News @ M-Media

Author: Ko Lay

  • ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီက ပြည်နယ် ၁၅ ခုကို တံခါးပိတ် (နောက်ဆုံးရ သတင်းများ)

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီက ပြည်နယ် ၁၅ ခုကို တံခါးပိတ် (နောက်ဆုံးရ သတင်းများ)

    မတ် ၈၊ ၂၀၂၀ (ည ၈ နာရီ)
    M-Media

    (ပုံ – အီတလီနိုင်ငံမြေပုံ)
    • ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပြန့်နှံ့နေတာကို တားဆီးနိုင်ဖို့အတွက် နိုင်ငံမြောက်ပိုင်း ဒေသတော်တော်များများ အပါအဝင် ပြည်နယ် ၁၅ ခုကို အီတလီက အနီရောင်ဇုန်ကြေငြာကာ မနေ့မှာ တံခါးပိတ်လိုက်ပါတယ်။ တစ်လတာ ကြာမြင့်မယ့် ဒီတံခါးပိတ်မှုဟာ လူ ၁၆ သန်းလောက်အပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာပြီး စုစုပေါင်း ၅၈၈၃ ဦး ရှိလာကာ သေဆုံးသူကတော့ ၂၃၃ ဦး ရှိလာပါပြီ။ အခုတံခါးပိတ်လိုက်တဲ့ဒေသတွေကို ပြင်ပနဲ့ လုံး၀ အဆက်အသွယ် ဖြတ်တောက်ထားမှာဖြစ်ပြီး ဒေသတွင်း သွားလာလှုပ်ရှားမှုကိုလည်း ကန့်သတ်မှာ ဖြစ်ပါတယ်။
    • အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဘက်သလီဟမ်မြို့မှာ ဗိုင်းရပ်စ်ကူးစက်နေသူကို ပထမဆုံး တွေ့ခဲ့ရတာကြောင့် ပါလက်စတိုင်းအာဏာပိုင်တွေက မနေ့မှာ အရေးပေါ်အခြေအနေ ကြေငြာကာ တံခါးပိတ်လိုက်ပါတယ်။ အနောက်ဖက်ကမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်နေသူ စုစုပေါင်း ၁၉ ဦးအထိ ရှိနေပါတယ်။
    • ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်နိုင်ငံမှာ ၄၉ ဦးသေဆုံးခဲ့ပြီး COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၁၉၄ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်သူဟာ ၇၄၃ ဦးရှိခဲ့ပြီး စုစုပေါင်း ၆၅၆၆ ဦး ရှိလာတာဖြစ်ပါတယ်။ ဆော်ဒီအာရေဗျမှာ ကူးစက်နေသူ ၁၁ ဦးအထိ ရှိလာသလို၊ ကာတာမှာတော့ ၁၅ ဦးအထိ ရှိလာပါတယ်။
    • ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ရာ ဒေသတွေကို သွားရောက်ပြီး ပြန်လာတဲ့သူတွေဟာ နေအိမ်မှာ ၁၄ ရက်ကြာ သီးသန့်နေထိုင်တာမျိုး မလုပ်ရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်မယ်လို့ ရုရှားနိုင်ငံ မော်စကိုမြို့ အာဏာပိုင်တွေက ဒီကနေ့မှာ သတိပေးလိုက်ပါတယ်။ ​ဗိုင်းရပ်စ်မပြန့်ပွားအောင် တားဆီးရေးလုပ်ငန်းတွေကိုလည်း မော်စကိုမြို့အစိုးရက တိုးမြှင့်ဆောင်ရွက်နေပါတယ်။
    • အာဆီယံဒေသက မောလ်ဒိုက်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နေသူ ၂ ဦးကို မ​နေ့က ပထမဆုံးအကြိမ် တွေ့ခဲ့ရပြီး လက်ရှိမှာ အခြေအနေ တည်ငြိမ်နေတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ဥရောပနိုင်ငံငယ်တွေဖြစ်တဲ့ မော်လ်ဒိုဗာနဲ့ ဘူလ်ဂေးရီးယားတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်နေသူ အမျိုးသမီးတစ်ဦးကို ပထမဆုံး တွေ့ခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ ဗိုင်းရပ်စ်ကူးစက်နေသူ အမျိုးသားတစ်ဦးကို မနေ့က ပထမဆုံး တွေ့ခဲ့ရပါတယ်။ အဲဒီအမျိုးသားဟာ ဗိုင်းရပ်စ်ပြန့်နှံ့နေတဲ့ နိုင်ငံတွေကို မသွားရောက်ဖူးသလို နိုင်ငံအတွင်း ကူးစက်နေသူတွေနဲ့ ထိတွေ့ဆက်ဆံဖူးတာမျိုးလည်း မရှိဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။
    • တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ သံသယရှိသူတွေကို သီးသန့်ခွဲထားတဲ့ ဟိုတယ်တစ်လုံး မနေ့က ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး အများအပြား အပျက်အဆီးတွေကြားမှာ ပိတ်မိနေပါတယ်။ လူပေါင်း ၇၀ ကျော်လောက် ရှိတဲ့ အဲဒီဟိုတယ် ဘာ့ကြောင့် ပြိုကျလဲဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။
    • အီတလီနိုင်ငံသားတော်တော်များများနဲ့ လူပေါင်း ၂၀၀၀ လောက်ပါဝင်တဲ့ အပျော်စီးသင်္ဘော Costa Fortuna ကို မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က ကမ်းကပ်ခွင့်မပေးဘဲ လက်ရှိ အဲဒီသင်္ဘောဟာ စင်ကာပူနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
    • ဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ အာဏာပိုင်တွေက ရောဂါကင်းရှင်းသူတွေကို ဒစ်ဂျစ်တယ် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးနေပြီး လက်မှတ်ရထားသူတွေဟာ အလုပ်ပြန်လုပ်တာ၊ ခရီးသွားတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဟူဘေးပြည်နယ်တစ်ခုလုံးကိုတော့ လက်ရှိအချိန်အထိ တံခါးပိတ်ထားပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ စနေနေ့က ဗိုင်းရပ်စ် ထပ်မံကူးစက်သူ ၉၃ ဦး ရှိခဲ့ပြီး စုစုပေါင်း ၇၁၃၄ ဦး ရှိလာတာပါ။
    • အာဂျင်တီးနားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နေသူတစ်ဦး မနေ့က သေဆုံးသွားခဲ့ပြီး ဒါဟာ လက်တင်အမေရိကမှာ ပထမဆုံး သေဆုံးမှု ဖြစ်ပါတယ်။ လက်တင်အမေရိကက ပါရာဂွေး၊ ကိုလံဘီယာ၊ ချီလီနဲ့ ပီရူးနိုင်ငံတွေမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရောဂါကူးစက်နေသူတွေကို ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • တရုတ်နိုင်မှာတော့ မနေ့က ရောဂါထပ်မံကူးစက်မှု ၄၄ ခုသာရှိခဲ့ပြီး သေဆုံးသူက ၂၇ ဦး ရှိပါတယ်။ ဒါ့ကြောင် တရုတ်နိုင်ငံမှာ စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၃၀၉၇ ဦး ရှိလာပါတယ်။
    • စင်ကာပူနိုင်ငံမှာ ဒီကနေ့ ရောဂါထိပ်မံကူးစက်နေသူ ၁၂ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်မှုက ၁၅၀ အထိ ရှိလာပါတယ်။ အဲဒီအထဲမှာ လူ ၉၀ က လုံး၀ပျောက်ကင်းကာ ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ မနေ့က ကူးစက်နေသူ ၆ ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး စုစုပေါင်း ၉၉ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ပတ်စ်ပို့အတု ကိုင်ဆောင်မှုဖြင့် ပါရာဂွေးတွင် ရော်နယ်ဒင်ဟို ဖမ်းဆီးခံရ

    ပတ်စ်ပို့အတု ကိုင်ဆောင်မှုဖြင့် ပါရာဂွေးတွင် ရော်နယ်ဒင်ဟို ဖမ်းဆီးခံရ

    မတ် ၇၊ ၂၀၂၀
    M-Media

    -ဘရာဇီးလ်ဘောလုံးအသင်းရဲ့ ဂန္တဝင်ကစားသမား ရော်နယ်ဒင်ဟိုဟာ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုနဲ့ ပါရာဂွေးနိုင်ငံမှာ အခုတစ်ပတ်အတွင်း ဖမ်းဆီးခံလိုက်ရပါတယ်။

    အသက် ၃၉ နှစ်အရွယ် ရော်နယ်ဒင်ဟိုနဲ့ ညီဖြစ်သူ အလ်ဘာတို အက်စစ်တို့ဟာ ဗုဒ္ဓဟူးနေ့က ပါရာဂွေးနိုင်ငံကို ရောက်ရှိချိန် နိုင်ငံကူးလက်မှတ်အတုကိစ္စနဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရတာပါ။ ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာ​ကြောင့် အာဏာပိုင်တွေက ဖမ်းဆီး​ခြင်းမပြုဘဲ အခြားပြစ်ဒဏ်တစ်ခုပေးကာ ပြန်လွှတ်ခဲ့ပါတယ်။

    ဒါပေမယ့် ဒီလွှတ်ပေးမှုကို တရားရေးဌာနက ပယ်ချခဲ့ပြီး ဖမ်း၀ရမ်းထုတ်ခဲ့တာကြောင့် သောကြာနေ့မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။ ​ရော်နယ်ဒင်ဟိုရဲ့ရှေ့နေ ဆာဂျီယို ကွီရို့ဇ်က ဖမ်းဆီးခံရမှုကို အတည်ပြုခဲ့ပါတယ်။

    ပါရာဂွေးကာစီနိုသူဌေးတစ်ယောက်ရဲ့ ဖိတ်ကြားမှုကြောင့် ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံကို သွားရောက်ခဲ့တာ​ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုအတွက် သူဟာ စနေနေ့မှာ တရားရင်ဆိုင်ရဖို့ ရှိ​နေပါတယ်။

    တစ်ချိန်က ကမ္ဘာကျော်ဘောလုံးသမားဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ ၂၀၁၅ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့ပေမယ့် သူ့ရဲ့ ဘောလုံးကျွမ်းကျင်မှု၊ ကျော်ကြားမှုတွေကြောင့် အခုအချိန်အထိ​ ဘောလုံးပရိတ်သတ်တွေကြားမှာ နာမည်ကျော်ကြားဆဲ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အာဏာသိမ်းရန် ကြံစည်မှုခေါင်းစဉ်ဖြင့် ဆော်ဒီတော်၀င်မိသားစုအတွင်း ဖမ်းဆီးမှုဖြစ်ပွား

    အာဏာသိမ်းရန် ကြံစည်မှုခေါင်းစဉ်ဖြင့် ဆော်ဒီတော်၀င်မိသားစုအတွင်း ဖမ်းဆီးမှုဖြစ်ပွား

    ​မတ် ၇၊ ၂၀၂၀
    M-Media

    ဘုရင်ဆလ်မန်ရဲ့ညီ မင်းသား အဟ်မဒ် ဘင် အဘ်ဒူလ်အဇစ် (ဝဲ)

    -အာဏာသိမ်းဖို့ ကြိုးစားတဲ့အတွက် တော်ဝင်မိသားစုက အရေးပါတဲ့ မင်းသား ၂ ပါးကို ဆော်ဒီအာရေဗျက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ အမေရိကန်မီဒီယာတွေက ဒီကနေ့မှာ ဖော်ပြခဲ့ကြပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ ဘုရင်ဆလ်မန်ရဲ့ညီ မင်းသား အဟ်မဒ် ဘင် အဘ်ဒူလ်အဇစ်၊ ဘုရင်ဆလ်မန်ရဲ့ တူဖြစ်ပြီး အိမ်ရှေ့မင်းသားဟောင်းလည်းဖြစ်တဲ့ မင်းသား မိုဟာမက် ဘင် နာယက်ဖ်တို့ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ အရင်က ဆော်ဒီအစိုးရရဲ့ ထိပ်တန်းရာထူးတွေကို ရယူခဲ့ဖူးသူတွေဖြစ်ပြီး၊ တော်ဝင်မိသားစုအတွင်း အရေးပါသူတွေလည်း ဖြစ်ပါတယ်။

    အာဏာသိမ်းဖို့ ကြိုးပမ်းတယ်ဆို စွပ်စွဲချက်နဲ့ ထိန်းသိမ်းခံရတယ်လို့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပြီး၊ Bloomberg ကတော့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

    နာယက်ဖ်ရဲ့ညီ မင်းသား နာ၀က်ဖ် ဘင် နာယက်ဖ်လည်း ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ပါဝင်ပါတယ်။ ဆော်ဒီအာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါဟာ အာဏာကို တစ်ဦးတည်း ဆုပ်ကိုင်ထားလိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ထံကနေ နောက်ဆုံး ပေါ်ထွက်လာတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။

    ဝမ်းကွဲညီအစ်ကို မိုဟာမက် ဘင် နာယက်ဖ်ကို ဖယ်ရှားကာ ၂၀၁၇ ခုနှစ်မှာ အိမ်ရှေ့မင်းသား ဖြစ်လာခဲ့ပြီးတဲ့နောက် ဘင် ဆလ်မန်ဟာ အာဏာကို​ စုစည်းနိုင်အောင် ကြိုးစားခဲ့ပြီး အဲဒီနှစ်ကုန်ပိုင်းမှာပဲ တော်ဝင်မိသားစုဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တော်တော်များများကို ခြစားမှုစွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

    အခုဖမ်းဆီးမှုဟာ ဘုရင်ဆလ်မန်ရဲ့ တစ်ဦးတည်းသောညီဖြစ်သူ မင်းသား အဟ်မဒ် အရိုက်အရာဆက်ခံနိုင်ရေး တော်ဝင်မိသားစု၊ လုံခြုံရေး အသိုက်အဝန်းနဲ့ အနောက်တိုင်း အင်အားကြီးနိုင်ငံတွေမှာ ထောက်ခံသူတွေရအောင် မင်းသားတွေက စည်းရုံးမှုကြောင့် ပေါ်ထွက်လာတာဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    အသက် ၇၈ နှစ်အရွယ် မင်းသား အဟ်မဒ်ဟာ ယီမင်စစ်ပွဲမှာ ဆော်ဒီအာရေဗျ ပါဝင်မှုအတွက် ၂၀၁၈ ခုနှစ်တုန်းက ဘုရင်ဆလ်မန်နဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အရိုက်အရာကို ဆက်ခံလိုစိတ်မရှိဘူးလို့လည်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • ၁၀ နှစ်အတွင်း သစ်ပင်တစ်သန်းစိုက်ရန်နှင့် စိမ်းလန်းဇုန်များဖော်ဆောင်ရန် စင်ကာပူ စီမံကိန်းချ

    ၁၀ နှစ်အတွင်း သစ်ပင်တစ်သန်းစိုက်ရန်နှင့် စိမ်းလန်းဇုန်များဖော်ဆောင်ရန် စင်ကာပူ စီမံကိန်းချ

    မတ် ၆၊ ၂၀၂၀
    M-Media

    -နောက်ထပ် ၁၀ နှစ်အတွင်း သစ်ပင်ပေါင်း ၁ သန်းလောက် စိုက်ပျိုးပြီး၊ စိမ်းလန်းတဲ့နေရာတွေ ပိုမိုဖော်ဆောင်သွားဖို့ စီမံကိန်းချမှတ်ထားတယ်လို့ စင်ကာပူတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    “သစ်ပင်ပန်းမာလ်တွေ၊ တိရစ္ဆာန်လေးတွေနဲ့အတူ ယှဉ်တွဲနေထိုင်ကာ စင်ကာပူနိုင်ငံသားတွေ ပိုမိုကောင်းမွန်တဲ့ ဘ၀နေထိုင်မှု ရရှိမယ့် သဘာ၀နိုင်ငံတစ်ခုအဖြစ် စင်ကာပူကို ကျွန်တော်တို့ အသွင်ပြောင်းချင်ပါတယ်။ တကယ်တော့ ရာသီဥတုပြောင်းလဲမှု၊ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ မြို့ပြတိုးချဲ့နေမှုတွေကြောင့် ဒီကိစ္စမှာ ကျွန်တော်တို့ ပိုမိုဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” လို့ စင်ကာပူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး ဒက်စမွန်လီက ပြောကြားခဲ့ပါတယ်။

    Botanic Gardens ပန်းဥယာဉ်နဲ့ စင်ကာပူမြစ်တို့ကို ဆက်သွယ်မယ့် ၆ ကီလိုမီတာအရှည်ရှိတဲ့ စမ်းလမ်းဇုန်တစ်ခု ဖော်ဆောင်သွားမယ်လို့ စင်ကာပူ အမျိုးသားပန်းခြံများ ဘုတ်အဖွဲ့ NParks က ဖေဖော်ဝါရီလမှာ ကြေငြာခဲ့ပါတယ်။ Istana Park ပန်းခြံကိုလည်း ဘေးပတ်ဝန်းကျင်က စိမ်းလမ်းဇုန်တွေ ပေါင်းထည့်ကာ တိုးချဲ့သွားဖို့ စင်ကာပူက စီစဉ်နေပါတယ်။

    စင်ကာပူနိုင်ငံဟာ City in a Garden (ပန်းဥယျာဉ်ထဲကမြို့တော်) ဆိုတဲ့ စီမံကိန်းကနေ City in Nature (သဘာ၀မြို့တော်) ဆိုတဲ့ စီမံကိန်းကို ရည်မှန်းချက် ၄ ရပ်နဲ့ ပြောင်းလဲအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ အဲဒီ ရည်မှန်းချက် ၄ ရပ်က သဘာ၀ ပန်းခြံတွေ ပိုမိုပေါ်ပေါက်လာရေး၊ ရှိပြီးသား ပန်းခြံတွေနဲ့ ပန်းခြံအသစ်တွေမှာ သဘာ၀ဆန်တဲ့အနေအထား ပိုမိုထည့်သွင်းရေး၊ လူလုပ် ပန်းဝန်းကျင်မှာ သဘာ၀တရားကို ပေါင်းစပ်ထည့်သွင်းရေးနဲ့ စိမ်းလန်းဇုန်တွေ ပိုမိုဖော်ဆောင်ရေး ဖြစ်ပါတယ်။

    ၂၀၃၀ ခုနှစ်ရောက်ရင် သဘာ၀ပန်းခြံဧရိယာ ဟက်တာ ၂၀၀ အထိ ဖြစ်လာရေး ရည်မှန်းထားပါတယ်။

    Ref: CNA

  • ၁၄ နှစ်ကြာ ပြင်ဆင်ပြီးနောက် ကမ္ဘာ့ပထမဆုံး ပိရမစ်ကို အီဂျစ်က ပြန်ဖွင့်

    ၁၄ နှစ်ကြာ ပြင်ဆင်ပြီးနောက် ကမ္ဘာ့ပထမဆုံး ပိရမစ်ကို အီဂျစ်က ပြန်ဖွင့်

    မတ် ၆၊ ၂၀၂၀
    M-Media

    -ကမ္ဘာ့ပထမဆုံး တည်ဆောက်ထားတဲ့ ပိရမစ်ကို ၁၄ နှစ်ကြာ ထိန်းသိမ်းပြုပြင်ခဲ့ပြီးတဲ့နောက် မနေ့မှာ အီဂျစ်က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

    Djoser Pyramid လို့ အမည်ရပြီး Step Pyramid လို့လည်း ခေါ်တဲ့ အဲဒီ ပိရမစ်ဟာ အီဂျစ်ရဲ့ တတိယမင်းဆက်က ဘုရင် ဂျိုဆာရ်လက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၇၀၀ လောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

    ဆယ်စုနှစ်ချီ မထိန်းသိမ်း၊ မပြုပြင်ဘဲထားတာကြောင့် ပြိုကျမယ့်အန္တရာယ်ကို ရင်ဆိုင်ရတဲ့အတွက် အီဂျစ်အစိုးရဟာ ၂၀၀၆ ခုနှစ်မှာ ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကို စတင်ခဲ့ပါတယ်။ အာဏာရှင် ဟိုစနီမူဘာရက် ပြုတ်ကျသွားတဲ့ ၂၀၁၁ ခုနှစ် လူထုဆန္ဒပြမှုကြောင့် စီမံကိန်းကို ခေတ္တရပ်ဆိုင်းခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာ ပြန်လည်စတင်ခဲ့ပါတယ်။ စီမံကိန်းအတွက် ကန်ဒေါ်လာ ၆.၆ သန်း ကုန်ကျခဲ့တာပါ။

    “အီဂျစ်ရဲ့ ပထမဆုံးနဲ့ သက်တမ်းအရင့်ဆုံး ပိရမစ်ကို ကျွန်တော်တို့ ပြုပြင်ထိန်းသိမ်းပြီးပါပြီ။ ကမ္ဘာပေါ်က ပထမဆုံးဖြစ်တဲ့ ဒီအဆောက်အဦးကို ကျောက်တုံးသက်သက်နဲ့ တည်ဆောက်ခဲ့တာပါ။ ဒီလိုအဆောက်အဦးကြီးကို နှစ်ပေါင်း ၄၇၀၀ လောက် တည်မြဲအောင် ဘယ်လိုများ တည်ဆောက်ခဲ့လဲဆိုတာကိုကြည့်ပြီး ကျွန်တော်တို့ အံ့ဩမှင်သက်ရပါတယ်” လို့ အီဂျစ် ရှေးဟောင်းနှင့် ခရီးသွားလာရေးဝန်ကြီး ခါလစ် အလ်-အီနာနီက ပိရမစ် ပြန်လည်ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ဒီပိရမစ်ကို ကမ္ဘာ့ပထမဆုံး ဗိသုကာပညာရှင်လို့ မှတ်ယူခံရတဲ့ အင်မ်ဟိုတက်ပ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းမှာ ကျောက်တုံးနဲ့ဆောက်လုပ်ထားတဲ့ အကြီးဆုံး အဆောက်အဦးဖြစ်ပြီး၊ အကြီးဆုံး ပိရမစ်သင်္ချိုင်းဂူလည်း ဖြစ်ပါတယ်။

    ဖွင့်ပွဲအခမ်းအနားကို တက်ရာက်ခဲ့တဲ့ အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာ မဒ်ဘူလီက မိမိတို့ဟာ အီဂျစ်နိုင်ငံအသစ်ကို တည်ဆောက်နေပြီး သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းရေးလုပ်ငန်းက မိမိတို့အစိုးရရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera