News @ M-Media

Author: Ko Lay

  • ဝီဂါများကိုဖိနှိပ်သည့် တရုတ်အာဏာပိုင်များကို အရေးယူမည့်ဥပဒေကို ထရမ့် လက်မှတ်ထိုးမည်

    ဝီဂါများကိုဖိနှိပ်သည့် တရုတ်အာဏာပိုင်များကို အရေးယူမည့်ဥပဒေကို ထရမ့် လက်မှတ်ထိုးမည်

    ဇွန် ၁၀၊ ၂၀၂၀
    M-Media

    -ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်မှုမှာ တာဝန်ရှိတဲ့ တရုတ်အာဏာပိုင်တွေကို ပိတ်ဆို့အရေးယူရေး တိုက်တွန်းတဲ့ ဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

    အဲဒီဥပဒေကို ပြီးခဲ့တဲ့လမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်စလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြတာပါ။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေအပေါ် တရုတ်အစိုးရက အကြီးအကျယ် ဖိနှိပ်ညှင်းပမ်းနေပြီး အနည်းဆုံး လူတစ်သန်းလောက်ကိုလည်း အကျဉ်းစခန်းတွေထဲ ထည့်ပိတ်ထားတယ်လို့ ကုလနဲ့ နိုင်ငံတကာမီဒီယာတွေက ဖော်ထုတ်တင်ပြခဲ့ပါတယ်။

    တရုတ်အစိုးရကတော့ ဒီသတင်းတွေကို ငြင်းပါတယ်။ အမေရိကန်ရဲ့ အခုဥပဒေသစ်အတွက်လည်း တရုတ်က မှတ်ချက်မပေးသေးပါဘူး။

    ထရမ့်က လက်မှတ်ရေးထိုးမယ့် ဥပဒေရဲ့ မူကြမ်းကို ရီပက်ဘလစ်ကန်အမတ် မာခရို ရူဘီယိုက လွှတ်တော်မှာ တင်သွင်းအဆိုပြုတာပါ။

    ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ရှင်ကျန်းကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်ပြီး ဩဇာရှိ နိုင်ငံရေးဗျူရိုက အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ချန်ကျွမ်ဂိုဟာ အဓိက တာဝန်ရှိသူ ဖြစ်နေတယ်လို့ မူကြမ်းမှာ ဖော်ပြထားပါတယ်။



  • ‘ဓာတ်ငွေ့ရည်မှ ဓာတ်အား’ စီမံကိန်း လာမည့်တစ်ပတ်တွင် စတင်လည်ပတ်မည်

    ‘ဓာတ်ငွေ့ရည်မှ ဓာတ်အား’ စီမံကိန်း လာမည့်တစ်ပတ်တွင် စတင်လည်ပတ်မည်

    ဇွန် ၉၊ ၂၀၂၀
    M-Media

    သီလဝါဆိပ်ကမ်းတွင် ဆောက်လုပ်နေသည့် စီမံကိန်းမြင်ကွင်း (ဓာတ်ပုံ – Frontier Myanmar)

    -သဘာ၀ဓာတ်ငွေ့ရည်(LNG) နဲ့ ဓာတ်အားပေးစက်ရုံတွေ လည်ပတ်ကာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးမယ့် စီမံကိန်းကို လာမယ့်တစ်ပတ်အတွင်း စတင်တော့မှာ ဖြစ်ပါတယ်။

    LNG နဲ့ ဓာတ်အားထုတ်လုပ်ဖို့ ရည်ရွယ်တဲ့ စီမံကိန်းဟာ ၃ ခုရှိပြီး ရန်ကုန်က သာကေတနဲ့ သီလဝါ၊ ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့တွေမှာ ဖော်​ဆောင်နေတာပါ။

    သဘာ၀ဓာတ်ငွေ့ရည် သင်္ဘော ၂ စီး ပြီးခဲ့တဲ့တစ်ပတ်မှာ မလေးရှားကနေ ရောက်ရှိလာပြီးတဲ့နောက် သာကေတ စီမံကိန်းကို စတင်လည်ပတ်တော့မှာ ဖြစ်ပါတယ်။ သင်္ဘောတွေဟာ သတ်မှတ်ထားတဲ့ ကာလထက် ၂ လလောက်နောက်ကျပြီးမှ ရောက်လာတာ ဖြစ်ပါတယ်။

    သာကေတ စီမံကိန်းကနေ ဓာတ်အား ၄၀၀ မီဂါဝပ်ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ဇွန်လ ၁၂ ရက်နေ့မှာ ၂၀ မီဂါဝပ် စမ်းသပ်ထုတ်လုပ်မှာဖြစ်ကာ နောက်ပိုင်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

    “ပထမအဆင့်အနေနနဲ့ ၂၀၀ မီဂါဝပ် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ တစ်ပတ်အတွင်း ဖြစ်လာမှာပါ” လို့ လျှပ်စစ်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားခဲ့ပါတယ်။

    ဓာတ်အား မီဂါဝပ် ၃၅၀ လောက် ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ သီလဝါစီမံကိန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မပြီးသေးတဲ့အတွက် ဓာတ်အားထုတ်ဖို့ ကြာမြင့်မှာဖြစ်ပြီး၊ မီဂါဝပ် ၁၅၀ ထုတ်လုပ်မယ့် ကျောက်ဖြူစီမံကိန်းကလည်း စက်တင်ဘာလလောက်အထိ ရပ်ဆိုင်းထားရဖွယ် ရှိနေပါတယ်။

    “နွေရာသီကာလမှာ မိုးနည်းတာကြောင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုက ကျဆင်းလာပါတယ်။ ဒါ့ကြောင့် LNG စီမံကိန်းတွေကနေ ဓာတ်အားဖြည့်တင်းပေးနိုင်ဖို့က အရေးကြီးပါတယ်” လို့ အမြဲတမ်းအတွင်းဝန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Frontier Myanmar

  • ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုတွင် သတင်းပေးသူကို အီရန်က ကွပ်မျက်တော့မည်

    ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုတွင် သတင်းပေးသူကို အီရန်က ကွပ်မျက်တော့မည်

    ဇွန် ၉၊ ၂၀၂၀
    M-Media

    -တော်လှန်ရေးအစောင့်တပ်ဖွဲ့ခေါင်းဆောင် ကာစင် ဆိုလိုင်မာနီ လုပ်ကြံခံရမှုမှာ ရန်သူတွေထံ သတင်းပေးခဲ့သူကို မကြာခင် ကွပ်မျက်တော့မယ်လို့ အီရန်က ​ကြေငြာလိုက်ပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ စစ်ရေးဩဇာကို ဖြန့်ကျက်နိုင်ခဲ့တဲ့ ဆိုလိုင်မာနီကို ဇန်နဝါရီလ ၃ ရက်မှာ အမေရိကန်က အီရတ်မှာ ဒရုန်းနဲ့ ပစ်ခတ်လုပ်ကြံခဲ့တာပါ။

    “(အမေရိကန်ထောက်လှမ်းရေး) စီအိုင်အေနဲ့ (အစ္စရေးထောက်လှမ်းရေး) မိုဆာ့ဒ်တို့အတွက် သူလျှိုလုပ်ပေးခဲ့သူတွေထဲက မဟ်မူဒ်း မူဆာဗီ မဂျစ်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ သူဟာ ကျဆုံးသွားတဲ့ ဆိုလိုင်မာနီ ဘယ်မှာရှိတယ်ဆိုတာကို ရန်သူတွေထံ သတင်းပေးခဲ့တာပါ” လို့ ဒီကနေ့ ရုပ်သံကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန် တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုလမ် ဟိုစိန် အစ္စမာအီလီက ပြောကြားခဲ့ပါတယ်။

    မဂျစ်ဟာ ဆိုလိုင်မာနီနဲ့ပတ်သက်တဲ့ ဘာသတင်းတွေကို ပေးခဲ့တယ်ဆိုတာနဲ့ ဘယ်တော့ ကွပ်မျက်မယ် ဆိုတာကိုတော့ အစ္စမာအီလီက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    စီအိုင်အေအတွက် အလုပ်လုပ်ပေးနေတဲ့ သူလျှို ၇ ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ချို့ကို သေဒဏ်ပေးလိုက်တယ်လို့ ပြီးခဲ့တဲ့နွေရာသီတုန်းမှာ အီရန်က ထုတ်ပြန်ခဲ့ပြီး အခု မဂျစ်ရဲ့ကိစ္စဟာ ဒါနဲ့ ဆက်စပ်နေလားဆိုတာကိုလည်း အီရန်အာဏာပိုင်တွေက ထုတ်ဖော်မပြောခဲ့ပါဘူး။

    ဟိုစိန် ဆိုလိုင်မာနီ လုပ်ကြံခံရပြီး သိပ်မကြာခင်မှာပဲ အီရန်ဟာ အီရတ်က အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ လက်တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

    Ref: Aljazeera

  • မွတ်စလင်များအား အကြမ်းဖက်သတ်ဖြတ်ရန် ကြံစည်သူကို ဂျာမနီ ဖမ်းဆီး

    မွတ်စလင်များအား အကြမ်းဖက်သတ်ဖြတ်ရန် ကြံစည်သူကို ဂျာမနီ ဖမ်းဆီး

    ဇွန် ၈၊ ၂၀၂၀
    M-Media

    မွတ်စလင်များအား အကြမ်းဖက်ရန်ကြံစည်သည့် လူဖြူအစွန်းရောက်အဖွဲ့ကို ဖေဖော်ဝါရီလက အတွင်းက ဖမ်းဆီးမှု

    -မွတ်စလင်တွေကို အစုလိုက်အပြုံလိုက် အကြမ်းဖက်တိုက်ခတ်ဖို့ ကြံစည်နေတဲ့ လက်ယာစွန်းရောက်တစ်ဦးကို ဂျာမနီရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပါတယ်။

    အသက် ၂၁ နှစ်အရွယ် အဲဒီအမျိုးသားဟာ နိုင်ငံမြောက်ပိုင်း Hildesheim မြို့ကဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့မှာ လူ ၅၉ ဦး သေဆုံးခဲ့တဲ့ ဗလီနှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုအတိုင်း လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

    သူ့ရဲ့အစီအစဉ်ကို အမည်မဖော်လိုသူအနေနဲ့ အင်တာနက်ချက်တစ်ခုကနေ အခြားလူတွေကို ပြောပြခဲ့တယ်လို့ ဂျာမနီ​ ရှေ့နေချုပ်ရုံးက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဒီအမျိုးသားဟာ ကမ္ဘာမီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရချင်တဲ့အတွက် ဒီလိုတိုက်ခိုက်မှုကို လုပ်ဆောင်ချင်နေတာဖြစ်ပြီး ကြိုးစားနေတာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေပြီလို့လည်း ကြေငြာချက်က ဆိုပါတယ်။

    ဖမ်းဆီးခံထားရသူရဲ့နေအိမ်ကို ရှာဖွေရာမှာ လက်နက်တွေ၊ လယ်ယာဝါဒဆိုင်ရာ အီလက်ထရောနစ်ဖိုင်တွေကို တွေ့ခဲ့ရပါတယ်။ တနင်္ဂနွေနေ့က ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့နောက် ရာဇဝတ်မှု၊ လက်နက်ဝယ်ယူခြင်းအားဖြင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။

    ဖေဖော်ဝါရီလအတွင်းကလည်း ဗလီတွေကို အကြီးအကျယ် အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ လူ ၂၀ ပါ လူဖြူအစွန်းရောက်အဖွဲ့တစ်ခုကို ဂျာမနီရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၁၂ လအတွင်း ဂျာမနီနိုင်ငံမှာ လူဖြူလက်ယာစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတစ်ချို့ ဖြစ်ပွားခဲ့ပါတယ်။

    ဖေဖော်ဝါရီလအတွင်း ဖရန့်ဖတ်မြို့အနီး ဟာနောင်မြို့က ကော်ဖီဆိုင်တစ်ခုမှာ သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းကလည်း လီပ်ဇစ်ဂ်မြို့က ဂျူးဘုရားကျောင်းတစ်ခုမှာ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဇွန်လက နိုင်ငံအလယ်ပိုင်း ဟက်စီမြို့က နေအိမ်မှာ နိုင်ငံရေးသမား ဝေါလ်တာ လွဘ်ကီ သေနတ်နဲ့ပစ်သတ်ခံရပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က လူဖြူအစွန်းရောက်တစ်ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

    ဂျာမနီပြည်ထဲရေးဝန်ကြီး ဟော့စ် ရှိုဖာက လူဖြူအစွန်းရောက် အကြမ်းဖက်မှုဟာ နိုင်ငံရဲ့ ဒီမိုကရေစီအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ မတ်လမှာ ပြောကြားခဲ့ပြီး လုံခြုံရေးကိစ္စကို ပိုမိုဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းလွတ်မြောက်ရေး ခေါင်းဆောင်ဟောင်းတစ်ဦး ကွယ်လွန်

    ပါလက်စတိုင်းလွတ်မြောက်ရေး ခေါင်းဆောင်ဟောင်းတစ်ဦး ကွယ်လွန်

    ဇွန် ၈၊ ၂၀၂၀
    M-Media

    ပါလ်ကစတိုင်း လွတ်မြောက်ရေးခေါင်းဆောင် ရာမာဒန် ရှာလာ

    -ပါလက်စတိုင်းလွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်ဟောင်း ရာမာဒန် ရှာလာဟာ စနေနေ့က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

    အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှာလာဟာ နှလုံးနဲ့ ကျောက်ကပ် ဝေဒနာတွေကို ခံစားခဲ့ရပြီး ၃ နှစ်လောက် သတိလစ် မေ့မြောနေခဲ့တာပါ။ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ဒမတ်စကတ်မြို့ ဆင်ခြေဖုံးမှာရှိတဲ့ ယာရမွတ် ပါလက်စတိုင်းဒုက္ခသည်စခန်းမှာ မြှုပ်နှံသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

    ရာမာဒန်ရှာလာဟာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို ခုခံတွန်းလှန်နေတဲ့ ဂါဇာကမ်းမြှောင်အခြေစိုက် ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ Palestine Islamic Jihad (PIJ) အဖွဲ့ကို ၁၉၉၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

    “အဖွဲ့ စတင်ဖွဲ့စည်းကတည်းက ပါလက်စတိုင်းနဲ့ ဂျေရုစလင်လွတ်မြောက်ရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဆုံးရှုံးရမှုအတွက် ဝမ်းနည်းကြေကွဲရပါတယ်” လို့ PIJ က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    PIJ အဖွဲ့ရဲ့ အကြီးတန်းတာဝန်ရှိသူ ဒါဝုဒ်ရှီဟဘ်က မိမိတို့တော်လှန်ရေးအဖွဲ့ဟာ ရှာလာဟ် ချမှတ်ထားတဲ့ မူဝါဒအတိုင်း ဆက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟတ်မူးဒ်အဘတ်စ်က ရှာလာကို ဆုံးရှုံးရတာဟာ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တစ်ယောက်ကို ဆုံးရှုံးရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်အခြေစိုက်တဲ့ အခြားပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ကလည်း ရှာလာဟာ ပါလက်စတိုင်း ခေါင်းဆောင်ကောင်းတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သည်းခံစိတ်ရှည်မှု၊ ရိုးသားမှုနဲ့ မဆုတ်မနစ် အားထုတ်ကြိုးပမ်းမှုတွေဟာ ပါလက်စတိုင်း တော်လှန်ရေးသမားတွေအတွက် စံနမူနာယူစရာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဂါဇာမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ရှာလာဟာ ယူကေကနေ စီးပွားရေးဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ အမေရိကန် တောင်ဖလော်ရီဒါတက္ကသိုလ်မှာ စာပြခဲ့ပါတယ်။

    ပါလက်စတိုင်းပိုက်နက်တွေမှာ ကျူးကျော်တပ်စွဲထားတဲ့ အစ္စရေးတပ်ဖွဲ့တွေကို PJI က ပစ်မှတ်ထား တိုက်ခိုက်မှုအတွက် အမေရိကန်က ရှာလာကို အလိုအရှိဆုံး ရာဇဝတ်သားစာရင်းထဲကို ထည့်သွင်းထားပါတယ်။

    Ref: Aljazeera