News @ M-Media

Author: Ko Lay

  • အသံထက် ၂.၈ ဆမြန်သည့် BrahMos ဒုံးကျည်ကို အိန္ဒိယက စမ်းသပ်အောင်မြင်

    အသံထက် ၂.၈ ဆမြန်သည့် BrahMos ဒုံးကျည်ကို အိန္ဒိယက စမ်းသပ်အောင်မြင်

    နိုဝင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    -အသံထက်မြန်တဲ့ BrahMos ဒုံးကျည်ကို အိန္ဒိယက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအားကို နောက်ထပ်တစ်ဆင့်​ မြှင့်တင်လိုက်တာလည်း ဖြစ်ပါတယ်။

    မြေပြင်က မြေပြင်​ပစ် အဲဒီဒုံးကျည်ကို နိုဝင်ဘာ ၂၄ ရက်နေ့က နိုင်ငံအရှေ့ပိုင်း အိန္ဒိယသမုဒ္ဒရာမှာရှိတဲ့ ကျွန်းမှာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေးသတင်းဝက်ဆိုက် DefPost က ဖော်ပြပါတယ်။

    BrahMos ဟာ ဝေဟင်အမြင့်ဆုံးကိုတက်ပြီး ပစ်မှတ်ထိပ်ကို ထိုးဆင်းပစ်ခတ်မှု (top-attack) နဲ့ ဝေဟင်အနိမ့်ပိုင်းကသွားကာ ပစ်မှတ်ကို တိုက်ရိုက်ပစ်ခတ်မှု ( direct attack) ပုံစံနှစ်ခုစလုံး အသုံးပြုလို့ရတယ်လို့ Indian Express က ဆိုပါတယ်။

    ပြည်တွင်းဖြစ် တိုက်သင်္ဘောကနေ ပစ်နိုင်တဲ့ ရေတပ်သုံး BrahMos ဒုံးကျည်ကိုလည်း အိန္ဒိယက ပြီးခဲ့တဲ့လမှာ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ အိန္ဒိယဟာ မဟာဗျူဟာကျတဲ့ နောက်ထပ် ခရုဇ်ဒုံးကျည် ၃ မျိုးကို ထုတ်ပြဖို့ ရှိနေပါတယ်။

    အသံထက်မြန်တဲ့ BrahMos ဒုံးကျည်ဟာ အိန္ဒိယ-ရုရှား ပူးပေါင်းထုတ်လုပ်တဲ့ Ramjet ပါဝါတပ် ဒုံးကျည်ဖြစ်ပြီး ရုရှားရဲ့ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည် P-800 Oniks ကို ပုံစံယူတည်ဆောက်ထားတာ ဖြစ်ပါတယ်။

    အသံထက် ၂.၈ ဆ မြန်မြန်သွားနိုင်ပြီး ရေငုပ်သင်္ဘော၊ တိုက်​ရေယာဉ်၊ လေယာဉ်နဲ့ မြေပြင်ပစ်ဆိုပြီး အမျိုးအစားတွေ ခွဲထားပါတယ်။ ​လက်ရှိမှာ အသံထက် ၅ ဆမြန်တဲ့ BrahMos ဒုံးကျည်ကိုလည်း အိန္ဒိယက ထုတ်လုပ်နေပါတယ်။

    Ref: Asia Times

  • တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာ သတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးနှင့် ဆေးပညာ သတင်းများ

    နိုဝင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    တရုတ်ကဖြန့်မည့် ကိုဗစ်ကာကွယ်ဆေးကို မလေးရှား အရင်ရမည်

    သိပ်မကြာခင်မှာ တရုတ်နိုင်ငံက ဖြန့်ဝေတော့မယ့် ကာကွယ်ဆေး အရင်ရရှိမယ့် နိုင်ငံတွေစာရင်းမှာ မိမိတို့ပါဝင်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ဒီကနေ့ Facebook မှာ ရေးပါတယ်။

    ရာထူးသက်တမ်းပြည့်သွားတဲ့ တရုတ်သံအမတ်က နှုတ်ဆက်ပွဲမှာ အခုလို အသိပေးခဲ့ဖြစ်ပြီး ဦးစားပေးမှုအတွက် ကျေးဇူးတင်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

    တရုတ်ဆေးဝါး ကုမ္ပဏီ အနည်းဆုံး ၃ ခု လောက်ဟာ ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်နေပြီး ရလဒ်ကောင်း​တွေ ရနေတယ်လို့ ဆိုပါတယ်။

    အာကာသတွင်နေထိုင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးကို နာဆာ ထုတ်ပြန်

    အာကာသထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်ခြင်းရဲ့ ဆိုးကျိုးတွေကို အမေရိကန် အာကာသအေဂျင်စီ NASA က ဆယ်စုနှစ်ချီ လေ့လာခဲ့ရာမှာ အာကာသယာဉ်မှူးတွေ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ အဓိက မော်လီကျူးပြောင်းလဲမှု ၆ ခု ရှိတာကို တွေ့ခဲ့ရပါတယ်။

    ဒီပြောင်းလဲမှုဟာ နှလုံးသွေးကြော၊ အာရုံကြောစနစ်၊ ကြွက်သားစနစ်၊ ကိုယ်ခံစွမ်းအားကနေ မျိုးရိုဗီးဇကိုပါ ထိခိုက်နိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် မော်လီကျူးပြောင်းလဲမှုတွေ​ကြောင့် ကင်ဆာဖြစ်ပွားမှုအန္တရာယ် မြင့်တက်လာတယ်လို့လည်း နာဆာက ဆိုပါတယ်။

    လက်ရှိမှာ အာကာသခရီးစဉ်ဟာ တစ်နှစ်ထက် မပိုပေမယ့် အင်္ဂါဂြိုလို နေရာမျိုးကိုသွားတဲ့အခါ အနည်းဆုံး ၅ နှစ်လောက် ကြာမြင့်မှာပါ။ နာဆာကတော့ ဒီလို တွေ့ရှိ ဖော်ထုတ်နိုင်မှုဟာ လူသားတွေ အာကာသ စူးစမ်းရှာဖွေရေး နောက်တစ်ဆင့်တက်ဖို့အတွက် အဓိက ခြေလှမ်းတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ကာလအတွင်း စိတ်ကျန်းမာရေးဘက် ပိုမိုဆောင်ရွက်ရန် ပညာရှင်များ တိုက်တွန်း

    ကိုဗစ်ကပ်ရောဂါကာလအတွင်း လူငယ်တွေရဲ့ စိတ်ဖိစီးမှုဟာ နှစ်ဆအထိ မြင့်တက်လာတယ်လို့ ယူကေက Bristol တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ရပါတယ်။

    တွေ့ရှိချက်တွေအရ ကပ်ရောဂါကာလမှာ လူတွေ အထူးသဖြင့် ကွာရန်တင်းဝင်ရသူတွေ၊ တစ်ဦးတည်း ရှိနေသူတွေရဲ့ စိတ်ကျန်းမာရေးကို ပိုမိုအလေးထားပြီး စောင့်ရှောက်ကုသပေးဖို့ လေ့လာမှုမှာ ပညာရှင်တွေက တိုက်တွန်းခဲ့ပါတယ်။

    အမေရိကန် ကပ်ရောဂါဌာနရဲ့ ဩဂုတ်လက ထုတ်ပြန်ချက်မှာလည်း ကိုဗစ်ကာလအတွင်း ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှုကို ဖော်ပြထားပြီး ကိုဗစ်ဟာ စိတ်ကျန်းမာရေး ကပ်ရောဂါ ဖြစ်တဲ့အထိ ဆိုးရွားစေတယ်လို့ ထောက်ပြထားပါတယ်။

    ကမ္ဘာ့အကြီးဆုံး လက်အိတ်စက်ရုံတွင် ဝန်ထမ်းထက်ဝက်ကျော် ကိုဗစ်ကူး

    အလုပ်သမား ၂၈၀၀ ကျော်မှာ ကိုဗစ်ကူးစက်နေတာကို တွေ့ခဲ့ရပြီးတဲ့နောက် မလေးရှားက ကမ္ဘာ့အကြီးဆုံး လက်အိတ်ကုမ္ပဏီ Top Glove ရဲ့ လုပ်ငန်း ထက်ဝက်ကျော်ကို ရပ်ဆိုင်းလိုက်ပါတယ်။

    ဒီစက်ရုံမှာ အလုပ်သမား ၅၈၀၀ နီးပါးကို ကိုဗစ်စစ်ဆေးပြီးတဲ့နောက် ဒီလို အကြီးအကျယ်တွေ့ရှိမှု ပေါ်ပေါက်လာတာပါ။ Top Glove ဟာ မလေးရှားနိုင်ငံတစ်ဝှမ်း စက်ရုံပေါင်း ၄၁ ခု ရှိပြီး အထူးသဖြင့် နိုင်ငံခြားသားအများအပြားကို အလုပ်ခန့်ထားတာ ဖြစ်ပါတယ်။

    အဲဒီ နိုင်ငံခြားသားအလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတွေဟာ လူပြွတ်သိပ်နေတာတွေရှိပြီး ဒီကိစ္စကို မလေးရှားအစိုးရက ကြပ်မတ်ဖို့ ရှိနေပါတယ်။

    Ref: BBC, CNN

    #mmHelthNews

  • ဆုံးရှုံးရသည့်နယ်မြေကို ပြန်သိမ်းပြီးနောက် အဇာရီလူမျိုးတွေ အိမ်ပြန်ပြီ (မြန်မာစာတမ်းထိုး)

    ဆုံးရှုံးရသည့်နယ်မြေကို ပြန်သိမ်းပြီးနောက် အဇာရီလူမျိုးတွေ အိမ်ပြန်ပြီ (မြန်မာစာတမ်းထိုး)

    ဆုံးရှုံးရသည့်နယ်မြေကို ပြန်သိမ်းပြီးနောက် အဇာရီလူမျိုးတွေ အိမ်ပြန်ပြီ (မြန်မာစာတမ်းထိုး)

    Video Source – Aljazeera

  • မွတ်စလင်နိုင်ငံအများစုအပါအဝင် ၁၃ နိုင်ငံကို ယူအေအီးက ဗီဇာထုတ်ပေးမှု ရပ်ဆိုင်း

    မွတ်စလင်နိုင်ငံအများစုအပါအဝင် ၁၃ နိုင်ငံကို ယူအေအီးက ဗီဇာထုတ်ပေးမှု ရပ်ဆိုင်း

    နိုဝင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ နိုင်ငံ ၁၃ နိုင်ငံက နိုင်ငံသားတွေကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ပြီး ဒီစာရင်းထဲမှာပါဝင်တဲ့ နိုင်ငံအများစုဟာ မွတ်စလင်နိုင်ငံတွေ ဖြစ်ပါတယ်။

    နိုင်ငံပိုင် စက်မှုဇုန်က ကုမ္ပဏီတွေကို ပေးပို့တဲ့ အသိပေးစာမှာ ဒီကိစ္စကို ဖော်ပြထားတာပါ။ ဒီကိစ္စနဲ့ပတ်သက်နေတဲ့ ယူအေအီးအစိုးရ တာဝန်ရှိသူအချို့က လုံခြုံရေးဆိုင်ရာ အကြောင်းအရင်းတွေကြောင့် ဗီဇာထုတ်ပေးမှု ယာယီရပ်ဆိုင်းတာဖြစ်တယ်လို့ Reuters သတင်းဌာနကို ဖြောကြားခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်ကို ပြောကြားခြင်း မရှိပါဘူး။

    ယူအေအီးက ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်တဲ့ နိုင်ငံတွေဟာ အာဖဂန်၊ အလ်ဂျီးရီးယား၊ အီဂျစ်၊ အီရတ်၊ ကင်ညာ၊ လက်ဘနွန်၊ လစ်ဗျား၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ ဆီးရီးယား၊ တူနီးရှား၊ တူရကီနဲ့ ယီမင်တို့ ဖြစ်ပါတယ်။

    ဒီအမိန့်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့က စတင်သက်ရောက်တာပါ။ ဗီဇာပိတ်ပင်မှုမှာ အခြားခြွင်းချက်တွေ ရှိလားဆိုတာလည်း မသိရသေးပါဘူး။

    ဆော်ဒီအာရေဗျနိုင်ငံမှာ IS အကြမ်းဖက်အဖွဲ့က သံတမန်တွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်တာကြောင့် ယူအေအီးနိုင်ငံမှာရှိတဲ့ မိမိတို့နိုင်ငံသားတွေ သတိဝိရိယရှိကြဖို့ ပြင်သစ်သံရုံးက သတိပေးချက်ထုတ်ပြန်ပြီး တစ်ပတ်အကြာမှာ ယူအေအီးရဲ့ အခုဆုံးဖြတ်ချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဒီကိစ္စနဲ့ နီးစပ်သူတစ်ချို့က အခုလို လုပ်ဆောင်တာဟာ အစ္စရေးနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်မှုနဲ့ မပတ်သက်ဘူးလို့ ပြောပါတယ်။ ယူအေအီးနဲ့ အစ္စရေးတို့ဟာ လွန်ခဲ့တဲ့ ၂ လအရင်ကမှ သံတမန်ဆက်ဆံရေး ပြန်လည်ထူဖောင်ခဲ့တာပါ။

    တူရကီလို ယူအေအီးနဲ့ ဆက်ဆံရေးတင်းမာတဲ့ နိုင်ငံလည်း ဗီဇာပိတ်ခံရတဲ့ စာရင်းမှာ ပါဝင်လာပါတယ်။ ယူအေအီးက မိမိတို့နိုင်ငံသားတွေကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Reuters

  • မလေးရှားရှိ နိုင်ငံခြားသားအလုပ်သမားအားလုံး ကိုဗစ်စစ်ရမည်

    မလေးရှားရှိ နိုင်ငံခြားသားအလုပ်သမားအားလုံး ကိုဗစ်စစ်ရမည်

    နိုဝင်ဘာ ၂၆၊ ၂၀၂၀
    M-Media

    ကွာလာလမ်ပူမြို့ မြင်ကွင်း

    -နိုင်ငံခြားသားအလုပ်သမားတွေမှာ ကိုဗစ်တွေ့ရှိမှု များလာတာကြောင့် နိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံခြားအလုပ်သမား ၁.၇ သန်းစလုံး ကိုဗစ်စစ်ရမယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဒီအမိန့်ဟာ နိုဝင်ဘာ ၂၆ ရက် (ဒီကနေ့) မှာ စတင်သက်ရောက်မှာပါ။ ပထမအသုတ်အဖြစ် ကွာလာလမ်ပူ၊ ဆီလန်ဂေါ၊ ပီနန်နဲ့ နီဂရီ ဆမ်ဘီလန်ဒေသက နိုင်ငံခြားအလုပ်သမား ၉ သိန်းကို စပြီး ကိုဗစ်စစ်မှာ ဖြစ်ပါတယ်။

    လုပ်ငန်းရှင်တွေက နိုင်ငံခြားအလုပ်သမားတွေအတွက် နေထိုင်စရာ စီစဉ်ပေးထားတဲ့ နေရာတွေကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖို့ရှိနေပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့မညီရင် ရင်းဂစ် ၅ သောင်းအထိ ဒဏ်ရိုက်မယ်လို့ မလေးရှား လုံခြုံရေးဆိုင်ရာဝန်ကြီး အစ္စမာအီလ် ဆာဘရီ ယာကွဘ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီစစ်ဆေးမှုကို ​ကိုဗစ်ကြောင့် အသွားအလာကန့်သတ်မှု (CMCO) အမိန့်ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ ပြုလုပ်မှာပါ။

    “နိုင်ငံခြားသားအလုပ်သမားအားလုံးကို တို့ဖတ်နမူနာယူ စစ်ဆေးမယ်။ တကယ်လို့ နက်ဂတစ်ဖြစ်ရင် ကွာရန်တင်းဝင်ခိုင်းမယ်။ ပေါ့စတစ်ဖြစ်ရင်တော့ ဆေးရုံပို့ပါမယ်” လို့ ဆာဘရီ ယာကွဘ်က ပြောပါတယ်။

    လိုအပ်လာရင် နိုင်ငံခြားအလုပ်သမားတွေကို ၂ ပတ်တစ်ကြိမ် ပုံမှန်စစ်ဆေးတာမျိုးအထိ လုပ်ဆောင်ဖို့လည်း မလေးရှားအစိုးရက စီစဉ်ထားပါတယ်။

    Ref: The Star