News @ M-Media

Author: Ko Lay

  • COVID-19 ဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တော့မည်ဟု ဩဇီဝန်ကြီးချုပ် သတိပေး (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တော့မည်ဟု ဩဇီဝန်ကြီးချုပ် သတိပေး (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀ (ညနေ ၄ နာရီ)
    M-Media

    • တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်ပြည်နယ်မှာ COVID-19 ပျောင်းကင်းပြီဆိုကာ ဆေးရုံးကဆင်းခွင့်ပေးခဲ့သူတွေရဲ့ ၁၄ ရာခိုင်နှုန်းလောက်မှာ ဗိုင်းရပ်စ်ရှိကြောင်း ပြန်တွေ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ လည်ချောင်းနဲ့ နှာခေါင်းတို့ဖတ်နမူနာ ၂ ကြိမ်ဆက် စမ်းသပ်မှုအတွင်း ဗိုင်းရပ်စ်ရှိကြောင်း မတွေ့ရင်၊ CT စကန်ဖတ်မှုအရ အဆုတ်မှာ ဒဏ်ရာမတွေ့ရင်၊ အဖျားတက်တာလို ရောဂါက္ခဏာမျိုး မရှိတော့ရင် ဗိုင်းရပ်စ်မရှိဘူးလို့ ယူဆတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူနာတွေဟာ နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုတွေကို ခံယူရပါတယ်။
    • ဥရောပနိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယား၊ အက်စ်တိုးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတွေကို မနေ့က ပထမဆုံးအကြိမ် တွေ့ခဲ့ရပါတယ်။ အီတလီမှာတော့ မနေ့က ကူးစက်သူအရေအတွက်ဟာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်ကာ စုစုပေါင်း ၄၀၀ အထိ ရောက်လာပါတယ်။ သေဆုံးသူကတော့ ၁၂ ဦးအထိ ရှိနေပါတယ်။
    • အီရန်နိုင်ငံမှာ ကူးစက်မှုဟာ စုစုပေါင်း ၁၄၁ ဦးအထိ ရှိလာပြီး သေဆုံးသူကတော့ ၂၂ ဦး ရှိလာပြီဖြစ်ပါတယ်။ အီရန်နဲ့ကပ်နေတဲ့ အီရတ်နိုင်ငံမှာလည်း ဗိုင်းရပ်စ် ကူးစက်နေသူအရေအတွက်ဟာ ၆ ဦးအထိ ရှိလာပါပြီ။ အရှေ့အလယ်ပိုင်းက လက်ဘနွန်၊ ဘာရိတ်း၊ ကူဝိတ်တို့မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ကူးစက်နေသူ ရာနဲ့ချီ ထပ်တွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်သူ ၁၇၆၆ ဦး ရှိလာပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁၃ ဦးအထိ ရှိလာပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နေမှုကြောင့် မူလက စီစဉ်ထားတဲ့ ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
    • တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က လူ ၄၃၃ ဦး ထပ်မံ ကူးစက်ခဲ့ပြီး သေဆုံးသူ ၂၉ ဦး ရှိခဲ့ပါတယ်။ တစ်ရက်အတွင်း သေဆုံးမှုဟာ ဇန်နဝါရီ ၂၈ ရက်နောက်ပိုင်း အနည်းဆုံးဖြစ်လာတာပါ။ တရုတ်မှာ စုစုပေါင်း ကူးစက်မှုဟာ ၇၈၄၉၇ ဦး ရှိကာ သေဆုံးသူက ၂၇၄၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါအကြီးအကျယ်ပြန့်နှံ့နေတဲ့ ဟူဘေးပြည်နယ်က ကျင်ကျန်းမြို့မှာ ရောဂါလက္ခဏာဖြစ်နေကြောင်း အာဏာပိုင်တွေကို လာရောက်အကြောင်းကြားတဲ့သူတွေကို ရောဂါရှိကြောင်းတွေ့ရရင် ယွမ်တစ်သောင်း (ဒေါ်လာ ၁၄၀၀) ဆုချမယ်လို့ ထုတ်ပြန်ထားပါတယ်။
    • သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ဟာ COVID-19 ဗိုင်းရပ်စ်ကို တုန့်ပြန်နိုင်ရေး အဆင့်သင်အနေအထားမှာ ရှိနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ဒုတိယသမ္မတ မိုက်ပန့်စ်ကို တာဝန်ပေးထားပြီး နိုင်ငံအတွင်း အကြီးအကျယ် ပြန့်နှံ့တာမျိုး မဖြစ်နိုင်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။ ကယ်လီဖိုးနီးယာမှာ ထပ်တွေ့ရတဲ့ ရောဂါကူးစက်မှုတစ်ခုဟာ နိုင်ငံရပ်ခြားကို ခရီးသွားတာမျိုးကနေတစ်ဆင့် ကူးတာမျိုးမဟုတ်ဘဲ နိုင်ငံအတွင်းမှာတင် ပထမဆုံး ကူးစက်တာ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
    • ကမ္ဘာကြီးဟာ COVID-19 ဗိုင်းရပ်စ် ကပ်ဘေးဆိုက်မယ့်အနေအထားကို ရောက်ရှိနေပြီလို့ ဩစတေးလျဝန်ကြီးချုပ် မောရစ်ဆန်က သတိပေးလိုက်ပါတယ်။ ဒီရောဂါဟာ တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်တို့မှာ သိသိသာသာ ပြန့်နှံ့လာပြီး အခြား ဥရောပနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကိုလည်း ပြန့်နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အရေးပေါ်စီမံကိန်းကို စတင်ထားပြီး ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကုသရေးကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်သွားမယ်လို့လည်း မော်ရစ်ဆန်က ပြောပါတယ်။

    Ref: Strait Times, Aljazeera, BBC

    (ပုံ-တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ မြင်ကွင်း)

  • COVID-19 ဗိုင်းရပ်စ်ကြောင့် အွမ္မရာဘုရားဖူးခရီးစဉ်များကို ဆော်ဒီက ယာယီရပ်ဆိုင်း

    COVID-19 ဗိုင်းရပ်စ်ကြောင့် အွမ္မရာဘုရားဖူးခရီးစဉ်များကို ဆော်ဒီက ယာယီရပ်ဆိုင်း

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀
    M-Media

    -ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် စိုးရိမ်ရမှုကြောင့် အစ္စလာမ်ဘာသာဝင်တွေ မက္ကာဟ်ကို အွမ္မရာ ဘုရားဖူးခရီး လာရောက်မှုနဲ့ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော် သွားရောက်လည်ပတ်မှုတွေကို ဆော်ဒီအာရေဗျက ယာယီပိတ်ပင်လိုက်ပါတယ်။

    ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံအတွင်း ဗိုင်းရပ်စ် ပြန့်နှံမှုမရှိအောင် ကြိုတင်ကာကွယ်ရေးတွေ အမြင့်ဆုံး လုပ်ဆောင်ထားဖို့လိုတယ်ဆိုတဲ့ ကျန်းမာရေး တာဝန်ရှိသူတွေရဲ့ အကြံပေးချက်အရ ဒီလို ပိတ်ပင်လိုက်တာလို့ ဖော်ပြထားပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်သစ် ဖြစ်ပွားနေတဲ့ နိုင်ငံက ခရီးသွားတွေ ဝင်ရောက်မှုကိုလည်း ဆော်ဒီက ပိတ်ပင်ထားပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းမှာ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့မှု သိသိသာသာ မြင့်တက်လာပြီး အီရန်နိုင်ငံမှာဆိုရင် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ ကူဝိတ်၊ ဘာရိန်း၊ အိုမန်၊ လက်ဘနွန်၊ အီရတ်နဲ့ ယူအေအီးနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတွေကို တွေ့လာရပါတယ်။

    ဆော်ဒီအာရေဗျမှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူ မရှိသေးပါဘူး။ ဆော်ဒီနိုင်ငံသားတွေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေက နိုင်ငံသားတွေ ဆော်ဒီနိုင်ငံကို လာရောက်တာ၊ ဆော်ဒီကနေ အခြားနိုင်ငံကို သွားရောက်လည်ပတ်တာတွေကိုလည်း ဆော်ဒီက ယာယီ ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားက ဆော်ဒီနိုင်ငံသားတွေ နေရပ်ပြန်လာမှု၊ ဆော်ဒီက ပင်လယ်ကွေ့နိုင်ငံသားတွေ မိမိနေရပ် ပြန်မှုကိုတော့ ခြွင်းချက်အဖြစ် ခွင့်ပြုထားပါတယ်။

    လက်ရှိ ပိတ်ပင်ထားမှုဟာ ယာယီသာဖြစ်ပြီး အာဏာပိုင်တွေက အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ကာ လိုအပ်တာတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Alarabiya

  • နယူးဒေလီရှိ မွတ်စလင်များအကြမ်းဖက်ခံရမှု‌တွင် သေဆုံးသူ ၂၄ ဦးအထိရှိလာ (နောက်ဆုံးရသတင်းများ)

    နယူးဒေလီရှိ မွတ်စလင်များအကြမ်းဖက်ခံရမှု‌တွင် သေဆုံးသူ ၂၄ ဦးအထိရှိလာ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media


    ပုံ – အကြမ်းဖက်မီးရှို့ဖျက်ဆီးခံရကာ ဟိန္ဒူအလံ လွှင့်ခြင်း ခံခဲ့ရသည့် ဒေလီမှ ဗလီတစ်လုံး
    • ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဒေလီအကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်းပြောကြားခဲ့ပြီး အမုန်းတရားကို အခြေခံတဲ့ လူမျိုးရေးခွဲခြားမှု အယူအဆ ကြီးစိုးသွားတာနဲ့ သွေးချောင်းစီးမှုတွေ ဖြစ်ပွားတတ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပါကစ္စတန်က ပြည်သူတွေကို သတိပေးချင်တာက တိုင်းပြည်အတွင်းရှိနေတဲ့ မွတ်စလင်မဟုတ်သူ နိုင်ငံသားတွေနဲ့ သူတို့ရဲ့ ဝတ်ပြုရာနေရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဘယ်သူမဆို ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ကြုံတွေ့ရမယ် ဆိုတာပါပဲ။ တိုင်းပြည်က လူနည်းစုတွေရဲ့ နိုင်ငံသားအဆင့်အတန်းဟာ တစ်ပြားသားမှ လျော့မှာ မဟုတ်ပါဘူး”

    • အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဟိန္ဒူလူအုပ်က မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုအတွင်း သေဆုံးသူအရေအတွက်ဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ၂၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။ မြို့ပေါ်က မွတ်စလင်ရပ်ကွက်တွေ အဓိက ပစ်မှတ်ထားတိုက်ခိုက်ခံရတာဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ကတော့ ၂၀၀ လောက် ရှိလာပါတယ်။ မကြာသေးခင်က ပြဌာန်းလိုက်တဲ့ နိုင်ငံသားဥပဒေ ပြင်ဆင်ချက်ကို ဆန့်ကျင်တဲ့ ထိုင်သပိတ်ကို ဟိန္ဒူလူအုပ်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာတာ ဖြစ်ပါတယ်။
    • ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ဒေလီပြည်သူအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ပြီး ငြိမ်းချမ်းမှု၊ သဟာဇတဖြစ်မှုတို့ဟာ မိမိတို့အသိုင်အဝိုင်းရဲ့ အဓိကကိစ္စဖြစ်တယ်လို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ၃ ရက်တာ ကြာမြင့်နေပြီဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မိုဒီရဲ့ ပထမဆုံးအကြိမ် ပြောကြားမှုလည်း ဖြစ်ပါတယ်။
    • အကြမ်းဖက်မှုတွေကြောင့် ဟိန္ဒူနဲ့မွတ်စလင် ရောနှောနေထိုင်တဲ့ ရပ်ကွက်ကလူတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်မှုတွေ ရှိလာပါတယ်။ ဒေလီအုပ်ချုပ်ရေးမှူး အာရ်ဗင် ကဂျ်ရီဝါလ်က မြို့တွင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ပြီး တပ်ဖွဲ့တွေ ချထားဖို့အတွက် စစ်တပ်ကိုတောင်းဆိုခဲ့ပါတယ်။
    • ဒေလီဟိုက်ကုတ်တရားရုံးက နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ပြဿနာတွေ ပြေလည်စေရေး မြေပြင်အထိ သွားရောက် ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့ပြီး မိမိတို့ရဲ့ တာဝန်ယူမှုအောက်ဟာ ၁၉၈၄ ခုနှစ်က အဖြစ်အပျက်မျိုး နောက်ထပ် အဖြစ်မခံနိုင်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ နိုင်ငံတစ်ဝှမ်း ဆစ်ခ်ဘာသာဝင်တွေကို ဟိန္ဒူလူအုပ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ခစ်ခ်လူမျိုး ၃ ထောင်လောက် သေဆုံးခဲ့ပါတယ်။
    • အတိုက်အခံ ကွန်ဂရက်ပါတီက အကြမ်းဖက်မှုတွေကို တားဆီးဖို့ ပျက်ကွက်တဲ့ ပြည်ထဲရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီကိစ္စမှာ ပြည်ရေးဝန်ကြီးအပြင် ဗဟိုအစိုးရမှာလည်း တာဝန်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    • အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် တည်ငြိမ်သွားမှုအနည်းငယ်ရသွားတဲ့ ဒေလီက ဒေသတစ်ချို့မှာတော့ ဟိန္ဒူနဲ့ မွတ်စလင်တွေ စုပေါင်းပြီး အပျက်အဆီးရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်ကိုပိုင်းမည့် တရားမဝင်အခြေချအိမ်ယာသစ်တစ်ခု အစ္စရေးက ဆောက်မည်

    ပါလက်စတိုင်းပိုင်နက်ကိုပိုင်းမည့် တရားမဝင်အခြေချအိမ်ယာသစ်တစ်ခု အစ္စရေးက ဆောက်မည်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းပိုင်နက်မှ အစ္စရေး၏ ကျူးကျော်အိမ်ယာများ

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက မဟာဗျူဟာကျတဲ့နေရာတစ်ခုမှာ တရားမ၀င် ဂျူးအခြေချအိမ်ယာတွေ ဆောက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့မှာ ကတိပြုပြောကြားလိုက်ပါတယ်။

    လာမယ့်တစ်ပတ် အထွေထွေရွေးကောက်ပွဲရှိနေတဲ့အချိန် နေတန်ယာဟုရဲ့ ဒီစကား ပေါ်ထွက်လာတာပါ။ အနောက်ဖက်ကမ်းက မဟာဗျူဟာကျတဲ့ E1 ဒေသက အဲဒီအိမ်ယာဟာ အနောက်ဖက်ကမ်းကို နှစ်ခြမ်းခြမ်းလိုက်သလို ဖြစ်လာမှာဖြစ်ပါတယ်။

    အစ္စရေးဟာ ၂၀၁၂ ခုနှစ်ကတည်းက ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် အမေရိကန်၊ ဥရောပနဲ့ အခြား အင်အားကြီးနိုင်ငံတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

    နေတန်ယာဟုက ၆ နှစ် ၇ နှစ်လောက် ရပ်ဆိုင်းထားရတဲ့ ဒီအစီအစဉ်ကို စတင်ဖို့ အမိန့်ပေးထားပြီး အိမ်ယာပေါင်း ၃၅၀၀ လောက် ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူအာရ်ဒိုင်နာက နေတန်ယာဟုရဲ့ ဒီကြေငြာချက်ဟာ စည်းဖောက်မှုဖြစ်ပြီး နိုင်ငံတာအသိုင်းအ၀ိုင်းအနေနဲ့ အရေးယူလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ဒါဟာ အန္တရာယ်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့လုပ်ရပ်အဖြစ် ကျွန်တော်တို့ မှတ်ယူပါတယ်”

    အစ္စရေးဟာ ၁၉၆၇ ခုနှစ်မှာ အနောက်ဖက်ကမ်းက ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ပြီး တရားမဝင် အခြေချအိမ်ယာတွေ ဆောက်လုပ်ခဲ့တာပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

    ဘဒူအင်လူမျိုးတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုကို တားဆီးရေး ဆောင်ရွက်နေတဲ့ အန်ဂျီအိုအဖွဲ့ Jahalin Solidarity ရဲ့ ပူးတွဲဒါရိုက်တာ အန်ဂျလာ ဂွဒ်ဖရေး-ဂိုးလ်ဒ်စတိုင်းက အစ္စရေးရဲ့ ဒီအစီအစဉ်ဟာ E1 ဧရိယာမှာရှိတဲ့ ဘဒူအင်လူမျိုးတွေကို အဓမ္မပြောင်းရွှေ့တာမျိုး ဖြစ်လာပြီး ဒါဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 ဗိုင်းရပ်စ်ပိုး စမ်းသပ်ရေးပစ္စည်းများကို ဂျပန်က မြန်မာနိုင်ငံကို လှူဒါန်း

    COVID-19 ဗိုင်းရပ်စ်ပိုး စမ်းသပ်ရေးပစ္စည်းများကို ဂျပန်က မြန်မာနိုင်ငံကို လှူဒါန်း

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media

    -ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန်မာအမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (NHL) ထံ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တဲ့ကိရိယာတွေကို လှူဒါန်းခဲ့ပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှု တားဆီးရေးမှာ အကူအညီဖြစ်စေဖို့ ရည်ရွယ်တယ်လို့ JICA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာငွေကျပ် ၅၂ သိန်းကျော် တန်ဖိုးရှိတဲ့ အဲဒီပစ္စည်းတွေဟာ COVID-19 ဗိုင်းရပ်စ်ပိုး ဝင်ရောက်မှု တားဆီးရေး မြန်မာအစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုအားကောင်စေမှာ ဖြစ်ပါတယ်။

    JICA တာဝန်ရှိသူတွေက ဒါဟာ NHL ရဲ့ မေတ္တာရပ်ခံမှုကြောင့် ပထမဆုံးအသုတ် ပေးပို့တာဖြစ်ပြီး COVID-19 တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံကို အကောင်းဆုံး ကူညီပံ့ပိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    COVID-19 ကူးစက်နေတယ်လို့ သံသယရှိသူတွေကို စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ကို တာဝန်ပေးထားတာပါ။ NHL ဟာ တိကျတဲ့ ရလဒ်တွေ ရရှိဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ ဓာတ်ခွဲခန်းနဲ့အတူ စစ်ဆေးမှု လုပ်ဆောင်တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ကြာသာပတေးနေကစလို့ NHL က လွတ်လပ်တဲ့ စမ်းသပ်စစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ သံသယရှိသူ ၄၀ ‌လောက်စစ်ဆေးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်နေသူကို မတွေ့ရသေးပါဘူး။

    Ref: Myanmar Times