News @ M-Media

Author: Ko Lay

  • အာရပ်ကမ္ဘာမှာ သမိုင်းတွင်မယ့် ယူအေအီးရဲ့ အင်္ဂါဂြိုဟ်လေ့လာရေးစီမံကိန်း

    အာရပ်ကမ္ဘာမှာ သမိုင်းတွင်မယ့် ယူအေအီးရဲ့ အင်္ဂါဂြိုဟ်လေ့လာရေးစီမံကိန်း

    ဇူလိုင် ၂၀၊ ၂၀၂၀
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ သူတို့ရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး စီမံကိန်းအတွက် အာကာသယာဉ်ကို မနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    Hope Mission လို့အမည်ပေးထားတဲ့ အဲဒီစီမံကိန်းဟာ အာရပ်ကမ္ဘာက ပထမဆုံး အင်္ဂါဂြိုဟ်စီမံကိန်းဖြစ်ပါတယ်။ နိုင်ငံတည်ထောင်မှု နှစ် ၅၀ ပြည့်တဲ့ လာမယ့်နှစ်မှာ အာကာယာဉ် အင်္ဂါဂြိုဟ်ရောက်ပြီး သုတေသနစလုပ်ဖို့ ယူအေအီးက စီစဉ်ထားပါတယ်။

    စီမံကိန်းဘာ့ကြောင့် ဖြစ်ပေါ်လာလဲ၊ ဘယ်လိုဖော်ဆောင်လဲ၊ စီမံကိန်းရလဒ်တွေက ကမ္ဘာ့သိပ္ပံနဲ့ အာကာသစူးစမ်းရေးလောကမှာ ဘယ်လောက်အထိအရေးပါနိုင်မလဲ စတဲ့အကြောင်းအရာတွေကို ဒီဗီဒီယိုမှာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

  • ဉာဏထုတ်ကုန်များ ကာကွယ်ရန် တရုတ်ကောင်စစ်ဝန်ရုံးကို ကန်အစိုးရက ပိတ်ခိုင်း

    ဉာဏထုတ်ကုန်များ ကာကွယ်ရန် တရုတ်ကောင်စစ်ဝန်ရုံးကို ကန်အစိုးရက ပိတ်ခိုင်း

    ဇူလိုင် ၂၂၊ ၂၀၂၀
    M-Media

    One businessman steal the idea from another. Commercial spying concept. National flags of USA and China

    -တက္ကဆက်ပြည်နယ် ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့အတွက် အမေရိကန်အစိုးရက ဒီကနေ့မှာ အမိန့်ထုတ်လိုက်ပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။

    အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်ဂန် အော်တာဂုစ်က အမေရိကန်ရဲ့ ဉာဏစွမ်းအားတွေ၊ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ ဒီလိုပိတ်ခိုင်းတာဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြးာခဲ့ပေမယ့် အသေးစိတ် မပြောခဲ့ပါဘူး။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက အမေရိကန်အစိုးရဟာ ကောင်စစ်ဝန်ရုံးပိတ်ဖို့ ၃ ရက် အချိန်ပေးထားပြီး ဒါဟာ လတ်တလော တရုတ်ကိုဆန့်ကျင်တဲ့ အမေရိကန်ရဲ့ မကြုံစဖူး ဆောင်ရွက်ချက်ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အထင်မှားအမြင်မှားနဲ့ လုပ်လိုက်တဲ့ ဒီဆောင်ရွက်ချက်ကို ရုပ်သိမ်းဖို့ ဝမ်ဝန်ဘင်းက အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပြီး၊ ထိထိရောက်ရောက် ပြန်လည်တုန့်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ကိစ္စ၊ ဟောင်ကောင်ကိစ္စ၊ ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြားလူနည်းစုတွေကို ဖိနှိပ်မှုကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့အကြား ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

    တရုတ်ဟာ အမေရိကန်ရဲ့ ဉာဏထုတ်ကုန်တွေ၊ နည်းပညာတွေကို ခိုးယူနေတယ်လို့ အမေရိကန်အစိုးရက တစ်စိုက်မတ်မတ် စွပ်စွဲထားပြီး တရုတ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ကမာရ် ဂူလ် (သို့) မိဘတွေအတွက် တာလီဘန်ကို လက်စားချေတဲ့ အာဂသတ္တိခဲ

    ကမာရ် ဂူလ် (သို့) မိဘတွေအတွက် တာလီဘန်ကို လက်စားချေတဲ့ အာဂသတ္တိခဲ

    ဇူလိုင် ၂၂၊ ၂၀၂၀
    M-Media

    တာလီဘန်တွေကို လက်စားချေခဲ့တဲ့ ကမာရ်ဂူလ်

    -မိဘနှစ်ပါးကို သတ်ဖြတ်ခဲ့တဲ့ တာလီဘန်တွေကို တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ ပြန်လည်တိုက်ခိုက်ခဲ့တဲ့ ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးရဲ့ အကြောင်းဟာ အာဖဂန်ဆိုရှယ်မီဒီယာလောကမှာ အခုရက်ပိုင်းအတွင်း ရေပန်းစားလာပါတယ်။

    ကမာရ်ဂူလ်ဆိုတဲ့ အဲဒီအမျိုးသမီးငယ်လေးဟာ အသက် ၁၅ နှစ်လောက်သာရှိပြီး နိုင်ငံအလယ်ပိုင်း ဂေါရ်ပြည်နယ်က ရွာတစ်ရွာမှာ နေထိုင်တာပါ။

    သူမရဲ့ဖခင်ဟာ အစိုးရကို ထောက်ခံသူလို့ တာလီဘန်တွေက စွပ်စွဲပြီး အိမ်ပေါ်အထိ လာရောက်ဆွဲခေါ်တဲ့အချိန် ဇနီးဖြစ်သူက ဝင်တားခဲ့ပေမယ့် တာလီဘန်တွေက အိမ်အပြင်မှာပဲ နှစ်ယောက်စလုံးကို ပစ်သတ်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ကိုမြင်တဲ့ ကမာရ်ဂူလ်ဟာ အိမ်ထဲမှာရှိ​နေတဲ့ ​AK47 သေနတ်ကိုသွားယူကာ တာလီဘန်တွေကို ပစ်ခတ်ခဲ့တယ်လို့ ကျေးရွာရဲတပ်ဖွဲ့အကြီးအကဲ ဟာဘီဘွတ်ရဟ်မန် မာလက်ဇာဒါ က ပြောကြားခဲ့ပါတယ်။ ကမာရ်ဂူလ်ရဲ့ ပစ်ခတ်မှုကြောင့် သူမိဘတွေကိုသတ်သူ ၂ ဦး သေဆုံးခဲ့သလို အခြား တာလီဘန်တွေလည်း ဒဏ်ရာရသွားပါတယ်။

    ဒီအဖြစ်အပျက်ပြီးနောက်ပိုင်းမှာ တာလီဘန်ဘန်တွေဟာ ကမာရ်ဂူလ်ရဲ့အိမ်ကို လာရောက်တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် အစိုးရတပ်ဖွဲ့တွေနဲ့ ပြည်သူစစ်တွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပါတယ်။

    တာလီဘန်တွေ လက်တုန့်ပြန်မှာကို စိုးရိမ်ရတဲ့အတွက် ကမာရ်ဂူလ်နဲ့ မောင်ဖြစ်သူတို့ကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ဘေးအန္တရာယ်ကင်းတဲ့နေရာကို ခေါ်ယူကာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

    ပုဝါဆောင်းကာ AK47 ကိုင်ထားတဲ့ ကမာရ်ဂူလ်ရဲ့ ဓာတ်ပုံနဲ့အတူ ဒီအဖြစ်အပျက်အကြောင်း အာဖဂန်ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး ချီးကျူးမှုတွေလည်း ရှိနေပါတယ်။

    အစိုးရနဲ့ အဆက်အသွယ်ရှိတယ်လို့ သူတို့ယူဆတဲ့သူတွေကို တာလီဘန်က ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ပုံမှန်လုပ်ဆောင်လေ့ရှိပါတယ်။ အမေရိကန်နဲ့ တာလီဘန်တို့အကြား အခုနှစ်အစောပိုင်းက အပစ်ရပ်ရေး သဘောတူညီချက်တစ်ချို့ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တာလီဘန်ရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

    Ref: AP

  • ထိုင်းတွင် အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ဆန္ဒပြမှု ဖြစ်ပေါ်

    ထိုင်းတွင် အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ဆန္ဒပြမှု ဖြစ်ပေါ်

    ဇူလိုင် ၁၉၊ ၂၀၂၀
    M-Media

    -စစ်ခေါင်းဆောင်ဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ အစိုးရ ဆင်းပေးရေး၊ နိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ထိုင်းပြည်သူတွေဟာ မနေ့က မြို့တော်ဘန်ကောက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

    ဘန်ကောက်ရဲ့ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်နားမှာ ကျောင်းသားတွေက စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး လူပေါင်း ၂၅၀၀ လောက် ပါဝင်ခဲ့ပါတယ်။ လွှတ်တော်ဖျက်သိမ်းရေး၊ အတိုက်အခံတွေအပေါ် ဖိနှိပ်မှု အဆုံးသတ်ရေး၊ စစ်တပ်ကရေးထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတွေ စတဲ့ အချက် ၃ ချက်ကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

    ပရာယွတ်ဦးဆောင်တဲ့ အစိုးရအပေါ်​ ထိုင်းပြည်သူတွေရဲ့ မကျေနပ်မှုဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ပိုမို မြင့်တက်လာခဲ့ပါတယ်။ ဆန္ဒပြမှုဖြစ်ပွားရာတစ်ဝိုက်ကို ရဲတပ်ဖွဲ့က စောင့်ကြပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေကို တားဆီးဟန့်တားတာမျိုးတော့ မရှိပါဘူး။ ဘုရင်ဝိဇယလောင်ကွန် ဂျာမနီမှာ ဇိမ်ခံအိမ် ဝယ်ထားမှုကိုလည်း ဆန္ဒပြသူတွေက မေးခွန်းထုတ်ခဲ့ပါတယ်။

    ဆန္ဒပြသူတွေဟာ သန်းခေါင်ယံအချိန်မှာ လူစုခွဲသွားကြပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို မလုပ်ပေးရင် နှစ်ပတ်အကြာမှာ နောက်ထပ်ဆန္ဒပြမှုတွေ လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဝန်ကြီးချုပ် ရာယွတ်ချန်အိုချာဟာ စစ်တပ်အကြီးအကဲဟောင်းတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နှစ် ယင်လပ် ရှင်နာဝပ်ထရာဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့တာပါ။ ပရာယွတ်ဦးဆောင်တဲ့ အာဏာသိမ်းအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးကာ မနှစ်က ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ပရာယွတ်ပဲ ပြန်အနိုင်ရခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အတိုက်အခံပါတီကို ပရာယွတ်အစိုးရက တရားမဝင်ကြေငြာခဲ့သလို အတိုက်အခံတွေကိုလည်း ပိုမိုဖိနှိပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ​ပရာယွတ်အစိုးရအတွင်း အကွဲအပြဲတွေလည်း ရှိလာခဲ့ပြီး ကြာသာပတေးနေ့မှာ အစိုးရအဖွဲ့ဝင်တစ်ချို့ နှုတ်ထွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဒေလီတွင် မွတ်စလင်များအား တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က လွှတ်ပေးထားဟု အိန္ဒိယကော်မရှင် ထုတ်ပြန်

    ဒေလီတွင် မွတ်စလင်များအား တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့က လွှတ်ပေးထားဟု အိန္ဒိယကော်မရှင် ထုတ်ပြန်

    ဇူလိုင် ၁၉၊ ၂၀၂၀
    M-Media

    -ဖေဖော်ဝါရီလက မြို့တော်ဒေလီမှာဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့က ကျူးလွန်ခံရသူတွေကို ထိထိရောက်ရောက် ကာကွယ်မပေးခဲ့ဘူးလို့ အိန္ဒိယအစိုးရက ခန့်အပ်ထားတဲ့ လူနည်းစုအခွင့်အရေးမြှင့်တင်ရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။

    အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ​ဒေလီမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူတွကို အာဏရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကို ထောက်ခံတဲ့ သူတွေက တိုက်ခိုက်ရာကနေ အဓိကရုဏ်း ဖြစ်ပေါ်ခဲ့တာပါ။

    ဒေလီကမွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၅၃ ဦး သေဆုံးခဲ့သလို ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ၁၉၈၄ ခုနှစ် ဟိန္ဒူ-ဆစ်ခ် အဓိကရုဏ်းမှာ ဆစ်ခ်လူမျိုး ၃ ထောင်ကျော် အသတ်ခံရမှုနောက်ပိုင်း ဒေလီမှာ အဆိုးဝါးဆုံး လူမျိုးစုအဓိကရုဏ်းလည်း ဖြစ်ပါတယ်။

    ဒေလီလူနည်းစုရေးရာကော်မရှင် DMC ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဗလီ ၁၁ လုံး၊ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၅ ခု၊ မွတ်စလင်သူတော်စဉ် ဂူဗိမာန်တစ်ခုနဲ့ မွတ်စလင် သုဿာန်တစ်ခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တိုက်ခိုက်သူတွေဟာ မွတ်စလင်တွေရဲ့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဝတ်ပြုရာအဆောက်အဦးတွေ၊ စီးနင်းတဲ့ယာဉ်တွေကို သီးသန့် ရွေးချယ်ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မတားဆီးဘူးလို့ DMC က ဆိုပါတယ်။

    ကျူးလွန်သူတွေကို ဖမ်းဆီးရမယ့်အစား ရဲတပ်ဖွဲ့ဟာ မွတ်စလင်တွေကို ပစ်မှတ်ထား ဖမ်းဆီးတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒေလီရဲတပ်ဖွဲ့က ဒီအချက်ကို ငြင်းဆိုခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းရေးအဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းထားကာ တိုင်ကြားမှုတွေကို ဆက်လက်လက်ခံနေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ​မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာအောင် မီးထိုးပေးသူတွေထဲမှာ ဒေလီလွှတ်တော်အမတ်ဟောင်း ကာပီလ် မစ်ရှ်ရာအပါအဝင် အာဏာရပါတီ BJP က အကြီးတန်းခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်လို့လည်း DMC က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ BJP ပါတီပြောရေးဆိုခွင့်ရှိသူက ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera