News @ M-Media

Author: Ko Lay

  • အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံတစ်ချို့သို့ COVID-19 ဗိုင်းရပ်စ် ထပ်မံ ပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံတစ်ချို့သို့ COVID-19 ဗိုင်းရပ်စ် ထပ်မံ ပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media

    • COVID-19 ဗိုင်းရပ်စ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန့်နှံ့သွားနိုင်တဲ့အန္တရာယ်ရှိတယ်လို့ အီရန် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မနေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ အီရန်မှာ အနည်းဆုံး ၉၅ ဦးရှိပြီး သေဆုံးသူက ၁၁ ဦး ရှိနေတာပါ။ ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ပါဝင်ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာတော့ အီရတ်၊ အိုမန်၊ ယူအေအီး၊ အာရှက အာဂဖန်နစ္စတန်နိုင်ငံတွေမှာ ရောဂါကူးစက်နေသူတွေကို ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က လူတစ်ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၁ ဦးအထိ ရှိလာပါတယ်။ အင်္ဂါနေ့မှာ ကူးစက်မှု ၁၆၉ ခုကို ထပ်တွေ့ခဲ့ရတာကြောင့် စုစုပေါင်း ကူးစက်သူ ၁၁၄၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားက အမေရိကန်စစ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရတယ်လို့ အမေရိကန် စစ်ဖက်တာဝန်ရှိသူတွေက ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။
    • အီတလီနိုင်ငံမှာလည်း အင်္ဂါနေ့က အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးမှုက ၁၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်မှုက ၃၀၀ ကျော် ရှိနေပြီး အများစုဟာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဥရောပမှာ ဩစ‌တြီးယား၊ ခရိုအေးရှားနဲ့ စပိန်က ကနေရီကျွန်းတို့မှာ ရောဂါကူးစက်နေသူတွေကို အင်္ဂါနေ့က ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • တရုတ်နိုင်ငံမှာ မနေ့က ကူးစက်မှု ၄၀၆ ခု ရှိခဲ့ပြီး စုစုပေါင်း ၇၈၀၆၄ ဦး ရှိလာတာပါ။ သေဆုံးသူကတော့ ၅၂ ဦး ရှိပြီး စုစုပေါင်း ၂၇၁၅ ဦး ရှိလာပါတယ်။ ‌နိုင်ငံအနောက်မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ အတွင်းမွန်ဂိုလီးယား၊ ရှင်ကျန်း၊ အနောက်တောင်ဘက်က ဆီချွမ်ပြည်နယ်တွေမှာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နိုင်ချေ ကျဆင်းလာတဲ့အတွက် အရေးပေါ်တုန့်ပြန်မှုအဆင့်ကို လျော့ချလိုက်ပါတယ်။
    • အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ COVID-19 ဗိုင်းရပ်စ်အတွက် အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ကူးစက်မှုမရှိသေးပေမယ့် ရောဂါပြန့်နှံ့နိုင်ချေအတွက် ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ အီတလီကပြန်လာတဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ရောဂါလက္ခဏာပြတဲ့ အနေအထားရှိတာကြောင့် စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအမျိုးသားမှာသာ COVID-19 ဗိုင်းရပ်ရှိကြောင်း အတည်ပြုနိုင်ရင် တောင်အမေရိကရဲ့ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။
    • ယိုကိုဟားမားမှာ ဆိုက်ကပ်ထားတဲ့ ကမ္ဘာလှ‌ည့် သင်္ဘောကနေ ဗိုင်းရပ်စ်မရှိဘူးဆိုပြီး ဆင်းခွင့်ပေးလိုက်တဲ့ လူ ၉၇၀ ထဲက ၅၀ လောက်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်တဲ့လက္ခဏာမျိုး တွေ့ရတာကြောင့် ရောဂါ ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ လူ ၃၇၀၀ လောက် လိုက်ပါလာတဲ့ အဲဒီသင်္ဘောမှာ ၆၀၀ ကျော်လောက်က ဗိုင်းရပ်စ် ကူးစက်နေတာပါ။ ဟိုကိုင်းဒိုးပြည်နယ်က စာသင်ကျောင်းအားလုံးကို ပိတ်ထားဖို့လည်း ဂျပန်က စီစဉ်နေပါတယ်။
    • ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ရှိသူ ၃ ဦး မနေ့က ထပ်တွေ့ပြီး စုစုပေါင်း ကူးစက်သူ ၄၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် မွတ်စလင်များ အကြမ်းဖက်တိုက်ခိုက်ခံရ၊ အနည်းဆုံး လူ ၂၀ သေဆုံး

    အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် မွတ်စလင်များ အကြမ်းဖက်တိုက်ခိုက်ခံရ၊ အနည်းဆုံး လူ ၂၀ သေဆုံး

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀၂
    M-Media

    -အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ မွတ်စလင်တွေဟာ ဟိန္ဒူလူအုပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရတာကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ဗလီတွေ၊ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

    နိုင်ငံသားဥပဒေ ပြင်ဆင်ချက်အသစ်ကို ဆန့်ကျင်တဲ့ ဒေလီက ထိုင်သပိတ်ကို ဟိန္ဒူလူအုပ်က ပြီးခဲ့တဲ့ ၃ ရက်အရင်မှာ စတင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်းကစလို့ ဒေလီမှာရှိတဲ့ မွတ်စလင်ရပ်ကွက်တွေ ဆက်တိုက် အကြမ်းဖက် တိုက်ခိုက်ခံလာရတာ ဖြစ်ပါတယ်။

    ဟိန္ဒူလူအုပ်ဟာ အာရှိုခ့်နာဂါက ဗလီဝတ်ကျောင်းတော်တစ်လုံး မီးရှို့ခဲပြီးတဲ့ ရာမနတ်ဘုရားကို ပူဇော်တဲ့ ဘုရားစာ ရွတ်ဖတ်အောင်ပွဲခံခဲ့ကြတာကို ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒေလီမြို့ အရှေ့မြောက်ဖက်မှာ ဟိန္ဒူလူအုပ်ဟာ တုတ်တွေ၊ သံပိုက်တွေ၊ ခဲလုံးတွေကိုင်ကာ မွတ်စလင်ရပ်ကွက်တွေကို လိုက်လံ တိုက်ခိုက်ခဲ့ပြီး အဆောက်အဦးတွေကို ဖျက်ဆီးတာ မီးရှို့တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၂၀ လောက်ရှိပြီး၊ ဒဏ်ရာရသူက ၁၅၀ လောက် ရှိတယ်လို့ ဒေလီမြို့ ကျန်းမာရေးအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က သတင်းထုတ်‌ပြန်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ သေနတ်နဲ့ ပစ်ခံရတာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    ဒေလီရဲတပ်ဖွဲ့ဟာ အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားပေမယ့် တစ်ချို့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က ဟိန္ဒူလူအုပ်ကို ကူညီပေးနေတယ်လို့ မျက်မြင်သက်သေအချို့က ပြောကြားခဲ့ပါတယ်။ ရဲကားတွေ၊ မီးသတ်ကားတွေ မီးရှို့ဖျက်ဆီးခံရတာလည်း ရှိနေပြီး သေဆုံးသူတွေထဲမှာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်ပါတယ်။

    မတည်မ‌ငြိမ်ဖြစ်ရာဒေသတွေမှာ ကျောင်းတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကိုလည်း ပိတ်ထားပါတယ်။ ဒေလီဝန်ကြီးချုပ် အာရ်ဗင်ဒ် ကက်ဂျ်ရီဝဲလ်က တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • ဧရာ၀တီမြစ်ကို တရုတ်က ထိန်းချုပ်စီမံခွင့် ရတော့မှာလား

    ဧရာ၀တီမြစ်ကို တရုတ်က ထိန်းချုပ်စီမံခွင့် ရတော့မှာလား

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀
    M-Media

    -လုံခြုံရေးစိုးရိမ်ရမှုတွေကြောင့် အမြန်ရထားလမ်းစီမံကိန်း ရပ်ဆိုင်းထားရချိန် ဧရာ၀တီမြစ်ကို အစားထိုး ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် တရုတ်က ရှုမြင်နေပါတယ်။

    ‘ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း’ (BRI) မှာ ပါဝင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကနေ ‌မတည်ငြိမ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းကို ဖြတ်ကာ အိန္ဒိယသမုဒ္ဒရာအထိပေါက်မယ့် တရုတ်ရဲ့ အမြန်ရထားလမ်း အစီအစဉ်ဟာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ၊ လုံခြုံရေးစိုးရိမ်ရမှုတွေနဲ့ အာဏာပိုင်တွေရဲ့ တွန့်ဆုတ်နေမှုကြောင့် ရပ်ဆိုင်းထားရတဲ့အခြေအနေမှာ ရှိနေပါတယ်။

    ဒါပေမယ့် ဘေဂျင်းမှာ အစားထိုးစီမံကိန်းတစ်ခု ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဧရာ၀တီမြစ်ကနေတစ်ဆင့် ပိုမိုအန္တရာယ်ကင်းတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ကီလိုမီတာ ၂၂၀၀ လောက်ရှည်တဲ့ ဧရာ၀တီမြစ်ဟာ ခေတ်မီလမ်းတွေ၊ ရထားလိုင်းတွေ သိပ်မရှိတဲ့ မြန်မာနိုင်ငံတစ်လျှောက် မြောက်ဘက်ကနေ တောင်ဘက်ကို ဖြတ်သန်းစီးဆင်းနေပါတယ်။

    BRI ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နဲ့ မြန်မာနိုင်ငံတို့ကို ရထား၊ ကားလမ်း၊ ဆိပ်ကမ်းတွေနဲ့ ဆက်သွယ်မယ့် ‘တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်’ (CMEC) ဟာ လမ်းကြောင်းကြပ်နေတဲ့ မလာကာရေလက်ကြား၊ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တို့ကိုရှောင်ပြီး လောင်စာနဲ့ အခြားပစ္စည်းတွေ သယ်ဆောင်နိုင်မယ့် အစားထိုးလမ်းကြောင်းအဖြစ် တရုတ်က ရည်မှန်းထားတာပါ။ မလာကာရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်တို့ဟာ အမေရိကန်နဲ့ အကျိုးစီးပွား ပွတ်တိုက်နိုင်ချေရှိတဲ့ လမ်းကြောင်းတွေလည်း ဖြစ်ပါတယ်။

    ဒါ့ကြောင့်ပဲ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ BRI စီမံကိန်း လည်ပတ်ဖို့ မြန်မာနိုင်ငံဟာ အရေးပါတဲ့ ခွေးသွားစိပ်တစ်ခုလို ဖြစ်နေပါတယ်။ ကန်ဒေါ်လာ ၁ ထရီလီယံလောက်သုံးပြီး ကမ္ဘာတစ်ဝှမ်း အခြေခံအဆောက်အဦးတွေ တည်ဆောက်မယ့် BRI စီမံကိန်းဟာ ခေတ်သစ် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ လုံခြုံရေးကဏ္ဍမှာ တရုတ်နိုင်ငံကို အဓိကနေရာကနေ ပါဝင်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာ၀တီမြစ်ဟာ အခုအချိန်မှာတော့ တရုတ်မဟာစီမံကိန်းကြီးရဲ့ ဗဟိုချက်ဖြစ်လာပြီး ဒါဟာ အန္တရာယ်ရှိတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

    ကချင်ပြည်နယ် ဗန်းမော်မြို့ကနေစပြီး၊ မြစ်ခွဲတွေကနေတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအထိပေါက်တဲ့ ဧရာ၀တီမြစ်ရဲ့ အောက်ဖက် မြစ်ကြောင်းတစ်ဝက်ကျော်ကျော် ကီလိုမီတာ ၁၃၀၀ လောက်မှာ ကုန်သွယ်ရေးသင်္ဘောတွေ အရင်ကတည်းက ပုံမှန် ခုတ်မောင်းသွားလာနေကြတာ ဖြစ်ပါတယ်။

    ဗန်းမော်မြို့ မြောက်ဖက်ယွန်းယွန်းကို တက်ရင် မြစ်ညာက စီးပွားရေးအချက်အခြာ မြစ်ကြီးနားမြို့ကို ရောက်မယ့် ကီလိုမီတာ ၂၀၀ အရှည် ရေလမ်းကြောင်းဟာ တစ်နှစ်ပတ်လုံး သွားလာဖို့ မဖြစ်နိုင်သလို တရုတ်ဖက်ကနေလည်း သွားဖို့ မဖြစ်နိုင်ပါဘူး။

    ဗန်းမော်မြို့မှာ လက်ရှိ အသုံးပြုနေတဲ့ သာမန်ဆိပ်ကမ်းထက် ပိုပြီးကြီးမားတဲ့ ဆိပ်ကမ်းတစ်ခု ဆောက်လုပ်နိုင်မယ့်နေရာကို တရုတ်ကန်ထရိုက်တာတွေက စတင်ရှာဖွေနေတယ်လို့ မကြာသေးခင်က သတင်းထွက်လာပါတယ်။

    နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရူအီလီမြို့ကနေ မြန်မာဘက်ခြမ်း ကချင်ပြည်နယ် လွယ်ဂျယ်မြို့အထိ ဆက်သွယ်ထားတဲ့ အမြန်လမ်းသစ်တွေကို လွန်ခဲ့တဲ့နှစ်တွေကပဲ တည်ဆောက်ခဲ့ပါတယ်။ များပြားလာတဲ့ ကုန်စည်စီးဆင်းမှုကို စီမံနိုင်ရေး လွယ်ဂျယ်မှာ လိုအပ်တဲ့ အဆောက်အဦးတွေကိုလည်း ဆောက်လုပ်ထားပြီး ဖြစ်ပါတယ်။

    လွယ်ဂျယ်နဲ့ ဗန်းမော်ကို ဆက်သွယ်ထားပြီး ၇၅ ကီလိုမီတာနီးပါးရှည်တဲ့ ကျောက်ခင်းလမ်းကြမ်းကို ခေတ်မီ အဝေးပြေးလမ်းတစ်ခုနဲ့ အစားထိုးဖို့ဟာ CMEC စီမံကိန်းရဲ့ လက်ရှိ ထိပ်တန်းဦးစားပေးအစီအစဉ်တွေထဲမှာ ပါဝင်နေပြီး ဒါဟာ ဧရာ၀တီစီမံကိန်းအတွက် ကားလမ်းဖောက်လုပ်‌ရေး လိုအပ်ချက်နဲ့လည်း ကိုက်ညီနေပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မျက်နှာချင်းဆိုင်က ရူအီလီမြို့ဟာ CMEC က ရပ်ဆိုင်းထားရတဲ့ အမြန်ရထားလမ်း စီမံကိန်း စတင်ရာမြို့ ဖြစ်ပါတယ်။ ဒီရထားလမ်းဟာ ရှန်ဟိုင်းကနေ ရူအီလီ၊ အဲဒီကနေ မူဆယ်အထိ ရောက်ပြီး၊ မူဆယ်ကနေ လွယ်ဂျယ်နဲ့ ဗန်းမော်အထိ အဝေးပြေးလမ်းနဲ့ ဆက်သွယ်ဖို့ ရည်ရွယ်ထားတာပါ။

    မူဆယ်ကစမယ့် အမြန်ရထားလမ်းဟာ ဆောက်ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံ တောင်ဖက်ကမ်း‌ရိုးတန်းမှာ ဆောက်လုပ်နေတဲ့ ဆိပ်ကမ်းမှာ အဆုံးသတ်မှာပါ။ အခု ဧရာ၀တီအစီအစဉ်ကလည်း ဒီလမ်းကြောင်းအတိုင်းဖြစ်ပြီး ပိုကောင်းတဲ့ ရေကြောင်းပို့ဆောင်‌ရေး လမ်းကြောင်းတစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

    တရုတ် BRI စီမံကိန်းရဲ့ မူကြမ်းမှာ ရထားလမ်းနဲ့ ရေလမ်းကြောင်းတို့ဟာ မရှိမဖြစ် ပါဝင်နေတဲ့ အရာတွေပါ။ အသေးစိတ်ကိုတော့ ယူနန်ပြည်နယ် လမ်းတွေမှာ မကြာသေးခင်ကထောင်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေမှာ ဖော်ပြထားပါတယ်။

    မြစ်ကြီးနားမြို့မြောက်ပိုင်း မြစ်ဆုံမှာ ရေအားလျှပ်စစ်ထုတ်လုပ်မယ့် ဧရာမ ဆည်တစ်ခု တည်ဆောက်ရေးကိစ္စကို တရုတ်နိုင်ငံက တစ်ကျော့ပြန် ပြောဆိုလာတယ်လို့ မြန်မာသတင်းရင်းမြစ်တွေကဆိုပြီး ဒါဟာ ဧရာ၀တီမြစ်ကို ပိုမိုအသုံးချရေး စီမံကိန်းထဲက ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ရမှုတွေကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။

    ဧရာ၀တီရယ်လို့ဖြစ်လာတဲ့ မေခနဲ့ မလိခဖြစ်တို့ ပေါင်းစုံရာနေရာမှာ မြစ်ဆုံက တည်ရှိတာပါ။

    ကန်ဒေါ်လာ ၃.၆ ဘီလီယံအကုန်အကျခံပြီး တည်ဆောက်မယ့် အဲဒီ ဓာတ်အားစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား မဖြစ်မနေရဖို့ တရုတ်အတွက် မလိုပေမယ့် မြစ်အောက်ပိုင်း ရေစီးဆင်းမှုကိုတော့ တရုတ်က လိုအပ်သလို ထိန်းချုပ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ မဲခေါင်မြစ် မြစ်ညာမှာ ဆည်တွေ အများအပြားဆောက်ပြီး တရုတ်က ဒီလိုပုံစံမျိုး လုပ်ဆောင်ထားပါတယ်။

    ဧရာ၀တီကို ကုန်သွယ်ရေး လမ်းကြောင်းသစ်အဖြစ် အသုံးပြုဖို့ တရုတ်ရဲ့ ရည်ရွယ်ချက်ဟာ အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ တရုတ်အစိုးရရဲ့ Beijing Review အပတ်စဉ်စာစောင်မှာ ၁၉၈၅ ခုနှစ် စက်တင်ဘာလလောက်ကတည်းက စတင် ရေးသား သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ‌ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒီအစီအစဉ်ဟာ ဆယ်စုနှစ်တစ်ခုလောက် မူကြမ်းအဆင့်မှာသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် မြေယာပြုပြင်နိုင်‌ရေး၊ ဧရာ၀တီမြစ်ကနေတစ်ဆင့် ယူနန်ကနေ ကုန်သွယ်ရေးလမ်းကြောင်းဖောက်ရေးအတွက် ၁၉၉၇ ခုနှစ်မှာ မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ပထမဆုံး ပူးတွဲ လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါတယ်။

    အဲဒီတုန်းက တရုတ်သမ္မတ ကျန်ဇီမင်း ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အချိန် ဒီကိစ္စဟာ ပိုပြီး တိုးတက်မှု ရှိလာပါတယ်။ ကျန်ဇီမင်းဟာ ၁၉၈၀ ပြည့်နှစ်တွေနောက်ပိုင်း မြန်မာနိုင်ငံကိုလာရောက်တဲ့ ပထမဆုံး တရုတ်အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ကျန်ဇီမင်း လာရောက်လည်ပတ်မှုအတွင်း နယ်စပ်ဒေသကုန်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက် တော်တော်များများကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

    အဲဒီနောက် သိပ်မကြာခင် ၂၀၀၂ ခုနှစ်မတ်လမှာ “အဝေးပြေးလမ်း-ရေလမ်း ပူးတွဲဖော်ဆောင်ရေး သဘောတူညီချက်မူကြမ်း” (China presented Myanmar with a proposal titled “Draft Agreement on Highway-Waterway Combined Transport) ကို တရုတ်က မြန်မာနိုင်ငံဖက်ကို တင်ပြခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ ဧရာ၀တီမြစ်ရှင်းလင်းရေးအတွက် တရုတ်က သောင်တူးစက်နှစ်စီးကို မြန်မာနိုင်ငံထံ ပို့ဆောင်ခဲ့ပါတယ်။ တရုတ်ကုန်စည်တွေပါတဲ့ ကုန်သင်သင်္ဘောကြီးတွေ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် သွားလာနိုင်ရေးအတွက် ဖြစ်ပါတယ်။

    ၂၀၀၂ ခုနှစ် နှောင်းပိုင်းမှာတော့ လွယ်ဂျယ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးအတွက် တရားဝင်ကုန်သွယ်မြို့ဖြစ်လာပါတယ်။ ရူအီလီနဲ့ မျက်နှာချင်းဆိုင် မူဆယ်အပါအဝင် တစ်ခြားနယ်စပ်ကုန်သွယ်မြို့တွေလို ဖြစ်လာတာပါ။ အဲဒီတုန်းက မြေသားလမ်းဖြစ်တဲ့ လွယ်ဂျယ်-ဗန်းမော်လမ်းဟာ တရုတ်ရဲ့ ကူညီမှုနဲ့ လက်ရှိအသုံးပြုနေတဲ့ ကျောက်ခင်းလမ်း ဖြစ်လာပါတယ်။

    ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်ဟာ ပိုကောင်းတဲ့ ဧရာ၀တီစီမံကိန်းတွေနဲ့ ရှေ့ဆက်ဖို့ လုပ်ဆောင်နေပါတယ်။

    ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်မှုအတွင်း နှစ်နိုင်ငံ သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာပေါင်း ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအထဲက တော်တော်များများဟာ ဆိပ်ကမ်းတွေ‌ဆောက်၊ လမ်းတွေဖောက်ဖို့အဝါအဝင် ဧရာ၀တီမြစ်တစ်လျှောက် စီမံကိန်းတွေ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

    တရုတ်ရဲ့ ရည်ရွယ်ချက်က အသစ်အဆန်းတော့ မဟုတ်ပါဘူး။ တကယ်တော့ ရေကြောင်းပို့ဆောင်ရေးဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းမှာ ရှေးပဝေသဏီကတည်းက အလွန်အရေးပါခဲ့တာ ဖြစ်ပါတယ်။

    ဗြိတိသျှ ကိုလိုနီခေတ်မှာ နာမည်ကြီး Irrawaddy Flotilla ကုမ္ပဏီဟာ လက်ခတ်လှေအများစုပါဝင်တဲ့ လှေပေါင်း ၆၀၀ လောက်ကို ဦးစီးလုပ်ကိုင်ခဲ့ကာ အဲဒီလှေတွေဟာ ဧရာ၀တီနဲ့ မြစ်ခွဲတွေမှာ စုန်ချီဆန်ချီ ကူးသန်းသွားလာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေ မြန်မာနိုင်ငံကို ကျူးကျော်တဲ့အခါမှာ ဧရာ၀တီမြစ်အတွင်း အသုံးပြုလို့မရအောင် လှေတွေကို ဒေါက်တင်တာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက် Irrawaddy Flotilla ကုမ္ပဏီကို ပြည်သူပိုင်သိမ်းလိုက်ပြီး ‘အစိုးရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဘုတ်အဖွဲ့’ အဖြစ် ခေါ်ဆိုခဲ့ပါတယ်။ သင်္ဘောအရေအတွက်ကတော့ အရင်ကထက် အများကြီး နည်းသွားပါတယ်။ တစ်ချိန်ကစည်ကားခဲ့တဲ့ ဧရာ၀တီ ကုန်သွယ်ရေးလမ်းကြောင်းဟာ အခုတစ်ခါမှာတော့ တရုတ်နဲ့ CMEC, BRI စီမံကိန်းတွေနဲ့ တစ်ကျော့ပြန် အသက်ဝင်လာဖို့ ရှိနေပါတယ်။

    ယူနန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့က တရုတ် သုတေသန ပညာရှင်တွေဟာ လတ်တလောကာလမှာ မြန်မာနိုင်ငံကို မကြာခဏ လာရောက်နေကြတယ်လို့ ဧရာ၀တီ သတင်းဌာနက ဒီဇင်ဘာလမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ‘မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကို တရုတ်နဲ့ ဆက်နေတဲ့ ကုန်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသွင်ပြောင်းဖို့ဆိုတဲ့ မဟာရည်ရွယ်ချက်နဲ့’ ဧရာ၀တီမြစ်ကို သွားရောက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

    ဒေသတွင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို လေ့လာနေတဲ့ ကူမင်းအခြေစိုက် အင်စတီကျုတစ်ခုရဲ့ ဥက္ကဌ လျူကျင်ရှင်းက ဧရာ၀တီမြစ်တစ်လျှောက် ဆိပ်ကမ်းသစ်တွေတည်ဆောက်တာ၊ အဟောင်းတွေ ပြုပြင်တာနဲ့ပတ်သက်ပြီး အကျိုးရှိနိုင်တာတွေကို ဇန်နဝါရီလ ရန်ကုန်မြို့မှာလုပ်တဲ့ ဖိုရမ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်က အခြေခံအဆောက်အဦးတွေဟာ ‌အားနည်းနေကြောင်း၊ ဆိပ်ကမ်းတွေကို အကူအညီမယူဘဲ တည်ဆောက်ဖို့ဟာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေကြောင်း လျူက ပြောကြားခဲ့ပြီး အကူအညီဆိုတာ တရုတ်ရဲ့ ဘဏ္ဍာရေးနဲ့ ဆောက်လုပ်ရေးအကူအညီကို ရည်ညွှန်းတာဖြစ်ကြောင်း Myanmar Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    တရုတ်ရဲ့ ငွေကြေးတွေ နည်းပညာတွေနဲ့တောင်မှ လက်တွေ့အနေအထား၊ နိုင်ငံရေးအနေအထားအရ မလွယ်ပါဘူး။

    ‘နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ’ ဥက္ကဌ ဦးလှဦးက “နုန်းတွေကို ငွေကြေးအကုန်အကျနည်းနည်းနဲ့ စနစ်တကျ ရှင်းလင်းရာမှာ အခက်အခဲရှိပြီး၊ ရေရှည်ထိန်းသိမ်းရေးလုပ်ငန်းမှာလည်း ငွေကြေးအမြောက်အများ ကုန်ကျနိုင်ကြောင်း” သတိပေးခဲ့ပါတယ်

    လွယ်ဂျယ်-ဗန်းမော်ကားလမ်းကို အဆင့်မြှင့်တင်ရေးအတွက် ကချင်ပြည်နယ်အစိုးရက တရုတ်ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒေသတွင်း တရုတ်ကျောထောက်နောက်ခံပြုတဲ့ အဓိကဆိပ်ကမ်း စီမံကိန်းတွေကို ခွင့်ပြုဖို့၊ ထောက်ခံဖို့ကို ဒေသခံတွေက တွန့်ဆုတ်နေကြပါတယ်။

    ဗန်းမော်မြို့က လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဦးဇော်သင်းက “ဧရာ၀တီစီမံကိန်းကို ဘယ်သူကပဲ လုပ်ရမယ်ဆိုတာမျိုး ကျွန်တော်တို့ သဘောတူထားတာ မရှိဘူး။ ဒီစီမံကိန်းမှာ ဘယ်သူပဲ ရင်းနှီးမြှုပ်နှံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

    သူ့ရဲ့ ဒီစကားဟာ တရုတ်ကုမ္ပဏီတွေ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ ကြားရတဲ့ စိုးရိမ်မှုမျိုး ဖြစ်ပါတယ်။ တရုတ်အလုပ်သမားတွေ အုံလိုက်ကျင်းလိုက်ဝင်လာတာ၊ သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးတာ၊ ဒေသရဲ့ ဓလေ့ထုံးတမ်းတွေကို မလေးမစားလုပ်တာတွေအပေါ် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြတာပါ။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် BERTIL LINTNER ရေးသားထားသည့် China’s Belt and Road detours downstream in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

  • မိုဒီမှာ အိန္ဒိယ၏ ခြွင်းချက်မဲ့ခေါင်းဆောင်ဟု ထရမ့်ပြော

    မိုဒီမှာ အိန္ဒိယ၏ ခြွင်းချက်မဲ့ခေါင်းဆောင်ဟု ထရမ့်ပြော

    ဖေဖော်ဝါရီ ၂၅၊ ၂၀၂၀
    M-Media

    -အမေရိကန်ဟာ အိန္ဒိယကို ချစ်ခင်မြတ်နိုးပြီး အိန္ဒိယပြည်သူတွေအတွက် သစ္စာရှိတဲ့ မိတ်ဆွေအဖြစ် အမြဲတမ်း ရှိနေမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ဟာ ၂ ရက်ကြာ ခရီးစဉ်အဖြစ် မနေ့က အိန္ဒိယကို ရောက်လာခဲ့တာပါ။ ဒါဟာ နှစ် ၆၀ အတွင်း အိန္ဒိယနိုင်ငံကို အမေရိကန်သမ္မတတစ်ဦး ပထမဆုံးအကြိမ် လာရောက်မှုလည်း ဖြစ်ပါတယ်။

    ထရမ့်နဲ့ ဇနီးဖြစ်သူ မီလာနီယာတို့ဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိပြည်နယ် ဂူဂျာရသ်ကိုသွားရောက်ကာ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်ကို ဂါရ၀ပြုခဲ့ပါတယ်။ မိုဒီက ထရမ့်ကို အန္တရာယ်ကင်း မျောက် ၃ ကောင်ရုပ်ထု လက်ဆောင်ပေးခဲ့ပါတယ်။

    အဲဒီနောက် ထရမ့်ဟာ အဟ်မဒ်ဒါဘတ်မြို့က ကမ္ဘာ့အကြီးဆုံး ခရစ်ကတ်အားကစားကွင်းမှာ မိန့်ခွန်းပြောခဲ့ပြီး မိုဒီဟာ ‘ခြွင်းချက်မဲ့ခေါင်းဆောင်၊ အိန္ဒိယနိုင်ငံရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီး’ ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    “အမေရိကဟာ အိန္ဒိယကို ချစ်တယ်။ အမေရိကဟာ အိန္ဒိယကို လေးစားတယ်။ ‌အမေရိကဟာ အိန္ဒိယပြည်သူတွေအတွက် အမြဲတမ်း ယုံကြည်ရတဲ့ သစ္စာရှိမိတ်ဆွေ ဖြစ်နေမှာပါ”

    ထရမ့်ရဲ့ ဒီမိန့်ခွန်းပြောကြားမှုကို လူတစ်သိန်းလောက် တက်ရောက်နားထောင်ခဲ့ပါတယ်။

    အိန္ဒိယဝန်ကြီးချုပ် မိုဒီက သမ္မတထရမ့်ရဲ့ လာရောက်လည်ပတ်မှုဟာ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးမှာ အမေရိကန်ရော၊ အိန္ဒိယပြည်သူတွေပါ တိုးတက်တွန်းကား သာယာ၀ပြောမယ့် ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သမ္မတထရမ့်တစ်ယောက် အမေရိကရဲ့ အိပ်မက်တွေကို ဘယ်လို ဖြည့်ဆည်းပေးခဲ့လဲဆိုတာ တစ်ကမ္ဘာလုံးက သိကြပါတယ်”

    ထရမ့်ဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ချီးကျူးခဲ့ပြီး ‘အစွန်းရောက် အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ အန္တရာယ်ကနေ နိုင်ငံသားတွေကို ကာကွယ်နိုင်ရေး မိမိတို့နှစ်နိုင်ငံစလုံးက ပြတ်ပြတ်သားသားနဲ့ စည်းစည်းလုံးလုံး ဆောင်ရွက်သွားမယ်’ လို့ လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ထရမ့်ဟာ တနင်္လာနေ့ညနေပိုင်းက နာမည်ကျော် တဂျ်မဟာလ်ဗိမာန်ကိုလည်း သွားရောက်လည်ပတ် ကြည့်ရှုခဲ့ပါတယ်။

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းတစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

    ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းတစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာကမ်းမြှောင်မှာ အစ္စရေးစစ်တပ်ရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့က နယ်စပ်ခြံစည်းရိုးအနီးမှာ မနေ့က ဖြစ်ပွားခဲ့တာပါ။ အစ္စရေးစစ်တပ်ကတော့ နယ်စပ်ခြံစည်းရိုးအနားမှာ ဗုံးထောင်တယ်လို့ သံသရှိသူ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူဟာ ၂၇ နှစ်အရွယ် မိုဟာမက် အလီ အလ်-နအင်း ဆိုသူ ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုမှာတော့ အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းတစ်ဦးရဲ့ ရုပ်အလောင်းကို ဘူဒိုဇာနဲ့ ခြံစည်းရိုးနား ဆွဲယူနေတာကို မြင်ရသလို၊ ရုပ်အလောင်းကို ပြန်လည်ဆွဲယူတဲ့ ပါလက်စတိုင်းတွေထဲက ၂ ဦးလည်း အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

    ပါလက်စတိုင်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ PIJ က ဒီဗီဒီယိုဟာ အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ပြနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်ကို အုပ်စိုးနေတဲ့ ဟားမက်စ်အဖွဲ့က ဒီအဖြစ်အပျက်ဟာ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို ဖော်ပြနေပြီး ဗီဒီယိုမှတ်တမ်းတင်ထားနိုင်တဲ့အတွက် အများက သိရှိရတာဖြစ်ကြောင်း မှတ်တမ်းမတင်ထားနိုင်တဲ့ ဒီလိုအဖြစ်အပျက်တွေ ရာနဲ့ချီ ရှိနေကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera