နိုဝင်ဘာ ၂၄၊ ၂၀၂၀
M-Media
Author: Ko Lay
-
ဥရောပက စျေးအသက်သာဆုံးနိုင်ငံ (သို့) ဘော့စနီးယား ဟာဇီဂိုဗီနာ (မြန်မာစာတမ်းထိုး)
-
ကမ္ဘာ့ဂန္တဝင်ဘောလုံးသမား မာရာဒိုနာ ရုတ်တရက် ကွယ်လွန်
နိုဝင်ဘာ ၂၅၊ ၂၀၂၀
M-Media-အာဂျင်တီးနား ဂန္တဝင်ဘောလုံးသမား ဒီယေဂို မာရာဒိုဟာ ရုတ်တရက် နှလုံးဖောက်မှုကြောင့် ဒီကနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။
မာရာဒိုနာကွယ်လွန်မှုကို အာဂျင်တီးနား ပြည်တွင်းသတင်းဌာနတွေက စတင်ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ ရှေ့နေဖြစ်သူက ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ မာရာဒိုနာဟာ အသက် ၆၀ ရှိပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်ကမှ ဦးနှောက်သွေးယိုစီးမှုကို ကုသပြီး ဆေးရုံးက ဆင်းလာတာပါ။
ဘောလုံးစွမ်းရည်ကြောင့် ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် မှတ်ယူခံရတဲ့ မာရာဒိုနာ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားရခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ အဓိကကစားသမား ဖြစ်ပါတယ်။ ဘိုကာဂျူနီယာ၊ နာပိုလီနဲ့ ဘာစီလိုနာအပါအဝင် ကလပ်အသင်းတော်တော်များများမှာလည်း ကစားခဲ့ပါတယ်။
ကျန်းမာရေးချို့တဲ့တာကြောင့် ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရသလို၊ ၂၀၀၀ ခုနှစ်က နှလုံးအလုပ်မလုပ်တော့တာကြောင့် သေဆုံးလုနီးနီး ဖြစ်ခဲ့ပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ဂန္တဝင်ကစားသမားတစ်ဦး ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ မိမိတို့နှလုံးသားထဲမှာ မာရာဒိုနာဟာ အမြဲရှင်သန်နေမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Ref: Daily Mail
-
နိုင်ငံအတွင်း ရှိနေသူအားလုံးကို ဆော်ဒီက ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်
နိုဝင်ဘာ ၂၅၊ ၂၀၂၀
M-Media-နိုင်ငံအတွင်း နေထိုင်သူအားလုံးအတွက် ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ ထိုးပေးသွားမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာလိုက်ပါတယ်။
“ဆော်ဒီအာရေဗျမှာ နေထိုင်သူအားလုံး Covid-19 ကာကွယ်ဆေးကို အခမဲ့ ရရှိမှာပါ။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်အတွက် လိုအပ်တဲ့ကာကွယ်ဆေး ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အဘ်ဒူလာ အလ်-အဆီရီက ပြောပါတယ်။
ဆော်ဒီဟာ အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေးရတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံတွေထဲမှာ ပါဝင်မယ်လို့ ဆော်ဒီ လူသားချင်းစာနာထောက်ထားမှုနဲ့ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူ အဘ်ဒူလာ အလ် ရာဘီယာက ပြောကြားခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်း စျေးသက်သာတဲ့ ကိုဗစ်ကာကွယ်ဆေး တစ်ပြေးညီရရှိရေးအတွက် COVAX ဆိုတဲ့ စီမံကိန်းတစ်ခုကို ကမ္ဘာ့နိုင်ငံတွေက ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေထဲမှာ ဆော်ဒီဟာ ကိုဗစ်ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး စုစုပေါင်း ကူးစက်သူ ၃ သိန်း ၅ သောင်းကျော် သေဆုံးသူ ၅၈၁၁ ဦး ရှိနေပါတယ်။
Ref: Saudigazette
-
၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိသည့် ကိုဗစ်ကာကွယ်ဆေး ဗြိတိန်တွင် ပေါ်ထွက်
နိုဝင်ဘာ ၂၃၊ ၂၀၂၀
M-Media-မိမိတို့ ထုတ်လုပ်စမ်းသပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိပြီး၊ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိဘူးလို့ ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca က ပြောကြားလိုက်ပါတယ်။
ဒီကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး လက်ရှိ ဗြိတိန်နဲ့ ဘရာဇီးလ်မှာ စမ်းသပ်မှုတွေ ပြုလုပ်နေတာပါ။ ကာကွယ်ဆေးကို တစ်လခြားပြီး ၂ ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။
“ကာကွယ်ဆေးရဲ့ ရောဂါတိုက်ဖျက်နိုင်မှု၊ အန္တရာယ်ကင်းမှတွေကိုကြည့်ရင် အလွန် ထိရောက်မှုရှိတယ်ဆိုတာတွေ့ရပြီး၊ ပြည့်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေမှာ ချက်ခြင်းလက်ငင်း အကျိုးကျေးဇူး ရရှိလာမှာ ဖြစ်ပါတယ်” လို့ AstraZeneca ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲ ပါစကယ် ဆိုရီယော့က ပြောကြားခဲ့ပါတယ်။
၂၀၂၀ အကုန်မှာ ဆေးလုံးရေ သန်း ၂၀၀၊ ၂၀၂၁ ခုနှစ် ပထမ ၃ လမှာ နောက်ထပ် အလုံးရေ သန်း ၇၀၀ ထုတ်လုပ်ဖို့ AstraZeneca ကုမ္ပဏီက လျားထားထားပါတယ်။
၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ လက်ရှိမှာ ၃ မျိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။ အမေရိကန်ဆေးကုမ္ပဏီတွေဖြစ်တဲ့ Pfizer နဲ့ Moderna တို့ကထုတ်လုပ်တဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ၉၅ ရာခိုင်နှုန်းကျော် ရှိပါတယ်။
AstraZeneca ကုမ္ပဏီရဲ့ ကာကွယ်ဆေးဟာ ပုံမှန် ရေခဲသတ္တာအပူချိန်မှာ ထုတ်ပိုးသယ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ရေခဲတဲ့အပူချိန်မျိုး လိုအပ်တဲ့ အမေရိကန်ကုမ္ပဏီထုတ် ကာကွယ်ဆေးတွေထက် တစ်ပန်းသာနေပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်က ပရော်ဖက်ဆာ ပီတာဟော်ဘီက ကာကွယ်ဆေးတော်တော်များများဟာ မကူးစက်ဖို့သာ ကာကွယ်ပေးနိုင်ပေမယ့် မိမိတို့ဆေးကတော့ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို လျော့ချနိုင်ကာ အခြား ပြင်းထန်တဲ့ရောဂါတွေ ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
AstraZeneca ကုမ္ပဏီဟာ ဗြိတိန်ရဲ့ တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး လက်ရှိ ကာကွယ်ဆေးစမ်းသပ်မှုရလဒ်တွေကို ကမ္ဘာတစ်ဝှမ်းက အာဏာပိုင်တွေထံ ပေးပို့ကာ အသုံးပြုခွင့်ရရေး ကြိုးပမ်းနေပါတယ်။
Ref: The Edge Markets
-
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဆော်ဒီသို့ လျှို့ဝှက်သွားရောက်ခဲ့
နိုဝင်ဘာ ၂၃၊ ၂၀၂၀
M-Media-အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုဟာ မနေ့က ဆော်ဒီအာရေဗျကို တိတ်တဆိတ် သွားရောက်ခဲ့ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၊ ကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။
အစ္စရေးအစိုးရအဖွဲ့ရဲ့ ပညာရေးဝန်ကြီးက ဒီသတင်းကို အတည်ပြုခဲ့ပြီး ဒါဟာ အံ့ဩလောက်ဖွယ် အောင်မြင်မှုတစ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အာရပ်နိုင်ငံတွေနဲ့ အစ္စရေးတို့ ပုံမှန်ဆက်ဆံမှုတည်ဆောက်ရေး အမေရိကန်က ကြိုးပမ်းအားထုတ်နေစဉ်မှာ ဆော်ဒီနဲ့ အစ္စရေးအစိုးရတို့က ထိပ်တန်းပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ ပထမဆုံးအကြိမ် သတင်းထွက်လာတာပါ။
အစ္စရေးထောက်လှမ်းရေးအဖွဲ့ မိုဆာ့ဒ်ရဲ့ အကြီးအကဲ ယိုဆီကိုဟင်လည်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ရေဒီယိုက ဖော်ပြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲဟာ ပင်လယ်နီနားက ကမ်းရိုးတမ်းမြို့ နီအွမ်မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးမီဒီယာတွေက နေတန်ယာဟု ပြည်ပခရီးစဉ်တွေမှာ ပုံမှန်အသုံးပြုလေ့ရှိတဲ့ ပုဂ္ဂလိက ဂျက်လေယာဉ် ပျံသန်းမှုအချက်အလက်တွေကို ကိုးကားပြီး ဒီလိုဖော်ပြတာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်ရုံးနဲ့ အမေရိကန်သံရုံးတို့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ယူအေအီး၊ ဘာရိန်းနဲ့ ဆူဒန်တို့ဟာ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးတည်ဆောက်ခဲ့ပါတယ်။ အမေရိကန်က အာရပ်နဲ့ မွတ်စလင်ကမ္ဘာက အခြားနိုင်ငံတွေလည်း ဒီလမ်းစဉ်ကို လိုက်ဖို့ မျှော်လင့်တယ်လို့ ပြောကြားထားပါတယ်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်က အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာကို အရင်ကတည်းက ထောက်ခံအားပေးပေမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးရဖို့က ပထမဦးစားပေးဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက တိုက်တွန်းခဲ့ပါတယ်။
Ref: Aljazeera