News @ M-Media

Author: Ko Lay

  • ကိုဗစ်သုတေသနကို ခိုးရန်ကြိုးစားမှုကြောင့် ကန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ

    ကိုဗစ်သုတေသနကို ခိုးရန်ကြိုးစားမှုကြောင့် ကန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး အပိတ်ခံရ

    ဇူလိုင် ၂၅၊ ၂၀၂၀
    M-Media

    -တရုတ်က အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းရာမှာ ဟူစတန်မြို့ ကောင်စစ်ဝန်ရုံးက အဆိုးဆုံးဖြစ်နေတဲ့အတွက် ပိတ်ခိုင်းလိုက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    တက္ကဆက်ပြည်နယ် ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို လာမယ့်သောကြာနေ့ နောက်ဆုံးထား ပိတ်ပေးဖို့ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမိန့်ပေးခဲ့ပြီး တရုတ်ကလည်း ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ အမိန့်ထုတ်ထားပါတယ်။

    အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသုတေသနတွေကို တရုတ်က ခိုးယူဖို့ ကြိုးစားနေပြီး ဟူစတန်ကောင်စစ်ဝန်ရုံးက အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ မနေ့က အမေရိကန်အစိုးရ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    တက္ကဆက်ပြည်နယ်ဟာ အစိုးရက ထောက်ပံ့ပေးထားတဲ့ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ အဓိကအလုပ်ဆောင်တဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ တရုတ်က ကိုဗစ်ကာကွယ်ဆေး သုတေသနကို ဘယ်လောက်အနေအထားအထိ ရရှိဖို့ ပစ်မှတ်ထားခဲ့လဲဆိုတာကိုတော့ ကန်အစိုးရ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်၀န်ဘင်းက အမေရိကန်ရဲ့ ဒီပြောဆိုမှုတွေဟာ ရန်ညှိုးထား သွားပုပ်လေလွင့်စကားတွေဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အမေရိကန်တရားရေးဌာန အကြီးတန်းအရာရှိတစ်ဦးကလည်း နိုင်ငံခြားကောင်စစ်ဝန်ရုံးတွေကို နိုင်ငံခြားထောက်လှမ်းရေး အခြေစိုက်နေရာအဖြစ် အသုံးပြုခွင့် အမေရိကန်က ပေးထားပေမယ့် တရုတ်ကောင်စစ်ဝန်ရုံးက​တော့ စည်းဖောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters



  • ပါလက်စတိုင်းရှိ ခရစ်ယာန်တို့၏ အထွဋ်အမြတ်ပစ္စည်းတစ်ခုကို အစ္စရေးစစ်တပ်က ဖယ်ရှား

    ပါလက်စတိုင်းရှိ ခရစ်ယာန်တို့၏ အထွဋ်အမြတ်ပစ္စည်းတစ်ခုကို အစ္စရေးစစ်တပ်က ဖယ်ရှား

    ဇူလိုင် ၂၄၊ ၂၀၂၀
    M-Media

    -ယေရှုခရစ်တော် ဖွားမြင်ရာ ဘက်သလီဟန်မြို့ ဘုရားကျောင်းက ရှေးဟောင်းသမိုင်းဝင် ဘာသာရေး အထွဋ်အမြတ်ပစ္စည်းတစ်ခုကို အစ္စရေးစစ်တပ်ကနေ ခိုးယူသွားခဲ့တယ်လို့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဘက်သလီဟန်ခရိုင်က တူကူမြို့က ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းမှာရှိပြီး နှစ်ခြင်းခံရာမှာ အသုံးပြုတဲ့ ရေဖလားကြီးတစ်ခုကို အစ္စရေးစစ်တပ်က အခုတစ်ပတ်အစောပိုင်းမှာ ထရပ်ကားနဲ့ ညဘက် လာရောက်သယ်ဆောင်သွားတာ ဖြစ်ပါတယ်။

    ဘိုင်ဇန်တိုင်းခေတ်က ဖြစ်ပြီး နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိတဲ့ အဲဒီရေဖလားဟာ ကမ္ဘာပေါ်မှာ ၃ လုံးသာရှိပြီး ပါလက်စတိုင်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ ရှိနေတာဖြစ်ပါတယ်။ ခရစ်တော်မွေးဖွားရာနေရာမှာ တည်ထားတဲ့ Church of the Nativity ဘုရားကျောင်းမှာ တစ်လုံး၊ ရှေးဟောင်း ပါလက်စတိုင်းမြို့ဖြစ်တဲ့ Beit Jibrin က ဘုရားကျောင်းမှာ တစ်လုံး ရှိနေတာပါ။

    ဂျူးတွေက အစ္စရေးနိုင်ငံတည်ထောင်ဖို့ ၁၉၄၈ ခုနှစ် ပါလက်စတိုင်း ပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ Beit Jibrin မြို့ဟာ ပျက်ဆီးသွားခဲ့ပါတယ်။

    အစ္စရေးစစ်တပ်က ရေဖလားကို ထရပ်ကားနဲ့ သယ်ဆောင်သွားတဲ့ ဗီဒီယိုကို ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ဌာနက Twitter စာမျက်နှာ လွှင့်တင်ခဲ့ပြီး စက်ဆုပ်ဖွယ်ရာကောင်းတဲ့ သူခိုးဓားပြလုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    PLO အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဟာနန် အက်ရှ်ရာဝီက ကျူးကျော်သူအစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ပါလက်စတိုင်းဌာနေတွေရဲ့ အမှတ်သညာ၊ အထောက်အထားတွေ၊ ယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်တွေကိုဖယ်ရှားတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးသတင်းစာ Jerusalem Post က ရေဖလားကို အစ္စရေးစစ်တပ်က ခိုးယူသွားတာမဟုတ်ဘဲ မူလနေရာကို ပြန်သွားထားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အစ္စရေးဟာ မှောင်ခိုသမားတွေ၊ ဓားပြဂိုဏ်းတွေနဲ့ပေါင်းပြီး ပါလက်စတိုင်းတွေရဲ့ ရှေးဟောင်း သမိုင်းအမွေအနှစ် ပစ္စည်းတွေကို ခိုးယူဖျောက်ဖျက်လေ့ရှိတယ်လို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ သတင်းဌာန Wafa က ဖော်ပြခဲ့ပါတယ်။

    Ref: Middle East Eye

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဇူလိုင် ၂၃၊ ၂၀၂၀
    M-Media

    ကိုဗစ်ကာကွယ်ဆေး လာမည့်နှစ်အတွင်းရရန် ဗီယက်နမ်ပစ်မှတ်ထား

    ဗီယက်နမ်နိုင်ငံဟာ ပြည်တွင်းမှာ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နိုင်အောင် ကြိုးစားနေပြီး တိုးတက်မှုတွေလည်း ရရှိနေတာကြောင့် ၂၀၂၁ ခုနှစ်မှာ စီးပွားဖြစ် ထုတ်လုပ်သုံးစွဲနိုင်ဖို့ စီစဉ်ထားပါတယ်။ ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မှုဟာ ပုံမှန်အားဖြင့် ၅ နှစ်လောက်ကြာနိုင်ပေမယ့် ၂၀၂၁ ခုမှာ အဆင်သင့်ဖြစ်နိုင်ဖို့ ဗီယက်နမ်က အထူးစီမံကိန်းချ ဆောင်ရွက်နေတာပါ။ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းမှာ ဗီယက်နမ်နိုင်ငံဟာ အောင်မြင်မှုရရှိထားပြီး ကူးစက်မှုလုံး၀မရှိတာ ၃ လကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    ဖုန်းနှင့် တီဗီကြည့်ချိန် တစ်နေ့ကို ၂ နာရီသာ ထားသင့်

    တစ်နေ့တာ တီဗီနဲ့ ဖုန်းကြည့်ချိန်ကို ၂ နာရီအောက် လျှော့ချပေးခြင်းအားဖြင့် ကင်ဆာနဲ့ နှလုံးသွေကြောကျဉ်း ရောဂါတွေလို ရောဂါမျိုး ဖြစ်ပွားမှု၊ အရွယ်မတိုင်ခင် သေဆုံးမှုကို လျှော့ချနိုင်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ရတယ်လို့ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့က သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ လူပေါင်း ၅ သိန်းလောက်ကို ၂ နှစ်ကြာ လေ့ခဲ့တာပါ။ အထိုင်များရင် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး တီဗီနဲ့ ဖုန်းကြည့်ချိန်ကိုလျှော့ကာ ကျန်းမာရေး လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးသင့်တယ်လို့လည်း သုတေသနမှာပါဝင်တဲ့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    အောက်စဖို့ဒ်က ကိုဗစ်ကာကွယ်ဆေး အလုပ်ဖြစ်

    အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အန္တရာယ်ကင်းပြီး ကိုဗစ်တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအားကို ထုတ်ပေးတယ်ဆိုတာ တွေခဲ့ရပါတယ်။ လူပေါင်း တစ်ထောင်ကျော်မှာ စမ်းသပ်ပြီးတဲ့နောက် ဒီရလဒ် ထွက်လာတာပါ။ ရောဂါကို အမှန်တကယ် ကာကွယ်နိုင်မလားဆိုတာ သေချာဖို့အတွက် နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုတွေ လိုအပ်နေပါသေးတယ်။ ယူကေအစိုးရကတော့ ဒီကာကွယ်ဆေး သန်း ၁၀၀ ကို မှာယူထားပါတယ်။ ကိုဗစ်ဟာ ယူကေမှာ ခရစ္စမတ်အထိ ဆက်ရှိနေအုံးမယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    Ref: BBC, The Star

  • ပါလက်စတိုင်းရှိ ကိုဗစ်ကုသရေးစင်တာကို အစ္စရေးကဖြိုချမှု ကုလရှုတ်ချ

    ပါလက်စတိုင်းရှိ ကိုဗစ်ကုသရေးစင်တာကို အစ္စရေးကဖြိုချမှု ကုလရှုတ်ချ

    ဇူလိုင် ၂၃၊ ၂၀၂၀
    M-Media

    ဟီဘရွန်ရှိ ကိုဗစ်ကုသရေးစင်တာကို အစ္စရေးက ဖျက်ဆီးပြီးနောက် တွေ့ရစဉ်

    -ပါလက်စတိုင်းပိုင်းနက်က အစ္စရေးရဲ့လုပ်ရပ်တွေ၊ အစ္စရေး-ပါလက်စတိုင်းအကြား ဆက်ဆံရေး တင်းမာလာတာတွေက ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းကို ထိခိုက်ပျက်ဆီးစေလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ပါတယ်။

    အနောက်ဖက်ကမ်း ဟီဘရွန်မြို့က ကိုဗစ်ကုသရေးစင်တာကို အင်္ဂါနေ့မှာ ဆောက်လုပ်ရေးပါမစ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးစစ်တပ်က ဖြိုချဖျက်ဆီးခဲ့ပါတယ်။ အဲဒီတစ်နေ့တည်းမှာပဲ ဆာလ်ဖစ်မြို့မှာ အစ္စရေးက နေအိမ်တစ်ခုကို ဖြိုချခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့မှာတော့ အရှေ့ဂျေရုစလင်က ယဉ်ကျေးမှုစင်တာနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    အစ္စရေးဟာ ပါက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ထပ်သိမ်းဖို့လည်း အစီအစဉ်ရှိနေပါတယ်။

    အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နီကိုလေ ​မလာဒီနော့ဗ်က အစ္စရေးနဲ့ ပါလက်စတိုင်းမှာ ကိုဗစ်ကူးစက်မှုအခြေအနေဟာ ဆိုးရွားလာခဲ့ပြီး၊ အခုနှစ်အစောပိုင်းက ရှိခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး မမြင်ရတော့ဘဲ ပြည်သူတွေရဲ့ဘ၀ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကုလလုံခြုံရေးကောင်စီမှာ မနေ့က သတိပေးခဲ့ပါတယ်။

    အနောက်ဖက်ကမ်းက ဒေသတစ်ချို့ကို ပိုင်နက်ထဲသွတ်သွင်းမယ့်အစီအစဉ်ကို စွန့်လွှတ်ဖို့လည်း မလာဒီနော့ဗ်က သတိပေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု တားဆီးတုန့်ပြန်ရေး၊ အစ္စရေးရဲ့ပိတ်ဆို့မှုကို ခံထားရတဲ့ ဂါဇာကမ်းမြှောင်က ဗိုင်းရပ်စ်ကူးစက်နေသူတွေကို လွှဲပြောင်းနိုင်ရေး ကုလက ကြားဝင်ကူညီပေးဖို့ အသင့်ရှိတယ်လို့လည်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ Covid-19 ကူစက်သူအရေအတွက် စုစုပေါင်း ၁၀၉၂၃ ဦး၊ သေဆုံးသူ ၆၇ ဦးရှိပြီး အစ္စရေးမှာ ကူးစက်သူ ၅၄၆၆၃ ဦး၊ သေဆုံးသူ ၄၃၀ ဦး ရှိနေပါတယ်။

    Ref: Aljazeera

  • မိုးသည်းထန်မှုကြောင့် နယူးဒေလီရှိ သမိုင်းဝင်ဗလီ အမိုးခုံးပြိုကျ

    မိုးသည်းထန်မှုကြောင့် နယူးဒေလီရှိ သမိုင်းဝင်ဗလီ အမိုးခုံးပြိုကျ

    ဇူလိုင် ၂၃၊ ၂၀၂၀
    M-Media

    -မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက နှစ် ၂၀၀ သက်တမ်းရှိတဲ့ ဗလီတစ်လုံးရဲ့ အမိုးခုံး ပြိုကျသွားပါတယ်။

    ‘မူဘာရက် ဘေဂွမ်’ လို့အမည်ရတဲ့ အဲဒီဗလီကို အိန္ဒိယအုပ်စိုးတဲ့ မဂိုအင်ပါယာကို ဗြိတိသျှက မဖယ်ရှားခင် ၁၈၂၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ မဂိုဗိသုကာလက်ရာကြွယ်၀ပြီး ဒေလီမြို့ဟောင်းရဲ့ သမိုင်းဝင်နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ဗလီရဲ့အမည်ဟာ လှူဒါန်းတည်ဆောက်သူ အမျိုးသမီးရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။

    ဗလီအမိုးခုံးပြိုကျတဲ့ဓာတ်ပုံတွေဟာ အိန္ဒိယ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ပြန့်နှံ့ခဲ့ပြီး သမိုင်းဝင်အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ တိုက်တွန်းဆော်ဩမှုတွေလည်း ရှိနေပါတယ်။ ဗလီဂေါပကအဖွဲ့ကတော့ အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုသီတင်းပတ် အစောပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နယူးဒေလီမှာ အဆောက်အဦးတွေပြိုတာ၊ သစ်ပင်လဲတာတွေ ဖြစ်ခဲ့ပြီး လူသေဆုံးမှုလည်း ရှိခဲ့ပါတယ်။

    Ref: Aljazeera