News @ M-Media

Author: Ko Lay

  • COVID-19 ကူးစက်သူများကို ဆော်ဒီက နိုင်ငံသား၊ နိုင်ငံခြားသားမရွေး ကုသပေးမည်

    COVID-19 ကူးစက်သူများကို ဆော်ဒီက နိုင်ငံသား၊ နိုင်ငံခြားသားမရွေး ကုသပေးမည်

    မတ် ၃၀၊ ၂၀၂၀
    M-Media

    ဆော်ဒီရှိ အစိုးရဆေးရုံတစ်ခု

    -နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူတွေကို နိုင်ငံသား၊ နိုင်ငံခြားသားမရွေး အခမဲ့ ပြုစုကုသပေးဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ်အဇစ်က ကျန်းမာရေးဝန်ကြီးဌာနကို ဒီကနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

    နိုင်ငံခြားသားတွေထဲမှာ တရားဝင်နေထိုင်သူဖြစ်စေ၊ တရား၀င်မဟုတ်သူဖြစ်စေ ကုသပေးဖို့လည်း ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီး သောင်ဖစ်က် အလ်-ရာဘီယာက ပြောကြားခဲ့ပါတယ်။ ဆော်ဒီအာရေဗျမှာ နိုင်ငံသားအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဟာ အခမဲ့ဖြစ်ပြီး ဘုရင်ဆလ်မန်ရဲ့ ဒီအမိန့်ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတဲ့ နိုင်ငံခြားသားတွေပါ အခမဲ့ ကုသနိုင်မှာ ဖြစ်ပါတယ်။

    ဝန်ကြီး အလ်-ရာဘီယာက ​ရောဂါလက္ခဏာ ပြသနေသူတွေအနေနဲ့ နီးစပ်ရာ​ ဆေးရုံဆေးခန်းတွေမှာ လာရောက်ပြသဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဆော်ဒီအာရေဗျဟာ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ထိပ်တန်း နိုင်ငံ ၃၀ ထဲမှာ ပါဝင်ပါတယ်။

    လက်ရှိ ဆော်ဒီမှာ COVID-19 ကူးစက်သူအရေအတွက်ဟာ ၁၄၅၃ ဦး ရှိပြီး သေဆုံးသူက ၈ ဦးရှိပါတယ်။ ပြန်ကောင်းလာသူကတော့ စုစုပေါင်း ၁၁၅ ဦး ရှိပါတယ်။ ဆော်ဒီအစိုးရဟာ နိုင်ငံတစ်ဝှမ်း လှုပ်ရှားသွားလာမှုကန့်သတ်တဲ့ အမိန့်လည်း ထုတ်ပြန်ထားပါတယ်။

    Ref: Alarabiya

  • Avigan တံဆိပ် တုပ်ကွေးဆေးကို COVID-19 ကုသဆေးအဖြစ် ဂျပန်က အတည်ပြုမည်

    Avigan တံဆိပ် တုပ်ကွေးဆေးကို COVID-19 ကုသဆေးအဖြစ် ဂျပန်က အတည်ပြုမည်

    မတ် ၃၀၊ ၂၀၂၀
    M-Media

    ဓာတ်ပုံ – ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

    -တုပ်ကွေးပျောက်ဆေး Avigan ကို ကိုရိုနာဗိုင်းရပ်စ် ကုသ​ဆေးအဖြစ် အတည်ပြုတော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ Fujifilm ကုမ္ပဏီက ထုတ်လုပ်ပြီး တုပ်ကွေးပျောက်စေဖို့ ရည်ရွယ်တဲ့ Avigan ဆေးဟာ COVID-19 ကုသရာမှာ ထိရောက်မှုရှိတယ်လို့ တရုတ်အစိုးရ ကျန်းမာရေးအာဏာပိုင်အဖွဲ့က မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    မတ်လ ၂၀ ရက်နေ့မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သူတို့အစိုးရဟာ ဂျပန်နိုင်ငံကနေ Avigan ဆေး သန်းနဲ့ချီတင်သွင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီတလီမှာလည်း ဒီဆေးကို စမ်းသပ်သုံးစွဲနေသလို၊ ထိုင်းနိုင်ငံက ဆေးရုံတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကုသရာမျာ အခြားဆေးဝါးတွေနဲ့အတူ ဒီဆေးကို အသုံးပြုနေပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက COVID-19 ကြောင့် ထိခိုက်လာတဲ့ စီးပွားရေးကို ကျားကန်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ၊ အခွန်လျှော့ပေါ့မှုတွေအပါအဝင် ပြောင်းလဲမှုအချို့ လုပ်ဆောင်သွားမယ်လို့ မနေ့ပြောကြားခဲ့ပါတယ်။

    မိမိတို့ဟာ ​အတိမ်းအစောင်းမခံတဲ့အခြေအနေတစ်ခုကို ရောက်ရှိနေပြီး ရေရှည်တိုက်ရမယ့် တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ လိုကြောင်း သူ့ရဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့သလို၊ Avigan ကို COVID-19 ကုသဆေးအဖြစ် အတည်ပြု သတ်မှတ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

    Ref: Nikkei Asian

  • အရှေ့တောင်အာရှနိုင်ငံတစ်ချို့တွင် COVID-19 ကူးစက်မှု မြင့်တက်

    အရှေ့တောင်အာရှနိုင်ငံတစ်ချို့တွင် COVID-19 ကူးစက်မှု မြင့်တက်

    မတ် ၂၉၊ ၂၀၂၀
    M-Media

    ဂျာကာတာမြို့တွင် ဆေးဖြန်းနေမှု

    မလေးရှားတွင် တစ်ရက်တာသေဆုံးမှု စံချိန်တင်

    မလေးရှားနိုင်ငံမှာ COVID-19 ကြောင့် ဒီကနေ့ ၇ ဦးသေဆုံးခဲ့ပြီး ဒါဟာ တစ်ရက်အတွင်း စံချိန်တင်သေဆုံးမှု ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၃၄ ဦးအထိ ရှိလာပါပြီ ထပ်မံကူးစက်သူအရေအတွက်က ၁၅၀ ရှိခဲ့တာကြောင့် ၂၄၇၀ အထိ ရောက်လာတာ ဖြစ်ပါတယ်။ ပြန်လည်သက်သာသူကတော့ ၃၈၈ ဦး ရှိပါတယ်။

    ကူးစက်သူ ရုတ်တရက်မြင့်တက်လာသည့် အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ လူ ၁၃၀ ထပ်မံကူးစက်ခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက် ၁၂၈၅ ဦးအထိ ရှိလာတာပါ။ မြို့တော် ဂျကာတာရဲ့ အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ်အခြေအနေ ကြေငြာထားမှုကို နောက်ထပ် ၂ ပတ်သက်တမ်းတိုးမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ သန်းရာနဲ့ချီတဲ့ အင်ဒိုနီးရှားပြည်သူတွေဟာ ရမ်ဇာန်ဥပုသ်လအကုန်မှာ ဇာတိရပ်ရွာပြန်ကာ ဝါကျွတ်အီဒ်းပွဲတော် ဆင်နွှဲတဲ့ ဓလေ့ရှိပြီး အစိုးရက ဒီဓလေ့ကို ဒီနှစ်မှာ ပိတ်ပင်ဖို့ စီစဉ်နေပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူက ၁၀၂ ဦး ရှိလာပြီဖြစ်ပါတယ်။

    COVID-19 ပြန့်နှံ့သည်ဆိုသည့်သတင့်ကြောင်း ထိုင်းနိုင်ငံတွင် ထောင်ဆူ

    ထိုင်းနိုင်ငံမှာတော့ ဒီကနေ့အထိ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၁၃၃၈ ဦး ရှိလာပြီဖြစ်ပါတယ်။ ဒီကနေ့တစ်နေ့တည်း ၁၄၃ ဦးကူးစက်ခဲ့တာပါ။ သေဆုံးသူက စုစုပေါင်း ၇ ဦး ရှိနေပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်က အကျဉ်းထောင်တစ်ခုမှာလည်း COVID-19 ပြန့်နှံ့နေတယ်ဆိုတဲ့သတင်းကြောင့် ဒီကနေ့မှာ ထောင်ဆူကာ၊ အကျဉ်းသားတစ်ချို့ ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။

    Ref: CNA

  • စပိန်တော်ဝင်မင်းသမီးတစ်ပါး COVID-19 ကြောင့် ကွယ်လွန်

    စပိန်တော်ဝင်မင်းသမီးတစ်ပါး COVID-19 ကြောင့် ကွယ်လွန်

    မတ် ၂၉၊ ၂၀၂၀
    M-Media

    မင်းသမီး မာရီယာထရီဇာ

    -စပိန်ဘုရင် ဖိလစ် ၄ ရဲ့ ညီမဝမ်းကွဲဖြစ်တဲ့ အသက် ၈၆ နှစ်အရွယ် မင်းသမီး မာရီယာထရီဇာဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်လ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

    ဒါဟာ ကမ္ဘာတစ်ဝှမ်း ပြန့်နှံနေတဲ့ ဒီဗိုင်းရပ်စ်ကြောင့် တော်ဝင်အသိုင်းအဝိုင်းက ပထမဆုံး သေဆုံးမှုပါ။ မာရီယာသေဆုံးမှုကို အစ်ကိုဖြစ်သူ ဆစ်တို အန်ရီကေးက ဆိုရှယ်မီဒီယာကနေတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

    ဈာပနအခမ်းအနားကို မတ်လ ၂၇ ရက် သောကြာနေ့က မြို့တော်မက်ဒရစ်မှာ ကျင်းပခဲ့ပါတယ်။

    မင်းသမီး မာရီယာဟာ တိုးတက်တဲ့အမြင်ရှိသူဖြစ်ပြီး၊ ထက်မြက်တာကြောင့် ‘အနီရောင်မင်းသမီး’ လို့လည်း အမည်တွင်ပါတယ်။

    Ref: The Economic

  • COVID-19 ကြောင့် စပိန်တွင် တစ်ရက်တည်း လူ ၈၀၀ သေဆုံး

    COVID-19 ကြောင့် စပိန်တွင် တစ်ရက်တည်း လူ ၈၀၀ သေဆုံး

    မတ် ၂၉၊ ၂၀၂၀
    M-Media

    -စပိန်နိုင်ငံမှာ မနေ့ကတစ်နေ့တည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၈၃၈ ဦးသေဆုံးခဲ့ပြီး တစ်ရက်တာအတွင်း အများဆုံးသေဆုံးမှုဖြစ်ပါတယ်။

    သေဆုံးသူစုစုပေါင်းဟာ ၆၅၂၈ ဦး ရှိလာပြီး အီတလီပြီးတဲ့နောက် ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့နိုင်ငံ ဖြစ်လာတာပါ။ ကူးစက်သူအရေအတွက်ကတော့ ၇၈၇၉၇ ဦး ရှိနေပါတယ်။

    စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က လှုပ်ရှားသွားလာမှု ကန့်သတ်ထားတာကို ပိုမိုတင်းကြပ်သွားမယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကန့်သတ်မှုဟာ ဧပြီလ ၉ ရက်နေ့အထိ သက်တမ်းရှိမှာဖြစ်ပါတယ်။

    Ref: Aljazeera, The Star