News @ M-Media

Author: Ko Lay

  • ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် နယူးယောက်မြို့က ထမင်းဘူး ၅ သိန်း ဝေငှမည်

    ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် နယူးယောက်မြို့က ထမင်းဘူး ၅ သိန်း ဝေငှမည်

    ဧပြီ ၂၄၊ ၂၀၂၀
    M-Media

    -အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လ လှူဒါန်းထောက်ပံ့မှုအစီအစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု နယူးယော​က်မြို့ အစိုးရဟာ ဟာလာ ထမင်းဘူး ၅ သိန်းလောက်ကို လိုအပ်နေသူတွေထံ ဝေငှသွားမယ်လို့ သိရပါတယ်။

    “ရမ်ဇာန်ဥပုသ်လရဲ့ အရေးပါတဲ့ သတင်းစကားတွေက ဆာလောင်နေသူတွေရဲ့ဝမ်းကို ငြိမ်းအေးစေဖို့၊ ချို့တဲ့သူတွေကို လက်ပေးဖို့ပါ ” လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြောကြားခဲ့ပါတယ်။

    ဗလီတွေကို သွားရောက်ခွင့်မရတဲ့အတွက် အခုနှစ် ရမ်ဇာန်ဥပုသ်လဟာ အရင်နှစ်တွေကထက် ပိုမို ခက်ခဲတယ်လို့လည်း ဘလာစီယို ဆိုပါတယ်။

    အရင်နှစ်တွေက ယူးယောက်မြို့မှာရှိတဲ့ ဗလီတွေဟာ ချို့တဲ့သူတွေကို ကူညီတာ၊ အစားအသောက် လှူဒါန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုနှစ်မှာတော့ Covdi-19 ပြန့်နှံ့မှုကြောင့် ဝတ်ပြုရာနေရာတွေ၊ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေကို ပိတ်ထားပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန့်လည်း ထုတ်ပြန်ထားပါတယ်။

    ဟာလာလ် ထမင်းဘူး ၄ သိန်းကို နယူးယောက်မြို့ ပညာရေးဌာနတွေက တာဝန်ယူ ဝေငှပေးသွားမှာဖြစ်ပြီး၊ နောက်ထပ် တစ်သိန်းကိုတော့ အရပ်ဖက် အဖွဲ့အစည်းတွေကနေတစ်ဆင့် ဝေငှမှာဖြစ်ပါတယ်။ နယူးယောက်မြို့မှာ လူဦးရေ ၂ သန်းလောက် နေထိုင်ပါတယ်။

    ဂျူးလူ့အဖွဲ့အစည်းအတွက် ခိုရှာထမင်းဘူးတွေ ဝေငှဖို့လည်း နယူးယောက်အစိုးရက စီစဉ်ထားပါတယ်။

    Ref: Middel Easteye

  • Covid-19 ကာကွယ်ဆေး လူသားတွင်စမ်းသပ်မှုကို ယူကေတွင် ပထမဆုံး ပြုလုပ်

    Covid-19 ကာကွယ်ဆေး လူသားတွင်စမ်းသပ်မှုကို ယူကေတွင် ပထမဆုံး ပြုလုပ်

    ဧပြီ ၂၄၊ ၂၀၂၀
    M-Media

    ကာကွယ်ဆေးထိုးမှု မြင်ကွင်း

    -ကိုရိုနာဗိုင်းရ်စ် ကာကွယ်ဆေး လူသားမှာ ပထမဆုံး စမ်းသပ်မှုကို အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်မှာ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။

    လူဦးရေ ၈၀၀ ကျော်ပါဝင်မယ့် အဲဒီစမ်းသပ်မှုက ပထမဆုံး ၂ ဦးကို မနေ့မှာ ကာကွယ်ဆေး ထိုးပေးခဲ့တာပါ။ စမ်းသပ်မယ့် သူတွေထဲက တစ်ဝက်ကို Covid-19 ကာကွယ်ဆေးထိုးပေးမှာဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကို ဦးနှောက်အမြှေးယောင် ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပါတယ်။

    အထိုးခံရသူတွေဟာ သူတို့ကို ဘာဆေးထိုးပေးထားလဲဆိုတာ သိမှာ မဟုတ်ဘဲ ဆရာဝန်တွေက ဆေးရဲ့ တုန်ပြန်မှုကို စောင့်ကြည့်မှာ ဖြစ်ပါတယ်။

    “ကျွန်မက သိပ္ပံပညာရှင်တစ်ယောက်ပါ။ သိပ္ပံစမ်းသပ်မှုတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားချင်ပါတယ်” လို့ ပထမဆုံး ဆေးထိုးခံခဲ့ရသူ အီလီဆာ ဂရာနာတိုက ပြောကြားခဲ့ပါတယ်။

    ကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်က ၃ လအတွင်း ဖန်တီးခဲ့တာပါ။​​ ဆေးဘက်အကြို သုတေသန​ကို ဦးဆောင်ပြုလုပ်တဲ့ Jenner Institute အဖွဲ့ရဲ့ ကာကွယ်ဆေးဆိုင်ရာ ပရော်ဖက်ဆာ ဆာရာ ဂီလ်ဘာ့တ်က ဒီကာကွယ်ဆေးအပေါ်မှာ ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် ဒီကာကွယ်ဆေးအပေါ်မှာ ကျွန်မ ယုံကြည်မှု တစ်စုံတစ်ရာ ရှိပါတယ်။ လူသားတွေကို ကျွန်မတို့ စမ်းသပ်ပြီး အချက်အလက်တွေကို မှတ်တမ်းတင်ရမယ်။ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ခင်မှာ လူတွေ အများအပြား မကူးစက်အောင် တားဆီးရပါမယ်”

    ကာကွယ်ဆေးကို ချင်ပန်ဇီမျောက်တွေမှာ တွေ့ရတဲ့ အဖျားဗိုင်းရပ်စ်ပိုးအပျော့စားနဲ့ ဖန်တီးထားတာဖြစ်ပြီး လူသားတွေမှာ အသုံးပြုလို့ရအောင် သိပ္ပံပညာရှင်တွေက ပြန်လည် ပြုပြင်ထားပါတယ်။

    Ref: BBC

  • ရမ်ဇာန်ဥပုသ်လကို အိမ်၌သာဖြတ်သန်းရန် အစ္စလာမ်ဓမ္မပညာရှင်များ တိုက်တွန်း

    ရမ်ဇာန်ဥပုသ်လကို အိမ်၌သာဖြတ်သန်းရန် အစ္စလာမ်ဓမ္မပညာရှင်များ တိုက်တွန်း

    ဧပြီ ၂၃၊ ၂၀၂၀
    M-Media

    -ဧပြီလ ၂၄ ရက်နေ့မှာ စတင်ကျရောက်မယ့် ရမ်ဇာန်ဥပုသ်လကို မိမိတို့ရဲ့ အိမ်မှာသာ ဖြတ်သန်းပြီး လူစုလူဝေးနဲ့ ဝတ်ပြုတာ၊ ဝါဖြေတာတွေကို ရှောင်ရှားကြဖို့အတွက် နိုင်ငံတကာ အစ္စလာမ့် ဓမ္မပညာရှင်တွေက အစ္စလာမ်ဘာသာဝင်တွေကို တိုက်တွန်းထားပါတယ်။

    တစ်လတာကြာမြင့်မယ့် ရမ်ဇာန်ဥပုသ်လမှာ အစ္စလာမ်ဘာသာဝင်တွေဟာ ဥပုသ်လီလ ဆောက်တည်ကြရတာပါ။ အလှူဒါနပြုတာ၊ အေသေကားဖ် တရားအားထုတ်တာ၊ စုပေါင်းဝါဖြေတာ၊ အထူးဝတ်ပြုမှုဖြစ်တဲ့ သာရာဝီကို လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာတွေဟာ ရမ်ဇာန်ဥပုသ်လမှာ ပုံမှန် လုပ်ဆောင်နေကြ ထုံးတမ်းဓလေ့တွေ ဖြစ်ပါတယ်။

    အခုနှစ် ရမ်ဇာန်ဥပုသ်လက Covid-19 ကပ်ရောဂါ ပြန့်နှံ့မှုနဲ့ ကြုံတွေ့နေရတာပါ။ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ့်ရေးရာ ဓမ္မသတ်မှူးတွေ၊ အစ္စလာမ်ဓမ္မပညာရှင်တွေကတော့ ကပ်ရောဂါတားဆီးရေးနဲ့ ကြိုတင်ကာကွယ်ရေးအတွက် ရမ်ဇာန်ဥပုသ်လကို မိမိတို့အိမ်မှာ မိသားစုနဲ့ဖြတ်သန်းဖို့၊ သာရာဝီဝတ်ပြုဆုတောင်းမှုကို အိမ်မှာသာ ပြုလုပ်ကြဖို့ အစ္စလာမ်ဘာသာဝင်တွေကို တိုက်တွန်းထားပါတယ်။

    ဆော်ဒီအာရေဗျမှာတော့ အစ္စလာမ့် ဓမ္မသတ်မှူးချုပ်က ရမ်ဇာန်ဥပုသ်လ သာရာဝီဝတ်ပြုဆုတောင်းမှု၊ ဝါကျွတ်အီးဒ်နေ့ ဝတ်ပြုဆုတောင်းမှုတွေကို အိမ်မှာသာလုပ်ဆောင်ကြဖို့၊ စုပေါင်းဝါဖြေပွဲတွေ မလုပ်ကြဖို့ အစ္စလာမ်ဘာသာဝင်တွေကို ညွှန်ကြားခဲ့ပါတယ်။

    နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်အားလုံးကို ပိတ်ထားမှာဖြစ်ပြီး မြင့်မြတ်ရာဗလီနှစ်ခုဖြစ်တဲ့ မက္ကာက ‘မတ်စ်ဂျစ်ဒ်ဟရမ် ဗလီ’ နဲ့ မဒီနာက ‘တမန်တော်မြတ်ဗလီ’ တွေမှာသာရာဝီ ဝတ်ပြုဆုတောင်းမှုကို အပြင်လူတွေမပါဘဲ ဗလီရှေ့ဆောင်ဆရာနဲ့ ဝန်ထမ်းတွေသာ ဝတ်ပြုမှုမှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းနိုင်ငံ ဂျေရုစလင်မြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ တတိယ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော် အလ်အက္ကဆွာဗလီကလည်း ရမ်ဇာန်ဥပုသ်လ တစ်လလုံးကို ပိတ်ထားမယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒါဟာ ဓမ္မသတ်ဖြတ်ထုံး၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ အကြံပြုချက်အတိုင်း ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဂေါပကအဖွဲ့က ပြောကြားခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်း၊ အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိကတို့မှာရှိတဲ့ နိုင်ငံတော်တော်များများမှာ ဗလီဝတ်ကျောင်းတော်တွေကို ရမ်ဇာန်ဥပုသ်လမှာလည်း ဆက်လက်ပိတ်ထားမှာဖြစ်ပြီး ဥပုသ်လကို အိမ်မှာသာ ဖြတ်သန်းကြဖို့ အစ္စလာမ်ဓမ္မပညာရှင်တွေက အစ္စလာမ်ဘာသာဝင်တွေကို တိုက်တွန်းထားပါတယ်။

    ကမ်းဘရစ်ဂျ် အစ္စလာမ့်ကောလိပ်က ဌာနမှူးဖြစ်ပြီး နာမည်ကျော် အစ္စလာမ့်ပညာရှင်လည်းဖြစ်တဲ့ အက္ကရမ် နဒဝီက သာရာဝီကို မိမိတို့ရဲ့အိမ်မှာ ဝတ်ပြုဆုတောင်းပေမယ့်လည်း အကျိုးကုသိုလ် လျော့မသွားဘူးလို့ ပြောကြားခဲ့ပါတယ်။

    “၂ ယောက်၊ ဒါမှမဟုတ် ၂ ယောက်ထက်ပိုရင် စုပေါင်းဝတ်ပြုမှု အထမြောက်ပါတယ်။ ပုံမှန် စုပေါင်းဝတ်ပြုနေကြနေရာမှာ ဝတ်ပြုတာဟာ ကိုယ်နဲ့ တစ်ခြားသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်မယ်ဆိုရင် နေအိမ်မှာပဲ ဝတ်ပြုလို့ ရပါတယ်”

    ပါကစ္စတန်မှာ ဗလီတွေဖွင့်ထား

    ပါကစ္စတန်အစိုးရက နိုင်ငံအတွင်း အစ္စလာမ့်ဓမ္မပညာရှင်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ဗလီတွေကို ရမ်ဇာန်ဥပုသ်လအတွက် ကန့်သတ်ချက်နဲ့ ဖွင့်ခွင့်ပေးခဲ့ပါတယ်။

    အဲဒီကန့်သတ်ချက်တွေထဲမှာ ကောဇောမခင်းဖို့၊ လက်ဆွဲမနှုတ်ဆက်ဖို့ လူအကန့်အသတ်နဲ့သာ ဝတ်ပြုဖို့ စတာတွေ ပါဝင်ပါတယ်။

    ရုပ်သံကတစ်ဆင့် ဝတ်ပြုမှု

    ကိုရိုနာကပ်ရောဂါပြန့်နှံ့မှုနောက်ဆက်တွဲ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းဖို့ မဖြစ်နိုင်တာကြောင့် ကမ္ဘာ့နိုင်ငံတွေက ဗလီတစ်ချို့ဟာ စုပေါင်းဝတ်ပြုဆုတောင်းမှုကို အွန်လိုင်းကနေတစ်ဆင့် အစ္စလာမ်ဘာသာဝင်တွေ ပါဝင်နိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

    သောကြာနေ့ ဝတ်ပြုဆုတောင်းမှုက ‘ခွသ်ဘာ ဒေသနာ’ ကို ဆိုရှယ်မီဒီယာတွေ၊ ဝဘ်ဆိုက်တွေကနေ တိုက်ရိုက်လွှင့်ပေးတာမျိုးပါ။ အပတ်စဉ် အစ္စလာမ်ဘာသာရေးသင်ခန်းစာတွေကို ဗီဒီယိုတွေနဲ့ ပို့ချပေးတာမျိုးလည်း လုပ်ဆောင်ခဲ့ပါတယ်။

    ရမ်ဇာန်ဥပုသ်လမှာလည်း အွန်လိုင်းကနေ စုပေါင်းဝါဖြေတာ၊ ကိုရန်ကျမ်းစာ သင်ပေးတာ၊ တရားဒေသနာ ဟောကြားတာတွေ အွန်လိုင်းကနေတစ်ဆင့် လုပ်ဆောင်သွားဖို့လည်း ဗလီတစ်ချို့က စီစဉ်နေပါတယ်။

    အွန်လိုင်းကနေ စုပေါင်းဝတ်ပြုဆုတောင်းမှုဟာ အထမမြောက်ဘူးလို့ ပညာရှင်အများစုရဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၂၊ ၂၀၂၀
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား ပရီးမီးယားလိဂ်သို့ ခြေလှမ်းမှု AI သတိပေး

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆလ်မန်က နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ကြိုးစားမှုကို ခွင့်ပြုလိုက်ရင် ပရီးမီးယားလိဂ်ဟာ အစာသွပ်မုန့်လို ဖြစ်သွားလိမ့်မယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က သတိပေးလိုက်ပါတယ်။ မင်းသားနဲ့အဖွဲ့ဟာ နယူးကာဆယ်အသင်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝယ်ယူဖို့ နီးစပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဆော်ဒီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေကြောင့် ဒီဝယ်ယူမှုအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။

    အင်တာအသင်း၏ ကစားသမား ၂၃ ဦးတွင် ကိုရိုနာလက္ခဏာတွေ့ခဲ့ရဟု လူကာကူ ဖွင့်ဟ

    အင်တာမီလန်အသင်းရဲ့ လူစာရင်း ၂၅ ယောက်မှာ ၂၃ ယောက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလောက်ကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ လက္ခဏာတွေကို တွေ့ခဲ့ရတယ်လို့ တိုက်စစ်မှူး လူကာကူက ပြောကြားလိုက်ပါတယ်။ အီတလီဟာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရပြီး စီးရီးအေက ကစားသမားတစ်ချို့မှာလည်း ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ အင်တာမီလန်အသင်းမှာတော့ ကူးစက်တယ်လို့ သတင်းထွက်မလာသေးပါဘူး။ ဒါပေမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ ကစားသမားအချို့ ဖျားနာတာလာတာကြောင့် ပွဲကစားချိန်အတွင်း လူစားလဲခဲ့ရတာတွေ ရှိခဲ့ပါတယ်။

    ဆေးရုံမှ သူနာပြုလစာ ၃ လစာကို တာဝန်ယူရဲ့ ဂျာမနီနောက်ခံလူ

    ဂျာမန်ဘွန်ဒစ်လီဂါက စတုဂတ်အသင်းရဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ သူမွေးဖွားခဲ့တဲ့ ဘာလင်က ဆေးရုံတစ်ခုမှာ သူနာပြုအားလုံးရဲ့ လခ ၃ လစာကို ပေးချေလှူဒါန်းသွားမယ်လို့ သိရပါတယ်။ ဂျာမနီဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ နိုင်ငံတွေထဲကတစ်ခု​ ဖြစ်ပါတယ်။ ရူဒီဂါဟာ ၁၉၉၃ ခုနှစ်က​​ ဘာလင်မြို့မှာရှိတဲ့ Charité ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ထိပ်တန်း ဘောလုံးကစားသမားတွေဟာ စုပေါင်းလှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။

    Ref: Goal

  • လက်ဘနွန်တွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံး

    လက်ဘနွန်တွင် သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံး

    ဧပြီ ၂၂၊ ၂၀၂၀
    M-Media

    -လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တောင်ဖက်က ဆင်ခြေဖုံးတစ်ခုမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ခေတ်သစ် လဘနွန်သမိုင်းမှာ အဆိုးဝါးဆုံး အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။

    ဘက်လိုင်းလို့ခေါ်တဲ့ မြို့ငယ်လေးမှာ မနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘာ့ကြောင့် ဒီလို ပစ်ခတ်ရလဲဆိုတာကို မသိရသေးပါဘူး။ သေနတ်သမားဟာ လက်ရှိမှာ လွတ်မြောက်နေပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။

    သေဆုံးသူ​တွေဟာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၂ ဦးတို့ဖြစ်ပါတယ်။ ၆ ဦးက ဆီးရီးယားနိုင်ငံသားဖြစ်ပြီး ၃ ဦးက လက်ဘနွန်နိုင်ငံသားပါ။ မြို့တော်ဝန် အဘ်ဒူလာ အလ် ဂူဆိုင်နီက သေနတ်သမားဟာ အမဲလိုက်တဲ့သေနတ်နဲ့ မြင်မြင်သမျှကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံက ကာယလုပ်သားတွေဟာ နှစ်စဉ် လက်ဘနွန်နိုင်ငံကိုလာကာ ရာသီပေါ်အလုပ်တွေ လုပ်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ် ပြည်တွင်းစစ်ဖြစ်ကတည်းက ဆီးရီးယားဒုက္ခသည်တွေဟာ လက်ဘနွန်နိုင်ငံထဲမှာ ဝင်ရောက်ခိုလှုံခဲ့ရပြီး ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်ထားသူက ၉ သိန်းလောက် ရှိနေပါတယ်။

    ၁၉၉၀ ပြည့်နှစ် ပြည်တွင်းစစ်ပြီးတဲ့နောက်ပိုင်း စစ်လက်ကျန် လက်နက်တွေဟာ လက်ဘနွန်ပြည်သူတွေကြားမှာ ပြန့်နှံ့နေပေမယ့် အခုလိုမျိုး အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

    Ref: Aljazeera