News @ M-Media

Author: Ko Lay

  • Covid-19 ကြောင့် ကမ္ဘာ့လူဦးရေ သန်း ၅၀၀ ခန့် ဆင်းရဲတွင်းထဲရောက်မည်

    Covid-19 ကြောင့် ကမ္ဘာ့လူဦးရေ သန်း ၅၀၀ ခန့် ဆင်းရဲတွင်းထဲရောက်မည်

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ စီးပွားရေး ကျဆင်းမှုကြောင့် ကမ္ဘာတစ်ဝှမ်း လူပေါင်း သန်း ၅၀၀ လောက်အထိ ဆင်းရဲတွင်းထဲ ရောက်နိုင်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Oxfam က​ ပြောကြားလိုက်ပြီး ထိခိုက်မှုအရှိဆုံးလူတွေကို ကူညီ ဖေးမပေးဖို့လည်း နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဩစတေးလျ အမျိုးသားတက္ကသိုလ် (ANU) နဲ့ လန်ဒန် Kings ကောလိပ်တို့က ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဆင်းရဲမွဲတေသူအရေအတွက်ဟာ လူပေါင်း သန်း ၄၀၀ ကနေ သန်း ၆၀၀ လောက် အထိ မြင့်တက်လာမယ်လို့ ဆိုပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝှမ်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် မြင့်တက်မှုလည်း ဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲရိုတ်ခက်မှုဟာ ၂၀၃၀ ခုနှစ်မှာ ဆင်းရဲမွဲတေသူပပျောက်ရေး ကုလရဲ့ စီမံကိန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ Oxfam ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကပ်ရောဂါ ပြီးဆုံးပြီးတဲ့နောက် ကမ္ဘာ့လူဦးရေ သန်း ၇၈၀၀ ရဲ့ ထက်ဝက်ကျော်လောက်ဟော ဆင်းရဲမွဲတွေမှုအောက်မှာ နေထိုင်ရမယ်လို့လည်း လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။ ဆင်းရဲတွင်းထဲ ရောက်သွားမယ့် သန်း ၅၀၀ လောက်မှာ ၄၀ ရာခိုင်နှုန်းဟာ အရှေ့အာရှနဲ့ ပစိတ်ဖိတ်ဒေသတွေတို့မှာ ဖြစ်လာမှာဖြစ်ပြီး၊ အာဖရိက ဆဟာရဒေသနဲ့ တောင်အာရှတို့မှာ သုံးပုံတစ်ပုံ ရှိမှာ ဖြစ်ပါတယ်။

    “ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူမှုဖူလှုံရေး အစီအမံတွေကို တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေက ညွှန်ပြနေပါတယ်။ နောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Covid ရဲ့ နောက်ဆက်တွဲကိစ္စတွေကို အာရုံစိုက်ဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီပေးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် စဉ်စားထားဖို့လည်း လိုပါတယ်” လို့ သုတေသနမှာ ပါဝင်ခဲ့တဲ့ Kings ကောလိပ်က ပရော်ဖက်ဆာ အန်ဒီ ဆွန်မ်နာက ပြောကြားခဲ့ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းက လူ ၄ ဘီလီယံလောက်ဟာ စီးပွားရေးနဲ့ ဝင်ငွေတွေမှာ ထိခိုက်ခဲ့ပြီး လူမှုဖူလှုံရေးလို အစိုးရရဲ့ ထောက်ပံ့ပံ့မှုတွေ မရကြဘူးလို့ Oxfam GB ရဲ့ အကြီးအကဲ ဒန်နီ ဆရစ် ကန်ဒါရာဂျာက ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ရိုဟင်ဂျာဒုက္ခသည်များရှိ ကော့ဆက်ဘဇားခရိုင်ကို ဘင်္ဂလားဒေ့ရှ်က တံခါးပိတ်

    ရိုဟင်ဂျာဒုက္ခသည်များရှိ ကော့ဆက်ဘဇားခရိုင်ကို ဘင်္ဂလားဒေ့ရှ်က တံခါးပိတ်

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    -ရိုဟင်ဂျာဒုက္ခသည် သိန်းချီရှိတဲ့ ရခိုင်ပြည်နယ်နဲ့ ကပ်နေတဲ့ ကော့ဆက်ဘဇားခရိုင်ကို ဘင်္ဂလားဒေ့ရှ်က မနေ့မှာ လုံး၀တံခါးပိတ်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို တားဆီးကာကွယ်ရေးအတွက် ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်မှု မရှိသေးပေမယ့် လူဦးရေပြွတ်သိပ်နေတဲ့ အဲဒီနေရာတွေဟာ ရောဂါပြန့်နှံ့ရာနေရာတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားတာပါ။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော်လောက် ဘင်္ဂလာဒေ့ရှး်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီမတိုင်ခင်ကလည်း မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပမ်းမှုတွေကြောင့် ရိုဟင်ဂျာ ၂ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ် နေထိုင်နေရတာ ဖြစ်ပါတယ်။

    ကော့ဆက်ဘဇားခရိုင်မှာမှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် လူဦးရေ ၃.၄ သန်းလောက် ရှိနေတာပါ။

    အခြေအနေတွေတိုးတက်တဲ့အထိ ခရိုင်အတွင်းကို မည်သူမှမဝင်ရ၊ မည်သူမှ မထွက်ရလို့ အစိုးရရဲ့ ညွှန်ကြားချက်မှာ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စောင့်ကြည့် ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

    ကုလရဲ့ ဒုက္ခသည်များ ကူညီထောက်ပံ့ရေးအဖွဲ့ UNHCR က တာဝန်ရှိသူ မဟ်ဘူးဘ် အလန် တာလွတ်က်ဒါက အကူအညီပေးရေး လုပ်သားတွေအပေါ်မှာပါ လှုပ်ရှားသွားလာမှု ကန့်သတ်ထားပြီး ဝန်ထမ်းအရေအတွက်ကို ၈၀ ရာခိုင်နှုန်းအထိ လျော့ချထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၂၀၀ ကျော်လာခဲ့ပြီး သေဆုံးသူက ၂၀ ရှိနေပါတယ်။

    Ref: CNA

  • Covid-19 ကူးစက်မှုနှုန်း မကျသေးတဲ့ အရှေ့တောင်အာရှ

    Covid-19 ကူးစက်မှုနှုန်း မကျသေးတဲ့ အရှေ့တောင်အာရှ

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    စင်ကာပူရှိ နိုင်ငံခြားသား အလုပ်သမားတန်းလျားတစ်ခု

    ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၂၁ ဦး ရှိလာ

    ဖိလစ်ပိုင်မှာ ဒီကနေ့ ဗိုင်းရပ်စ်ထပ်မံကူးစက်သူ ၁၁၉ ဦး သေဆုံးသူ ၁၈ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ၂၂၁ ဦး၊ ကူးစက်သူ ၄၁၉၅ ဦး ရှိလာတာပါ။ ပြန်လည်ကောင်းမွန်သူ အရေအတွက်က ၁၄၀ ရှိနေပါတယ်။ ဖိလစ်ပိုင်ဟာ လူနေထူထပ်ရာ လူဇွန်ကျွန်းမှာ လှုပ်ရှားသွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။

    ဂျကာတာတွင် အပြင်းထန်ဆုံး ကန့်သတ်မှု ပြလုပ်

    အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ဧပြီ ၁၀ ရက်နေ့ (ဒီကနေ့) ကစပြီး အတင်းကြပ်ဆုံး ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ လူ သန်း ၃၀ လောက်နေထိုင်တဲ့ ဂျကာတာဟာ ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု အမြင့်ဆုံးနေရာဖြစ်ပါတယ်။ ပြည်သူတွေကို အိမ်တွေမှာနေထိုင်ဖို့ တိုက်တွန်းထားသလို ဗလီတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကိုလည်း နောက်ထပ် ၂ ပတ်အထိ ပိတ်ခိုင်းထားပါတယ်။ အမိန့်ကို ချိုးဖောက်သူတွေကို ထောင်ဒဏ်တစ်နှစ် ဒါမှမဟုတ် ကြီးလေးတဲ့ဒဏ်ငွေ ချမှတ်မယ်လို့လည်း သတိပေးထားပါတယ်။ မနေ့ကအထိ ဗိုင်းရပ်ကူးစက်သူ ၃၂၃၉ ဦး၊ သေဆုံးသူ ၂၈၀ ဦး ရှိနေပါတယ်။

    အရှေ့တီမောတွင် ဒုတိယမြောက်ကူးစက်သူကို တွေ့ရှိ

    အရှေ့တီမောနိုင်ငံမှာ ဒုတိယမြောက် ကူးစက်နေသူ တွေ့ရတယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။ ကူးစက်သူဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်တီမောကို ခရီးသွားခဲ့သူပါ။ လူဦးရေ ၁.၃ သန်းရှိတဲ့ အရှေ့တီမောမှာ မတ်လ ၂၁ ရက်နေ့က ပထမဆုံးကူးစက်သူကို တွေ့ခဲ့ရပြီး အခုအချိန်မှာတော့ ဗိုင်းရပ်စ်ကင်းစင်သွားပြီ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံတွင်လည်း ကူးစက်မှု မြင့်တက်နေ

    ထိုင်းနိုင်ငံမှာ ဒီကနေ့ ထပ်မံကူးစက်သူ ၅၀ ဦး၊ သေဆုံးသူ ၁ ဦး ရှိခဲ့ပါတယ်။ ၂၇ ဦးဟာ အရင်ကူးစက်ထားသူတွေနဲ့ ဆက်စပ်နေပြီး ၃ ဦးက နိုင်ငံခြားကနေ ကူးစက်လာတာဖြစ်ပါတယ်။ အခြား ၈ ဦးရဲ့ ကူးစက်မှုကိုတော့ ဖော်ထုတ်နေဆဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၂၄၇၃ ဦး ရှိပြီး၊ သေဆုံးသူက ၃၃ ဦး ရှိပြီ ဖြစ်ပါတယ်။ ပြန်လည်ကောင်းမွန်သူအရေအတွက်ကတော့ ၁၀၁၃ ဦးရှိပါတယ်။

    စင်ကာပူရှိ နိုင်ငံခြားအလုပ်သမားတန်းလျားတွင် ဗိုင်းရပ်စ်ကူးစက်သူ ရာချီရှိနေ

    စင်ကာပူမှာ မနေ့က ကူးစက်သူဦးရေဟာ ၂၈၇ ဦးရှိခဲ့ပြီး ဒါဟာ တစ်နေ့တာကူးစက်မှု အမြင့်ဆုံးပမာဏလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း ကူးစက်သူ ၁၂၄ ဦးရှိခဲ့ပြီး ကူးစက်သူအများစုဟာ နိုင်ငံခြားအလုပ်သမားတွေနေထိုင်ရာ တန်းလျားတွေက ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစပေါင်း ကူးစက်မှုဟာ ၁၉၁၀ ဦး ရှိလာပြီး ၃၁၄ ဦးက ပြန်လည် သက်သာသွားပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ ၆ ဦး ရှိပါတယ်။ ကူးစက်မှုဖြစ်နေတဲ့ အလုပ်သမားတန်းလျားအပါအဝင် စုစုပေါင်း အလုပ်သမားတန်းလျား ၅ ခုကို စင်ကာပူက လှုပ်ရှားသွားလာမှု ကန့်သတ်ခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

    Ref : CNA, Aljazeera

    (စင်ကာပူရှိ နိုင်ငံခြားသား အလုပ်သမားတန်းလျားတစ်ခု)

  • မလေးရှားက ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဧပြီလ ၂၈ ရက်နေ့အထိ သက်တမ်းတိုး

    မလေးရှားက ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဧပြီလ ၂၈ ရက်နေ့အထိ သက်တမ်းတိုး

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    ဧပြီလ ၈ ရက်နေ့ မြို့တော် ကွာလာလမ်ပူ မြင်ကွင်း

    -တစ်နိုင်ငံလုံး ရွေ့လျားသွားလာမှု ကန့်သတ်မှုကို ဧပြီလ ၂၈ ရက်နေ့အထိ နောက်ထပ် ၂ ပတ် ထပ်မံ သက်တမ်းတိုးလိုက်တယ်လို့ မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    မလေးရှားဟာ မတ်လ အလယ်ပိုင်းကတည်းက နိုင်ငံကို တံခါးပိတ်ကာ ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားတာဖြစ်ပြီး မတ်လ နှောင်းပိုင်းက တစ်ကြိမ်၊ အခုတစ်ကြိမ် ၂ ကြိမ်တိုင်တိုင် ၂ ပတ်စီ သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

    ဝန်ကြီးချုပ် မုဟ်ယစ်ဒင်က တစ်ချို့နိုင်ငံတွေမှာ ဒီကန့်သတ်မိန့် အဆုံးသတ်ပြီးတဲ့နောက် ရောဂါ ပြန်လည်ကူးစက်တာတွေ ရှိနေတဲ့အတွက် စောစောစီးစီး မရုပ်သိမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ တိုက်တွန်းချက်အရ ဧပြီလ ၂၈ ရက်နေ့အထိ သက်တမ်းတိုးလိုက်တာ ဖြစ်တယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ဒီအခြေအ​နေအတွက် လအနည်းငယ်လောက် ကျွန်တော်တို့ ပြင်ဆင်ရမယ်။ ဒီကပ်ရောဂါကြီးကို ရာနှုန်းပြည့် ကျော်လွှားနိုင်ပြီဆိုတာ သေချာတဲ့အထိ ကန့်သတ်မှု ဆက်ရှိနိုင်ပါတယ်”

    ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကြောင့် ရောဂါကူးစက်မှု ကျဆင်းတာကို တွေ့ရပြီး WHO ရဲ့ ပျမ်းမျှတွက်ချက်မှု ၁၀ ရာခိုင်နှုန်းရဲ့အောက် ၇ ရာခိုင်နှုန်းသာ ရှိတယ်လို့လည်း မုဟ်ယစ်ဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သေဆုံးမှုအတွက် WHO ရဲ့ ပျမ်းမျှတွက်ချက်မှုက ၅.၈ ရာခိုင်နှုန်းဖြစ်ပြီး မလေးရှားမှာ သေဆုံးမှုဦးရေက ၁.၆ ရာခိုင်နှုန်းသာ ရှိပါတယ်။

    မလေးရှားမှာ ဧပြီလ ၉ ရက်နေ့အထိ ကူးစက်သူအရေအတွက် ၄၀၀၀ ကျော် သေဆုံးသူ ၆၀ ကျော် ရှိနေပါတယ်။

    Ref: CNA

  • အီတလီတွင် ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးသည့် ဆရာဝန်အရေအတွက် ၁၀၀ ရှိလာ

    အီတလီတွင် ကိုရိုနာဗိုင်းရပ် ကူးစက်သေဆုံးသည့် ဆရာဝန်အရေအတွက် ၁၀၀ ရှိလာ

    ဧပြီ ၁၀၊ ၂၀၂၀
    M-Media

    -ဖေဖော်ဝါရီလ Covid-19 စတင်ပြန့်နှံ့ကတည်းက လူနာတွေကို ကုသရင်း ကူးစက်သေဆုံးခဲ့တဲ့ ဆရာဝန်အရေအတွက်ဟာ ၁၀၀ လောက်ရှိသွားပြီလို့ အီတလီကျန်းမာရေးအသင်း FNOMCeO က မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    သေဆုံးသွားသူတွေထဲမှာ လွန်ခဲ့တဲ့ တစ်လလောက်က အစိုးရရဲ့ အကူအညီတောင်းမှုကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဆရာဝန်တွေလည်း ပါဝင်ပါတယ်။ အီတလီမီဒီယာတွေကတော့ သူနာပြုနဲ့ သူနာပြုအကူ ၃၀ လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အီတလီမှာ ဗိုင်းရပ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဧပြီ ၁၀ ရက်နေ့အထိ ၁၇၆၆၉ ဦး ရှိပြီဖြစ်ပါတယ်။

    FNOMCeO အဖွဲ့ရဲ့ ဥက္ကဌ ဖိလစ်ပို အနဲလ်လီက အသင်းဝင် ကျန်းမာရေးဝန်ထမ်းတွေ အကာအကွယ်မရှိဘဲ ကုသတာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူးလို့ အသင်းရဲ့ ဝဘ်ဆိုက်မှာ ပြောကြားခဲ့ပါတယ်။

    ရောမမြို့ခြေစိုက် ISS ကျန်းမာရေး အင်စတီကျုက အီတလီမှာ ရောဂါကူးစက်သူ အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကျန်းမာရေးလုပ်သားတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera