News @ M-Media

Author: Ko Lay

  • အသံထက်မြန်သည့် နျူဒုံးကျည်ကို ရုရှားရေတပ်တွင် တပ်ဆင်မည်

    အသံထက်မြန်သည့် နျူဒုံးကျည်ကို ရုရှားရေတပ်တွင် တပ်ဆင်မည်

    ဇူလိုင် ၂၇၊ ၂၀၂၀
    M-Media

    ရေတပ်နှစ်ပတ်လည်အခမ်းအနား တက်ရောက်လာသည့် ပူတင်

    -ရေတပ်မှာ အသံထက်မြန်တဲ့ နျူဒုံးကျည်တွေ၊ ရေအောက်ဒရုန်းတွေ ဖြည့်တင်းပေးသွားမယ်လို့ ရုရှားသမ္မတ ဗလီဒီမီရ် ပူတင်က ပြောကြားလိုက်ပါတယ်။

    ရုရှားရေတပ်တည်ထောင်မှု နှစ်ပတ်လည်အခမ်းအနားကို မနေ့က စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်ခဲ့ပြီး အကောင်းဆုံး စစ်သင်္ဘောတွေ၊ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ၊ ရေတပ်သုံး လေယာဉ်တွေကို ထုတ်ပြခဲ့ပါတယ်။

    အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သမ္မတပူတင်က အခုနှစ်အတွင်း ရေတပ်မှာ သင်္ဘော ၄၀ ဖြည့်တင်းပေးဖို့ ရှိနေပြီး၊ Poseidon ရေအောက် ဒရုန်းတွေ၊ Tsirkon အသံထက်မြန်တဲ့ ဒုံးကျည်တွေ တပ်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။

    Tsirkon ဟာ အသံထက် ၅ ဆ မြန်ပြီး ခြေရာခံဖို့၊ ကြားဖြတ်တိုက်ခိုက်ဖို့ ခက်ခဲတဲ့ ဒုံးကျည်မျိုး ဖြစ်ပါတယ်။

    ကမ္ဘာပေါ်မှာ မရှိသေးတဲ့ နောက်ဆုံးပေါ် နည်းပညာမြင့် လက်နက်တွေ တပ်ဆင်ပေးမှာကြောင့် ရေတပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းလည်း တိုးတက်လာလိမ့်မယ်လို့ ပူတင်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာဘယ်နေရာကိုမဆို ပစ်ခတ်နိုင်တဲ့ နျူလက်နက်မျိုး စမ်းသပ်ထုတ်လုပ်နေတယ်လို့ ပူတင်က မကြာခဏ ပြောကြားခဲ့ဖူးပါတယ်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ သီးခြားထုတ်ပြန်ချက်မှာ ရေအောက်ဒရုန်းတွေ သယ်နိုင်တဲ့ Belgorod ရေငုပ်သင်္ဘောကို စမ်းသပ်မောင်းနှင်နေပြီး မကြာခင် စမ်းသပ်မှုအဆင့် ပြီးဆုံးတော့မယ်လို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ရုရှားတောင်ပိုင်းတွင် အကြီးဆုံးဖြစ်လာမည့် ဗလီတစ်လုံး ဆောက်လုပ်နေ

    ရုရှားတောင်ပိုင်းတွင် အကြီးဆုံးဖြစ်လာမည့် ဗလီတစ်လုံး ဆောက်လုပ်နေ

    ဇူလိုင် ၂၇၊ ၂၀၂၀
    M-Media

    ဗလီပုံစံငယ်

    -ရုရှားနိုင်ငံတောင်ပိုင်းမှာ အကြီးဆုံးဖြစ်လာမယ့် ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဗိုလ်ဂိုဂရက်ပြည်နယ် ဗော့လ်ဇ်စကီးမြို့မှာ ဆောက်လုပ်နေပါတယ်။

    ဗလီရဲ့ အမိုးခုံးကို ပါလက်စတိုင်းနိုင်ငံ ဂျေရုစလင်က ‘မတ်စ်ဂျစ်ဒ်အက္ကဆွာဗလီ’ ရဲ့ အမိုးခုံးအတိုင်း တည်ဆောက်မယ်လို့ ရှေ့ဆောင်အီမာမ် အဘ်ဒူလာဟာဂျီက ပြောပါတယ်။ ဗလီကို ဒေသတွင်းဗိသုကာလက်ရာတွေနဲ့ ပုံဖော်မှာပါ။

    ဗလီဆောက်လုပ်ဖို့အတွက် ရုရှား ရူဘဲလ် သန်း ၇၀ လောက် ကုန်ကျမှာဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ ထည့်ဝင်လှူဒါန်းတာ ဖြစ်ပါတယ်။

    ဗလီမှာ လူတစ်ထောင် တစ်ပြိုင်တည်း ဝတ်ပြုနိုင်တဲ့ ဝတ်ပြုခန်းမ၊ အစည်းဝေးခန်းမ၊ ပြတိုက်၊ စာကြည့်တိုက်၊ စာသင်ခန်း၊ ဘာသာရေးအခမ်းအနားတွေ ကျင်းပနိုင်မယ့် မြေအောက်ခန်းမတွေ ပါဝင်မှာပါ။

    တည်ဆောက်ပြီးစီးသွားရင် ဗိုလ်ဂိုဂရက်ဒေသရဲ့ အကြီးဆုံး ဗလီတွေထဲကတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ လာမယ့်နှစ် ရမ်ဇာဥပုသ်အပြီး အီဒွလ်အသွဟာနေ့မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်။

    Ref: Islam.ru

  • ဂြိုဟ်တုဖျက် လက်နက်သစ် စမ်းသပ်သည်ဆိုသည့်သတင်းကို ရုရှားငြင်း

    ဂြိုဟ်တုဖျက် လက်နက်သစ် စမ်းသပ်သည်ဆိုသည့်သတင်းကို ရုရှားငြင်း

    ဇူလိုင် ၂၅၊ ၂၀၂၀
    M-Media

    -ဂြိုဟ်တုဖျက် လက်နက်တစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ရုရှားအစိုးရက ငြင်းဆိုလိုက်ပြီး ဒါဟာ ဝါဒဖြန့်တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် အာကာသစစ်ဌာနချုပ်ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်ချက်မှာ ရုရှားဟာ အာကာသမှာ ဂြိုဟ်တုဖျက်ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး အမေရိကန်ရဲ့ အာကာသစနစ်အပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ယူကေ အာကာသဌာနရဲ့ ဒုတိယစစ်သေနာပတိ ဟာဗေးစမစ်က ဒီလုပ်ရပ်မျိုးဟာ အာကာသ ငြိမ်းချမ်းစွာအသုံးပြုရေးကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာကာသ ငြိမ်းချမ်းစွာအသုံးပြုရေး ကတိကဝတ်ကို မိမိတို့က အတိအကျ လိုက်နာနေတယ်လို့ မနေ့မှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    “ဝါဒဖြန့်တိုက်ခိုက်တာမျိုးထက်၊ ပရော်ဖက်ရှင်နယ်ဝါဒမျိုး ပိုမိုပြသဖို့၊ အတူတကွ ဆွေးနွေးတိုင်ပင်ဖို့ အမေရိကန်နဲ့ ယူကေက လုပ်ဖော်ကိုင်ဖက်တွေကို တိုက်တွန်းပါတယ်”

    ဇူလိုင်လ ၁၅ ရက်နေ့မှာ လက်နက်တစ်ခု စမ်းသပ်ခဲ့တာကို ရုရှားက ဝန်ခံပါတယ်။ ဒီစမ်းသပ်မှုဟာ အာကာသစနစ်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ နိုင်ငံတာဥပဒေတွကိုလည်း ချိုးဖောက်မှုမရှိဘူးလို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာပါဝင်သည့် ၉ နိုင်ငံ အာကာသစီမံကိန်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရန် ရည်ရွယ်

    မြန်မာပါဝင်သည့် ၉ နိုင်ငံ အာကာသစီမံကိန်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရန် ရည်ရွယ်

    ဇူလိုင် ၂၅၊ ၂၀၂၀
    M-Media

    မိတ္ထီလာ လကြောင်းနှင့် အာကာသပညာ တက္ကသိုလ်

    -အရှေ့တောင်အာရှ နိုင်ငံတွေ ပူးပေါင်းထားတဲ့ အာကာသစီမံကိန်းတစ်ခုမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံဟာ လာမယ့်နှစ်မှာ ပထမဆုံး ဂြိုဟ်တု လွှတ်တင်နိုင်ဖို့ စီစဉ်နေပါတယ်။

    စီမံကိန်းမှာ မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာအပါအဝင် အာရှနိုင်ငံ ၉ နိုင်ငံ ပါဝင်မှာပါ။

    စီမံကိန်းကနေ မုန်တိုင်း၊ မြေငလျင်နဲ့ ပင်လယ်ရေစီးကြောင်းတွေကို ခြေရာခံနိုင်မှာဖြစ်ပြီး၊ မြေယာအသုံးပြုမှု၊ သစ်တောပြုန်းတီးမှု၊ မြို့ပြ အကောင်အထည်ဖော်မှု၊ တရားမဝင် သစ်ခုတ်မှု၊ သတ္ထုတွင်းတူးဖော်မှုနဲ့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။

    မိတ္ထီလာ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ဂြိုဟ်တုတွေကို ကိုယ်တိုင်တည်ဆောက်နိုင်ရင် အကုန်အကျ သက်သာမှာဖြစ်ပြီး အခုစီမံကိန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ခုန်ပျံကျော်လွှား တိုးတက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    စီမံကိန်းအရ တစ်နှစ်ကို ဂြိုဟ်တုငယ် ၅ လုံးနဲ့ အလုံး ၅၀ အထိ လွှတ်တင်သွားမှာ ဖြစ်ပါတယ်။ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်လောက်ကုန်ကျမှာဖြစ်ပြီး မြန်မာနိုင်ငံက ကနဦးအနေနဲ့ ဒေါ်လာ ၁၆ သန်း ထည့်ဝင်ထားပါတယ်။

    ဂြိုဟ်တုတွေကို နိုင်ငံရပ်ခြားကနေ လွှတ်တင်မှာဖြစ်ပြီး ဂျပန်ရဲ့အကူအညီနဲ့ မြန်မာနိုင်ငံမှာ ထိန်းချုပ်စင်တာတစ်ခု ထားရှိမှာ ဖြစ်ပါတယ်။

    စီမံကိန်းအတွက် မြန်မာနိုင်ငံက ပညာရှင် ၇ ဦး ဂျပန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ပြန့်နှံ့မှုကြောင့် ဒီအစီအစဉ်ကို ရပ်ဆိုင်းထားရပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ဂြိုဟ်တုလွှတ်တင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

    Ref: Frontier Myanmar