News @ M-Media

Author: Ko Lay

  • COVID-19 ဗိုင်းရပ်စ်ကို တောင်ကိုရီးယားက စစ်ကြေငြာ (နောက်ဆုံးရ သတင်းများ)

    COVID-19 ဗိုင်းရပ်စ်ကို တောင်ကိုရီးယားက စစ်ကြေငြာ (နောက်ဆုံးရ သတင်းများ)

    မတ် ၃၊ ၂၀၂၀
    M-Media

    (ပုံ – တရုတ်နိုင်ငံတွင် ရောဂါပျောက်ကင်းသွားသူတစ်ဦးက Plasma လှူဒါန်းနေစဉ်)
    • တရုတ်နိုင်ငံမှာ တနင်္လာနေ့က ကူးစက်မှု ၁၂၅ ခု ရှိခဲ့ပြီး ဒါဟာ အချက်အလက်တွေ စတင်ထုတ်ပြန်တဲ့ ဇန်နဝါရီလာကစလို့ တစ်ရက်အတွင်း ကူးစက်မှု အနိမ့်ဆုံး ဖြစ်ပါတယ်။ သေဆုံးသူကတော့ ၃၁ ဦး ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ကင်းစင်ပြီး ဆေးရုံကနေ ဆင်းသွားရသူတွေကို လေ့လာကာ ဗိုင်းရပ်စ်ကုသဖို့၊ ကာကွယ်ဆေးထုတ်ဖို့လည်း တရုတ်အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။ ရှန်ဟိုင်းမြို့နဲ့၊ နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်းပြည်နယ်တို့က ရောဂါကူးစက်တဲ့တိုင်းပြည်တွေ၊ ဒေသတွေကနေ လာတဲ့သူတွေကို အနည်းဆုံး ၁၄ ရက် သီးသန့်ထား စောင့်ကြည့်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
    • တောင်ကိုရီးယားမှာ မနေ့ကတစ်ရက်တည်း ကူးစက်သူ ၆၀၀ လောက်ရှိခဲ့ပြီး သေဆုံးသူက ၃ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်မှုဟာ ၄၈၁၂ ဦး ရှိလာပြီး တရုတ်နိုင်ငံပြင်ပမှာ အများဆုံး ကူးစက်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ သမ္မတ မွန်ဂျယ်အင်က ကိုရိုနာဗိုင်းရပ်စ်အပေါ် စစ်ဆင်ရေးပြုလုပ်ကြောင်း ကြေငြာလိုက်ပါတယ်။ နှာခေါင်းစည်းတွေ ပြတ်လပ်မှုအတွက် မွန်က ပြည်သူတွေကို တောင်းပန်ခဲ့သလို ဆေးရုံတွေမှာ ကုတင်တွေထပ်တိုးဖို့၊ နှာခေါင်းစည်းတွေ ထပ်မံထုတ်လုပ်ဖို့လည်း အမိန့်ပေးခဲ့ပါတယ်။
    • နိုင်ငံအတွင်း တနင်္လာနေ့က ကူးစက်မှု ၇ ခု ထပ်တွေ့ခဲ့တယ်လို့ မလေးရှားအစိုးရက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း မလေးရှားမှာ ကူးစက်မှုဟာ ၃၆ ခုအထိ ရှိလာပါတယ်။ အဲဒီအထဲက ၂၂ ဦး ဆေးရုံကဆင်းသွားပြီ ၁၂ ဦးကတော့ ဆက်လက်ကုသမှု ခံယူနေဆဲပါ။
    • ဗိုင်းရပ်စ်ကူးစက်သူ ၂ ဦး တွေ့တယ်လို့ အစိုးရက ကြေငြာပြီးနောက်ပိုင်း အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာ စားသုံးကုန်တွေ၊ အခြေခံ လူသုံးကုန်ပစ္စည်းတွေကို ပြည်သူတွေက အလုအယက် ဝယ်ယူလာကြတာကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပါတယ်။
    • ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဇီ၀လုံခြုံရေးဥပဒေကို အသုံးပြုသွားမှာဖြစ်ပြီး ရောဂါသံသယရှိသူတွေရဲ့ လှုပ်ရှားသွားလာမှုကို ကန့်သတ်သွားမယ်လို့ ဩစတေးလျနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။ သတ်မှတ်ထားတဲ့ နေရာအချို့၊ ဒါမှမဟုတ် လူနာကို သီးသန့်ထားတဲ့နေရာတွေမှာ ဒီဥပဒေကို အသုံးပြုသွားမှာပါ။ နှစ်ပေါင်း ၁၀၀ ကျော် အသုံးပြုလာတဲ့ ရောဂါရှိသူများ သီးခြားခွဲထားရေး အက်ဥပဒေကို ဇီ၀လုံခြုံရေး ဥပဒေနဲ့ ဩစတေးလျက ၂၀၁၅ ခုနှစ်မှာ အစားထိုးခဲ့တာ ဖြစ်ပါတယ်။
    • အချင်းချင်းတွေ့တဲ့အခါ ပါးနမ်းနှုတ်ဆက်လေ့ရှိတဲ့ ရိုးရာဓလေ့ကို ဆွစ်ဇာလန်နိုင်ငံက တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ဆွစ်လူမျိုးတွေဟာ တွေ့ဆုံတဲ့အခါ ပါးနှစ်ဖက်ကို ၃ ကြိမ် ၃ ခါ နမ်းလေ့ရှိပါတယ်။ ကျန်းမာရေးဝန်ကြီး အလင်ဘာဆတ်က လူတစ်ဦးနဲ့တစ်ဦး ဝေးဝေးကနေ ဆက်သွယ်ပြောဆိုတာဟာ ဗိုင်းရပ်စ်ကူးစက်ပြန်နှံ့မှု နှေးကွေးစေရေး အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့အတွက် ဒီလို တားမြစ်ရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်အတွင်း သဘောတူညီချက် ၁၀ ခု လက်မှတ်ထိုး

    သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်အတွင်း သဘောတူညီချက် ၁၀ ခု လက်မှတ်ထိုး

    မတ် ၃၊ ၂၀၂၀
    M-Media

    တဂျ်မဟာလ်ရောက် သမ္မတဦးဝင်းမြင့်နှင့် ဇနီး

    -ပြီးခဲ့တဲ့တစ်ပတ် သမ္မတ ဦးဝင်းမြင့်ရဲ့ အိန္ဒိယနိုင်ငံ ၄ ရက်ကြာ ခရီးစဉ်အတွင်း အိန္ဒိယနဲ့ မြန်မာတို့ဟာ နားလည်မှုစာချွန်လွှာ ၁၀ ခုလောက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

    အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အကြား ၈ ရာခိုင်နှုန်းတက်ကာ ဒေါ်လာ ၁.၇ ဘီလီယံဖိုး ရှိပါတယ်။ ​အိန္ဒိယနိုင်ငံဟာ Act East and Neighbourhood First ပေါ်လစီအရ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။

    သမ္မတ ဦးဝင်းမြှင့်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ ရှရီ ရမ် နသ် ကိုဗင်နဲ့ တွေ့ဆုံခဲ့သလို၊ ဗုဒ္ဓဂါယာကိုလည်း သွားရောက်ဖူးမြှော်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်တာဝန်ရှိသူတွေဟာ အခြေခံအဆောက်အဦးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်တွေအပါအဝင် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာတွေ၊ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    အဲဒီသဘောတူညီချက်တွေထဲမှာ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးရရှိရေး၊ လမ်း​ဖောက်လုပ်ရေး၊ ဆေးရုံဆောက်လုပ်ရေး၊ ရေပေးဝေမှုစနစ် ဖော်ဆောင်ရေး၊ စာသင်ကျောင်းဆောက်လုပ်ရေးတွေ ပါဝင်ပါတယ်။ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ရေနံထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာ​ရေး စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း မြန်မာနဲ့ အိန္ဒိယတို့က သဘောတူခဲ့ကြပါတယ်။

    Ref: New Straits Times

  • ရုရှားနှင့် တူရကီတို့ ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိဟု ကုလထုတ်ပြန်

    ရုရှားနှင့် တူရကီတို့ ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိဟု ကုလထုတ်ပြန်

    မတ် ၃၊ ၂၀၂၀
    M-Media

    -ဆီးရီးယားစစ်ပွဲမှာ ပါဝင်နေတဲ့ ရုရှားနဲ့ တူရကီတို့ဟာ အရပ်သားတွေကိုအပေါ် ပစ်မှတ်ထားတိုက်ခိုက်​မှုတွေ ရှိတဲ့အတွက် စစ်ရာဇဝတ်မှု ကျူးလွန်တာမျိုး ရှိနိုင်တယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက မနေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

    ရုရှားဟာ အာဆတ်အစိုးရရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး တူရကီက သူပုန်တွေဖက်ကနေ ဝင်ရောက် တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ သူပုန်တွေထိန်းချုပ်ထားရာ ဒေသက လူစည်ကားရာ စျေးတစ်ခုနဲ့ စစ်ရှောင်စခန်းတစ်ခုတို့ကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သားအများအပြား သေဆုံးခဲ့တာကို ကုလရဲ့ အခုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ဒီအဖြစ်အပျက် ၂ ခုစလုံးမှာ ရုရှားဟာ စစ်ဖက်ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်တာမျိုး မရှိပါဘူး။ အရပ်သားဧရိယာမှာ စစ်သား၊ အရပ်သား မခွဲခြားဘဲ တိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

    တူရကီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆီးရီးယားသူပုန်တွေ ကာ့ဒ်ဒေသအတွင်း တိုက်ခိုက်တဲ့အချိန်မှာ ကျူးလွန်မှုတွေရှိခဲ့ပြီး အဲဒီတပ်ဖွဲ့တွေသာ တူရကီတပ်မှူးတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိခဲ့တယ်ဆိုရင် တူရကီကလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုမှာ ပါဝင်မယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ပေါ်လို ပင်ဟီရိုက ၉ နှစ်တာကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ကျူးလွန်မှုတွေကို အရေးယူဖို့ ကမ္ဘာတစ်ဝှမ်း တရားရေးတာဝန်ရှိသူ ၂၀၀ လောက်ရဲ့ တောင်းဆိုမှုကို ရရှိထားပြီး ကျူးလွန်တယ်လို့ သံသယရှိတဲ့ သူတွေစာရင်းကို ပြုစုထားကြောင်း၊ ဒီစာရင်းဟာ လျှို့ဝှက်စာရင်းဖြစ်ပြီး မကြာသေးခင်က ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့သူတွေကိုပါ ပေါင်းထည့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဇူလိုင်လကနေ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ အခုအစီရင်ခံစာမှာ ​ဆေးရုံတွေ၊ ကျောင်းတွေလို့ အရပ်သားနေရာတွေကို ဆီးရီးယားအစိုးရနဲ့ မဟာမိတ်တပ်ဖွဲ့တွေက တမင်ပစ်မှတ်ထားတိုက်ခိုက်တာတွေကိုလည်း ရှုတ်ချထားပါတယ်။

    Ref : Aljazeera

  • ဆော်ဒီမှ မြင့်မြတ်ရာ ဗလီနှစ်ခုတွင် ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

    ဆော်ဒီမှ မြင့်မြတ်ရာ ဗလီနှစ်ခုတွင် ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

    မတ် ၃၊ ၂၀၂၀
    M-Media

    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်တွင် ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းနေစဉ်

    -အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို ဆော်ဒီအစိုးရက တိုးမြှင့်ဆောင်ရွက်နေပါတယ်။

    ဗိုင်းရပ်စ်ပြန့်နှံ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ပြီးခဲ့တဲ့တစ်ပတ်မှာ အွမ္မရာဘုရားဖူးခရီးစဉ်ကို ဆော်ဒီက ယာယီပိတ်ပင်လိုက်ပြီး ပြည်ပက ခရီးသွားတွေကိုလည်း ပြည်တွင်းဝင်ရောက်မှု ကန့်သတ်လိုက်ပါတယ်။ ဗိုင်းရပ်စက်ကူးစက်နေသူကိုလည်း ဆော်ဒီမှာ မနေ့က ပထမဆုံး တွေ့ရှိခဲ့ရပါတယ်။

    လက်ရှိမှာတော့ ဆော်ဒီဟာ တစ်နိုင်ငံလုံးမှာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်နဲ့ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်တွေမှာ အထူးအလေးထားပြီး ဆောင်ရွက်နေပါတယ်။

    ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ ဗလီနဲ့ ဗလီပရဝုဏ်က ကြမ်းပြင်တွေ၊ ကောဇောတွေကို စက်နဲ့ ပိုးသတ်ဆေးဖြန်းတာ၊ ဝတ်ပြုဆောင် ဝင်ပေါက်အားလုံးမှာ လက်ဆေးဂျယ်တွေ ထားပေးတာ၊ ကောဇောဆေးကြောတဲ့စက်ရုံမှာ ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ဆောင်ချက် ထည့်သွင်းတာ၊ ကောဇောလဲလှယ်မှုနဲ့ လျှော်ဖွတ်မှုအကြိမ်အရေကို တိုးမြှင့်တာတွေ ပါဝင်ပါတယ်။

    ဇမ်ဇမ်ရေတွင်းကိုလည်း ဆော်ဒီအာဏာပိုင်တွေက ပိုးသတ်​ပေးထားပြီး၊ ဗလီဝတ်ကျောင်းတော်တွေရဲ့ တစ်ခြား သန့်ရှင်းရေးလုပ်ငန်းတွေကိုလည်း အရင်ကထက် ပိုမိုတိုးမြှင့်ဆောင်ရွက်လာပါတယ်။

    Ref: Arab News

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    မတ် ၂၊ ၂၀၂၀
    M-Media

    လတ်တလောသမိုင်းတွင် မန်စီးတီး၏ အောင်မြင်မှုကို မည်သူမျှ မယှဉ်နိုင်

    အင်္ဂလိပ်ဘောလုံးလောကရဲ့ လတ်တလောကာလမှာ မန်စီးတီးအသင်းရဲ့ အောင်မြင်မှုဟာ ပြိုင်ဘက်မရှိဘူးလို့ နည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟား မနေ့က အက်စတွန်ဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ လိဂ်ဖလား Carabao Cup ကို ၃ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့တာပါ။ ဂွါဒီယိုလာဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ၂ ကြိမ်၊ FA ဖလား တစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ်ကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ ဂွါဒီယိုလာက ပြီးခဲ့တဲ့ ၉ နှစ်အတွင်း ၈ နှစ်မှာ မိမိတို့ ဖလားရခဲ့ကြောင်း၊ ဥရောပဖလားကို ထည့်မတွက်ရင် ဒီကာလအတွင်း မိမိတို့လို ပြည်တွင်းအောင်မှုမျိုး ဘယ်အသင်းမှ မရဖူးကြောင်း၊ လီဗာပူးရဲ့ အအောင်မြင်ဆုံးအချိန် ၁၉၈၀ ပြည့်နှစ်တွေမှာ ဒီလိုမရှိခဲ့သလို၊ ဆာအဲလက်စ်ဖာဂူဆန်၊ မော်ရင်ဟို၊ အာဆင်ဝင်းဂါးတို့လည်း ဒီလို မရခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

    နောက်ခံလူလိုဗရန်ကို ကလော့ပ်က ကာကွယ်ပြောဆို

    ဝဒ်ဖို့အသင်းကို ရှုံးနိမ့်မှုမှာ နောက်ခံလူ လိုဗရန်ကို အပြစ်တင်တာဟာ မတရားဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ စနေနေ့က ၃ ဂိုးပြတ်နဲ့ ဒီအရှုံးဟာ လီဗာပူးလ်အသင်းရဲ့ ၄၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ရတဲ့ပွဲပါ။ ဒီအတွက် နောက်ခံအလယ်လူ လိုဗရန်ဟာ ဝေဖန်ခံခဲ့ရပြီး ကလော့ပ်ကတော့ အသင်းရှုံးနိမ့်မှုအတွက် တစ်ဦးတစ်ယောက်တည်းကို ပြစ်တင်လို့မရကြောင်း၊ မိမိတို့တစ်သင်းလုံး ကစားပုံမကောင်းခဲ့ကြောင်း၊ ဝက်ဖို့ဒ်အသင်းရဲ့ နောက်ခံလူ ၆ ယောက်ထားကစားပုံကလည်း မိမိတို့ကို အခက်တွေ့စေခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာကာနိုင်သော်လည်း ဇီဒိန်း မပျော်နိုင်

    မနေ့က ဘာစီလိုနာအသင်းကို အနိုင်ရတာဟာ နှစ်မြို့ဖွယ်ရာအချိန်တစ်ခုဖြစ်တယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ လာလီဂါ ၂ ပွဲမှာ ၁ မှတ်သာ ရရှိထားပြီး၊ ပြီးခဲ့တဲ့တစ်ပတ် ချန်ပီယံလိဂ်မှာလည်း မန်စီးတီးကို ရှုံးနိမ့်ထားတာပါ။ မနေ့ကပွဲမှာတော့ ဗီနီစီယက်စ် ဂျူနီယာ၊ မာရီယာနိုတို့ရဲ့ ဂိုးတွေနဲ့ ဘာစီလိုနာကို အနိုင်ရခဲ့ပြီး ဘာစီလိုနာကို တစ်မှတ်ဖြတ်ကာ လာလီဂါကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဇီဒိန်းက ဒီ ၃ မှတ်ဟာ ဘာအပြောင်းအလဲမှမလုပ်ပေးနိုင်ကြောင်း ရှေ့ဆက်ရမယ့်ခရီးဟာ ရှည်လျားပြီး ပိုမိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Goal, BBC