News @ M-Media

Author: Ko Lay

  • ဆေးစစ်မှုပမာဏ တိုးမြှင့်ခဲ့သည့် အိန္ဒိယတွင် ကိုဗစ်ကူးသူအရေအတွက် မြင့်တက်လာ

    ဆေးစစ်မှုပမာဏ တိုးမြှင့်ခဲ့သည့် အိန္ဒိယတွင် ကိုဗစ်ကူးသူအရေအတွက် မြင့်တက်လာ

    မေ ၅၊ ၂၀၂၀
    M-Media

    -အိန္ဒိယနိုင်ငံမှာ Covid-19 စစ်ဆေးမှု ပမာဏ မြင့်တက်လာတာနဲ့အတူ ကူးစက်ခံထားရသူ အရေအတွက်လည်း သိသိသာသာ မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။

    မနေ့က ထပ်မံကူးစက်သူအရေအတွက်ဟာ စံချိန်တင် ၃၉၀၀ ဦး ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၄၆၄၃၃ ဦး ရှိလာတာ ဖြစ်ပါတယ်။ မတ်လ ၂၄ ရက်နေ့က စတင်ထုတ်ပြန်ထားတဲ့ ရွေ့လျားသွားလာမှုအမိန့်ကိုလည်း အိန္ဒိယက လျှော့ချမှုတစ်ချို့ ပြုလုပ်နေပါတယ်။

    တစ်ချို့ဒေသတွေမှာ စျေးဆိုင်တစ်ချို့ ပြန်ဖွင့်ခွင့်ပေးထားသလို၊ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဝန်ထမ်းအကန့်အသတ်နဲ့ ပြန်လည်လုပ်ကိုင်ခွင့် ပေးထားပါတယ်။ ကိုယ်ပိုင်ကားတွေကို တစ်ချို့ဒေသတွေမှာ မောင်းနှင်ခွင့်ပေးထားပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကိုတော့ ဆက်လက် ပိတ်ပင်ထားပါတယ်။

    ကူးစက်မှုအရေအတွက် များပြားလွန်းတဲ့နေရာမှာတော့ ကန့်သတ်မှုတွေကို မဖြေလျော့သေးပါဘူး။

    ကမ္ဘာ့ ဒုတိယလူဦးရေအများဆုံး အိန္ဒိယမှာ ကူးစက်မှုနဲ့ သေဆုံးသူအရေအတွက်ဟာ နည်းပါးတာကြောင့် အစိုးရရဲ့ ဆောင်ရွက်ချက်တွေ အောင်မြင်တယ်လို့ ပြောကြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက​တော့ ကန့်သတ်မှုတွေကို စောစောစီးစီး လျော့ချလိုက်တာကြောင့် အောင်မြင်မှုတွေ ပြန်လည် ဆုံးရှုံးနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: BBC

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    မေ ၃၊ ၂၀၂၀
    M-Media

    ငယ်စဉ်က တောင်းရမ်းခဲ့ရသည်ဟု မန်ယူနောက်ခံလူဟောင်း ဝန်ခံ

    မိမိရဲ့ ငယ်ဘ၀ဟာ ကြမ်းတမ်းခဲ့ပြီး လမ်းပေါ်မှာ ပိုက်ဆံလိုက်တောင်းရတဲ့အထိ ဖြစ်ခဲ့တယ်လို့ မန်ယူအသင်းရဲ့ ပြင်သစ်နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ပြောကြားလိုက်ပါတယ်။

    လက်ရှိ ၃၈ နှစ်ရှိပြီဖြစ်တဲ့ အီဗရာဟာ မိုနာကို၊ မန်ယူနဲ့ ဂျူဗင်တပ်စ်တို့မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ ကစားသမားဘ၀ကို ဖြတ်သန်းခဲ့တာပါ။ မန်ယူမှာကစားတဲ့အချိန်ဟာ အအောင်မြင်ဆုံးကာလဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၅ ခု ရရှိခဲ့ပါတယ်။ ငယ်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဲဒီအခက်အခဲတွေဟာ ဘ၀မှာ ကြံ့ကြံ့ခံနိုင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အထောက်အကူပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    မန်ယူကို ပြောင်းဖို့ ဟယ်ရီကိန်းကို ဘာဘာတော့ဗ် တိုက်တွန်း

    စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ အခုနှစ်နွေရာသီမှာ မန်ယူကို ပြောင်းသင့်တယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် တိုက်တွန်းလိုက်ပါတယ်။

    ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ၂ ကြိမ်တိုင်တိုင် ရရှိထားတဲ့ အသက် ၂၆ နှစ်အရွယ် ဟာရီကိန်းဟာ အဓိကဆုဖလား တစ်ခုမှ မရသေးပါဘူး။ ၂၀၀၈ ခုနှစ်မှာ စပါးကနေ မန်ယူကို ပြောင်းသွားတဲ့ ဘာဘာတော့ဗ်က သူဒီလိုပြောင်းသွားတာကို လူတစ်ချို့က သဘောမကျပေမယ့် ဒီလိုအခွင့်အရေးမျိုး နှစ်ခါမရနိုင်တဲ့အတွက် မိမိလမ်းကြောင်းကို မိမိလျှောက်ခဲ့တာဖြစ်ကြောင်း၊ ဟယ်ရီကိန်းအနေနဲ့ လက်ရှိမှာ ဒီလိုအခြေအနေမျိုး ကြုံတွေ့နေရပြီး ဆုံးဖြတ်ချက် ဝေဝါးနေတာကို တွေ့ရကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပရီးမီးယားလိဂ် လက်ကျန်ပွဲများကို လာကစားရန် ပါ့သ်မြို့ ကမ်းလှမ်း

    ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေကို လာကစားဖို့အတွက် ဩစတေးလျနိုင်ငံ ပါ့သ်မြို့က ကမ်းလှမ်းမှုတွေ ရှိနေပါတယ်။

    Covid-19 ပြန့်နှံ့မှုကြောင့် အင်္ဂလန်မှာ ဘောလုံးပြိုင်ပွဲတွေအားလုံးကို ရပ်နားထားရတာပါ။ ပရီးမီးယားလိဂ်ပွဲ လေ့လာသုံးသပ်သူ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပွဲစဉ်တွေကို နိုင်ငံရပ်ခြားမှာ ကွင်းပိတ်ကျင်းပကာ ရာသီကို အဆုံးသတ်သင့်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်တွန်းခဲ့ပြီးနောက် ပါ့သ်မြို့ လွှတ်တော်အမတ်က သူတို့မြို့မှာ လာကစားဖို့ ဖိတ်ခေါ်ခဲ့တာပါ။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက လတ်တလော တုန့်ပြန်မှု မလုပ်သေးပါဘူး။

    Ref: Goal

  • ကိုဗစ်ကိစ္စ တရုတ်ကိုအရေးယူရန် အမေရိကန်က ရေရှည်စီမံကိန်း ဆွဲနေ

    ကိုဗစ်ကိစ္စ တရုတ်ကိုအရေးယူရန် အမေရိကန်က ရေရှည်စီမံကိန်း ဆွဲနေ

    မေ ၃၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို ဘက်ပေါင်းစုံကနေ အရေးယူအပြစ်ပေးရေး ထရမ့်အစိုးရက ရေရှည်စီမံကိန်း ဆွဲနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    နိုင်ငံအတွင်း Covid-19 ပြန့်နှံ့မှုကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူကို အာရုံလွှဲဖို့အတွက် တရုတ်ကို အပြစ်တင်တဲ့နည်းကို ထရမ့်က သုံးနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

    ဒါပေမယ့် အမေရိကန်အစိုးရ ရင်းမြစ်တွေကတော့ ပိတ်ဆို့မှုတွေ၊ အကြွေးကိစ္စတွေ၊ ကုန်သွယ်ရေး ပေါ်လစီအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ တရုတ်ကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Covid-19 ဟာ ဝူဟန်မြို့ရဲ့ ဓာတ်ခွဲခန်းတစ်ခုကနေ ပေါက်လာတယ်ဆိုတဲ့ ကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ထရမ့်အစိုးရက ဖိအားပေးတာကြောင့် ကန်ထောက်လှမ်းရေးအဖွဲ့က သူတို့အနေနဲ့ ဒီကိစ္စအတွက် အချက်အလက်တွေ စုဆောင်းနေတယ်လို့ ကြေငြာချက် ထုတ်ပြန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူဟာ ကုန်သွယ်ရေးကိစ္စမှာဒေါ်လာ ဘီလီယံချီ ရယူလိုက်နိုင်တာကြောင့် တရုတ်အစိုးရက သူ ဆက်လက်ရွေးကောက်ခံရမှာကို မမြင်လိုဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ဟာ အမေရိကန်ကို ဘယ်တုန်းကမှ မကြုံဖူးတဲ့နည်းလမ်းနဲ့ အုပ်စီးဖို့ ကြိုးစားနေတယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တရုတ်ဟာ သူလုပ်ခဲ့တာတွေအတွက် ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    တရုတ်ကို ပြင်းပြင်းထန်ထန် အရေးယူနိုင်မယ့် နည်းလမ်းတွေကို အစိုးရ၊ အိမ်ဖြူတော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့အပါအဝင် အစိုးရအဖွဲ့တွေက ဆွေးနွေးနေပေမယ့် အိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေးကောင်စီထံကို မတင်သွင်းရသေးဘူးလို့ သတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။ ဒါပေမယ့် ဒီအရေးယူမှုတွေဟာ လတ်တလော ဖြစ်လာဖွယ် မရှိသေးပါဘူး။

    Ref: CNN

  • ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်

    ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်

    မေ ၃၊ ၂၀၂၀
    M-Media

    -မိမိတို့တပ်တွေဟာ ​နယ်စပ်မှာ မြောက်ကိုရီးယားတပ်တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒီနေ့မနက် ဒေသစံတော်ချိန် ၈ နာရီလောက်မှာ နယ်စပ်က တောင်ကိုရီးယား ကင်းစခန်းကို မြောက်ကိုရီးယားတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မိမိတို့ဖက်ကလည်း ၂ ကြိမ် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကြည်း၊ ရေ၊​ လေ စစ်ဦးစီးအရာရှိချုပ်က ဆိုပါတယ်။

    ပစ်ခတ်မှုနောက်ပိုင်းမှာ စစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်းကနေတစ်ဆင့် တင်းမာမှုလျှော့ချရေး ဆွေးနွေးခဲ့ပါတယ်။ပစ်ခတ်မှုကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုတော့ မရှိပါဘူး။

    ရက်ပေါင်း ၂၀ ကျော်ကြာ လူမြင်ကွင်းကနေ ပျောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် လူမြင်ကွင်းမှာ ပြန်ပေါ်လာပြီး နောက်တစ်ရက်မှာပဲ ဒီလိုပစ်ခတ်မှု ပေါ်ပေါက်လာတာပါ။

    ကိုရီးယားနှစ်နိုင်ငံကို နယ်စပ်မှာရှိတဲ့ စစ်မက်လျှော့ချရေးဇုန်ဟာ ၄၈ ကီလိုမီတာ ရှည်လျားပြီး ၄ ကီလိုမီတာ ကျယ်ဝန်းပါတယ်။ ဇုန်အနီးနဲ့ ဇုန်အတွင်းမှာ မြေမြှုပ်မိုင်းပေါင်း ၂ သန်းလောက် ချထားပြီး၊ တင့်ကားထောင်ချောက်တွေ၊ သံဆူးကြိုးတွေနဲ့ ကမ္ဘာပေါ်မှာ လုံခြုံမှု အတင်းကြပ်ဆုံး နေရာလည်း ဖြစ်ပါတယ်

    Ref: Aljazeera

  • ရမ်ဇာန်ဥပုသ်လအတွက် တူရကီလခြမ်းနီသို့ အိုဇေးလ်က ပေါင် ၈ သောင်းလှူဒါန်း

    ရမ်ဇာန်ဥပုသ်လအတွက် တူရကီလခြမ်းနီသို့ အိုဇေးလ်က ပေါင် ၈ သောင်းလှူဒါန်း

    မေ ၃၊ ၂၀၂၀
    M-Media

    -တူရကီက ချို့တဲ့သူ​တွေကို ရမ်ဇာဥပုသ်လအတွင်း အစားအသောက်တွေ ဝေငှ လှူဒါန်းနိုင်ဖို့အတွက် အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်က ပေါင် ၈ သောင်း လှူဒါန်းခဲ့ပါတယ်။

    လူပေါင်း ၁၆၀၀၀ ကို အစားအသောက်တွေ ကျွေးမွေးနိုင်မယ့် အဲဒီငွေကြေးကို အိုဇေးလ်ဟာ တူရကီ လခြမ်းနီအဖွဲ့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

    “ညီအစ်ကို မီဆုကို ကျေးဇူးတင်ပါတယ်။ လိုအပ်နေသူတွေကို ကျွန်တော်တို့ အစားအသောက်တွေ ဝေပေးနိုင်တော့မှာပါ” လို့ တူရကီ လခြမ်းနီအဖွဲ့ တာဝန်ရှိသူ ကီရင်မ် ကီနစ်က ပြောကြားခဲ့ပါတယ်။

    လခြမ်းနီအဖွဲ့ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံး လူတွေကို ကူညီနိုင်အောင် ပြင်ဆင်ထားရပြီး၊ ပရဟိတ လုပ်ငန်းတွေအတွက် လှူဒါန်းကူညီသူ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း ကီနစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    တူရကီနွယ်ဖွားဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ အိုဇေးလ်ဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတိုက်က လိုအပ်နေသူတွေအတွက် မကြာခဏ ကူညီလှူဒါန်းသူတစ်ဦး ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့မတ်လအတွင်း အိုဇေးလ်ဟာ မြန်မာနိုင်ငံက ခွဲစိပ်ကုသဖို့ လိုအပ်နေတဲ့ ကလေးငယ် ၄၀ အတွက် ငွေကြေး ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

    Ref: Daily Mail