News @ M-Media

Author: Ko Lay

  • Covid-19 ဗိုင်းရပ်စ်မှာ လူနာနှင့် ၁၂ ပေအကွာ​ရှိ လေထဲ၌ ရှိနိုင်ဟု သုတေသနတစ်ခုတွင် ဖော်ပြ

    Covid-19 ဗိုင်းရပ်စ်မှာ လူနာနှင့် ၁၂ ပေအကွာ​ရှိ လေထဲ၌ ရှိနိုင်ဟု သုတေသနတစ်ခုတွင် ဖော်ပြ

    ဧပြီ ၁၂၊ ၂၀၂၀
    M-Media

    -Covid-19 ကူးစက်နေတဲ့ လူနာထံကနေ ဗိုင်းရပ်စ်ပိုးဟာ ၄ မီတာ (၁၂ပေကျော်) အကွာအဝေးမှာ လေထဲအထိ ရောက်ရှိနေတာကို သုတေသနအသစ်တစ်ခုမှာ တွေခဲ့ရပြီး ဒါဟာ လူတစ်ဦးနဲ့တစ်ဦးအကြား ၆ ပေခြားရမယ်ဆိုတဲ့ အကြံပြုချက်ထက် ၂ ဆ များနေတာ ဖြစ်ပါတယ်။

    ဘေဂျင်း စစ်ဆေးသိပ္ပံ တက္ကသိုလ်က တရုတ်သိပ္ပံပညာရှင်တွေဟာ Covid-19 လူနာတွေကို တင်ထားရာ ဆေးရုံက ပစ္စည်းတွေကို ဓာတ်ခွဲစမ်းသပ်ရာကနေ ဒီလို တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ရဲ့ တွေ့ရှိချက်ကို အမေရိကန် ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဌာန (CDC) က ထုတ်ဝေတဲ့ Emerging Infectious Diseases ကျန်းမာရေးဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

    လူနာနဲ့ ၁၂ ပေအကွာလောက်မှာ တွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးဟာ ကူးစက်နိုင်စွမ်းမရှိဘူးလို့ လက်ရှိ ကမ္ဘာ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ခံယူထားကြတာပါ။

    ဒါပေမယ့် ဝူဟန်မြို့ကဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ အခု သုတေသနမှာတော့ ဗိုင်းရပ်စ်တွေဟာ​ ဆေးရုံရဲ့ ကြမ်းပြင်မှာ သွားစုနေတာ၊ ကွန်ပျူတာ မောက်စ်တွေ၊ အမှိုက်ပုံးတွေ၊ ကုတင်တန်းတွေနဲ့ တံခါးဘုသီးတွေမှာ ပြန့်နှံ့နေတာ၊ ကျန်းမာရေးဝန်ထမ်းတွေစီးတဲ့ ဖိနပ် ဆိုလ်းပြားတွေမှာ ကပ်နေတာတွေကို တွေ့ခဲ့ရပါတယ်။

    လေကနေတစ်ဆင့် ပြန့်နှံ့မှု

    ဗိုင်းရပ်စ်ပါဝင်ပြီး အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေဟာ လူနာနဲ့ ၁၂ ပေအကွာက လေပေါ်မှာ လွင့်နေတာကိုလည်း သိပ္ပံပညာရှင်တွေက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

    လူနာရဲ့ နှာချေမှု၊ ချောင်းဆိုးမှုကနေ ထွက်လာတဲ့ အစက်ကလေးတွေဟာ မြေပြင်ပေါ်ကို မြန်မြန်ဆန်ဆန် ကျသားတတ်ပေမယ့် အလွန်သေးလွန်းတဲ့ အမှုန်လေးတွေကတော့ လေပေါ်မှာ နာရီများစွာ ပျံလွင့်နေနိုင်တယ်လို့ သုတေသန ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေမှာ ဒီအခြေအနေမျိုးကနေ ကူးစက်တာ မရှိဘူးလို့လည်း ဆိုပါတယ်။

    အခုတွေ့ရှိချက်အရ ရောဂါကူးစက်နေတယ်လို့ သံသယရှိသူကို နေအိမ်တွေမှာ သီးသန့်ခွဲထားတာမျိုးဟာ ကောင်းမွန်တဲ့ ကာကွယ်တားဆီးမှုမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဗိုင်းရပ်စ်တွေ ပိုမိုပြန့်နှံစေလိမ့်မယ်လို့ တရုတ် သုတေသန ပညာရှင်တွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Covid-19 ဟာ လူနာရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကို တိုရိုက်ထိတွေ့မှ ကူးစက်တယ်လို့ ယေဘူယျအားဖြင့် ပညာရှင်တွေက ယူဆထားပြီး လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ ကိစ္စမှာတော့ ပညာရှင်တွေအကြား ငြင်းခုံမှုတွေ ရှိနေပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လေထဲကနေတစ်ဆင့် ကူးစက်နိုင်ချေ မရှိဘူးလို့ ပြောကြားထားပါတယ်။

    Ref: AFP

  • Covid-19 ကာကွယ်ဆေးရရန်အလွန်နီးစပ်ခဲ့ဟု ဩဇီသုတေသနအဖွဲ့တစ်ခုပြော

    Covid-19 ကာကွယ်ဆေးရရန်အလွန်နီးစပ်ခဲ့ဟု ဩဇီသုတေသနအဖွဲ့တစ်ခုပြော

    ဧပြီ ၁၂၊ ၂၀၂၀
    M-Media

    -လက်ရှိ ကမ္ဘာ့တစ်ဝှမ်း ပြန့်နှံ့နေတဲ့ Covid-19 ကို ကာကွယ်နိုင်လောက်တဲ့ ကာကွယ်ဆေး ၃ မျိုး ထုတ်လုပ်ဖို့ နီးစပ်ခဲ့ပေမယ့် အမေရိကန်က ရန်ပုံငွေ ရပ်ဆိုင်းမှုကြောင့် စီမံကိန်းကို အဆုံးမသတ်နိုင်ခဲ့ဘူးလို့ ဩစတေးလျအခြေစိုက် သုတေသနအဖွဲ့တစ်ခုက ပြောကြားလိုက်ပါတယ်။

    Flinders တက္ကသိုလ်က သုတေသနအဖွဲ့ဖြစ်ပြီး SARS ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးထုတ်နိုင်ဖို့ အမေရိကန် အမျိုးသား ကျန်းမာရေး အင်စတီကျု (NIH) က ၂၀၀၄ ခုနှစ်ကနေ စတင်ပြီး ရန်ပုံငွေ ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထောက်ပံ့မှုကို ၂၀၁၀ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

    သုတေသနအဖွဲ့ကို ဦးဆောင်တဲ့ ပရော်ဖက်ဆာ နီကိုလိုင်း ​ပက်ထရိုစကီးက သူတို့ဟာ ကာကွယ်ဆေးထုတ်နိုင်ဖို့ အရမ်းကို နီးစပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပိုက်ဆံလည်း သိပ်မလိုတော့ဘူး။ သိပ်ကို နီးစပ်ခဲ့တာပါ။ ကျွန်တော်တို့ တွေ့ထားတာကို ထပ်မံပြုပြင်လိုက်တာနဲ့ အခု Cvoid-19 အတွက် သုံးလို့ရသွားမှာပါ။ အခုဆိုရင် ဆေးခန်းတွေမှာတောင် ရောက်နေလောက်ပါပြီ”

    Covid-19 ကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးဟာ SARS-CoV-2 ဖြစ်ပြီး SARS ဗိုင်းရပ်စ်နဲ့ ဆင်တူပါတယ်။ နှစ်ခုစလုံးဟာ လင်းနို့မှာတွေ့ရတဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး DNA ၇၉ ရာခိုင်နှုန်း တူညီပါတယ်။

    ပက်ထရိုစကီးတို့ ထုတ်လုပ်ထားတဲ့ SARS ကာကွယ်ဆေးကို တိရစ္ဆာန်တွေမှာ စမ်းသပ်ရာမှာ အောင်မြင်ခဲ့ပြီး လူသားတွေမှာ စမ်းသပ်ဖို့သာ ကျန်တော့တာပါ။ သူတို့ရဲ့ စီမံကိန်းဟာ ပြီးဆုံးဖို့အတွက် ကန်ဒေါ်လာ ၁.၅ သန်းလောက်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။

    SARS ကာကွယ်ဆေးကို SARS-CoV-2 အတွက် အသုံးပြုလို့မရပေမယ့် လူသားတွေမှာ စမ်းသပ်သုံးစွဲမှုကနေ ရရှိလာမယ့် အချက်အလက်တွေဟာ အနာဂတ်မှာ ကာကွယ်ဆေးတွေ ထုတ်ဖို့အတွက် အလွန်တန်ဖိုးရှိလာနိုင်တယ်လို့လည်း ပက်ထရိုစကီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ်မှာ NIH က အီဘိုလာနဲ့ တုပ်ကွေး စီမံကိန်းတွေ လုပ်ဆောင်ဖို့ဆိုကာ ပက်ထရိုစကီးတို့အဖွဲ့ကို ရန်ပုံငွေ ဖြစ်တောက်ခဲ့ပါတယ်။

    “သိပ်ကို ရက်စက်တဲ့လုပ်ရပ်ပါ။ SARS အတွက် ရန်ပုံငွေဖြတ်တောက်တာမဟုတ်ဘဲ ဒီကနေ့ပြဿနာအတွက် ရန်ပုံငွေ ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားပြီးမှ နောက်ဆုံးအဆင့်ကို မရောက်လိုက်တာဟာ သိပ်ကို ရင်နာဖို့ ကောင်းပါတယ်”

    Ref: The Sydeny Morning Herald

  • အိန္ဒိယက နိုင်ငံတံခါးပိတ်ထားမှုကို နောက်ထပ် ၂ ပတ် သက်တမ်တိုးမည်

    အိန္ဒိယက နိုင်ငံတံခါးပိတ်ထားမှုကို နောက်ထပ် ၂ ပတ် သက်တမ်တိုးမည်

    ဧပြီ ၁၁၊ ၂၀၂၀
    M-Media

    အလုပ်လက်မဲ့ဖြစ်သူများ အစုလိုက်အပြုံလိုက် ရွာပြန်မှု

    -ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တစ်နိုင်ငံလုံး ၃ ပတ်ကြာ တံခါးပိတ်ထားမှုနဲ့ ရွေ့လျားသွားလာမှု ကိန့်သတ်မိန့်ကို အိန္ဒိယက နောက်ထပ် ၂ ပတ် သက်တမ်းတိုးဖို့ ရှိနေပါတယ်။

    တံခါးပိတ်ထားမှုဟာ အင်္ဂါနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ လက်ရှိ အိန္ဒိယမှာ ကူးစက်သူ ၇၅၀၀ နဲ့ သေဆုံးသူ ၂၄၀ ဦး ရှိနေတာပါ။ ဝန်ကြီးချုပ် မိုဒီဟာ တိုင်းပြည် တံခါးပိတ်ထားမှုကို နောက်ထပ် ၂ ပတ် သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ ဗီဒီယိုအစည်းအဝေးပြီးတဲ့နောက် ပြည်နယ်ဝန်ကြီးချုပ်တွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    လူဦးရေ သန်း ၁၃၀၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ တံခါးပိတ်မှု၊ လှုပ်ရှားသွားလာမှု ကန့်သတ်မှုဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။

    တိုင်းပြည်တံခါးပိတ်မှုကြောင့် သန်းနဲ့ချီတဲ့ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်တဲ့အတွက် တိုင်းပြည်စီးပွားရေးအပေါ် ထိခိုက်မှု ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ၊ မြို့ကြီးတွေက အလုပ်လက်မဲ့ဖြစ်တဲ့သူတွေ အစုလိုက်အပြုံလိုက် ရွာပြန်ကြတာကြောင့် ရောဂါ ပြန့်နှံနိုင်တယ်ဆိုတယ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၁ သိန်း​ကျော်ပြီ

    Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၁ သိန်း​ကျော်ပြီ

    ဧပြီ ၁၁၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – နယူးယောက်မြို့တွင် ကိုဗစ်ကြောင့် သေဆုံးသွားသူများအား မြှုပ်နှံနေစဉ်)

    -Covid-19 ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးမှုအရေအတွက်ဟာ မနေ့က ၁ သိန်းကျော်လာခဲ့ပြီ ဖြစ်ပြီး ကူးစက်သူက ၁.၆ သန်း ကျော်လာပါပြီ။

    သေဆုံးမှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဥရောပတိုက်က ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူပေါင်း သန်း ၄ ထောင်လောက် လှုပ်ရှားသွားလာမှု ကန့်သတ်ခံထားရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီကန့်သတ်မှုတွေကို စောစောစီးစီး မဖြေလျော့ဖို့အတွက် သတိပေးထားပါတယ်။

    အမေရိကန်မှာ မနေ့ကသေဆုံးသူ ၂၁၀၈ ဦးရှိခဲ့ပြီး တစ်ရက်အတွင်း ကမ္ဘာ့စံချိန်တင် သေဆုံးမှုပါ။ ကူးစက်သူ အရေအတွက်ကလည်း သန်းဝက်ကျော်လာပြီး ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။

    ဗိုင်းရပ်စ်ဒဏ်ကို အကြီးအကျယ် ခံစားနေရတဲ့ စပိန်နဲ့ အီတလီတို့မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သေဆုံးမှု၊ ကူးစက်မှုအရေအတွက်တွေ တစ်ဖြည်းဖြည်း လျော့ကျလာပါတယ်။

    Ref: AFP

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    ဘောလုံးပြိုင်ပွဲများ ပြန်မစရန် ဖီဖာဥက္ကဌ တိုက်တွန်း

    ရပ်ဆိုင်းထားတဲ့ ဘောလုံးပြိုင်ပွဲတွေ ပြန်မစဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက တိုက်တွန်းလိုက်ပြီး ဒီလိုလုပ်ဆောင်တာဟာ တာဝန်မဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ ဘောလုံးပြိုင်ပွဲတွေဟာ ပြန်စဖို့အတွက် စီစဉ်နေကြပြီး ဂျာမန် ဘွန်ဒစ်လီဂါ အမှတ်ပေးပြိုင်ပွဲကတော့ မေလလောက်မှာ ပြန်စနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အင်ဖန်တီနိုက ကျန်းမာရေးသည်သာ ပထမဖြစ်ပြီး မိမိတို့ရဲ့ အကြံပေးမှုကို ဘောလုံးပြိုင်ပွဲတွေက လိုက်နာကြဖို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပရီးမီးယားလိဂ်ကို ပစ်မှတ်ထားသည့် ယူကေအစိုးရကို PFA ဥက္ကဌ ဝေဖန်

    ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ လစာတွေကို ဖြတ်ဖို့ ယူကေအစိုးရရဲ့ စီစဉ်မှုကို ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း (PFA) ဥက္ကဌ ဂေါဒွန်တေလာက ဝေဖန်လိုက်ပါတယ်။ ကစားသမားတွေအနေနဲ့ လစာလျော့ယူပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ အစိုးရက ဖိအားပေးနေတာပါ။ ကစားတွေက သူတို့ဟာ ချောင်ပိတ်ခံနေရတယ်လို့ ခံစားနေရပြီး ဒါဟာ ဆုိးကျိုးဖြစ်စေမှာဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်တစ်ခုတည်းကို ပစ်မှတ်ထားနေတာထက် အခြားလုပ်ငန်းတွေ၊ အားကစားသမားတွေကိုလည့် ထည့်သွင်းစဉ်စားသင့်ကြောင်း ဂေါ်ဒွန် တေလာက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကစားသမားတွေဟာ ယူကေ ကျန်းမာရေးဝန်ကြီးဌာနကို ထောက်ပံ့ဖို့အတွက် #PlayersTogether ခေါင်းစဉ်နဲ့ ရန်ပုံငွေရှာဖွေမှုလည်း ပြုလုပ်နေပါတယ်။

    လီဗာပူးလ်ကို ပရီးမီးယားလိဂ်ဖလားပေးရန် ဝက်ဖို့ဒ်နောက်ခံလူ တိုက်တွန်း

    ရာသီပြီးဆုံးဖို့ ၉ ပွဲကျန်ရှိနေချိန် အမှတ်ပေးဇယားကို ၂၅ မှတ်ဖြတ် ဦးဆောင်ထားတဲ့ လီဗာပူးလ်ကို ဖလားပေးပြီး အခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖျက်သိမ်းဖို့အတွက် ၀က်ဖို့ဒ်အသင်းနောက်ခံလူ ဂျိုဆေး ဟိုလီဘက်စ်က ပြောကြားလိုက်ပါတယ်။ Covid-19 ပြန့်နှံ့မှုကြောင့် ဥရောပ ဘောလုံးပြိုင်ပွဲတွေကို ရပ်ဆိုင်းထားရပြီး UEFA ကတော့ တစ်နည်းနည်းနဲ့ ပြိုင်တွေကို အဆုံးသတ်ချင်နေပေမယ့် ချန်ပီယံအဖြစ်သတ်မှတ်ရေး၊ တန်းဆင်းတန်းတက် ကိစ္စတွေအတွက် ရှင်းလင်းတဲ့ နည်းလမ်းမျိုး မရှိသေးပါဘူး။ ဂရိကစားသမား ဟိုလီဘတ်စ်က ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေ ပြသထားတဲ့ လီဗာပူးလ်အသင်းဟာ ချန်ပီယံဘွဲ့နဲ့ ထိုက်တန်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal, BBC

    #mmFootballNews