News @ M-Media

Author: Ko Lay

  • အီရန်နိုင်ငံခြားရေးအကြံပေး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံး (နောက်ဆုံးရ သတင်းများ)

    အီရန်နိုင်ငံခြားရေးအကြံပေး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံး (နောက်ဆုံးရ သတင်းများ)

    မတ် ၆၊ ၂၀၂၀
    M-Media


    (ဓာတ်ပုံ – သေဆုံးသွားသည့် အီရန်နိုင်ငံခြားရေးအကြံပေး ဟိုစိန် ရှီခိုစလမ်)
    • အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အကြံပေးတစ်ဦးဖြစ်ပြီး ၁၉၇၉ ခုနှစ် အမေရိကန်သံရုံး စီးနင်းမှုမှာ ပါဝင်ခဲ့တဲ့ ဟိုစိန် ရှီခိုစလမ်ဟာ မနေ့က COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားပါတယ်။ အီရန်မှာ ကူးစက်သူဦးရေဟာ ၃၅၁၃ ဦး ရှိလာပြီး သေဆုံးသူကတော့ ၁၀၇ ဦး ရှိနေပါတယ်။ သေဆုံးသူတွေထဲက ၆ ဦးဟာနိုင်ငံရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ဖြစ်ပါတယ်။
    • တောင်ကိုရီးယားမှာ မ​နေ့က ကူးစက်သူ ၅၁၈ ဦး ရှိခဲ့ပြီး စုစုပေါင်း ၆၂၈၄ ဦး ရှိလာတာပါ။ သေဆုံးသူကတော့ ၄၂ ဦး ရှိခဲ့ပါတယ်။
    • တရုတ်နိုင်ငံမှာ မနေ့က လူပေါင်း ၁၄၃ ဦးကို ထပ်မံကူးစက်ခဲ့ပြီး၊ သေဆုံးသူက ၃၀ လောက် ရှိခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူအရေအတွက်က ၃၀၄၂ ဦးရှိကာ ကူးစက်မှုကတော့ ၈၀၅၅၂ ဦး ရှိလာပါတယ်။
    • အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၂ ဦး ရှိနေပြီး ကူးစက်မှုက ၁၂၉ ခု ရှိလာပါတယ်။
    • ပုပ်ရဟန်းမင်းကြီး သီတင်းသုံးတဲ့ ဗာတီကန်မှာ ဗိုင်းရပ်ကူးစက်နေသူတစ်ဦးကို မ​နေ့က ပထမဆုံး တွေ့ခဲ့ရပါတယ်။ ကိုရိုနာကူးစက်သူ တက်ရောက်နေကာ အခြားလူနာ ၁၀၀ လောက်ရှိ​တဲ့ ဆေးခန်းရဲ့ ပြင်လူနာဌာနကို ပိတ်ထားလိုက်ပြီး ပိုးသတ်ရေးလုပ်ငန်း လုပ်ဆောင်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ မက်တီယို ဘရူနီက ပြောကြားလိုက်ပါတယ်။
    • အာဖရိကက ကင်မရွန်းနိုင်နဲ့ ဥရောပက ဆားဘီးယားနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစနေသူတွေကို ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • အိန္ဒိယနိုင်ငံမှာ ကူးစက်သူဟာ ၆ ဦးကနေ မနေ့မှာ ၃၁ ဦးအထိ သိသိသာသာ မြင့်တက်လာပါတယ်။ မလေးရှားနိုင်ငံမှာလည်း မတ် ၆ ရက်နေ့ တစ်ရက်တည်းမှာတင် ကူးစက်နေသူ ၂၈ ဦး ထပ်တွေ့ခဲ့ပြီး စုစုပေါင်း ကူးစက်နေသူအရေအတွက် ၈၃ ဦး ဖြစ်လာတာပါ။ အဲဒီအထဲက ၂၃ ဦးဟာ ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်ထားသူတွေနဲ့ ထိတွေ့ ဆက်ဆံထားတဲ့ လူ ၉၅၆ ဦးကိုလည်း မလေးရှားအာဏာပိုင်တွေ ဆက်လက် စောင့်ကြည့်နေပါတယ်။
    • နိုင်ငံအတွင်း ဗိုင်းရပ်စ် တားဆီးနှိမ်နှင်းရေး တစ်စိတ်တစ်ပိုင်းအဖြစ် တစ်လကို နှာခေါင်းစည်း ၃ သန်းလောက် ထုတ်လုပ်နိုင်မယ့် စက်ရုံတစ်ခုတည်ဆောက်ဖို့ ထိုင်းဘီလီယံနာ Dhanin Chearavanont ရဲ့ စီးပွားရေးလုပ်ငန်းစုက စီစဉ်နေပါတယ်။ စက်ရုံက ထွက်ရှိမယ့် နှာခေါင်းစည်းတွေကို ဆေးရုံဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းတွေ နှာခေါင်းစည်း အလွယ်တကူမရနိုင်တဲ့သူတွေကို အခမဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်နှံ့ပြီးနောက်ပိုင်း အာရှကကုမ္ပဏီတွေဟာ နှာခေါင်းစည်းတွေ ပိုမိုထုတ်လုပ်ရေး အားထုတ်ကြိုးပမ်းလာကြပါတယ်။

    Ref: Aljazeera

  • ကိုရိုနာဗိုင်းရပ်စ်သစ်မှာ အမေရိကန်၏ ဇီ၀တိုက်ခိုက်မှုဖြစ်နိုင်ဟု အီရန်ဗိုလ်ချုပ် စွပ်စွဲ

    ကိုရိုနာဗိုင်းရပ်စ်သစ်မှာ အမေရိကန်၏ ဇီ၀တိုက်ခိုက်မှုဖြစ်နိုင်ဟု အီရန်ဗိုလ်ချုပ် စွပ်စွဲ

    မတ် ၆၊ ၂၀၂၀
    M-Media

    -လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် Covid-2019 ဟာ တရုတ်နဲ့ အီရန်တို့ကို ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ ဇီ၀တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဟိုစိန် ဆာလာမီက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း တော်တော်များများကို ပြန့်နှံ့နေပြီး အီတလီ၊ အီရန်နဲ့ တောင်ကိုရီးယားတို့မှာအကြီးအကျယ် ဖြစ်ပွား​နေပါတယ်။ အီရန်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ၁၀၇ ဦး ရှိပြီး ကူးစက်သူကတော့ ၃၅၁၃ ဦး ရှိနေတာပါ။

    အီရန် လွှတ်တော်အမတ်တစ်ချို့နဲ့ အစိုးရတာဝန်ရှိသူတစ်ချို့လည်း ကူးစက်နေပြီး၊ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့မှု မဖြစ်စေရေးအတွက် မတ်လ ၂၀ ရက်နေ့ ပြီးဆုံးမယ့် ပြက္ခဒိန်တစ်နှစ်အတွက် ကျောင်းတွေ​၊ တက္ကသိုလ်တွေအားလုံးကို ပိတ်ထားပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ အကြီးအကဲ ​ဟိုစိန် ဆာလာမီက ဗိုင်းရပ်စ်ပြန့်နှံ့မှုအတွက် အမေရိကန်ကို စွပ်စွဲခဲ့ပါတယ်။

    “ဗိုင်းရပ်စ်ဟာ အမေရိကရဲ့ ဇီ၀တိုက်ခိုက်မှုတစ်ခုဖြစ်နိုင်ပါတယ်။ အရင်ဆုံး တရုတ်နိုင်ငံ နောက်ပိုင်း အီရန်နဲ့ တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားတာမျိုးပါ”

    အီရန်အနေနဲ့ ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်သွားမှာဖြစ်ပြီး နောက်ဆုံးမှာ တာဝန်ရှိတဲ့ အမေရိကန်ထံကိုပဲ ပြန်ရောက်သွားလိမ့်မယ်လို့လည်း ဆာလာမီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Covid-2019 ဗိုင်းရပ်စ်ဟာ အမေရိကန်ရဲ့ ထုတ်ကုန်ဖြစ်တယ်ဆိုတဲ့ ဒီလိုပြောဆိုမှုတွေဟာ သိပ်မကြာခင်ရက်ပိုင်းကတည်းက စတင်ပြန့်နှံ့လာတာဖြစ်ပေမယ့် ခိုင်မာတဲ့ သက်သေမျိုး မပြနိုင်ပါဘူး။

    အီရန် အရပ်ဖက်ကာကွယ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဂိုလမ် ရီဇာ ဂျလာလီက ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ပတ်သက်ပြီး မီဒီယာတွေ ကြောက်ရွံ့မှုက အမေရိကန်ဟာ တရုတ်နဲ့ အီရန်တို့အပေါ် ဇီ၀တိုက်ခိုက်မှု လုပ်တယ်ဆိုတဲ့ သဘောထားတွေကို ပိုမိုအားကောင်းစေတယ်လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ရဲ့ ဗီဇနဲ့ပတ်သက်ပြီး ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ပြီးမှသာ ဒါကို အတိအကျ ပြောနိုင်မယ်လို့ သူက ဆိုပါတယ်။

    Ref: RT

  • ကက်ရှ်မီးယားတွင် အိန္ဒိယက အင်တာနက်လိုင်း ပြန်ဖွင့်ပေး

    ကက်ရှ်မီးယားတွင် အိန္ဒိယက အင်တာနက်လိုင်း ပြန်ဖွင့်ပေး

    မတ် ၆၊ ၂၀၂၀
    M-Media

    -ကက်ရှ်မီးယားဒေသမှာ အဆက်အသွယ်တွေဖြတ်တောက်ပြီး ၇ လအကြာ ဗုဒ္ဓဟူးနေ့မှာတော့ အိန္ဒိယအာဏာပိုင်တွေဟာ အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးလိုက်ပါတယ်။

    မတ်လ ၁၇ ရက်နေ့အထိ ၂ ပတ်သာ ဖွင့်ပေးမှာဖြစ်ပြီး မိုဘိုင်းဖုန်းတွေက အင်တာနက်မြန်နှုန်းကိုတော့ ကန့်သတ်ထားအုံးမယ်လို့ အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လိုင်းဆွဲတပ်ဆင်ထားတဲ့ အင်တာနက်လိုင်းတွေကိုလည်း မှတ်ပုံတင်ထားတဲ့သူတွေသာ သုံးလို့ရမှာ ဖြစ်ပါတယ်။

    ကက်ရှ်မီးယားဒေသမှာ နှစ်ပေါင်း ၇၀ ကြာရှိလာခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ အိန္ဒိယအစိုးရဟာ အင်တာနက်အပါအဝင် ဆက်သွယ်ရေးလိုင်းတွေအားလုံးကို ဖြတ်တောက်ခဲ့တာပါ။ အိန္ဒိယဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ ခွဲထွက်ရေးတောင်းဆိုနေတဲ့ သူပုန်တွေရဲ့ တိုက်ခိုက်မှုကို တားဆီးဟန့်တားဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကက်ရှ်မီးယားမှာ အင်တာနက်ဖြတ်တောက်မှုဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှု ဖြစ်ခဲ့ပါတယ်။ ဒေသ စက်မှုလက်မှုကုန်သည်ကြီးများအသင်းက ဒီလိုဖြတ်တောက်မှုကြောင့် အလုပ်အကိုင်ပေါင်း အနည်းဆုံး ၁ သိန်းခွဲလောက် ဆုံးရှုံးခဲ့ပြီး နည်းပညာကုမ္ပဏီတွေ အခြားဒေသကို ပြောင်းသွားတာကြောင့် ဒေသစီးပွားရေးမှာ ကြီးကြီးမားမား ထိခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်နဲ့ ယူကေတို့အပါအဝင် ကမ္ဘာ့နိုင်ငံတွေကလည်း အိန္ဒိယရဲ့ ဒီလုပ်ဆောင်ချက်ကို ရှုတ်ချခဲ့ပါတယ်။ အိန္ဒိယတရားရုံးချုပ်က ဒီလို အင်တာနက်ဖြတ်တောက်မှုကို အမြဲတစေ လုပ်ဆောင်လို့မရဘူးလို့ သိပ်ကြာခင်ကပဲ ဆုံးဖြတ်ခဲ့ပါတယ်။

    ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းကာ ဆက်သွယ်ရေးလမ်းကြောင်းတွေအားလုံး ဖြတ်တောက်ပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကက်ရှ်မီးယားပြည်သူတွေအပေါ် ဖိနှပ်ညှင်းပမ်းမှုတွေ ကြီးကြီးမားမား ရှိခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အီရန်၌ လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များထံတွင်ပါ COVID-19 ဗိုင်းရပ်စ် ကူးစက်နေ (နောက်ဆုံးရ သတင်းများ)

    အီရန်၌ လွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များထံတွင်ပါ COVID-19 ဗိုင်းရပ်စ် ကူးစက်နေ (နောက်ဆုံးရ သတင်းများ)

    မတ် ၄၊ ၂၀၂၀
    M-Media

    • ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ဗိုင်းရပ်စ်ဟာ ပိုလန်၊ မော်ရိုကို၊ အန်ဒိုရာ၊ အာမေးနီးယားနဲ့ အာဂျင်တီးနားနိုင်ငံတို့ကိုပါ ထပ်မံပြန့်နှံ့ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေကတော့ ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ပိုမိုအားထုတ်လုပ် လုပ်ဆောင်လာကြပါတယ်။
    • ဂျပန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Takeda က သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့သူတွေကို ကုသပေးဖို့အတွက် ဆေးဝါးတစ်ခု ထုတ်လုပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
    • ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဗိုင်းရပ်စ် စတင်ပြန့်နှံ့ပြီးနောက်ပိုင်း လက်ဆေးဂျယ်ဘူးစျေး အဆမတန် မြင့်တက်သွားတာကို ထိန်းချုပ်သွားမယ်လို့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီလိုစျေးတက်မှုဟာ လက်မခံနိုင်စရာဖြစ်ပြီး အစိုးရအနေနဲ့ ကြားဝင် ဆောင်ရွက်ပေးဖို့ ​ပြင်သစ် သမားတော်များသမဂ္ဂက တောင်းဆိုခဲ့ပြီးတဲ့နောက် ဒီလို ထုတ်ပြန်မှု ပေါ်ထွက်လာတာပါ။
    • နိုင်ငံအတွင်း ဗိုင်းရပ်စ်ပြန့်နှံ့လာမှာကို စိုးရိမ်တဲ့အတွက် ခွဲစိပ်ခန်းသုံး နှာခေါင်းစည်းတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ နိုင်ငံရပ်ခြား တင်ပို့မှုကို ရပ်ဆိုင်းသွားမယ်လို့ ရုရှားနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။ ဒါပေမယ့် လူသားချင်း စာနာထောက်ထားမှုအရ တင်ပို့မှုတွေကိုတော့ ဆက်လက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ အခြားနေရာက ကူးစက်လာသူတွေ ရုရှားမှာ ဆေးကုသမှုခံနေရတာမျိုး ရှိပေမယ့် ရုရှားနိုင်ငံအတွင်းမှာတော့ အခုအချိန်အထိ ကူးစက်မှု မရှိသေးပါဘူး။
    • အိန္ဒိယနိုင်ငံမှာ မနေ့က ကူးစက်နေသူ ၁၄ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၂၈ ဦး ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးမှာ ကူးစက်နေသူအရေအတွက် ၈၂ ဦးအထိ ရှိလာသလို ဥရောပက ဂရိနိုင်ငံမှာလည်း ကူးစက်နေသူဟာ ၈ ဦး ဖြစ်လာပါတယ်။ မလေးရှားမှာတော့ မနေ့က ၁၄ ဦး ထပ်မံကူးစက်ခဲ့ပါတယ်။
    • တရုတ်နိုင်ငံမှာတော့ မနေ့က ကူးစက်မှု ၁၂၅ ခု ရှိခဲ့ပြီး၊ သေဆုံးသူကတော့ ၃၈ ဦး ရှိလာပါတယ်။ ဒါ့ကြောင့် စုစုပေါင်းသေဆုံးသူ ၂၉၈၁ ဦး၊ ကူးစက်မှု ၈၀၂၇၀ ခု ရှိလာတာပါ။
    • မနေ့က တောင်ကိုရီးယားမှာ ထပ်မံကူးစက်မှု ၅၁၆ ခု ရှိခဲ့ပြီး၊ ကူးစက်နေသူ ၅၃၂၈ ဦးအထိ ဖြစ်လာတာပါ။ သေဆုံးမှုကတော့ ၃၂ ဦး ရှိနေပါတယ်။
    • ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် လူ ၂၇ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၇၉ ဦးအထိ ရှိလာပါတယ်။ ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ သေဆုံးမှုအများဆုံးဖြစ်ပြီး အီရန်နိုင်ငံကို ကျော်ဖြတ်သွားတာပါ။ ကူးစက်သူအရေအတွက်ကတော့ ၂၅၀၂ ဦးအထိ ရှိလာပါတယ်။ အာဏာပိုင်တွေက ဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ပြန့်နှံ့နေတဲ့ ဒေသတွေကို အနီရောင်ဇုံအဖြစ်သတ်မှတ်ကာ ဆက်သွယ်မှုဖြတ်တောက်သွားဖို့ စီစဉ်နေပါတယ်။
    • အီရန်မှာတော့ လွှတ်တော်အမတ်တွေရဲ့ ၈ ရာခိုင်နှုန်းဖြစ်တဲ့ ၂၃ ဦးမှာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း တွေ့ခဲ့ရပြီး၊ ဒုတိယသမ္မတ အပါအဝင် အစိုးရအဖွဲ့က အနည်းဆုံး ၇ ဦးလည်း ကူးစက်နေပါတယ်။ နိုင်ငံတစ်ဝှမ်း စုစုပေါင်း ကူးစက်မှုဟာ ၂၃၀၀ ကျော်လာခဲ့ပြီး သေဆုံးသူကတော့ ၇၇ ဦး ရှိလာပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုကို လိုက်နာကြဖို့ မနေ့မှာ ပြောကြားခဲ့ပြီး မကြာခင် ဒီရောဂါ ရပ်တန့်သွားလိမ့်မယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

    (အီရန်နိုင်ငံ တီဟီရန်မြို့မှ မြင်ကွင်းတစ်ခု)

  • မလေးရှားဝန်ကြီးချုပ်သစ်က လွှတ်တော်ကို ၂ လနောက်ဆုတ်

    မလေးရှားဝန်ကြီးချုပ်သစ်က လွှတ်တော်ကို ၂ လနောက်ဆုတ်

    မတ် ၄၊ ၂၀၂၀
    M-Media

    -မလေးရှားဝန်ကြီးချုပ်သစ် မုဟ်ယစ်ဒင် ယာစင်ဟာ လွှတ်တော်ကျင်းပမယ့်ရက်ကို ၂ လ နောက်ဆုတ်လိုက်ပြီး အတိုက်အခံတွေကတော့ သူ့ကိုထောက်ခံမှုရအောင် လုပ်ဆောင်ဖို့ အချိန်ဆွဲလိုက်တာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ဦးဆောင်တဲ့ အာဏာရ နိုင်ငံရေးညွန့်ပေါင်းအဖွဲ့ PH အတွင်း အာဏာလွန်ဆွဲမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီး ယာစင်က ပြီးခဲ့တဲ့တစ်ပတ်မှာ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့တာပါ။

    လွှတ်တော်ဥက္ကဌ မိုဟာမက် အာရစ်ဖ် အမ်ဒီ ယူစွဖ်က လွှတ်တော်ကို မေလ ၁၈ ရက်နေ့မှ စတင်မယ်ဆိုတဲ့ အကြောင်းကြားစာတစ်ခုကို ဝန်ကြီးချုပ် မုဟ်ယစ်ဒင်ထံကနေ ရရှိခဲ့ပြီး ဘာ့ကြောင့် ဒီလို ၂ လနောက်ဆုတ်လဲဆိုတာကို ဖော်ပြထားခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ပုံမှန် လွှတ်တော်စတင်ချိန်ဟာ မေလ ၉ ရက်နေ့ ဖြစ်ပါတယ်။

    တနင်္လာနေ့ကစတင်ပြီး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ မုဟ်ယစ်ဒင်ဟာ ခြစားမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့ UMNO ပါတီ၊ အခြား ပါတီတစ်ချို့နဲ့ မဟာမိတ်ဖွဲ့ကာ အစိုးရသစ်ဖွဲ့မှာ ဖြစ်ပါတယ်။

    Ref: Aljazeera