News @ M-Media

Author: Ko Lay

  • ကိုဗစ်တိုက်ဖျက်ရေး ဆော်ဒီက ပါလက်စတိုင်းကို ဒေါ်လာ ၂.၆ သန်းဖို့ ကူညီမည်

    ကိုဗစ်တိုက်ဖျက်ရေး ဆော်ဒီက ပါလက်စတိုင်းကို ဒေါ်လာ ၂.၆ သန်းဖို့ ကူညီမည်

    မေ ၃၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်း အနုပညာရှင်တစ်ဦး၏ အသိပညာပေး ဂရပ်ဖတီ

    -ပါလက်စတိုင်းနိုင်ငံရဲ့ ကိုရိုနာတိုက်ဖျက်ရေးမှာ အကူအညီဖြစ်စေဖို့အတွက် ကန်ဒေါ်လာ ၂.၆ သန်း တန်ဖိုးရှိတဲ့ ဆေးပစ္စည်းတွေ လှူဒါန်းကူညီသွားမယ်လို့ ဆော်ဒီအစိုးရက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ပါလက်စတိုင်းမှာ ဧပြီလ ၃၀ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် ၃၄၀ ရှိပြီး သေဆုံးသူက ၂ ဦးရှိပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဟာ နိုင်ငံအတွင်း လူစုခွင့် ပိတ်ပင်ထားသလို၊ ရွေ့လျားသွားလာမှုကို တစိတ်တစ်ပိုင်း ကန့်သတ်မှု လုပ်ထားပါတယ်။

    ပါလက်စတိုင်းနယ်မြေတွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့က ပါလက်စတိုင်းပြည်သူတ​ွေဟာ အစ္စရေးရဲ့ နှစ်ပေါင်းများစွာ ကျူးကျော်မှု၊ ကန့်သတ်မှုတွေကြောင့် အတိဒုက္ခရောက်နေကြပြီး အခု ဗိုင်းရပ်စ်ပြန့်နှံံမှုဒဏ်ကြောင့် အခြေအနေ ပိုမိုဆိုးရွားနေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းပြည်သူတွေရဲ့ အခက်အခဲတွေကို ပြေလည်စေဖို့အတွက် ဆော်ဒီဟာ ကန်ဒေါ်လာ ၂.၆ သန်း တန်ဖိုးရှိတဲ့ ဆေးပစ္စည်းအကူအညီတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒီအကူအညီဟာ ဆော်ဒီအစိုးရရဲ့ ပရဟိတအဖွဲ့ King Salman Humanitarian Aid and Relief Center (KSRelief) ကနေ ဆောင်ရွက်တာ ဖြစ်ပါတယ်။

    ဆော်ဒီဟာ Covid-19 တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ပြီးခဲ့တဲ့လမှာ ကန်ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့ပြီး၊ ဗိုင်းရပ်စ်ဒဏ် ခံစားနေရတဲ့ အခြားတိုင်းပြည်တွေကိုလည်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေပါတယ်။

    Ref: Alarabiya

  • ကိုဗစ်အလွန် မလေးရှားတွင် စီးပွားရေးလုပ်ငန်းအများစု ပြန်ဖွင့်ခွင့်ရ

    ကိုဗစ်အလွန် မလေးရှားတွင် စီးပွားရေးလုပ်ငန်းအများစု ပြန်ဖွင့်ခွင့်ရ

    မေ ၂၊ ၂၀၂၀
    M-Media

    -မေလ ၄ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်လုပ်ကိုင်ခွင့် ပေးတော့မယ်လို့ မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    Covid-19 ပြန့်နှံ့မှုကြောင့် မလေးရှားဟာ မတ်လ ၁၈ ရက်နေ့ကစလို့ တိုင်းပြည်ကို တံခါးပိတ်ခဲ့ပြီး နိုင်ငံအတွင်း ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက်​ ဒီအမိန့်ကို ၄ ကြိမ်အထိ သက်တမ်းတိုးခဲ့ပြီး မေလ ၁၂ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

    မနေ့က ရုပ်သံကထုတ်လွှင့်တဲ့မိန့်ခွန်းမှာ ဝန်ကြီးချုပ် မုဟ်ယစ်ဒင်က မေလ ၄ ရက်နေ့က စတင်ပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်ခွင့်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ ကောက်ယူရရှိတဲ့ အချက်အလက်တွေ၊ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတွေကို သတိကြီးကြီးထား ပြန်လည်ဖွင့်ခွင့်ပေးဖို့ အစိုးရက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တင်းကြပ်တဲ့ ကျန်းမာရေးဆိုင်ရာ စံနှုန်းတွေကိုတော့ လိုက်နာရပါမယ်”

    လူအများကြီး စုဝေးရတဲ့ လုပ်ငန်းတွေ၊ အခမ်းအနားတွေ၊ အားကစားပြိုင်ပွဲတွေကို ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။ ဘာသာရေးအခမ်းအနားတွေကို လုပ်ခွင့်ပေးမှာ မဟုတ်သေးဘဲ၊ ရမ်ဇာန်ဥပုသ်လအကုန် ဝါကျွတ်အီးဒ်ပွဲတော်အတွက် ပြည်သူတွေ နေရပ်ပြန်တာကိုလည်း ခွင့်ပြေမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ပြည်နယ်ကျော်ပြီး ခရီးသွားလာမှုကိုလည်း မလေးရှားက ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။

    မနေ့ကအထိ မလေးရှားနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက် ၆၀၀၂ ဦး ရှိခဲ့ပြီး ၆၉.၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၁၇၁ ဦးက ​ပြန်လည်သက်သာသွားပြီ ဖြစ်ပါတယ်။​ ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ သိသိသာသာ ကျဆင်းသွားပြီး ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဟီရှမ် အဘ်ဒူလာက မိမိတို့ဟာ အကြီးအကျယ် ပြန့်နှံ့မှုကာလကို ကျော်လွန်ကာ ပြန်လည်ထူထောင်တဲ့ကာလကို ရောက်ရှိနေပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    တိုင်းပြည်ကို တံခါးပိတ်ပြီး ရွေ့လျားသွားလာမှုကန့်သတ်တဲ့ ကာလအတွင်း နိုင်ငံဟာ တစ်ရက်ကို ရင်းဂစ် ၂.၄ ဘီလီယံ ဆုံးရှုံးပြီး စုစုပေါင်း ၆၃ ဘီလီယံ ဆုံးရှုံးထားတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

    ခွင့်ပြုမယ့်လုပ်ငန်းတွေနဲ့ ဆက်လက်ပိတ်ပင်ထားမယ့် လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို National Security Council ဝဘ်ဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ကိုဗစ်ကုသရေးအတွက် အလားအလာရှိသည့် နည်းလမ်းတစ်ခုကို ယူအေအီး ဖော်ထုတ်

    ကိုဗစ်ကုသရေးအတွက် အလားအလာရှိသည့် နည်းလမ်းတစ်ခုကို ယူအေအီး ဖော်ထုတ်

    မေ ၂၊ ၂၀၂၀
    M-Media

    -Covid-19 ကုသရေးမှာ အလားအလာရှိပြီး ထိရောက်နိုင်တဲ့ နည်းလမ်းတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သိပ္ပံပညာရှင်တွေက ဖန်တီး ဖော်ထုတ်လိုက်ပါတယ်။

    Stem cell ထိုးသွင်းကုသတဲ့ နည်းလမ်းဖြစ်ပြီး Abu Dhabi Stem Cell စင်တာက သုတေသနပညာရှင်တွေနဲ့ ဆရာဝန်တွေပါတဲ့ အဖွဲ့က ဖော်ထုတ်ဖန်တီးခဲ့တာပါ။ လူနာရဲ့ သွေးထဲက stem cell တွေကို ထုတ်ပြီး အပြင်မှာ ဓာတ်ပြုလှုံဆော်ပေးကာ ခန္ဓာကိုယ်ထဲ ပြန်လည်ထိုးသွင်းရတာ ဖြစ်ပါတယ်။

    ယူအေအီးက ကိုဗစ်လူကာ ၇၃ ဦးရဲ့ အဆုတ်ထဲကို ထိုးသွင်းကုသပေးခဲ့ရမှာ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာ ကုသနေတဲ့ အခြားနည်းလမ်းတွေလို လူနာအပေါ် ​ ကြီးကြီးမားမားသက်ရောက်မှုမျိုးလည်း မရှိပါဘူး။ ကနဦး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် ၂ ပတ်တာကြာမြင့်မယ့် ကျယ်ပြန့်တဲ့ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ ယူအေအီးက စီစဉ်နေပါတယ်။

    Abu Dhabi Stem Cell စင်တာဟာ ဆဲလ်အသုံးပြု ကုသရေးမှာ နောက်ဆုံးပေါ် နည်းလမ်းတွေကို အသုံးပြုပြီး ကုသမှုပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Gulf News

  • ၃ ပတ်ကြာပျောက်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် လူမြင်ကွင်းထွက်လာ

    ၃ ပတ်ကြာပျောက်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် လူမြင်ကွင်းထွက်လာ

    မေ ၂၊ ၂၀၂၀
    M-Media

    -လူမြင်ကွင်းကနေ ရက်ပေါင်းအတော်ကြာ ပျောက်နေတဲ့အတွက် သေဆုံးသွားပြီလို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ ဒီကနေ့မှာ လူမြင်ကွင်း ပြန်ထွက်လာပါတယ်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ထုတ်လွှင့်တဲ့ သတင်းမှာ ကင်ဂျုံအွန်ဟာ ညီမဖြစ်သူ ကင်ယိုဂျွန်နဲ့အတူ မြို့တော်ပြုံယမ်းအနီး ဆွန်ချွန်ဒေသက ဘိလပ်မြေစက်ရုံ ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ကင်ဟာ စက်ရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သလို လူအုပ်ကြီးရဲ့ ချီးကျူးဩဘာပေးမှုကိုလည်း ရရှိခဲ့တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။

    မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်အီဆွန်ရဲ့ မွေးနေ့နှစ်ပတ်လည်အခမ်းအနားဖြစ်တဲ့ ဧပြီလ ၁၅ ရက်နေ့ကစလို့ ကင်ဂျုံအွန်ကို လူမြင်ကွင်းမှာ မတွေ့ရတော့တာပါ။ ကင်ဟာ နှလုံးသွေးကြော ခွဲစိပ်ကုသမှု ခံယူနေရပြီး သေဆုံးပြီ ဆိုတဲ့သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

    နိုင်ငံပိုင်သတင်းဌာနကတော့ ကင်ဟာ လူမြင်ကွင်းကို မထွက်ပေမယ့် နေ့စဉ်တာဝန်တွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    တောင်ကိုရီးယားအစိုးရကလည်း ကင်ဂျုံအွန် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ကာလအတွင်း မြောက်ကိုရီးယားဘက်မှာ ထူးခြားတဲ့အခြေအနေမျိုး မတွေ့ရဘူးလို့ အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • စစ်တပ်က ရခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ဟု ယန်ဟီးလီပြော

    စစ်တပ်က ရခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ဟု ယန်ဟီးလီပြော

    မေ ၁၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု တားဆီးကာကွယ်ရေးအတွက် ရရှိထားတဲ့ အာဏာကို အသုံးချကာ မြန်မာစစ်တပ်က ရခိုင်ပြည်သူတွေအပေါ် ‘စစ်ရာဇဝတ်မှု’ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောကြားလိုက်ပါတယ်။

    ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်တပ်က ရခိုင်တိုင်းရင်းသားတွေအပေါ် ပစ်မှတ်ထားကာ ကျူးလွန်နေတယ်လို့ ယန်ဟီးလီက စွပ်စွဲခဲ့တာပါ။ ​အိမ်တွေမီးရှို့ခံရတာ၊ ဘုန်းကြီးကျောင်းတွေ တိုက်ခိုက်ခံရတာ၊ ပြည်သူတွေ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

    “လူသားထူးအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေလို့ ကျွန်မ သမုတ်ပါတယ်။ နိုင်ငံတကာဥပဒေအရ ဒါတွေဟာ စက်ဆုပ်ဖွယ်ရာအကောင်းဆုံး ရာဇဝတ်မှုကြီးတွေ ဖြစ်ပါတယ်”

    တိုင်းပြည်ရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းမှာ စစ်တပ်ဟာ နိုင်ငံရေးအရ အရေးပါတဲ့နေရာကို ရထားတယ်လို့ ယန်ဟီးလီက ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ နိုင်ငံတော်အဆင့် ကိုဗစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့အစည်းတဲ့အခါ ဗိုလ်ချုပ်တစ်ချို့၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာန ဝန်ကြီးတစ်ချို့ ပါဝင်ခဲ့ပါတယ်။

    လီက ဒါဟာ စစ်တပ်ရဲ့ အာဏာကို ပိုမိုအားကောင်းစေခဲ့တယ်လို့ ဆိုပါတယ်။

    “သူတို့မှာ အာဏာ ခိုင်ခိုင်မာမာ ရှိပြီးသားပါ။ ကပ်ရောဂါတိုက်ဖျက်ရေးဆိုခဲ့ခေါင်းစဉ်နဲ့ အာဏာတွေ ထပ်ရလိုက်တာဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အနည်းငယ်အတွင်း သူတို့ အမြဲတမ်းလုပ်ခဲ့တာမျိုးတွေကို ပိုပြီး ဆိုးဆိုးဝါးဝါးနဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်နိုင်ဖို့ နောက်ထပ်အဆင့်တစ်ခု၊ အခြေအနေတစ်ရပ်နဲ့ လုပ်ပိုင်ခွင့် ထပ်ပေးလိုက်သလို ဖြစ်သွားပါတယ်”

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch ကလည်း ရခိုင်ပြည်နယ်အတွင်း စစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ခိုက်မှုအတွင်း အရပ်သားတွေ ကြားညပ်ခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    AA ကလည်း အရပ်သားတွေကို ပစ်မှတ်ထား

    ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ကလည်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ရှိနေတယ်လို့ ယန်ဟီးလီက ပြောကြားခဲ့ပါတယ်။

    “လွှတ်တော်အမတ်တွေကို သူတို့အဖွဲ့က ပြန်ပေးဆွဲတယ်ဆိုတဲ့ အထောက်အထားတွေ ကျွန်မတို့ ရထားပါတယ်။ အရပ်သားတွေကို ပြန်ပေးဆွဲတာ၊ လူစုတာတွေကိုလည်း သူတို့ လုပ်ဆောင်ပါတယ်”

    HRW အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်က AA အဖွဲ့ ခြုံခိုတိုက်ခိုက်တဲ့ ဒေသတစ်ဝိုက်က အရပ်သားတွေကို လက်စားချေလိုတဲ့ သဘောမျိုးနဲ့ မြန်မာစစ်တပ်ဟာ အရပ်သား၊ သူပုန် မခွဲခြားပဲ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုရိုနာ ကပ်ရောဂါ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် စစ်တပ်ဟာ ရခိုင်ပြည်နယ်မှာ လမ်းတွေပိတ် စစ်ဆေးတာကို တိုးမြှင့်လုပ်ဆောင်လာပြီး နောက်ဆက်တွဲအဖြစ် ထိခိုက်သူတွေ ဆေးရုံသွားဖို့ ကြန့်ကြာတာ၊ အကူအညီပေးရေးအဖွဲ့တွေ ပိတ်မိတာတွေ ဖြစ်တယ်လို့လည်း ယန်ဟီးလီက ပြောကြားခဲ့ပါတယ်။

    Ref: CNN