News @ M-Media

Author: Ko Lay

  • ရမ်ဇာန်ဥပုသ်လတွင် လူသန်းချီ နေရပ်ပြန်သည့် ဓလေ့ကို အင်ဒိုနီးရှားက ပိတ်ပင်မည်

    ရမ်ဇာန်ဥပုသ်လတွင် လူသန်းချီ နေရပ်ပြန်သည့် ဓလေ့ကို အင်ဒိုနီးရှားက ပိတ်ပင်မည်

    ဧပြီ ၂၁၊ ၂၀၂၀
    M-Media

    -အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လမှာ လူသန်းချီ ရွာပြန်တဲ့ ဓ​လေ့ထုံးတမ်းကို အခုနှစ်မှာ တားမြစ်သွားမှာဖြစ်ပြီး ကိုဗစ်ပြန့်နှံ့မှု တားဆီးရေးအတွက် ဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားမှာ Covid-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၉၀ လောက် ရှိနေပြီး ဒါဟာ အရှေ့အာရှမှာ တရုတ်ပြီးရင် အများဆုံး ဖြစ်ပါတယ်။

    လူဦးရေ သန်း ၂၆၀ ကျော်ရှိပြီး အများစုက အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြတဲ့ အင်ဒိုနီးရှားမှာ ရမ်ဇာဥပုသ်လရောက်တိုင်း ဝါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲဖို့အတွက် မြို့ကြီးတွေကနေ လူသန်းနဲ့ချီ နေရပ်ပြန်လေ့ရှိပြီး ဒီဓလေ့ကို ‘မူဒစ်’ လို့ ခေါ်ပါတယ်။

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီလို လူသန်းနဲ့ချီ ရွေ့လျားသွားလာမှုကြောင့် Covid-19 ဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်စေလိမ့်မယ်လို့ သတိပေးခဲ့ထားပါတယ်။

    သမ္မတ ဝီဒိုဒိုက အခုနှစ်မှာ ဒီဓလေ့ကို ပိတ်ပင်သွားမယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    “မူဒစ်ကို ပိတ်ပင်ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချပြီးပါပြီ။ ဒါ့ကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်”

    ဒီပိတ်ပင်မှုဟာ လာမယ့်သောကြာနေ့မှာ စတင်သက်ရောက်ဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ရမ်ဇာန်ဥပုသ်လမှာ အင်ဒိုနီးရှားပြည်သူ ၁၉.၅ သန်းလောက် ခရီးသွားခဲ့​ကြတာပါ။

    အခုနှစ်မှာသာ ဒီလိုခွင့်ပြုခဲ့ရင် လူသန်းချီ ဗိုင်းရပ်စ်ကူးစက်မယ့်အနေအထား ရှိနေပြီး ပိတ်ပင်လိုက်မယ်ဆိုရင် ကူးစက်မှု ၇ သိန်း ၅ သောင်းလောက် လျှော့ချနိုင်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ် အင်ဒိုနီးရှားတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနမှာ တွေ့ခဲ့ရပါတယ်။

    Ref: CNA

  • ပါကစ္စတန်တွင် ကိုဗစ်ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း မြင့်တက်လာ

    ပါကစ္စတန်တွင် ကိုဗစ်ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း မြင့်တက်လာ

    ဧပြီ ၂၁၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်နိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက်နဲ့ သေဆုံးမှုအရေအတွက်ဟာ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

    မနေ့က ကူးစက်သူအရေအတွက် ၇၀၅ ဦးရှိခဲ့ပြီး၊ သေဆုံးသူက ၁၉ ဦး ရှိခဲ့ပါတယ်။ ဒါဟာ တစ်ရက်တာအတွင်း ကူးစက်မှု၊ သေဆုံးမှု အများဆုံးလည်းဖြစ်ပါတယ်။ စုစုပေါင်း ကူးစက်မှုဟာ ၉၂၁၄ ဦး၊ သေဆုံးသူ ၁၉၂ ဦး ရှိလာတာပါ။

    ပါကစ္စတန်ဟာ စီးပွားရေးကျဆင်းမှုကို ထိန်းဖို့အတွက် တိုင်းပြည်အတွင်း ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို လျော့ပေါ့ပေးထားပါတယ်။ ပြန်လည်ကောင်းမွန်လာသူ အရေအတွက်က ၂၀၅၃ ဦး ရှိပါတယ်။

    နေ့စဉ် စစ်ဆေးမှုအရေအတွက် မြင့်တက်လာတာနဲ့အမျှ ရောဂါပိုးတွေ့ရှိသူ အရေအတွက်ကလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ပါကစ္စတန်ဟာ လက်ရှိမှာ တစ်နေ့ကို လူပေါင်း ၂၅၀၀၀ လောက် စစ်​ဆေးနေပါတယ်။

    ပါကစ္စတန်မှာ Covid-19 ဟာ အိမ်နီးချင်း အီရန်နိုင်ငံက ခရီးသွားတွေကနေ စတင်ကူးစက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်တွှင်းကူးစက်မှုတွေ ဖြစ်လာတာပါ။

    ကျန်းမာရေးဝန်ကြီး ဇာဖာရ် မီရ်ဇာက ကမ္ဘာတစ်ဝှမ်းကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဆရာဝန်တွေ နိုင်ငံအတွင်း ပြန်လာကာ ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနိုင်အောင် နည်းလမ်းတစ်ခု ဖန်တီးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကူးစက်မှု သိသိသာသာ ကျဆင်းသော်လည်း စစ်ပွဲမပြီးသေးဟု မလေးရှားပြော

    ကိုဗစ်ကူးစက်မှု သိသိသာသာ ကျဆင်းသော်လည်း စစ်ပွဲမပြီးသေးဟု မလေးရှားပြော

    ဧပြီ ၂၀၊ ၂၀၂၀
    M-Media

    -မလေးရှားနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ ဒီကနေ့မှာ ၃၆ ဦးသာ ရှိတော့ပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန် ထုတ်ပြန်ခဲ့တဲ့ မတ်လ အလယ်ပိုင်းကစလို့ တစ်ရက်တာ အနိမ့်ဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နူရ် ဟီရှမ် အဘ်ဒူလာက လာမယ့်တစ်ပတ်အတွင်း ကူးစက်မှုဟာ ၁၀ ယောက်အောက်သာ ရှိမယ်လို့ မျှော်လင့်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒီစစ်ပွဲကို ကျွန်တော်တို့ မနိုင်သေးပါဘူး။ ကူးစက်မှုနှုန်း ကျဆင်းသွားပေမယ့် ဒီအောင်မြင်မှုကိုကြည့်ပြီး ပေါ့ပေါ့ဆဆ မတွေးကြဖို့ မလေးရှားပြည်သူတွေကို မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ တိုက်ပွဲကို ဆက်တိုက်ရမှာဖြစ်ပြီး မပြီးဆုံးသေးပါဘူး။ ဒါ့ကြောင့် ရွေ့လျားသွားလာမှုအမိန့်ကို ဆက်လက်လိုက်နာခြင်းအားဖြင့် ကူးစက်မှု မတိုးအောင် ကူညီပေးကြပါ”

    ဒီကနေ့မှာ သေဆုံးမှုလည်း မရှိတော့ပဲ တစ်လကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

    မလေးရှားမှာ စုစုပေါင်း ကူးစက်သူ ၅၄၂၅ ဦး ရှီပြီး ပြန်လည်ကောင်းမွန်သူကတော့ ဒီကနေ့အထိ ၃၂၉၅ ဦး ရှိနေပါတယ်။ သေဆုံးသူကတော့ ၈၉ ဦး ရှိနေပါတယ်။

    Ref: CNA

  • တရုတ်၏ Covid-19 ကိုင်တွယ်မှုကို စစ်ဆေးရန် ဩစတေးလျက ကမ္ဘာကို တောင်းဆို

    တရုတ်၏ Covid-19 ကိုင်တွယ်မှုကို စစ်ဆေးရန် ဩစတေးလျက ကမ္ဘာကို တောင်းဆို

    ဧပြီ ၂၀၊ ၂၀၂၀
    M-Media

    -Covid-19 ကပ်ရောဂါ ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ကိုင်တွယ်လုပ်ဆောင်ပုံတွေပွင့်လင်းမြင်သာမှု ရှိ၊ မရှိ စစ်ဆေးဖို့အတွက် ဩစတေးလျနိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပြီး တရုတ်ကတော့ ဒါကို ကန့်ကွက်ခဲ့ပါတယ်။

    တရုတ်ဟာ ကိုဗစ်ကူးစက်ပြန့်နှံ့မှုကိစ္စ ကမ္ဘာကို စောစောစီးစီး အသိမပေးဘဲ သတင်းထိန်ချန်ခဲ့တယ်လို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက စွပ်စွဲထားတာပါ။ ဒီကိစ္စမှာ WHO က လည်း အလိုတူအလိုပါဖြစ်တယ်လို့ဆိုကာ အမေရိကန်က ရန်ပုံငွေ ဖြတ်တောက်ခဲ့ပါတယ်။

    ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီ ပေနီက ဘေဂျင်းနဲ့ WHO တို့ရဲ့ ကပ်ရောဂါအပေါ် တုန့်ပြန့်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ တောင်းဆိုတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ရွှမ်က ဒီစွပ်စွဲချက်တွေဟာ ကပ်ရောဂါကို အားသွန်ခွန်စိုက် တိုက်ဖျက်ခဲ့တဲ့ တရုတ်ပြည်သူတွေရဲ့ လုပ်ဆောင်မှုတွေကို မလေးစားရာ ရောက်တယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    “တရုတ်နိုင်ငံရဲ့ ကူးစက်ရောဂါ တားဆီးတိုက်ဖျက်ရေးလုပ်ငန်းရဲ့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာဟာ တကယ့် အချက်အလက်တွေနဲ့ မကိုက်ညီပါဘူး”

    တရုတ်အစိုးရက ရောဂါကူးစက်မှု၊ သေဆုံးမှုအရေအတွက်တွေ ကောက်ယူရာမှာ တစ်သတ်မတ်တည်း မရှိမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ ဓာတ်ခွဲခန်းတစ်ခုက ပေါက်ထွက်လာပြီး တရုတ်က သိလျက်နဲ့ လွှတ်ပေးခဲ့တယ်လို့ အမေရိကန်စွပ်စွဲထားပြီး ဒါကိုလည်း တရုတ်ဖက်က ငြင်းထားပါတယ်။

    Ref: Starits Times

  • ကိုဗစ်ကိစ္စ သတင်းမှားဖြန့်သူကို ယူအေအီး ဒဏ်တပ်မည်

    ကိုဗစ်ကိစ္စ သတင်းမှားဖြန့်သူကို ယူအေအီး ဒဏ်တပ်မည်

    ဧပြီ ၁၉၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်း Covid-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေသူကို ဒီရ်ဟမ် ၂ သောင်း (ဒေါ်လာ ၅၅၀၀) ရိုက်မယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ယူအေအီးမှာ လက်ရှိအချိန်အထိ ကူးစက်သူ ၆၃၀၀ ကျော်နဲ့ သေဆုံးသူ ၃၇ ဦး ရှိနေပါတယ်။

    ဆိုရှယ်မီဒီယာမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှု၊ ကုသမှုတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေလည်း ပြန့်နှံ့နေပြီး ယူအေအီးအစိုးရရဲ့ မနေ့က ကြေငြာချက်ဟာ ဒါတွေကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။

    ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ကျန်းမာရေး၀န်ကြီးဌာနတစ်ခုတည်းကသာ ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီအချက်အလက်တွေနဲ့ ကွဲလွဲတဲ့ သတင်းတွေ၊ သတင်းမှားတွေ၊ တရားဝင်ထုတ်ပြန်ထားခြင်းမရှိတဲ့ သတင်းတွေကို ပုံနှိပ်ဗားရှင်း၊ အသံဗားရှင်း၊ အီလက်ထရောနစ်ဗားရှင်း ဘယ်လို ပုံစံနဲ့မဆို ဖြန့်ချီတာကို တားမြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ဒီတားမြစ်ချက်ဟာ သတင်းသမားတွေ၊ မီဒီယာသမားတွေအပေါ်မှာ အကျုံးဝင်လားဆိုတာ အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။

    Ref: Aljazeera