စကော့တန်လန်နိုင်ငံ အလယ်ပိုင်းမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ မွတ်စလင်ဇနီးမှောင်နှံဟာ ကိုရိုနာတိုက်ဖျက်ရေး လုပ်ငန်းမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေပြီး ဒေသခံပြုသူတွေရဲ့ ချီးကျူးမှုကိုလည်း ရရှိနေပါတယ်။
Author: Ko Lay
-
ကိုရိုနာနောက်ဆက်တွဲ ကမ္ဘာကြီးက ဆင်းရဲမွဲတွေမှုဒဏ်ကို ကြီးကြီးမားမား ခံစားရနိုင်
ဧပြီ ၂၂၊ ၂၀၂၀
M-Media-Covid-19 ပြန့်နှံ့မှုကြောင့် ကမ္ဘာကြီးဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ခံစားရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
ကုလရဲ့ စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ အခုနှစ်အတွက် ‘ကမ္ဘာ့ စားနပ်ရိက္ခာ ပြဿနာ အစီရင်ခံစာ’ မှာ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ငတ်မွတ်ခေါင်းပါးသူ အရေအတွက်ဟာ ၁၃၅ သန်းကနေ သန်း ၂၅၀ လောက်အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။
WFP အကြီးအကဲ ဒေးဗစ် ဘီစလေက ဒီအခြေအနေကို ရှောင်လွှဲဖို့အတွက် ကမ္ဘာကြီးက ပါးပါးနပ်နပ်နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဗီဒီယိုမိန့်ခွန်းကနေတစ်ဆင့် လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
“လအနည်းငယ်အတွင်းမှာ ငတ်မွတ်ခေါင်းပါးမှုကို ပမာဏ ကြီးကြီးမားမား ကြုံတွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့အတွက် အချိန်မရှိဘူးဆိုတာ အမှန်တရားပါ”
WFP ရဲ့ အစီရင်ခံက အန္တရာယ်အရှိဆုံး ၁၀ နိုင်ငံစာရင်းမှာ ယီမင်၊ ကွန်ဂို၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အီသီယိုးပီးယား၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ နိုက်ဂျီးရီးယားနဲ့ ဟေတီနိုင်ငံတွေ ပါဝင်ပါတယ်။
ကိုရိုနာ ကပ်ရောဂါ မတိုင်ခင်ကတည်းက မိုးခေါင်ရေရှားမှုနဲ့ ကျိုင်းကောင်ဖျက်ဆီးမှုတွေကြောင့် အရှေ့အာဖရိကနဲ့ တောင်အာရှတို့မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
Ref: BBC
-
Covid-19 ကာကွယ်ဆေးကို ဗြိတိန်က လူသားများတွင် စတင်စမ်းသပ်တော့မည်
ဧပြီ ၂၂၊ ၂၀၂၀
M-Media-ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကြာသာပတေးနေ့ကစတင်ပြီး လူသားတွေမှာ စတင်စမ်းသပ်တော့မယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောကြားလိုက်ပါတယ်။
ယူကေမှာ Covid-19 ကူးစက်သူ အရေအတွက်ဟာ ၁၃၀၀၀၀ နီးပါး ရှိနေကာ၊ သေဆုံးသူ အရေအတွက်ကလည်း ၁၇၃၃၇ ဦး ရှိနေပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ လုံလုံလောက် မစီစဉ်ပေးနိုင်မှုအတွက်လည်း ယူကေအစိုးရဟာ ဝေဖန်ခံနေရပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီး ဟန်းကော့က အစိုးရဟာ ကာကွယ်ဆေးရဖို့အတွက် အခြားနိုင်ငံတွေထက် ငွေကြေးပိုမိုသုံးစွဲကာ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးကို ကြာသာပတေးနေ့ကစတင်ပြီး လူသားတွေမှာ စမ်းသပ်တော့မယ်လို့လည်း သူက ဆိုပါတယ်။
ယူကေက ထိပ်တန်း ကာကွယ်ဆေးထုတ်လုပ်တဲ့ အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ လန်ဒန် Imperial ကောလိပ်နဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ကို ကာကွယ်ဆေးစမ်းသပ်ဖို့အတွက် အစိုးရက ပေါင် ၄၂.၅ သန်း ထောက်ပံ့သွားမှာပါ။
“ဒီတက္ကသိုလ် ၂ ခုစလုံးက စီမံကိန်းတွေဟာ မြန်မြန်ဆန်ဆန် တိုးတက်မှုတွေ ရရှိနေပြီး၊ ဒီအတွက် အင်အားကို အပြည့်အ၀ အသုံးချသွားမယ်လို့လည်း သိပ္ပံပညာရှင်တွေကို ကျွန်တော်တို့ ပြောထားပါတယ်။ ကာကွယ်ဆေးဖော်နိုင်တဲ့ ပထမဆုံးတိုင်းပြည်ဖြစ်လာဖို့ပါ” လို့ ဝန်ကြီးဟန်းကော့က ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ရှေ့တန်းကနေ လုပ်ဆောင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကာကွယ်ရေးဝတ်စုံ PPE မလုံလောက်မှုကိုလည်း အစိုးရက ဖြေရှင်းပေးနေတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: BBC
-
မြင့်မြတ်ရာဗလီနှစ်ခုတွင် လူအကန့်အသတ်ဖြင့် သာရာဝီဝတ်ပြုရန် ဆော်ဒီခွင့်ပြု
ဧပြီ ၂၂၊ ၂၀၂၀
M-Media-မကြာမီကျရောက်တော့မယ့် ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်ခုမှာ သာရာဝီဝတ်ပြုဆုတောင်းမှုကို လူအကန့်အသတ်နဲ့ ပြုလုပ်ဖို့ ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က ဒီကနေ့မှာ ခွင့်ပြုလိုက်ပါတယ်။
Covid-19 ကပ်ရောဂါ ပြန့်ပွားမှုကြောင့် ဆော်ဒီဟာ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော် ၂ ခု အပါအဝင် နိုင်ငံအတွင်းက ဗလီအားလုံးမှာ ဝတ်ပြုဆုတောင်းမှုကို ပိတ်ပင်ထားတာပါ။ အွမ္မရာဘုရားဖူးခရီးစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ပြီး ဇူလိုင်လမှာ ကျရောက်မယ့် ဟဂျ်ဘုရားဖူးကာလ ပြင်ဆင်မှုတွေကို ရပ်ဆိုင်းထားဖို့လည်း ကမ္ဘာတစ်ဝှမး်က အစ္စလာမ်ဘာသာဝင်တွေကို ဆော်ဒီက ပန်ကြားထားပါတယ်။
ဒီကနေ့ထုတ်ပြန်တဲ့ အမိန့်မှာတော့ ရမ်ဇာန်ဥပုသ်လအတွင်း မက္ကာက ‘မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်’ နဲ့ မဒီနာက ‘တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်’ နှစ်လုံးမှာ သာရာဝီဝတ်ပြုဆုတောင်းမှုကို ခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။
ဒါပေမယ့် အဲဒီဗလီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုသာ ခွင့်ပြုမှာဖြစ်ပြီး ပုံမှန် ဝတ်ပြုနေကျ ရကအသ် (၂၀) အစား အကျဉ်းချုံးကာ (၁၀) ရကအသ်သာ ဝတ်ပြုရမှာ ဖြစ်ပါတယ်။
မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေကို တာဝန်ယူထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ရမ်ဇာန်ဥပုသ်လအတွင်း ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေး လစ်ဟင်းမှုမရှိဖို့ စီမံထားတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟာနီ ဘင် ဟိုစနီ ဟိုင်ဒါက ပြောကြားခဲ့ပါတယ်။
ဗလီဝတ်ကျောင်းတော်တွေဆီ အပြင်လူတွေဝင်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားမှာ ဖြစ်သလို၊ ပိုးသတ်မှုလုပ်ငန်း၊ ဗလီဝန်ထမ်းတွေရဲ့ ကျန်းမာရေး စောင့်ကြည့်မှုလုပ်ငန်းတွေကိုလည်း ဆော်ဒီအာဏာပိုင်တွေက တိုးမြှင့်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ နှစ်စဉ်ကျင်းပနေတဲ့ စုပေါင်းဝါဖြေပွဲကို ဒီနှစ်မှာ ကျင်းပမှာမဟုတ်တော့ဘဲ မက္ကာနဲ့ မဒီနာ အုပ်ချုပ်ရေးအဖွဲ့တွေက ဝါဖြေပွဲတွေကို လိုက်လံဝေငှမှာ ဖြစ်ပါတယ်။
ရမ်ဇာန်ဥပုသ်လအတွင်း သာရာဝီဝတ်ပြုမှု၊ ဝါကျွတ်အီးဒ်ပွဲတော် ဝတ်ပြုဆုတောင်းမှုတွေကို အိမ်မှာ ပြုလုပ်ကြဖို့ ဆော်ဒီ အစ္စလာမ့်ဓမ္မသတ်မှူးချုပ်က အခုတစ်ပတ်အစောပိုင်းမှာ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
ဆော်ဒီမှာ Covid-19 ကူးစက်သူဟာ ၁၁၆၃၁ ဦးရှိပြီး သေဆုံးသူ ၁၀၉ ဦး ရှိပါတယ်။
Ref: Alarabiya
-
ကိုဗစ်ကန့်သတ်မှုကာလကို စင်ကာပူက ဇွန်လ ၁ ရက်နေ့အထိ သက်တမ်းတိုး
ဧပြီ ၂၁၊ ၂၀၂၀
M-Media-Covid-19 ပြန့်နှံ့မှု တားဆီးကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ ကန့်သတ်မှု ကာလကို စက်ကာပူက ဇွန်လ ၁ ရက်နေ့အထိ နောက်ထပ် ၄ ပတ် သက်တမ်းတိုးလိုက်ပါတယ်။
ဝန်ကြီးချုပ် လီရှန်လွန်းက ဒီလို သက်တမ်းတိုးလိုက်ရတာဟာ လူ့အဖွဲ့အစည်းမှာ ကူးစက်ပြန့်နှံ့မှုကို လျှော့ချဖို့၊ နိုင်ငံခြား အလုပ်သမားတန်းလျားကနေ ကူးစက်မှု ပေါက်ထွက်လာမယ်ဆိုရင် စောစောစီးစီးသိကာ တားဆီးနိုင်ဖို့ ဖြစ်တယ်လို့ ရုပ်သံမိန့်ခန်းမှာ ပြောကြားခဲ့ပါတယ်။
စင်ကာပူဟာ Covid-19 ကူးစက်မှု ဒုတိယလှိုင်းလုံးကို ခံစားနေရပြီး နိုင်ငံခြားသား အလုပ်သမားတန်းလျားမှာ အကြီးအကျယ်ပြန့်နှံ့နေတာဖြစ်ပါတယ်။
ဧပြီလ ၇ ရက်နေ့က စတင်ထုတ်ပြန်ခဲ့တဲ့ circuit breaker ကန့်သတ်မှုအရ လူစုလူဝေးလုပ်ခွင့်ကို တားမြစ်ထားပြီး အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဆိုင်တွေသာ ဖွင့်လှစ်ခွင့်ရတာပါ။ အခု ၄ ပတ်သက်တမ်းတိုးမှုမှာတော့ ကန့်သတ်မှုတွေ ပိုမိုတင်းကြပ်ဖို့ ရှိနေပါတယ်။
ဝန်ကြီးချုပ်က ကန့်သတ်မှုကာလ သက်တမ်းတိုးတာကို ပြည်သူတွေက နားလည်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီကနေ့ ထပ်မံကူးစက်မှုအရေအတွက်ဟာ ၁၁၁၁ ဦး ရှိခဲ့ပြီး အများစုက နိုင်ငံခြားအလုပ်သမားတန်းလျားကလူတွေ ဖြစ်ပါတယ်။ စုစုပေါင်း ကူးစက်မှုဟာ ၉၁၂၅ ဦးအထိ မြင့်တက်လာတာပါ။ လက်ရှိမှာ အလုပ်သမားတန်းလျား ၁၉ ခုကို သီးခြားပိတ်ထားပြီး စောင့်ကြည့်နေပါတယ်။
Ref: CNA