News @ M-Media

Author: Ko Lay

  • ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယက တိုင်းပြည်ကို ၃ ပတ်ကြာ တံခါးပိတ်

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယက တိုင်းပြည်ကို ၃ ပတ်ကြာ တံခါးပိတ်

    မတ် ၂၅၊ ၂၀၂၀
    M-Media

    -COVID-19 ပြန့်နှံ့မယ့်အန္တရာယ်ကို စိုးရိမ်ရတာကြောင့် မတ်လ ၂၅ ရက်နေ့ကစပြီး နိုင်ငံကို ၂၁ ရက်ကြာ တံခါးပိတ်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    အိန္ဒိယနိုင်ငံမှာ လူဦးရေ သန်း ၁၃၀၀ ကျော် ရှိနေတာပါ။ နိုင်ငံကို တံခါးပိတ်မှာကြောင့် ​ကျောင်းတွေ၊ ရုံးတွေ၊ စျေးဆိုင်တွေအားလုံး ပိတ်ရတော့မှာ ဖြစ်သလို၊ လူစုလူဝေးလုပ်တာကို တားမြစ်တာ၊ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တာတွေလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    ဝန်ကြီးချုပ် မိုဒီက ဒီလိုသာ ၂၁ ရက် တံခါးပိတ်တာမျိုး မဆောင်ရွက်ရင် တိုင်ပြည်ဟာနောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ပြန်ရောက်သွားမယ်လို့ မနေ့က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယမှာ လက်ရှိ ကူးစက်သူ ၄၈၂ ဦးတွေ့ရှိထားပြီး သေဆုံးသူ ၉ ဦး ရှိနေပါတယ်။ ကျွမ်းကျင်သူတွေကတော့ အိန္ဒိယပြည်သူ ၁ သန်းကျော်လောက် ကူးစက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တိုင်းပြည်ကို တံခါးပိတ်လိုက်တာကြောင့် အခြေခံစားသောက်ကုန်တွေ အလုအယက်ဝယ်ကြတာတွေလည်း နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပေါ်နေပါတယ်။

    Ref: CNA

  • ဗြိတိသျှအိမ်ရှေ့မင်းသား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရ

    ဗြိတိသျှအိမ်ရှေ့မင်းသား ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရ

    မတ် ၂၅၊ ၂၀၂၀
    M-Media

    -ဗြိတိန်အိမ်ရှေ့စံ ချားလ်စ်မင်းသားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်လို့ အိမ်ရှေ့စံအိမ်တော်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    အသက် ၇၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဝေးလ်မြို့စားဟာ အဲလိဇဘက်ဘုရင်မကြီးရဲ့ သားတော်ဖြစ်ပြီး ထီးမွေနန်းလျာကို ဆက်ခံရမယ့်သူပါ။ လက်ရှိမှာ မင်းသားရော၊ ကြင်ယာ​တော် ကမီလာပါ သီးခြားနေထိုင်နေပါတယ်။ မင်းသားဟာ ရောဂါလက္ခဏာ အနည်းငယ်သာပြသပြီး ကျန်းကျန်းမာမာရှိ​နေကာ ကြင်ယာတော်မှာတော့ ဗိုင်းရပ်စ်ပိုး မတွေ့ရဘူးလို့ အိမ်ရှေ့စံအိမ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    ​အဲလိဇဘက်ဘုရင်မကြီးဟာ ချားလ်စ်မင်းသားကို နောက်ဆုံး မတ်လ ၁၂ ရက်နေ့မှာ တွေ့ခဲ့ပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေ ကောင်းနေတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။ ဘုရင်မကြီးဟာ သူ့ရဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့ အကြံဉာဏ်တွေကို နားထောင်လိုက်နာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း ချားလ်စ်မင်းသားဟာ လူတော်တော်များများနဲ့ တွေ့ဆုံခဲ့တာကြောင့် ဘယ်သူ့ထံကနေ ကူးစက်သလဲဆိုတာ အတိအကျပြောလို့မရကြောင်း ဗြိတိန် အမျိုးသား ကျန်းမာရေးဌာနက ပြောပါတယ်။ မင်းသားဟာ မတ်လ ၁၂ ရက်နေ့မှာ နောက်ဆုံး လူမြင်ကွင်းထွက်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း အိမ်ကနေ အလုပ်လုပ်ဆောင်တာပါ။

    Ref: BBC



  • ၃ ဒေါ်လာသာကျသင့်မည့် COVID19 စမ်းသပ်ကိရိယာကို ဘင်္ဂါလီသိပ္ပံပညာရှင်များ တီထွင်

    ၃ ဒေါ်လာသာကျသင့်မည့် COVID19 စမ်းသပ်ကိရိယာကို ဘင်္ဂါလီသိပ္ပံပညာရှင်များ တီထွင်

    မတ် ၂၄၊ ၂၀၂၀
    M-Media

    -အမေရိကန် ဒေါ်လာ ၃ ဒေါ်လာသာ ကျသင့်မယ့် COVID-19 စမ်းသပ်ကိရိယာတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သိပ္ပံပညာရှင်အဖွဲ့တစ်ခုက တီထွင်လိုက်ပြီး ၁၅ မိနစ်အတွင်း ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိကို စမ်းသပ်နိုင်တယ်လို့ ဆိုပါတယ်။

    Gonoshasthaya-RNA Biotech Limited ကုမ္ပဏီက ထုတ်လုပ်ပြီး ‘dot blot test’ လို့ အမည်ပေးထားတဲ့ အဲဒီ စမ်းသပ်ရိယာဟာ ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံစွမ်းအားကနေထုတ်ပေးတဲ့ ပဋိပစ္စည်းကို အခြေခံကာ ဗိုင်းရပ်စ် ရှိ၊ မရှိကို ဖော်ထုတ်ပေးတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကို တိုက်ရိုက်စစ်ဆေးတာမဟုတ်တဲ့အတွက် ရလဒ်ပိုင်းဆိုင်ရာမှာ အမှားအယွင်းရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဒီလို ကိရိယာမျိုးကို ဇန်နဝါရီလမှာ တရုတ်သိပ္ပံပညာရှင်တွေက တီထွင်ခဲ့ဖူးပြီး ဩစတေးလျအစိုးရက ပြည်တွင်းကုမ္ပဏီတွေကို တင်သွင်းဖို့ ခွင့်ပြုခဲ့ပါတယ်။

    လက်ရှိ COVID-19 စမ်းသပ်မှုနည်းလမ်းကို RT-PCR လို့ခေါ်ဆိုပြီး ဗိုင်းရပ်စ်ရဲ့ ဗီဇကို တိုက်ရိုက် စမ်းသပ်ဖော်ထုတ်တာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ စျေးကြီးသလို ရလဒ်သိရဖို့လည်း အချိန်ကြာမြင့်ပါတယ်။

    ‘dot blot test’ လို ကိရိယာမျိုးဟာ ဗိုင်းရပ်စ်အမှန်တကယ်ကူးစက်နေသူမှာ ဗိုင်းရပ်မရှိဘူးဆိုတဲ့အဖြေမျိုး (false-negative) နဲ့ ဗိုင်းရပ်စ်မရှိသူမှာ ရှိနေတယ်ဆိုတဲ့အဖြေမျိုး(false-positive) ထွက်လာနိုင်ပါတယ်။ false-negative အဖြေမျိုးထွက်လာရင် ဗိုင်းရပ်စ်ရှိနေတာကို မသိတဲ့အတွက် ကြိုတင်ကာကွယ်မှုမျိုး မလုပ်နိုင်တာကြောင့် အလွန်အန္တရာယ်ကြီးတဲ့ အနေအထား ဖြစ်ပါတယ်။

    သု​တေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဘီဂျွန် ကူးမားရ် ဆီလ်က ဗိုင်းရပ်စ်ဝင်ပြီး ၃ ရက်ကျော်လောက်ကြာမှ ကိုယ်ခံစွမ်းအားက ပဋိပစ္စည်းထုတ်တာကြောင့် သူတို့တီထွင်ထားတဲ့ dot blot test ကိရိယာကို ဒီမတိုင်ခင် အသုံးပြုမယ်ဆိုရင်တော့ false-negative ရလဒ် ထွက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ကျန်းမာရေးစနစ် အလွန်အားနည်းပြီး စမ်းသပ်ပစ္စည်း မလုံမလောက်ဖြစ်နေတဲ့ ဘင်္ဂလာဒေ့ရှ်လို နိုင်ငံမျိုးမှာ သူတို့ရဲ့တီထွင်မှုက အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ တတ်နိုင်သမျှ ​စျေးပေါအောင်လည်း စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီစမ်းသပ်ကိရိယာ ပိုမိုတိကျနိုင်အောင် နေ့ရောညပါ ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    “လက်ရှိအနေအထားဟာ စစ်ပွဲလိုအခြေအနေနဲ့ မခြားဘူးဆိုတာ နားလည်ထားဖို့လိုတယ်။ နောက်ထပ် သီတင်းပတ်အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အုံလိုက်ကျင်းလိုက် များလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စျေးကြီးပြီး အချိန်ပေးရတဲ့ RT-PCR နည်းလမ်းနဲ့ လူတိုင်းကို စစ်ဆေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိရိယာက ၁၅ မိနစ်အတွင်း အဖြေရမှာပါ။ ကူးစက်မှု ၉၀ ရာခိုင်နှုန်းလောက်အတွက် အလုပ်ဖြစ်မယ်လို့ ကျွန်တော်ပြောလိုပါတယ်”

    ဘင်္ဂလာဒေ့ရှ်အစိုးရရဲ့ ဆေးဝါးကွပ်ကဲရေးဌာန DGDA က ဒီကိရိယာကို အမြောက်အများ ထုတ်လုပ်ဖို့အတွက် ကြာသာပတေးနေ့မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    မတ် ၂၃၊ ၂၀၂၀
    M-Media

    COVID-19 တိုက်ဖျက်ရေး စူပါကွန်ပျူတာကွန်ယက်တစ်ခုကို ဖန်တီးအသုံးပြုမည်

    လက်ရှိ ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းမှာ သုတေသနပညာရှင်တွေ စူပါကွန်ပျူတာစွမ်းအားကို ပိုမိုအသုံးချနိုင်ရေး ကမ္ဘာကျော် ကွန်ပျူတာကုမ္ပဏီ IBM နဲ့ အိမ်ဖြူတော်တို့ ပူးပေါင်းကာ High Performance Computing Consortium အမည်နဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။

    IBM ကုမ္ပဏီ၊ အမေရိကန် အမျိုးသားစာကြည့်တိုက်တွေ၊ တက္ကသိုလ်တွေ၊ Amazon၊ Google၊ မိုက်ခရိုဆော့ဖ်နဲ့ အခြားရင်းမြစ်တွေက စူပါကွန်ပျူတာစနစ် ၁၆ ခုကို ချိတ်ဆက်အသုံးပြုမယ့် အစီအစဉ်ပါ။ ပညာရှင်တွေဟာ ဒီကွန်ယက်ရဲ့ စွမ်းအားကို အသုံးချပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး သုတေသနလုပ်ငန်းတွေကို ပိုမိုလျင်လျင်မြန်မြန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    လိုအပ်တဲ့ နည်းပညာအကူအညီပေးနိုင်ဖို့နဲ့ ကွန်ယက်ကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အတွက် ထိပ်တန်းကွန်ပျူတာပညာရှင်အဖွဲ့တစ်ခုလည်း ဒီအစီအစဉ်မှာ ပါဝင်မှာ ဖြစ်ပါတယ်။ ရိုးရိုးကွန်ပျူတာတွေ နှစ်ချီဆောင်ရွက်ရတဲ့ ပရောဂျက်တွေကို စူပါကွန်ပျူတာတွေက ရက်အနည်းငယ်နဲ့ လုပ်ပေးနိုင်သလို ကူးစက်ရောဂါဗေဒလို နယ်ပယ်မျိုးမှာ အပြင်ကအနေအခြေနေနဲ့မခြား စူပါကွန်ပျူတာတွေပေါ်မှာ သုတေသန လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

    ယူကေမှ တီထွင်လိုက်သည့် စက်တစ်ခုကြောင့် နှလုံးအစားထိုးနိုင်မှု ၄ ဆအထိ မြင့်တက်တော့မည်

    ယူကေက Royal Papworth ဆေးရုံဟာ နှလုံးနဲ့ အဆုတ်ထဲကို သွေးလှည့်ပတ်အောင် လုပ်နိုင်တဲ့ စက်တစ်ခု တီထွင်လိုက်ပြီး၊ ဒီစက်ကြောင့် နှလုံးနဲ့ အဆုတ် အစားထိုးကုသနိုင်မှုပမာဏဟာ ၄ ဆအထိ မြင့်တက်လာနိုင်မယ်လို့ ဆိုပါတယ်။

    နှလုံးနဲ့ အဆုတ် အစားထိုးကုသမှုကို များသေားအားဖြင့် ဦးနှောက်သေတဲ့ လူနာတွေထံကနေ ရယူလုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုစက်ကြောင့် နှလုံးရပ်တန့်သေဆုံးတဲ့သူတွေထံကနေပါ ရယူကုသနိုင်တော့မှာပါ။

    ဆေးရုံရဲ့ ခွဲစိပ်ဆရာဝန် ဒေါက်တာ ပက်ဒရို ကာတာရီနိုက ဦးနှောက်သေဆုံးတဲ့ လူနာတွေထံကနေ နှလုံးထုတ်ယူကာ အစားထိုးကုသဖို့အတွက် အချိန် ၄ နာရီရကြောင်း၊ နှလုံးရပ်သွားသေဆုံးရင်တော့ သွေးလှည့်ပတ်မှုရပ်ကာ ကိုယ်တွင်းအင်္ဂါတွေ အမြန်ပျက်ဆီးတတ်တဲ့အတွက် နာရီဝက်သာ အချိန်ရကြောင်း၊ အခုစက်က နှလုံးနဲ့ အဆုတ်တွေကို မူလအတိုင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်တာ​ကြောင့် ​အစားထိုးဖို့ စောင့်နေကြတဲ့လူနာတွေ အသက်ဆုံးရှုံးမှုကို လျော့ကျစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Royal Papworth ဆေးရုံဟာ မကြာသေးခင်ကပဲ ဒီစက်နဲ့ လူနာတစ်ဦးကို ပထမဆုံး နှလုံးနဲ့ အဆုတ် အစားထိုးကုသပေးခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အဆိပ်ဓာတ်ငွေ့ထုတ်လွှတ်မှု စံချိန်တင် ကျဆင်း

    လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေတဲ့ကာလအတွင်း ကမ္ဘာပေါ်က အချို့ဒေသတွေနဲ့ မြို့တွေမှာ လေထုညစ်ညမ်းမှုတွေ သိသိသာသာ လျော့ကျသွားတယ်လို့ နယူးယောက်အခြေစိုက် သုတေသန ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    ကားတွေကနေ ထုတ်လွှတ်တဲ့ ကာဘွန်မိုနောက်ဆိုက်တွေဟာ မနှစ်က ဒီလိုအချိန်နဲ့ယှဉ်ရင် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို၊ ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကလည်း သိသိသာသာကို လျော့ကျသွားခဲ့ပါတယ်။

    ဗိုင်းရပ်စ် အဓိကပြန့်နှံရာ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း စွမ်းအင်သုံးစွဲမှုနဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုဟာ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။ ကားတွေ၊ စက်ရုံတွေကြောင့်ထွက်လာတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ပမာဏကတော့ တရုတ်နဲ့ အီတလီတို့မှာ စံချိန်တင် လျော့ကျသွားခဲ့ပါတယ်။

    ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်သွားတဲ့အခါ လေထုညစ်ညမ်းမှု ပြန်လည်ဖြစ်လာလိမ့်မယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

    Ref: BBC, CNN

  • ပြည်သူကိုကူညီရင်း သေရမည်ကို မကြောက်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပြော

    ပြည်သူကိုကူညီရင်း သေရမည်ကို မကြောက်ဟု ဖိလစ်ပိုင်လက်ဝှေ့ကျော် ပြော

    မတ် ၂၃၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ပြည်သူတွေကို ကူညီရင်း သေရမှာ မကြောက်ဘူးလို့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုက ပြောကြားလိုက်ပါတယ်။

    ဖိလစ်ပိုင်မှာ လက်ရှိ ရောဂါကူးစက်သူအရေအတွက် ၄၆၂ ဦးရှိပြီး သေဆုံးသူက ၃၃ ဦး ရှိနေပါတယ်။

    ၂၀၁၀ ခုနှစ်ကတည်းက နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပြီး လွှတ်တော်အမတ်ဖြစ်လာတဲ့ ပက်ကွီအိုက ခေါင်းဆောင်ဆိုတာ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ခေါင်းဆောင်ဖြစ်ပြီဆိုရင် ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ရမယ်။ ပြည်သူတွေကိုဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိကြောင်း ပြရမယ်။ ကျွန်တော်ဟာ ဆင်းရဲတဲ့ဘ၀ကနေ လာတာကြောင့် သူတို့ ဘယ်လိုခံစားနေရလဲဆိုတာ သိရပါတယ်”

    ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့​မှုကြောင့် အခြေခံစားသောက်ကုန်တွေ ရှားပါးပြီး လုယက်မှုတွေဖြစ်မှာကို စိုးရိမ်တယ်လို့လည်း ပက်ကွီအိုက ဆိုပါတယ်။

    နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရှေ့ကနေ ပါဝင်လုပ်ဆောင်နေကြသူတွေအတွက် နှာခေါင်းစည်း ၆ သိန်း လှူဒါန်းထားပြီး အလီဘာဘာပိုရှင် ဘီလီယံနာ ဂျက်မာနဲ့ပူးပေါင်း COVID-19 စမ်းသပ်ကိရိယာ အခုရေ ၅ သောင်းကိုလည်း လှူဒါန်းထားပါတယ်။

    ပြည်သူတွေ အကြောက်တရားပြေအောင် မြေပြင်အထိ သွားရောက်ဆောင်ရွက်နေတဲ့ ပက်ကွီအိုက ပြည်သူလူထုအတွက် တတ်နိုင်သလောက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီလိုလုပ်ဆောင်လို့ သေဆုံးရမှာကို မကြောက်ဘူးလို့လည်း ဆိုပါတယ်။

    Ref: Insider