News @ M-Media

Author: Ko Lay

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၄ သိန်းကျော်ပြီ

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၄ သိန်းကျော်ပြီ

    ဇူလိုင် ၇၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၄ သိန်းကျော်လာခဲ့ပြီး ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၆.၉ သန်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

    လက်ရှိ အဆိုးဝါးဆုံး ကူးစက်ရာဒေသက လက်တင်အမေရိကဖြစ်ပြီး စုစုပေါင်း ကူးစက်သူ ၁.၂ သန်းနီးပါး၊ သေဆုံးသူ ၆ သောင်းကျော် ရှိနေပါတယ်။ စမ်းသပ်စစ်ဆေးမှုပမာဏ နည်းတာ၊ သေဆုံးမှု သတင်းမရောက်တာတွေကြောင့် ကူးစက်မှု၊ သေဆုံးမှုအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ကြပါတယ်။

    သေဆုံးမှုမှာ အမေရိကန်နိုင်ငံက အများဆုံးဖြစ်နေပြီး၊ ဥရောပမှာတော့ ယူကေက ဗိုင်းရပ်ဒဏ်ကို အဆိုးဝါးဆုံးခံစားနေရတဲ့နိုင်ငံ ဖြစ်ပါတယ်။

    တောင်ကိုရီးယားမှာ ကိုရိုနာဒုတိယလှိုင်းလုံးနဲ့ ကြုံတွေ့နေရပြီး၊ အိန္ဒိယနိုင်ငံမှာလည်း ကူးစက်မှုတွေဟာ တစ်နေ့တစ်ခြား ပိုမိုမြင့်တက်လာပါတယ်။

    အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းကာ ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်နေတဲ့ ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca က စက်တင်ဘာမှာ ကာကွယ်ဆေးအရေအတွက် ၂ ဘီလီယံလောက် ဖြန့်ဖြူးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်မှာလည်း ကာကွယ်ဆေး ၂ သန်းလောက် အဆင်သင့်ရှိနေပြီး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ အောင်မြင်ရင် ဖြန့်ဖြူးမယ်လို့ ပြောကြားထားပါတယ်။

    Ref: CNN, India Express

  • ပါလက်စတိုင်းအား ထပ်မံသိမ်းပိုက်မည့် အစိုးရ၏အစီအစဉ်ကို အစ္စရေးပြည်သူများ ကန့်ကွက်

    ပါလက်စတိုင်းအား ထပ်မံသိမ်းပိုက်မည့် အစိုးရ၏အစီအစဉ်ကို အစ္စရေးပြည်သူများ ကန့်ကွက်

    ဇွန် ၇၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးပိုင်နက်ထဲထည့်သွင်းမယ့် နေတန်ယာဟုအစိုးရရဲ့ အစီအစဉ်ကို အစ္စရေးပြည်သူတွေက မနေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

    ပါလက်စတိုင်းတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ တရားမဝင် ဂျူးအခြေချအိမ်ယာတွေကို ဇူလိုင်လ ၁ ရက်နေ့မှာ ပိုင်နက်ထဲသွတ်သွင်းဖို့အတွက် အစ္စရေးအစိုးရက စီစဉ်နေတာပါ။ သွတ်သွင်းမယ့် ပမာဏဟာ အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။

    ဒီအစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ အစ္စရေးပြည်သူတွေဟာ စနေနေ့မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ တစ်ချို့တွေဟာ ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းခဲ့သလို၊ ‘ကျူးကျော်မှု၊ သွတ်သွင်းမှု အလိုမရှိ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကိုသာ အလိုရှိသည်’ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

    ဒီဆန္ဒပြမှုကို လက်ဝဲနိုင်ငံရေးအုပ်စုတွေက ဦးဆောင်ကျင်းပခဲ့ကြတာပါ။

    မကြာသေးခင်ကကောက်ယူခဲ့တဲ့ စစ်တမ်းအရ အစ္စရေးပြည်သူတွေရဲ့ ထက်ဝက်လောက်ဟာ ဇူလိုင်လ ၁ ရက်နေ့ ပါလက်စတိုင်းပိုင်နက် ၃၀ ရာခိုင်နှုန်း အစ္စရေးနိုင်ငံထဲသွတ်သွင်းမယ့် ဇူလိုင်လ ၁ ရက်နေ့အစီအစဉ်ကို ထောက်ခံတယ်ဆိုတာ တွေ့ရပါတယ်။

    အစ္စရေးရဲ့ ဒီအစီအစဉ်ကို ပါလက်စတိုင်းအာဏာပိုင်တွေကလည်း ကန့်ကွက်ထားပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတစ်ဆင့် တားဆီးဖို့လည်း ပြင်ဆင်နေပါတယ်။

    Ref: Reuters

  • ကိုဗစ် ပြန်လည်ထူထောင်ရေးကာလသို့ ဝင်ရောက်လာပြီဟု မလေးရှား ကြေငြာ

    ကိုဗစ် ပြန်လည်ထူထောင်ရေးကာလသို့ ဝင်ရောက်လာပြီဟု မလေးရှား ကြေငြာ

    ဇွန် ၇၊ ၂၀၂၀
    M-Media

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင်ယာစင်

    -Covid-19 ကပ်ရောဂါမှာ မလေးရှားက ပြန်လည်ထူထောင်ရေးကာလကို ရောက်ရှိနေပြီး လှုပ်ရှားသွားလာမှု ကန့်သတ်ကာလ(MCO) ကို ဩဂုတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်တယ်လို့ ဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့အတွက် မလေးရှားဟာ မေလ ၁၄ ရက်နေ့မှာ MCO ကို စတင်ခဲ့တာပါ။

    ဒီကနေ့ ရုပ်သံကတစ်ဆင့်ပြောကြားတဲ့မိန့်ခွန်းမှာ မုဟ်ယစ်ဒင်က ကူးစက်မှုတွေ သိသိသာသာ ကျဆင်းသွားပြီး အခု ထပ်တိုးကာလဟာ MCO လုံး၀ ရုပ်သိမ်းဖို့ရည်ရွယ်တဲ့အဆင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မလေးရှားဟာ ကပ်ရောဂါပြန့်နှံ့မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါပြီ။ အခုအချိန်ဟာ ပြန်လည်ထူထောင်ရေးကာလကို ဝင်ရောက်လာပြီဖြစ်ပါတယ်”

    ဇွန်လ ၁၀ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကြာမြင့်မယ့် ပြန်လည်ထူထောင်ရေး MCO ကာလမှာ လူမှုရေး၊ ပညာရေးနဲ့ ဘာသာရေးကိစ္စတွေ၊ အငယ်စားစီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါးကို ပြန်လည်လုပ်ဆောင်ခွင့် ပေးမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေကိုတော့ တစ်ဖြည်းဖြည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။

    ဒီကာလအတွင်း ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ရှိပေမယ့် ဒီကိစ္စအတွက် ပညာရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်မယ်လို့လည်း မုဟ်ယစ်ဒင်က ဆိုပါတယ်။

    အထူးMCO လုပ်ဆောင်ထားတဲ့ ဒေသတွေကလွဲလို့ ပြည်နယ်တွေကိုလည်း ဖြတ်ကျော်သွားလာခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်စပ်တွေကိုတော့ ပိတ်ထားအုံးမှာပါ။ နိုင်ငံသားတွေ ပြည်ပသွားလာခွင့်၊ ပြန်လည်ဝင်ရောက်ခွင့်ကိုပေးမှာဖြစ်ပေမယ့် ဝင်ရောက်လာသူတွေဟာ ၁၄ ရက် နေအိမ်မှာ သီးခြားနေထိုင်ရမှာ ဖြစ်ပါတယ်။

    လူအများကြီး ထိတွေ့ပါဝင်ရတဲ့ အားကစားတွေ၊ အားကစားပြိုင်ပွဲကျင်းပခွင့်တွေနဲ့ အများပြည်သူရေကူးကန်တွေမှာ ရေကူးခွင့်တွေကိုတော့ ဆက်လက် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ အရက်ဆိုင်တွေ၊ ညကလပ်တွေဖွင့်လှစ်ခွင့် လူအများကြီးပါ၀င်တဲ့အခမ်းနားတွေ ကျင်းပခွင့်ကိုလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။

    လူအများနဲ့ ခပ်ခွာခွာနေထိုင်နေမှု၊ အပြင်ထွက်ရင် နှာခေါင်းစည်းဝတ်ဆင်မှု၊ လက်ဆေးမှုတွေကိုတော့ မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

    ဩဂုတ်လ ၃၁ ရက်နေ့နောက်ပိုင်းကနေ Covid-19 အတွက် ကာကွယ်ဆေးရတဲ့အထိ ပုံမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Covid-19 ကူးစက်မှု မြင့်တက်နေတဲ့ နေရာမှာတော့ လှုပ်ရှားသွားလာမှုကို ဆန့်လက်ကန့်သတ်ထားမှာ ဖြစ်ပါတယ်။

    မလေးရှားမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၈၃၀၃ ဦး ရှိခဲ့ပြီး သေဆုံးသူက ၁၁၇ ဦး ရှိပါတယ်။ ကူးစက်သူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက သက်သာပျောက်ကင်းသွားပြီ​ ဖြစ်ပါတယ်။

    Ref : CNA

  • အီရန်တွင် Covid-19 ကူးစက်မှုအရေအတွက် ပြန်လည်မြင့်တက်လာ

    အီရန်တွင် Covid-19 ကူးစက်မှုအရေအတွက် ပြန်လည်မြင့်တက်လာ

    ဇွန် ၆၊ ၂၀၂၀
    M-Media

    -အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် ပြန်လည်မြင့်တက်လာတာကြောင့် အာဏာပိုင်တွေက ကန့်သတ်ထိန်းချုပ်မှုတွေ ထပ်မံလုပ်ဆောင်နေရပါတယ်။

    ဇွန်လ ၁ ရက်နေ့ကစလို့ ကူးစက်သူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၅ ရက်အတွင်း စုစုပေါင်း ၃၅၇၄ ဦး ရှိလာပါတယ်။

    အီရန်လခြမ်းနီအဖွဲ့ရဲ့ နိုင်ငံတကာဆိုင်ရာ ဒါရိုက်တာ မန်ဆူရာ ဘဂ်ဟီရီက ကူးစက်မှု ပြန်လည်မြင့်တက်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ခရီးသွားကန့်သတ်မှု၊ ခပ်ခွာခွာနေထိုင်မှု သတ်မှတ်ချက်တွေကို ပြည်သူတွေက မလိုက်နာတာတွေ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုဗစ်ကာကွယ်ရေး ညွှန်ကြားချက်တွေကို ပြည်သူတွေက မလိုက်နာမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်အာဏာပိုင်တွေက လူသိရှင်ကြား ဝေဖန်ခဲ့ကြပါတယ်။

    “ကိုရိုနာဗိုင်းရပ်စ်ကိစ္စ ပြီးဆုံးသွားပြီလို့ လူတွေက ထင်နေကြပါတယ်။ ဒီကပ်ဆိုးဟာ မပြီးဆုံးသေးပါဘူး။ ဘယ်လိုအချိန်မျိုးမှာမဆို အရင်ကထက်ပိုပြီး ဆိုးဝါးလာနိုင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီး ဆအီဒ် နာမာကီက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    နောက်တစ်ရက်မှာပဲ သမ္မတရူဟာနီက ကိုဗစ်တစ်ကျော့ပြန် ပြန်လာနိုင်ပြီး အာဏာပိုင်တွေအနေနဲ့ ကန့်သတ်မှုတွေ ပြန်လည်လုပ်ဆောင်ရနိုင်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်စားထားကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    အီရန်မှာ Covid-19 ကူးစက်မှုကို ဖေဖော်ဝါရီလမှာ စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ စုစုပေါင်း ကူးစက်သူအရေအတွက် ၁၆၇၀၀၀ ကျော် ရှိကာ သေဆုံးသူက ၈၁၄၃ ဦး ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    ဇွန် ၅၊ ၂၀၂၀
    M-Media

    ကိုဗစ်သတင်းတုများကို ဆိုရှယ်မီဒီများ မဖယ်ရှားနိုင်သေး

    ကိုဗစ်သတင်းတုတွေကို ဆိုရှယ်မီဒီယာတွေက ထိထိရောက်ရောက် မဖယ်ရှားနိုင်ဘူးလို့ အွန်လိုင်းအမုန်းစကားစောင့်ကြည့်ရေးအဖွဲ့ Center for Countering Digital Hate က ပြောပါတယ်။ Covid-19 ပေါ်လာတဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး ကာကွယ်မှု၊ ကုသမှုတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့တာပါ။ ဒါတွေကိုဖယ်ရှားဖို့အတွက် ဆိုရှယ်မီဒီယာကုမ္ပဏီတွေက လုပ်ဆောင်ခဲ့ကြပေမယ့် သတင်းတု ၉၀ ရာခိုင်နှုန်းလောက်က ဒီအတိုင်းရှိနေသေးတယ်လို့ Center for Countering Digital Hate က ထောက်ပြခဲ့ပါတယ်။

    အိန္ဒိယမှ တရုတ်ဆန့်ကျင်ရေး App ကို ဂူးဂဲလ်ဖြုတ်ချ

    အိန္ဒိယက တရုတ်ဆန့်ကျင်ရေး အက်ပလီကေးရှင်း Remove China Apps ကို ဂူးဂဲလ်က Play Store ကနေပြီး ဖယ်ရှားလိုက်ပါတယ်။ နယ်စပ်ပြဿနာကြောင့် တရုတ်နဲ့ တင်းမာနေတဲ့ အိန္ဒိယမှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်လာပြီး တရုတ်ထုတ်ဆော့ဖ်ဝဲတွေကို ရှင်းလင်းတဲ့ Remove China Apps လည်း လွန်ခဲ့တဲ့ ၂ ပတ်အရကစပြီး ထွက်လာပါတယ်။ အိန္ဒိယမှာ ဒီအက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲသူ ၄ သန်းလောက်ရှိခဲ့ပြီး ကြယ် ၅ ပွင့်ပေးသူက ၁ သိန်းကျော် ရှိပါတယ်။ အခြားအက်ပလီကေးရှင်းတွေကို သုံးလို့မရအောင် ဒါမှမဟုတ် ပျက်အောင်လုပ်တဲ့ ဆော့ဖ်ဝဲတွေကို Play Store က တင်ခွင့်မပေးပါဘူး။ တရုတ်ဆန့်ကျင်ရေး အက်ပလီကေးရှင်း ဖြုတ်ချမှုနဲ့ပတ်သက်ပြီး ဂူးဂဲလ်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    လုသွားသည့် iPhone များကို ပြန်လာပေးရန် Apple က သတိပေး

    အမေရိကန်မှာ ဆိုင်တွေကနေ လူယူခံလိုက်ရတဲ့ iPhone တွေကို ပြန်လာပေးဖို့အတွက် Apple က သတိပေးလိုက်ပါတယ်။ လူမည်းအမျိုးသားတစ်ဦး ရဲလက်မှာသေဆုံးမှုနောက်ဆက်တွဲ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုအတွင်း လူအုပ်က ဆိုင်တွေ၊ ဂိုထောင်တွေကို ဖောက်ထွင်းကာ ပစ္စည်းတွေ ယူဆောင်သွားခဲ့ကြပါတယ်။ Apple စတိုင်းတွေကနေ ယူဆောင်သွားတဲ့ iPhone တွေမှာတော့ စက်ကို ပိတ်လိုက်ကာ၊ တည်နေရာကိုခြေရာခံပြီး အာဏာပိုင်တွေဆီ သတင်းပေးသွားမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြန်လည်ပေးဖို့တိုက်တွန်းကြောင်း သတိပေးစာတွေ ရောက်နေတာကို ဆိုရှယ်မီဒီယာမှာ မျှဝေနေကြပါတယ်။ Apple က ဒီသတင်းကို အတည်မပြုသလို၊ iPhone တွေရဲ့ တည်​နေရာအတိအကျကို ရဲတပ်ဖွဲ့ထံ ပေးပြီးပြီလားဆိုတာကိုလည်း မဖြေခဲ့ပါဘူး။

    Ref: BBC, CNN