News @ M-Media

Author: Ko Lay

  • အိန္ဒိယတွင် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံး

    အိန္ဒိယတွင် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံး

    မတ် ၂၈၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကွယ်လွန်ပြီးတဲ့နောက် အနည်းဆုံး လူတစ်သောင်းခွဲလောက်ကို အိန္ဒိယက ရောဂါ​ခြေချုပ်ချကာ သီးခြားခွဲထား စောင့်ကြည့်နေပါတယ်။

    အသက် ၇၀ အရွယ် ဆစ်ခ်ဘုန်းကြီး ဘာလ်ဒက်ဗ်ဆင်းဟာ ဗိုင်းရပ်စ်ပြန့်နှံ့ရာ အီတလီနဲ့ ဂျာမနီနိုင်ငံတို့ကနေ ​မကြာသေးမီက ပြန်လာခဲ့သူပါ။ အစိုးရက ​သီးခြားနေထိုင်ဖို့ ညွှန်ကြားမှုကို ဆင်းနဲ့ အနီးကပ်လူယုံ ၂ ဦးတို့က နားမထောင်ဘဲ ပန်ဂျပ်ပြည်နယ်က ရွာတွေကို လှည့်လည်ပြီး တရားဟောခဲ့ပါတယ်။

    အဲဒီခရီးစဉ်အတွင်းမှာပဲ ဆင်းဟာ နေထိုင်မကောင်းဖြစ်ကာ ကွယ်လွန်ခဲ့တာပါ။ ဆင်းနဲ့ ဆက်နွယ်ပတ်သက်ခဲ့သူ ၁၉ ဦးမှာလည်း ဗိုင်းရပ်စ်ရှိနေကြောင်း တွေ့ခဲ့ရပြီး နောက်ထပ် ၂၀၀ ကျော်ကိုလည်း စစ်ဆေးထားပါတယ်။ ​ဆင်းသွားခဲ့တဲ့ ရွာ ၁၅ ရွာကို အာဏာပိုင်တွေက လက်ရှိမှာ ပိတ်ထားပြီး လူပေါင်း ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြားလောက်ကို စောင့်ကြည့်နေပါတယ်။

    အိန္ဒိယဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကစလို့ နိုင်ငံကို ၃ ပတ်ကြာ တံခါးပိတ်ခဲ့ပြီး၊ ပြည်သူတွေ လှုပ်ရှားသွားလာမှုကိုလည်း ကန့်သတ်ထားပါတယ်။ နိုင်ငံအတွင်း ကူးစက်သူအရေအတွက်ဟာ ၉၁၈ ဦးရှိပြီး သေဆုံးသူက ၂၀ ရှိနေပါတယ်။

    Ref: Aljazeera

  • COVID-19 ကြောင့် အီတလီတွင် သေဆုံးသူ ၉၀၀၀ ကျော်ပြီ

    COVID-19 ကြောင့် အီတလီတွင် သေဆုံးသူ ၉၀၀၀ ကျော်ပြီ

    မတ် ၂၈၊ ၂၀၂၀
    M-Media


    • အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့ကတစ်ရက်တည်း သေဆုံးသူ ၉၁၉ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၉၁၃၄ ဦး ရှိလာပြီ​ ဖြစ်ပါတယ်။

    အစိုးရကျန်းမာရေးဌာန တာဝန်ရှိသူ ဆီလ်ဗီယို ဘရူဆာဖာရိုက လက်ရှိခြေအနေဟာ အဆိုးဆုံးအဆင့်ကို မရောက်သေးဘဲ ဒီအန္တရာယ်ကို မဖြတ်ကျော်နိုင်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ​ပေမယ့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုနှုန်း လျော့ကျခဲ့တယ်လို့ သူက ဆိုပါတယ်။

    အီတလီမှာ တစ်နိုင်ငံလုံး လှုပ်ရှားသွားလာမှုကို ကန့်သတ်ထားပြီး ဧပြီလ ၃ ရက်နေ့ သက်တမ်းကုန်မယ့် အဲဒီအမိန့်ကို ဆက်လက် သက်တမ်းတိုးဖို့လည်း ရှိနေပါတယ်။

    မနေ့က အီတလီမှာ ကူးစက်သူအရေအတွက်ဟာ ၅၉၅၉ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၈၆၄၉၈ ဦး ရှိလာတာ ဖြစ်ပါတယ်။ အီတလီဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: CNA

  • တမီလ်လူမျိုးများအား လည်လှီးသတ်ဖြတ်ခဲ့သည့် စစ်ဖက်အရာရှိကို သီရိလင်္ကာက လွတ်ငြိမ်းချမ်းသာခွင့်ပေး

    တမီလ်လူမျိုးများအား လည်လှီးသတ်ဖြတ်ခဲ့သည့် စစ်ဖက်အရာရှိကို သီရိလင်္ကာက လွတ်ငြိမ်းချမ်းသာခွင့်ပေး

    မတ် ၂၇၊ ၂၀၂၀
    M-Media

    တမီလ်လူမျိုးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် တပ်ကြပ်ကြီး
    ဆူနီးလ် ရတ္တနာယာကီ (လယ်)

    -တမီလ်လူမျိုး အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် သေဒဏ်ကျနေတဲ့ စစ်တပ်အရာရှိတစ်ဦးကို သီရိလင်္ကာသမ္မတက မနေ့မှာ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီလုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။

    လွတ်မြောက်လာသူဟာ တပ်ကြပ်ကြီး ဆူနီးလ် ရတ္တနာယာကီဖြစ်ပြီး နိုင်ငံမြောက်ပိုင်းက ရွာတစ်ရွာမှာ ၂၀၀၀ ခုနှစ်က တမီလ်လူမျိုး ၈ ဦးကို လည်လှီးသတ်ဖြတ်ပြီး အလောင်းတွေကို အိမ်သာကျင်းထဲ ပစ်ချ ဖျောက်ဖျက်ခဲ့သူပါ။ သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၅ နှစ်အရွယ် အပါအဝင် ကလေးငယ် ၄ ဦး ပါဝင်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဒီသတ်ဖြတ်မှုဟာ ‘မီရူဆူဗီလ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု’ လို့ နာမည်ကျော်ပါတယ်။

    ၁၃ နှစ်ကြာ စစ်ဆေးပြီးခဲ့တဲ့နောက် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တရားရုံးချုပ်က ဆူနီးလ်ကို ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အယူခံဝင်ခဲ့ပေမယ့်လည်း တရားရုံးချုပ်က ထပ်မံပယ်ချခဲ့ပါတယ်။

    ဒီလိုအရေးယူမှုဟာ ဆယ်စုနှစ်ချီကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်မှာ သီရိလင်္ကာစစ်တပ်ရဲ့ ကျူးလွန်မှုနဲ့ပတ်သက်ပြီး ရှားပါးတဲ့ အရေးယူမှု ဖြစ်ပါတယ်။

    ဒါပေမယ့် လက်ရှိသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ဆူနီးလ်ကို လွှတ်ပေးဖို့အတွက် တရားရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့တဲ့လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ​ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    အငြိမ်းစား စစ်တပ်အရာရှိဟောင်းဖြစ်တဲ့ ဂိုတာဘာယာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အာဏာရခဲ့တာပြီး အစ်ကိုဖြစ်သူ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

    မာဟင်ဒါသမ္မတဖြစ်စဉ်က ဂိုတာဘာယာဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၃၇ နှစ်တာ ကြာမြင့်ခဲ့တဲ့ တမီလ်ခွဲထွက်ရေးလှုပ်ရှားမှုကို နှိမ်နှင်းခဲ့ပါတယ်။ နောက်ဆုံးအဆင့် နှိမ်နှင်းမှုအတွင်း သီရိလင်္ကာစစ်တပ်ဟာ တမီလ်လူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ပြီး တမီလ်အရပ်သား အနည်းဆုံး ၄ သောင်းလောက်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

    သေဒဏ်ချမှတ်ခံထားရတဲ့ စစ်သားဟောင်းတစ်ယောက်ကို ဂိုတာဘာယာက အခုလို လွှတ်ပေးမှုအတွက် လူ့ခွင့်အရေးအဖွဲ့ Amnesty International က ရှုတ်ချလိုက်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်​တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 ကူးစက်သူအရေအတွက် သန်းဝက်ကျော်ပြီ

    COVID-19 ကူးစက်သူအရေအတွက် သန်းဝက်ကျော်ပြီ

    မတ် ၂၇၊ ၂၀၂၀
    M-Media

    မတ်လ ၂၇ ရက်နေ့အထိ နိုင်ငံအလိုက် ကူးစက်မှုအနေအထား

    -ကမ္ဘာပေါ်မှာ COVID-19 ကူးစက်သူ အရေအတွက်ဟာ သန်းဝက်ကျော် ၅၃၁၀၀၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ၈၆၀၀၀ လောက်ရှိနေပြီး ဒါဟာ နိုင်ငံအလိုက် အများဆုံးပါ။

    ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၂၄၀၅၄ ဦးရှိနေပြီး ပြန်လည်ကောင်းမွန်သူအရေအတွက်ကတော့ ၁၂၂၀၀၀ကျော် ရှိနေပါတယ်။ သေဆုံးမှုနှုန်းအမြင့်ဆုံးက အီတလီနိုင်ငံဖြစ်ပြီး စုစုပေါင်း ၈၂၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

    ကူးစက်မှု ဒုတိယအများဆုံးက တရုတ်ဖြစ်ပြီး ၈၁၇၈၂ ဦး ရှိနေတာပါ။ အီတလီက ကူးစက်မှုမှာ တတိယနေရာလိုက်နေပြီး ၈၀၅၈၉ ဦး ရှိပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေဟာ လှုပ်ရှားသွားလာမှုကန့်သတ်တာ၊ နယ်စပ်တွေပိတ်တာ၊ နိုင်ငံကို တံခါးပိတ်တာတွေ တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။

    Ref: Aljazeera

  • COVID-19 နဲ့ အရှေ့တောင်အာရှ နောက်ဆုံးအခြေအနေ

    COVID-19 နဲ့ အရှေ့တောင်အာရှ နောက်ဆုံးအခြေအနေ

    မတ် ၂၅၊ ၂၀၂၀
    M-Media

    ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အရေးပေါ်အခြေအနကြေငြာနေစဉ်

    ထိုင်းနိုင်ငံက အရေးပေါ်အခြေအနေကြေငြာ

    – ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၀၇ ဦး ကူးစက်ခဲ့တဲ့ ထိုင်းနိုင်ငံကတော့ ဒီကနေ့မှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ဒီနေ့ည သန်းခေါင်ယံအချိန်မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့အထိ ကြာမြင့်မှာပါ။

    ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတွေအားလုံးကို ပိတ်ပစ်လိုက်ပြီး၊ ကုန်ပစ္စည်းပို့တာ၊ သံတမန်ကိစ္စနဲ့လာတာ၊ ပါမစ်နဲ့ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေကလွဲလို ကျန်တဲ့လူတွေ ဝင်ခွင့်မပြု တော့ပါဘူး။ ဘန်ကောက်အပါအဝင် ရောဂါပြန့်နှံ့နိုင်ခြေရှိတဲ့ ဒေသတစ်ချို့မှာ ဖျော်ဖြေရေးနေရာတွေ ပိတ်ရတော့မှာ ဖြစ်ပါတယ်။

    အစားအသောက်တွေ၊ ဆေးဝါးတွေ အများအပြား သိုလှောင်ထားသူတွကို အရေးယယူသွားမယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ခရီးဝေးတွေမသွားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး၊ သွားမယ်ဆိုရင် သက်ဆိုင်ရာမှာ ကျန်းမာရေးစစ်ဆေးကာ အချက်အလက်အသေးစိတ် တင်ပြရမှာဖြစ်ပါတယ်။

    ထိုင်းနိုင်ငံမှာ ကူးစက်သူအရေအတွက် ၉၃၄ ဦးရှိပြီး၊ သေဆုံးသူ ၄ ဦး ရှိပါတယ်။ ပြန်ကောင်းသူ အရေအတွက်ကတော့ ၇၀ ရှိနေပါတယ်။

    မလေးရှားက နိုင်ငံတံခါးပိတ်မှုကာလကို နောက်ထပ် ၂ ပတ် သက်တမ်းတို

    – ရောဂါကူးစက်မှုတွေ ဆက်လက်ရှိနေတာကြောင့် မလေးရှားနိုင်ငံက တစ်နိုင်ငံလုံး တံခါးပိတ်ထားမှု ရက်ကို ဧပြီလ ၁၄ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးလိုက်ပါတယ်။

    လက်ရှိ တံခါးပိတ်ထားမှုဟာ မတ်လ ၃၁ ရက်နေ့ဆို ကုန်ဆုံးမှာပါ။ ဝန်ကြီးချုပ် မုဟ်ယစ်ဒင်ယာစင်က အခြေအနေတွေ ဆိုးနေတာကြောင့် ပြည်သူတွေ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပြီး နိုင်ငံကို တံခါးပိတ်ထားတာကသာ ထိန်းသိမ်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ ပြည်သူလူထု စိုးရိမ်ပူပန်မှုမဖြစ်အောင် သက်တမ်းတိုးမယ့်ကိစ္စကို ကြိုတင်ကြေငြာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ဝန်​ကြီးချုပ်တို့ အစည်းအဝေးလုပ်ပြီးနောက်ပိုင်း ဒီဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်ပါတယ်။

    မလေးရှားမှာ မတ်လ ၂၅ ရက်နေ့အထိ သေဆုံးသူ ၁၉ ဦး၊ ကူးစက်သူ ၁၇၉၆ ဦး ရှိနေပါတယ်။ အဲဒီအထဲမှာ ၁၉၉ ဦးက ပြန်ကောင်းသွားပြီဖြစ်ပါတယ်။

    အင်ဒိုနီးရှားတွင် အမှန်တကယ်ကူးစက်သူပမာဏ ပိုမိုများပြားနိုင်

    – အင်ဒိုနီးရှားမှာ မနေ့က ကူးစက်သူအရေအတွက် ၁၀၅ ဦး၊ သေဆုံးသူ ၃ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၇၉၀ နဲ့ သေဆုံးသူ ၅၈ ဦး ရှိလာတာပါ။

    ပြန်ကောင်းသွားသူက ၃၁ ဦး ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အင်ဒိုနီးရှားမှာ စမ်းသပ်မှုပမာဏ နည်းတာကြောင့် အမှန်တကယ်ကူးစက်သူအရေအတွက် များပြားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

    လန်ဒန်အခြေစိုက် ကူးစက်ရောဂါ လေ့လာမှုအဖွဲ့ Centre for Mathematical Modelling of Infectious Diseases က ကူးစက်မှုရဲ့ ၂ ရာခိုင်နှုန်းလောက်ကိုသာ အစိုးရက သိရှိရတာဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီတွက်ချက်မှုသာ မှန်ကန်ရင် အင်ဒိုနီးရှားမှာ ကူးစက်သူ အရေအတွက် ၃၅၀၀၀ လောက် ရှိနေမှာ ဖြစ်ပါတယ်။

    အစိုးရကတော့ ဗိုင်းရပ်စ်အန္တရာယ်ဟာ ထင်သလောက် မဆိုးရွားဘူးလို့ ပြောကြားထားပါတယ်။

    ဗီယက်နမ်တွင် လူစုလူဝေးမလုပ်ရန် တားမြစ်

    ဗီယက်နမ်ကတော့ မြို့တော်ဟနွိုင်းမှာ ဖျော်ဖြေရေးနေရာတွေအားလုံး ယာယီပိတ်ထားဖို့နဲ့ ဘာသာရေးနေရာတွေမှာ လူစုလူဝေးမလုပ်ဖို့ ဒီကနေ့မှာ တားမြစ်လိုက်ပါတယ်။

    ဒုတိယမြို့တော် ဟိုချီမင်းမှာလည်း လူ ၃၀ ထက်ကျော်ပြီး ထိုင်လို့ရတဲ့ စားသောက်ဆိုင်တွေအားလုံးကို ပိတ်ဖို့ အင်္ဂါနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။

    ဗီယက်နမ်မှာ ကူးစက်သူအရေအတွက် ၁၀၀ ကျော်ရှိပြီး အများစုက နိုင်ငံခြားကနေ ကူးစက်လာကြသူတွေဖြစ်ပါတယ်။ ဝန်ကြီးချုပ် Nguyen Xuan Phuc က နောက်ထပ် ၂ ပတ်လောက်ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အဆုံးအဖြတ်ပေးမယ့်ကာလ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    Ref: CNA, The Star

    #mmInternationalNews