News @ M-Media

Author: Ko Lay

  • ကျိုင်းကောင်ပြဿနာဖြေရှင်းရန် ပါကစ္စတန်သို့ တရုတ်က ‘ဘဲတပ်’ ပို့မည်

    ကျိုင်းကောင်ပြဿနာဖြေရှင်းရန် ပါကစ္စတန်သို့ တရုတ်က ‘ဘဲတပ်’ ပို့မည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်နိုင်ငံမှာ နှစ် ၂၀ အတွင်း အဆိုးဝါးဆုံး အခြေအနေဖြစ်လာတဲ့ ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းဖို့အတွက် ဘဲအုပ်တစ်အုပ် စေလွှတ်ဖို့ စီစဉ်နေတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    သန်းနဲ့ချီတဲ့ ကျိုင်းကောင်တွေ အုပ်ဖွဲ့ပြီး ကောက်ပဲသီးနှံကို စားသောက်ဖျက်ဆီးတဲ့ အန္တရာယ်ကို အာရှနဲ့ အာဖရိက နိုင်ငံတစ်ချို့က လတ်တလောမှာ ကြုံတွေ့နေရတာပါ။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် တရုတ်ကျွမ်းကျင်သူတွေဟာ ပါကစ္စတန်ကို သွားရောက်လေ့လာခဲ့ပြီးတဲ့နောက် အကောင်ရေ တစ်သိန်းပါဝင်မယ့် ဘဲအုပ်တစ်ခုကို နိုင်ငံအရှေ့ပိုင်း ကျီကျန်းပြည်နယ်ကနေ စေလွှတ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

    ဘဲတွေစားတဲ့ အစာတွေထဲမှာ အင်းဆက်ပိုးမွှားတွေလည်း ပါဝင်ပြီး No. 1 Guoshao လို့ အမည်ပေးထားတဲ့ ကျီကျန်းက ဘဲတွေကတော့ ကျိုင်းကောင်တွေကို စားသောက်ရာမှာ နာမည်ကြီးပါတယ်။ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ လွန်ခဲ့တဲ့နှစ် ၂၀ ကျိုင်းကောင်ကပ်ဘေးကျရောက်ချိန် တရုတ်ဟာ ဘဲတွေနဲ့နှိမ်နှင်းတဲ့နည်းကို အသုံးပြုခဲ့ပြီး သိသာတဲ့ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။

    ဘဲတွေကို အသုံးပြုတာဟာ ပိုးသတ်ဆေးကို အသုံးပြုတာထက် ကုန်ကျစားရိတ် ပိုသက်သာပြီး သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးမှုကိုလည်း လျော့ကျစေတယ်လို့ ကျီကျန်းပြည်နယ် စိုက်ပျိုးရေးနည်းပညာတက္ကသိုလ်က သုတေသနပညာရှင် လူလီကျီက ပြောကြားခဲ့ပါတယ်။

    ဘဲတစ်ကောင်ဟာ တစ်နေ့ကို ကျိုင်းကောင် ၂၀၀ လောက်ကို စားနိုင်ပြီး ကြက်တွေထက် ၃ ဆလောက် ထိရောက်မှုရှိပါတယ်။

    လူက ပါကစ္စတန်ကို ဘဲအုပ်လွှတ်မယ့်‌ကိစ္စဟာ လျာထားတာသာဖြစ်ပြီး လွှတ်ဖြစ်မယ်ဆိုရင်တောင် အခုနှစ်နှောင်းပိုင်းလောက်မှ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဘဲတွေနဲ့ ကျိုင်းကောင်အုပ်ကို နှိမ်နှင်းတဲ့ နည်းလမ်းဟာ အသုံးဝင်တယ်ဆိုတာကို သိရှိထားပေမယ့် စမ်းသပ်စစ်ဆေးမှုတွေ ထပ်လိုသေးတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Dailymail

  • ဆီးရီးယားစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၃၀ ကျော်သေဆုံး

    ဆီးရီးယားစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၃၀ ကျော်သေဆုံး

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
    M-Media

    ဆီးရီးယားရှိ တူရကီတပ်ဖွဲ့ဝင်များ

    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် အီဒလစ်ပြည်နယ်မှာ သောကြာနေ့က ဆီးရီးယားအစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း တူရကီစစ်သား အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ပြီး တူရကီကတော့ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါဟာ ၂၀၁၆ ခုနှစ်က ဆီးရီးယားပြည်တွင်းစစ်မှာ စတင်ပါဝင်ပြီးနောက်ပိုင်း တစ်ရက်အတွင်း တူရကီစစ်သား အများဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း သေဆုံးခဲ့တဲ့ စစ်သည်အရေအတွက်ဟာ ၅၄ ဦး ရှိလာပြီလို့လည်း တူရကီက ထုတ်ပြန်ထားပါတယ်။

    သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ အီဒလစ်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရတပ်တွေက ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ထိုးစစ်အရှိန်မြှင့်ရာမှာ စစ်စခန်းတွေရှိနေတဲ့ တူရကီနဲ့ တင်းမာမှု မြင့်တက်လာ ဖြစ်ပါတယ်။

    အာဆတ်အစိုးရတပ်ကို ကူညီပေးနေတဲ့ ရုရှားက တူရကီဟာ သူတို့တပ်ဖွဲ့တွေ သူပုန်နဲ့ပေါင်းပြီး တိုက်နေတာကို သတင်းပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ တူရကီဖက်ကတော့ ဒီပြောဆိုချက်ကို ငြင်းပါတယ်။

    တူရကီကတော့ ဆီးရီးယားအစိုးရတပ်ရဲ့ သိသမျှစခန်းတွေကို လက်တုန့်ပြန်တိုက်ခိုက်သွားမှာဖြစ်ပြီး၊ နိုင်ငံအတွင်းရှိနေတဲ့ ဆီးရီးယားဒုက္ခသည်တွကိုလည်း ဥရောပနိုင်ငံတွေဆီသွားဖို့ ဖွင့်ပေးလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အီဒလစ်ပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ တူရကီဖက်က ချက်ခြင်း လက်တုန့်ပြန်တိုက်ခိုက်မှုတွေ ရှိနေပြီး အနည်းဆုံး ဆီးရီးယားစစ်သား ၁၆ ဦး သေဆုံးခဲ့တယ်လို့ ယူကေအခြေစိုက် စောင့်ကြည့်အဖွဲ့ Syrian Observatory for Human Rights က ပြောပါတယ်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီတင်းမာမှုအတွက် အလွန်စိုးရိမ်တယ်လို့ ပြောကြားခဲ့ပြီး နှစ်ဖက်စလုံး အပစ်ရပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံကို  COVID-19 ဗိုင်းရပ်စ် ထပ်မံပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံကို COVID-19 ဗိုင်းရပ်စ် ထပ်မံပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀ (ညနေ ၄ နာရီ)
    M-Media

    ပုံ- ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ် ပြန့်နှံ့မှု
    • လူဦးရေထူထပ်တဲ့ လာဂို့စ်မြို့ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ပြန်ရောက်လာတဲ့ အီတလီအမျိုးသားတစ်ဦးမှာ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်နေတာ တွေ့ရှိခဲ့ရတယ်လို့ နိုက်ဂျီးရီးယားနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။ အီဂျစ်နဲ့ အလ်ဂျီးရီးယားလို အာဖရိကနိုင်ငံတွေမှာ အရင်က ရောဂါကူးစက်မှု တွေ့ခဲ့ရပေမယ့် အာဖရိက ဆဟာရဒေသမှာတော့ ဒါဟာ ပထမဆုံးအကြိမ် ကူးစက်မှုဖြစ်ပါတယ်။ တရုတ်နဲ့ စီးပွားရေးအဆက်အသွယ်ရှိနေတဲ့ အာဖရိကဒေသမှာ ကူးစက်မှု သိပ်မတွေ့ရတာဟာ စမ်းသပ်စစ်ဆေးမှု အားနည်းတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
    • ဥရောပနိုင်ငံငယ်တွေဖြစ်တဲ့ ဘီလာရုဇ်နဲ့ လစ်သူယေးနီးယားနိုင်ငံတွေမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှုတွေကို မနေ့မှာ တွေ့ခဲ့ရပါတယ်။ ဘီလာရုဇ်မှာ အီရန်ကျောင်းသားတစ်ဦး ကူးစက်နေတာဖြစ်ပြီး၊ လစ်သူယေးနီးယားနိုင်ငံမှာတော့ အီတလီကပြန်လာတဲ့ အမျိုးသမီးတစ်ဦးမှာ ကူးစက်နေတာပါ။
    • တရုတ်နိုင်ငံမှာ မနေ့က သေဆုံးသူ အနည်းဆုံး ၄၄ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၂၇၈၈ ဦး ရှိလာပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှု ၃၁၅ ခု ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၂၃၃၇ ဦး ရှိလာပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁၃ ဦး ရှိနေပါတယ်။
    • ကြာသာပတေးနေ့မှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေကို သီးသန့်ထား စောင့်ကြည့်သွားမယ်လို့ မွန်ဂိုလီးယားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ သမ္မတ Khaltmaagiin Battulga ဟာ COVID-19 ဗိုင်းရပ်စ် ကူးစက်နေတဲ့ကာလမှာ တရုတ်နိုင်ငံကို ပထမဆုံးသွားရောက်ခဲ့တဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ မွန်ဂိုလီးယားဟာ ဇန်နဝါရီလမှာ တရုတ်နဲ့နယ်စပ်တွေကို ပိတ်ထားလိုက်ပြီး အခုအချိန်အထိ ကူးစက်မှု မရှိသေးပါဘူး။
    • ကူးစက်တဲ့နိုင်ငံတွေ ပိုမိုများပြားလာတဲ့အတွက် COVID-19 ‌ဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ‌နောက်ထပ် နိုင်ငံ ၁၂ နိုင်ငံမှာ ကူးစက်မှုကို တွေ့ခဲ့ရတဲ့အတွက် ဗိုင်းရပ်စ်ဟာ စုစုပေါင်း ၄၆ နိုင်ငံအထိ ပြန့်နှံနေပြီဖြစ်ပါတယ်။ တရုတ်နိင်ငံပြင်ပမှာ ကူးစက်နေသူဟာ ၃၇၀၀ လောက်ရှိနေပြီး သေဆုံးသူကတော့ ၅၇ ဦး ရှိတယ်လို့‌လည်း WHO က ဆိုပါတယ်။
    • နယူးဇီလန်မှာ ဗိုင်းရပ်စ်ကူးစက်နေသူကို မနေ့က ပထမဆုံးတွေ့ခဲ့ရပြီး ဗုဒ္ဓဟူးနေ့ကမှ အီရန်နိုင်ငံကနေ ပြန်လာသူဖြစ်ပါတယ်။ နယူးဇီလန်အာဏာပိုင်တွေကတော့ ရောဂါကူးစက်နေသူနဲ့အတူ လေယာဉ်စီးလာသူတွေအနေနဲ့ မိမိကိုယ်ကို မသင်္ကာဖြစ်ရင် ကျန်းမာရေးတာဝန်ရှိသူတွေကို လာရောက်တွေ့ဆုံပြသဖို့ တိုက်တွန်းထားပါတယ်။ အီရန်နိုင်ငံသားတွေ လာရောက်မှုကိုလည်း နယူးဇီလန်က ယာယီ ကန့်သတ်လိုက်ပါတယ်။
    • လက်ရှိ အမေရိကန်မှာ ကူးစက်မှုဟာ နည်းနေသေးပေမယ့် အခြေအနေ အချိန်မရွေး ပြောင်းသွားနိုင်တယ်လို့ ကန်ကျန်းမာရေးဝန်ကြီးက မနေ့မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ စိုးရိမ်ဖို့မလိုပေမယ့် လိုအပ်တာတွေအားလုံး ပြင်ဆင်ထားရမယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀
    M-Media

    COVID-19 ကာကွယ်ဆေးကို ဧပြီလတွင် လူသား၌ စတင်စမ်းသပ်မည်

    အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်အခြေစိုက် ဆေးကုမ္ပဏီ Moderna Therapeutics က သူတို့ ဖန်တီးထုတ်လုပ်ထားတဲ့ COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးကို အမေရိကန်အမျိုးသား ကျန်းမာရေးအင်စတီကျုကို (NIH) ကို ပေးပို့ထားပြီး ဧပြီလအတွင်း ပထမဆုံးအကြိမ် လူသားမှာ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ COVID-19 ဗိုင်းရပ်ရဲ့ ‌ဗီဇကုဒ်ကို တရုတ်ပညာရှင်တွေက ဇန်နဝါရီလ အလယ်ပိုင်းမှာ ထုတ်ပြန်ပေးခဲ့ပြီးတဲ့နောက် ၄၂ ရက်အတွင်း SARS-CoV-2 လို့ ခေါ်တဲ့ ဒီကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့တာပါ။ လူသားမှာ စမ်းသပ်မှုကို နီဘရာစကာပြည်နယ်က ကူးစက်ရောဂါဆေးရုံမှာ ပြုလုပ်မှာဖြစ်ပြီး ဂျပန်မှာဆိုက်ကပ်ထားတဲ့ Diamond Princess ကမ္ဘာလှည့်ခရီးသွားသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခဲ့သူတစ်ဦးနဲ့ အခြား ကူးစက်ထားသူတစ်ချို့က စေတနာ့ဝန်ထမ်းအဖြစ် အစမ်းသပ်ခံမှာ ဖြစ်ပါတယ်။

    နာတာရှည် ချောင်းဆိုးရောဂါ ပျောက်နိုင်မည့် ဆေးဝါးသစ်တစ်ခု တွေ့ရှိ

    နာတာရှည် ချောင်းဆိုးရောဂါကို ပျောက်ကင်းစေနိုင်မယ့် ဆေးဝါးတစ်မျိုးကို အင်္ဂလန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်က ဖန်တီးထုတ်လုပ်နိုင်ခဲ့ပြီး စမ်းသပ်ကုသမှုအတွင်း လူနာတွေမှာ ရောဂါလက္ခဏာ သိသိသာသာ ကျဆင်းတာကို တွေ့ခဲ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်း အရွယ်ရောက်ပြီးသူတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ ကျန်းကျန်းမာမာနဲ့ ရောဂါသီးသန့်မရှိဘဲ နာတာရှည်ချောင်းဆိုးဝေဒနာကို ခံစားနေရတာပါ။ Gefapixant (MK-7264) လို့ အမည်ပေးထားတဲ့ အခုဆေးဝါးနဲ့ အမျိုးသား၊ အမျိုးသမီး ၂၅၃ ဦးကို ၁၂ ပတ်ကြာ စမ်းသပ်ခဲ့ရာမှာ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ နာတာရှည်ချောင်းဆိုတာကြောင့် အဆုတ်ရောဂါအပါအဝင် ကျန်းမာရေးပြဿနာများစွာကို ကြုံရတတ်ပြီး ‌အဆုတ်ကင်ဆာအထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

    အဆင့်ကောင်းအောင် ဖိအားပေးခြင်းက ကလေးများတွင် စိတ်ရောဂါဖြစ်နိုင်

    ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့ ဖိအားပေးခံရတာ၊ အွန်လိုင်းစွဲလမ်းတာတွေဟာ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတယ်လို့ ယူ‌ကေအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ခဲ့ရပါတယ်။ စာသင်ကျောင်းပေါင်း ၂၈၃ ခုမှာ လေ့လာတာခဲ့တာဖြစ်ပြီး ကျောင်းတွေအနေနဲ့ ကလေးတွေ စိတ်ကျန်းမာရေးအတွက် ငွေကြေး သီးသန့်ထား သုံးစွဲသင့်တယ်လို့လည်း ပညာရှင်တွေက အကြံပြုထားပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတာ၊ စိတ်ခွန်အားရအောင် လုပ်ဆောင်တာ၊ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် သွန်သင်ပေးတာတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်စိတ်ပိုင်းဆိုင်ရာအတွက် ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

    Ref: Times, BBC

  • ခရစ်ယာန်ဘုရားကျောင်းကို ဗုံးခွဲမည်ဟုခြိမ်းခြောက်သည့် လူဖြူအစွန်းရောက်များကို အမေရိကန်က ဖမ်းဆီးတရားစွဲ

    ခရစ်ယာန်ဘုရားကျောင်းကို ဗုံးခွဲမည်ဟုခြိမ်းခြောက်သည့် လူဖြူအစွန်းရောက်များကို အမေရိကန်က ဖမ်းဆီးတရားစွဲ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀
    M-Media

    -ခရစ်ယာန်ဘုရားကျောင်းတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဂျာနယ်လစ်တွေကို ဗုံးခွဲမယ်၊ သတ်ဖြတ်မယ်လို့ ဖုန်းဆက်ခြိမ်းခြောက်တဲ့ လူဖြူအစွန်းရောက် နာဇီလက်သစ်အဖွဲ့ ခေါင်းဆောင်တစ်ချို့ကို အမေရိကန်က ဖမ်းဆီး တရားစွဲဆိုလိုက်ပါတယ်။

    ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သူဟာ အသက် ၂၆ နှစ်အရွယ် ဂျွန် စီ ဒန်တန်ဆိုသူဖြစ်ပြီး အခု ပြိုကွဲသွားပြီဖြစ်တဲ့ နာဇီလက်သစ်အဖွဲ့ Atomwaffen Division ကို တည်ထောင်သူ ခေါင်းဆောင်ဖြစ်ပါတယ်။

    သူဟာ ဗာဂျီးနီးယားပြည်နယ် အလက်ဇန်းဒရီးယားမြို့က အာဖရိကန်-အမေရိကန် ခရစ်ယာန်ဘုရားကျောင်း၊ ဗာဂျီးနီးယားပြည်နယ်ကိုစားပြု လွှတ်တော်အမတ်တစ်ဦးနဲ့ တက္ကသိုလ်တစ်ခုတို့အပါအဝင် အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းက နေရာတစ်ချို့ကို ဖုန်းဆက်ပြီး ဗုံးခွဲမယ်လို့ ‌ခြိမ်းခြောက်ခဲ့သူပါ။

    Atomwaffen အဖွဲ့ဟာ အမေရိကန်နိုင်ငံအတွင်း သတ်ဖြတ်မှု တော်တော်များများကို ဆောင်ရွက်ခဲ့ပြီး အာဏာပိုင်တွေက ဒီအဖွဲ့ဟာ လူမျိုးရေးစစ်ပွဲဖြစ်အောင် လုပ်‌ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒန်တန်နဲ့အတူ အဖွဲ့ရဲ့ အခြားခေါင်းဆောင် ၄ ဦး၊ အဖွဲ့ဝင်တစ်ချို့လည်း ဗုဒ္ဓဟူးနေ့က ဖမ်းဆီး တရားစွဲဆိုခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ဒီအဖွဲ့က အဖွဲ့ဝင်တော်တော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။

    Ref: AP