News @ M-Media

Author: Ko Lay

  • ကိုဗစ်ပြန့်နှံ့မှုက ၉/၁၁ တိုက်ခိုက်မှုထက် ပိုဆိုးဟု ဒေါ်နယ်ထရမ့် ပြော

    ကိုဗစ်ပြန့်နှံ့မှုက ၉/၁၁ တိုက်ခိုက်မှုထက် ပိုဆိုးဟု ဒေါ်နယ်ထရမ့် ပြော

    မေ ၇၊ ၂၀၂၀
    M-Media

    -လက်ရှိ ကြုံတွေ့နေရတဲ့ Covid-19 ကပ်ရောဂါဟာ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှု၊ ၉/၁၁ တိုက်ခိုက်မှုတွေထက် ပိုမိုဆိုးရွားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး တရုတ်နိုင်ငံကိုလည်း ထပ်မံ ပြစ်တင်လိုက်ပါတယ်။

    ဒုတိယ ကမ္ဘာစစ်အတွင်းက ပုလဲဆိပ်ကမ်းကို ဂျပန်တွေ တိုက်ခိုက်မှု၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က နယူးယောက်မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို အလ်-ကိုင်းဒါးအဖွဲ့က လေယာဉ်တွေနဲ့ ဝင်တိုက်မှုဟာ အမေရိကန်နိုင်ငံသမိုင်းမှာ အထိနာဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

    သမ္မတထရမ့်ကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါက အဲဒီအခြေအနေတွေထက် ပိုဆိုးတယ်လို့ မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးက ဖြစ်ကို မဖြစ်သင့်ပါဘူး။ တရုတ်မှာ စဖြစ်ကတည်းက ရပ်တန့်နိုင်ခဲ့ရမှာပါ။ ဒါပေမယ့် မရပ်တန့်ခဲ့ပါဘူး”

    အမေရိကန်မှာ Covid-19 ကူးစက်သူ၊ သေဆုံးသူ အရေအတွက် မြင့်တက်လာတဲ့အချိန် အမေရိကန်အစိုးရကလည်း တရုတ်နိုင်ငံပေါ် ဝေဖန်ပြစ်တင်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက တရုတ်နိုင်ငံဟာ သိလျက်နဲ့ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို မတားဆီးခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ လူသိန်းချီသေဆုံးကာ စီးပွားရေး အကြီးအကျယ်ကျဆင်းမှုကို ကြုံတွေ့နေရတာ ဖြစ်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    တရုတ်ကတော့ အမေရိကန်ရဲ့ ဒီပြစ်တင်မှုကို တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အိန္ဒိယတွင် လူ ၉ ဦးသေ၊ ရာနှင့်ချီ ဆေရုံတင်ရ

    ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အိန္ဒိယတွင် လူ ၉ ဦးသေ၊ ရာနှင့်ချီ ဆေရုံတင်ရ

    မေ ၇၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၄၀၀ လောက် ဆေးရုံတင်ပို့ခဲ့ရပါတယ်။

    အန်ဒရာပရာဒက်ရှ်ပြည်နယ် ဗစ္စခါပတ်နမ်ခရိုင်က ဓာတ်တုစက်ရုံကနေ ဒီနေ့မနက် အစောပိုင်းမှာ စတိုင်ရင်းဓာတ်ငွေ့တွေ ယိုစိမ့်ခဲ့တာပါ။ Covid-19 ပြန့်နှံ့မှုကြောင့် ရွေ့လျားသွားလာမှု ကန့်သတ်ချက် ထုတ်ပြန်ထားမှုကို လျှော့ချခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စက်ရုံကို ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

    ဓာတ်ငွေ့ယိုစမ့်မှုကြောင့် စက်ရုံအနီးအနား ရွာတွေက လူပေါင်း ၁၅၀၀​ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။ ဓာတ်ငွေ့ရှုရှိုက်မိခဲ့တဲ့ လူ ၃၀၀ ကနေ ၄၀၀ လောက်ကို ဆေးရုံတင်ပို့ခဲ့ရပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

    စက်ရုံကို ပိုင်ဆိုင်တဲ့ တောင်ကိုရီးယား ဘထ္ထရီထုတ်ကုမ္ပဏီ LG Chemical Ltd က ယိုစိမ့်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

    ထိခိုက်ခံစားရသူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးဖို့ သဘာ၀ဘေးအန္တရာယ် တုန့်ပြန်မှုအဖွဲ့ကို အမိန့်ပေးထားတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဆီးဗီးလ်မြို့၏ ပထမဆုံး ဗလီအတွက် ကနူတေးဦးဆောင်ကာ ရန်ပုံငွေရှာဖွေ

    ဆီးဗီးလ်မြို့၏ ပထမဆုံး ဗလီအတွက် ကနူတေးဦးဆောင်ကာ ရန်ပုံငွေရှာဖွေ

    မေ ၇၊ ၂၀၂၀
    M-Media

    -စပိန်နိုင်ငံတောင်ပိုင်းက ဆီဗီးလ်မြို့မှာ ပထမဆုံး ဗလီဝတ်ကျောင်းတော်နဲ့ အစ္စလာမ့်စင်တာ တည်ဆောက်နိုင်ရေးအတွက် လာလီဂါကလပ် ဆီးဗီးလားအသင်း တိုက်စစ်မှူးဟောင်း ဖရက်ဒီ ကနူတေးက ဦးဆောင်ကာ ရန်ပုံငွေ ရှာဖွေနေပါတယ်။

    Kanoute 4 Seville Mosque ဆိုတဲ့အမည်နဲ့ အဲဒီ ရန်ပုံငွေ ရှာဖွေမှုကို ပြီးခဲ့တဲ့နှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ ၁ သန်း ရရှိဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ ဒေါ်လာ ၇၅၀၀၀၀ နီးပါး ရရှိထားပြီး ဖြစ်ပါတယ်။

    “ဘောလုံးကစားတာဟာ ကျွန်တော့်ရဲ့ ဝါသနာပါ။ ဘောလုံးကစားနေရတာကို ကျွန်တော်ကြိုက်တယ်။ ကျွန်တော့်ရဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ဘုရားသခင်နဲ့တွေ့တဲ့ တစ်နေ့ကျရင် ဘယ်နှစ်ဂိုးသွင်းခဲ့လဲလို့ ဘုရားက မေးမှာ မဟုတ်ပါဘူး” လို့ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကနူတေးက ပြောကြားခဲ့ပါတယ်။

    ကနူတေးတို့အဖွဲ့ တည်ဆောက်မယ့် ဗလီဝတ်ကျောင်းတော်ဟာ စပိန်နိုင်ငံတောင်ပိုင်းကို အာရပ်တွေ အုပ်စိုးမှု အဆုံးသတ်ပြီးတဲ့နောက် နှစ်ပါင်း ၇၀၀ အတွင်း ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမှာပါ။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့အတွက် မြေနေရာကို သတ်မှတ်ထားပြီး ၃ ထပ်အဆောက်အဦး ဆောက်လုပ်မှာ ဖြစ်ပါတယ်။

    ၂၀၀၇ ခုနှစ်မှာ အာဖရိက အကောင်းဆုံးဘောလုံးသမားဆု ရရှိခဲ့တဲ့ မာလီကစားသမား ကနူတေးဟာ ပြင်သစ်ကလပ် လိုင်ယွန်၊ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနဲ့ စပါးတို့မှာ ကစားခဲ့ဖူးပြီး လာလီဂါကလပ် ဆီးဗီးလားအသင်းမှာ ကစားခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်တာကာလဟာ ကစားသမားဘ၀ အအောင်မြင်ဆုံးအချိန်တွေ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကနူတေးဟာ ဘောလုံးလောကကနေ အနားယူခဲ့ပါတယ်။

    ဆီးဗီးလ်မြို့က မွတ်စလင်လူ့အဖွဲ့အစည်း ငှားရမ်းပြီး ဝတ်ပြုဆောင်အဖြစ် အသုံးပြုနေတဲ့ နေရာတစ်ခုကို ပိုင်ရှင်က ရောင်းချဖို့ စီစဉ်တဲ့အချိန် ၂၀၀၇ ခုနှစ်က ကနူတေးဟာ အဲဒီနေရာကို ဝယ်ယူနိုင်ဖို့အတွက် Seville Mosque ဖောင်ဒေးရှင်းအဖွဲ့ကို ဒေါ်လာ ၇ သိန်း လှူဒါန်းခဲ့ပါတယ်။

    ဆီးဗီလ်းမြို့မှာ အစ္စလာမ်ဘာသာဝင် ၃ သောင်းဝန်းကျင်လောက် ရှိပေမယ့် ဝတ်ပြုရာနေရာတစ်ခု တည်ဆောက်ဖို့အတွက် လုံလောက်တဲ့ ငွေကြေး မရှိကြပါဘူး။

    “ကျွန်တော် ဒီမြို့မှာ နေခဲ့တုန်းက ဝတ်ပြုရာနေရာတစ်ခု ဆုံးရှုံးမယ့် အခြေအနေကို မြင်ခဲ့ရပြီး ကူလည်း ကူညီနိုင်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ မြင့်တက်လာတဲ့ ဒီမြို့မှာ ပိုပြီး ကြီးမားတဲ့ ဝတ်ပြုရာနေရာတစ်ခု လိုအပ်လာတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ဗလီရန်ပုံငွေရှာဖွေမှုအတွက် ရည်ရွယ်တဲ့ ဗီဒီယိုမှာ ကနူတေးက ပြောကြားခဲ့ပါတယ်။

    အခု ဆောက်လုပ်မယ့် ဗလီဝတ်ကျောင်းတော်ဟာ မျိုးဆက်သစ်တွေ ဘာသာတရားကို ကောင်းမွန်စွာ လေ့လာနိုင်မယ့် နေရာတစ်ခု ဖြစ်ရုံသာမက၊ လူ့အဖွဲ့အစည်းတွေအကြား အပြန်အလှန် ပေါင်းကူးပေးမယ့် နေရာတစ်ခု ဖြစ်လာဖို့ ရည်ရွယ်တယ်လို့လည်း သူက ဆိုပါတယ်။

    Ref: The National

  • Covid-19 အကြောင်း သုတေသနလုပ်နေသည့် ကန်ပညာရှင်တစ်ဦး သတ်ဖြတ်ခံရ

    Covid-19 အကြောင်း သုတေသနလုပ်နေသည့် ကန်ပညာရှင်တစ်ဦး သတ်ဖြတ်ခံရ

    မေ ၇၊ ၂၀၂၀
    M-Media

    -Covid-19 ဗိုင်းရပ်စ်အကြောင်း ထဲထဲဝင်ဝင်သိနိုင်အောင် လေ့လာနေတဲ့ အမေရိကန်က သုတေသန ပညာရှင်တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

    သတ်ဖြတ်ခံလိုက်ရသူဟာ ပင်ဆာလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့ ပစ္စဘာ့ဂ်တက္ကသိုလ်က လက်ထောက်ကထိက ဘင်လူဖြစ်ပါတယ်။ လူဟာ Covid-19 နဲ့ပတ်သက်ပြီး အရေးပါတဲ့ တွေ့ရှိချက်တွေကို ဖော်ထုတ်နိုင်တော့မယ့် လူတစ်ယောက်ဖြစ်တယ်လို့ တက္ကသိုလ်က ပြောပါတယ်။

    ဘင်လူကို သေနတ်နဲ့ပစ်သတ်ခဲ့သူဟာ သူ့ရဲ့ကားပေါ်မှာ မိမိကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။ လူနဲ့ သေနတ်သမားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိကြပြီး တရုတ်လူမျိုးဖြစ်တဲ့အတွက် လူအသတ်ခံလိုက်ရတယ်ဆိုတာမျိုး လုံး၀မဟုတ်ဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ပစ္စဘာ့ဂ် တက္ကသိုလ်က ဘင်လူဟာ ထူးချွန်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပြီး အခုလို ဆုံးရှုံးလိုက်ရတဲ့အတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ သူ့ရဲ့ Covid-19 သုတေနသကို ပြီးဆုံးတဲ့အထိ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

    Ref: CNN