန်းနျူသိပ္ပံပညာရှင်တစ်ဦး မြို့တော် တီဟီရန်အနီးမှာ လုပ်ကြံခံခဲ့ရပြီး အီရန်အာဏာပိုင်တွေက ဒါဟာ အစ္စရေးလက်ချက်လို့ စွပ်စွဲထားပါတယ်။

    Ref: RT

  • ဒုက္ခသည်ဘ၀မှ လွှတ်တော်အမတ်ဖြစ်လာသူ၏ အားတက်ဖွယ် မိန့်ခွန်း (မြန်မာစာတမ်းထိုး)

    ဒုက္ခသည်ဘ၀မှ လွှတ်တော်အမတ်ဖြစ်လာသူ၏ အားတက်ဖွယ် မိန့်ခွန်း (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    – အီဘရာဟင် အိုမာရ်ဟာ နိယူးဇီလန်ရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား လွှတ်တော်အမတ် ဖြစ်ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ နယူးဇီလန်ရဲ့ ​အထွေထွေရွေးကောက်ပွဲမှာ အသက် ၄၂ နှစ်အရွယ် အိုမာရ်ဟာ လေဘာပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပါတယ်။

    စစ်ပွဲတွေကြောင့် ဆယ်ကျော်သက်အရွယ်မှာ မွေးရပ် အီရစ်ထရီယာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ အိုမာရ်ဟာ ၂၀၀၈ ခုနှစ်မှာ နယူးဇီလန်နိုင်ငံကို UNHCR အစီစဉ်နဲ့ ရောက်ရှိခဲ့ပါတယ်။ အိုမာရ်ဟာ လွှတ်တော်အမတ်အဖြစ် မနေ့က ပထမဆုံး မိန်းခွန်းပြောခဲ့ပြီး လွှတ်တော်အမတ်အားလုံးကို မတ်တပ်ရပ်လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ကြပါတယ်။

    News and Video Source: The Guardian

  • အီရန် ထိပ်တန်းနျူသိပ္ပံပညာရှင် လုပ်ကြံသတ်ဖြတ်ခံရ

    အီရန် ထိပ်တန်းနျူသိပ္ပံပညာရှင် လုပ်ကြံသတ်ဖြတ်ခံရ

    နိုဝင်ဘာ ၂၈၊ ၂၀၂၀
    M-Media

    လုပ်ကြံခံခဲ့ရသည့် အီရန်သိပ္ပံပညာရှင် ဖက္ကရီဇာဒါ

    -အီရန်နိုင်ငံရဲ့ ထိပ်တန်း နျူကလီးယား သိပ္ပံပညာရှင် မိုဆန် ဖက္ကရီဇာဒါဟာ ဒီကနေ့နေ့လည်ပိုင်းက မြို့တော် တီဟီရန်နားမှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။

    လုပ်ကြံသူတွေဟာ ဖက္ကရီဇာဒါစီးလာတဲ့ကားကို တီဟီရန်မြို့ဆင်ခြေဖုံး အဘ်ဆာ့ဒ်ဒေသမှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ဖက္ကရီဇာဒါကို ဆေးရုံပို့ဆောင်နိုင်ခဲ့ပေမယ့် ရရှိတဲ့ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။

    လုံခြုံရေးအဖွဲ့နဲ့ လုပ်ကြံသူတွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုပ်ကြံသူအချို့ သေဆုံးခဲ့တယ်လို့လည်း အီရန်ပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

    တိုက်ခိုက်မှုကို ဘယ်သူက လုပ်တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလုပ်ကြံမှုမှာ အစ္စရေးက ပါဝင်ပတ်သက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖက္ကရီဇာဒါဟာ အီရန်နျူလက်နက်စီမံကိန်းရဲ့ အကြီးအကဲဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၂၀၁၈ ခုနှစ်မှာ စွပ်စွဲဖူးပါတယ်။

    အခုကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အစ္စရေးက ငြင်းဆိုပါတယ်။ အစ္စရေးဟာ အရင်က အီရန်သိပ္ပံပညာရှင်တွေကို လုပ်ကြံဖို့ ကြိုးစားမှုတွေ ရှိပါတယ်။

    အီရန်စစ်တပ်ရဲ့ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် မိုဟာမက် ဘက္ကရီက တိုက်ခိုက်သူတွေကို နောင်တရသွားအောင် တုန့်ပြန်သွားမှာဖြစ်ကြောင်း၊ ဖက္ကရီဇာဒါ ဖောက်ပေးခဲ့တဲ့ လမ်းကြောင်းဟာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူးဆိုတာကို ရန်သူတွေအနေနဲ့ သိထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    အသက် ၆၃ နှစ်အရွယ် ဖက္ကရီဇာဒါဟာ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒုံးကျည်ရေးရာ ကျွမ်းကျင်သူ ဖြစ်သလို၊ အနောက်နိုင်ငံတွေက နျူလက်နက်ထုတ်လုပ်မယ်လို့ စွပ်စွဲထားတဲ့ အီရန်ရဲ့ နျူကလီးယားစီမံကိန်းမှာ ထဲထဲ၀င်ဝင် ပါဝင်ပတ်သက်နေသူလည်း ဖြစ်ပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး မိမိတို့နျူစီမံကိန်းဟာ ငြိမ်းချမ်းစွာ အသုံးပြုဖို့အတွက် ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင်ဆူလိုင်မာနီဟာ အခုနှစ်အစောပိုင်းက အီရတ်မှာ လုပ်ကြံခံခဲ့ရပြီး အမေရိကန်က​ ဒါဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ ဒီအတွက် လက်စားချေတဲ့အနေနဲ့ အီရန်က အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

    Ref: Reuters