News @ M-Media

Author: Ko Lay

  • အီရန်၏ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရဟု အမေရိကန် ထုတ်ပြန်

    အီရန်၏ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရဟု အမေရိကန် ထုတ်ပြန်

    ဇန်နဝါရီ ၁၇၊ ၂၀၂၀
    M-Media

    -ဇန်နဝါရီ ၈ ရက်နေ့ အီရတ်ကစစ်စခန်းတွေကို အီရန်ရဲ့တိုက်ခိုက်မှုမှာ တပ်ဖွဲ့ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က မနေ့မှာ ထုတ်ပြန်လိုက်ပြီး ဒါဟာ အထိအခိုက်မရှိဘူးဆိုတဲ့ ကနဦးထုတ်ပြန်ချက်နဲ့ ကွဲလွဲနေတာဖြစ်ပါတယ်။

    ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံမှုကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရတ်နိုင်ငံအနောက်ပိုင်းက အိန် အလ်-အာဆတ် လေတပ်စခန်း၊ မြောက်ပိုင်း ကာ့ဒ်ဒေသက စစ်စခန်းတွေကို အီရန်က ဒုံးကျည် အနည်းဆုံး တစ်ဒါဇင်လောက်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    သမ္မတထရမ့်နဲ့ အမေရိကန်စစ်တပ်တို့က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ တိုက်ခိုက်မှုအပြီးမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အထက်ကအမိန့်ကြောင့် ကန်တပ်ဖွဲ့ဝင် ၁၅၀၀ လောက်ဟာ မြေအောက်ဘန်ကာတွေမှာ ပုန်းခို‌နေခဲ့တာပါ။

    မနေ့က အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်တွေ သေဆုံးတာမျိုး မရှိပေမယ့် တစ်ချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဘီလ် အာဘန်က ပြောကြားခဲ့ပါတယ်။

    ကြိုတင်ကာကွယ်တဲ့အနေနဲ့ တစ်ချို့တပ်ဖွဲ့ဝင်တွေကို ဂျာမနီနဲ့ ကူဝိတ်တို့မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ပို့ဆောင်ကာ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Aljazeera

  • သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘယ်လိုအနေအထားတွေ တွေ့ရမလဲ

    သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘယ်လိုအနေအထားတွေ တွေ့ရမလဲ

    ဇန်နဝါရီ ၁၆၊ ၂၀၂၀
    M-Media

    -တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အခုတစ်ပတ် မြန်မာနိုင်ငံကို လာရောက်မယ့် ၂ ရက်ကြာ ခရီးစဉ်မှာ အရင်ကမတူတဲ့ အခြေအနေမျိုးတွေ မြင်တွေ့ရမယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာက Asia Times က သူ့ရဲ့ ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

    ရှီရဲ့ ဒီခရီးစဉ်ဟာ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလက သမ္မတ ကျန်ဇီမင်းနောက်ပိုင်း နှစ်ပေါင်း ၂၀ အတွင်း တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

    ကျန်ဇီမင်းလည်ပတ်စဉ်က စစ်အာဏာရှင်လက်ထက်ဖြစ်ပြီး ရှီရဲ့ အခုခရီးစဉ်မှာ ‌ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ရမှာဖြစ်သလို ဂျပန်နဲ့ အိန္ဒိယတို့လို စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအကူအညီ‌ပေးကာ ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေနဲ့ အားပြိုင်ရမှာ ဖြစ်ပါတယ်။

    လက်ရှိ အပြောင်းအလဲတစ်ခုက မြန်မာနိုင်ငံမှာ ဩဇာအလွှမ်းမိုးဆုံးအဖြစ် ရှိနေတဲ့ ကိုယ့်မင်းကိုယ့်ချင်းစစ်တပ်က တရုတ်နိုင်ငံနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေအပေါ် သံသယမျက်စိနဲ့ စောင့်ကြည့်မှုဖြစ်တယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ပါတယ်။

    နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဟာ သူတို့တာဝန်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်တွေက ခံယူထားတာပါ။ လာမယ့်နှစ်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရဖို့ စိုင်းပြင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာကိစ္စကြောင့် နောက်နိုင်ငံက မဟာမိတ်တွေ၊ ထောက်ခံသူတွေ စွန့်ခွာသွားပြီးတဲ့နောက် စီးပွားရေးနဲ့ အခြားအကူအညီတွေအတွက် တရုတ်ဖက်ကို ဦးလှည့်လာပါတယ်။

    လက်မှတ်ထိုးမယ်

    ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ နယ်စပ်ဒေသတွေက အထူးစီးပွားရေးဇုန်တွေ၊ တရုတ်အကူအညီနဲ့ ဆောက်လုပ်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းတွေအပါအဝင် သဘောတူညီချက် မြောက်များစွာ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

    ပြဿနာတက်နေတဲ့ တောင်တရုတ်ပင်လယ်ကို ရှောင်ပြီး အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရတဲ့ တရုတ်ရဲ့ အိမ်နီးချင်း ၂ နိုင်ငံထဲကတစ်ခု ဖြစ်တာကြောင့် မြန်မာနိုင်ငံဟာ တရုတ်အတွက် စီးပွားရေးနဲ့ မဟာဗျူဟာအရ အရေးပါဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။

    အခြားထွက်ပေါက်နိုင်ငံတစ်ခုဖြစ်တဲ့ ပါကစ္စတန်ဟာ လမ်းပမ်းဆက်သွယ်ရေး အဟန့်အတားတွေ ရှိနေတာ၊ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေတွေ၊ တရုတ်က စက်မှုဒေသနဲ့ ဝေးလွန်းတဲ့ နိုင်ငံအနောက်ပိုင်းနဲ့ ဆက်စပ်နေတာတွေကြောင့် တရုတ်အတွက် သိပ်ပြီး အရေးမပါပါဘူး။

    တရုတ်စီမံကိန်းများ

    မြန်မာနိုင်ငံက တရုတ်ရဲ့ စီမံကိန်းတွေထဲမှာ တရုတ်နဲ့ ကမ္ဘာကြီးကို မ‌မြင်ရတဲ့ နည်းလမ်းတွေနဲ့ ချိတ်ဆက်ပေးမယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း (CMEC) က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

    CMEC မှာ ၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းတွေ၊ ရှမ်းပြည်နယ်က အဝေးပြေးလမ်းမတွေလည်း ပါဝင်ပါတယ်။ စီးပွားရေးစင်္ကြန်လမ်းကို အဝေးပြေးလမ်းမတွေအပြင် ရထားလမ်းနဲ့ပါ ဆက်သွယ်မှာ ဖြစ်ပါတယ်။

    ရထားလမ်း ပထမအဆင့်အဖြစ် မန္တလေး၊ မူဆယ်ကနေ တရုတ်နယ်စပ်မြို့ ရူအီလီအထိ ဆက်သွယ်မှာဖြစ်ပြီး အစီအစဉ်အတိုင်း ဖြစ်လာမယ်ဆိုရင် ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူမြို့အထိ ပေါက်မှာ ဖြစ်ပါတယ်။

    အကြွေးထောင်ချောက်မိမလား

    မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဖွံ့ဖြိုးရေးအကူအညီဟာ နှောင်ကြိုးကင်းကင်း ကူညီတာထက် နှစ်ရှည်ချေးငွေ၊ အကြွေးပုံစံမျိုးဖြစ်ပြီး စီမံကိန်းတွေမှာ တရုတ်ကုမ္ပဏီတွေ ပါရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

    ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနဲ့ စီမံကိန်း ရေရှည်ထိန်းသိမ်းရေး စတာတွေမှာ တရုတ်ကို လုံးလုံးလျားလျား မှီခိုရပြီး မဟာဗျူဟာကျတဲ့ နေရာတွေ ထိုးအပ်လိုက်ရမယ့် အန္တရာယ်ကိုလည်း ဘာတေးလ် လစ်တနာက ထောက်ပြခဲ့ပါတယ်။

    တရုတ်ချေးငွေကို ပြန်မဆပ်နိုင်တဲ့အတွက် နိုင်ငံတောင်ပိုင်းက အချက်အခြာကျတဲ့ ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို ပြီးခဲ့တဲ့နှစ်မှာ သီရိလင်္ကာက တရုတ်အစိုးရပိုင် ကုမ္ပဏီထံ လွှဲအပ်ခဲ့ရပါတယ်။

    မြန်မာနိုင်ငံသာ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ရပြီး ကျောက်ဖြူဆိပ်ကမ်းကို ထိုးအပ်ရမယ်ဆိုရင် မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းသာမက၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားတဲ့ ရထားလမ်းတွေ၊ ကားလမ်းတွေကိုပါ တရုတ်က စီမံခန့်ခွဲခွင့် ရသွားမှာပါ။

    တရုတ်‌-မြန်မာ စီးပွားရေးစင်္ကြန်လမ်းဟာ ကုန်သွယ်ရေးလမ်းကြောင်းထက် ဒေသတွင်း ဩဇာလွှမ်းမိုးနိုင်မယ့် အသက်သွေးကြောတစ်ခုကို တရုတ်က ထိန်းချုပ်ထားတာမျိုးဖြစ်ပြီး‌ အင်အားကြီးနိုင်ငံတွေရဲ့ ပါဝါယှဉ်ပြိုင်မှုမှာ‌ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာ စတေးရမယ့် နယ်ရုပ်လေးသဖွယ် ဖြစ်သွားမယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် မိတ်ဆက်ခဲ့တဲ့ Belt and Road (BRI) စီမံကိန်းမှာလည်း မသေချာမှုတွေ၊ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ရည်မှန်းချက်ကြီးတဲ့ ဒီစီမံကိန်းကို စောင့်ကြည့်အကောင်အထည်ဖော်ဖို့ တရုတ်အစိုးရ ဝန်ကြီးဌာနတစ်ခုခုကို တာဝန်မပေးထားပါဘူး။

    ဒီအစီအစဉ်ကနေ အကျိုးခံစားနိုင်ဖို့အတွက် နိုင်ငံပေါင်း ၅၀ ကျော်က လက်မှတ်ထိုးထားပေမယ့် BRI စီမံကိန်းမှာ ဘာတွေပါဝင်မလဲ၊ ဘယ်နိုင်ငံတွေက ပါဝင်ခွင့်ရလဲဆိုတာတွေကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

    အပန်းဖြေနေရာတွေ၊ ယဉ်ကျေးမှုစင်တာတွေ၊ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ အ‌ေဩစတေးလျ၊ ချက်၊ အီတလီ၊ ဟန်ဂေရီ စတဲ့နိုင်ငံတွေ၊ အရှေ့တောင်အာရှက နိုင်ငံတွေကို တရုတ်က စည်းရုံးမှုတွေ ရှိခဲ့ပါတယ်။

    ဒါပေမယ့် အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး တင်းမာမှုတွေဟာ မြန်မာအပါအဝင် စီမံကိန်းမှာပါဝင်တဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ ထင်သာမြင်သာ ဖြစ်လာပါတယ်။ ကျောက်ဖြူ ‌ရေနက်ဆိပကမ်း၊ ဘေးက အထူးစီးပွားရေးဇုန်ရဲ့ ကုန်ကျစားရိတ်နဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကို မြန်မာအစိုးရက မကြာသေးခင်ကပဲ လျော့ချခဲ့ပါတယ်။

    ထိုင်းနယ်စပ် Moei မြစ်ကမ်းနဖူးပေါ်မှာ အကောင်အထည်ဖော်နေတဲ့ ရွှေကုက္ကို ဆောက်လုပ်ရေး စီမံကိန်းကြီးမှာ ‌ဒေသခံတွေနဲ့ တရုတ်အလုပ်သမားတွေအကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    မုံရွာမှာ တရုတ်က လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းကို ဒေသခံတွေက ကန့်ကွက်မှု ဆက်လက်ရှိနေပြီး မြစ်ဆုံက ဆည်နဲ့ ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရပါတယ်။ တရုတ်က ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ လှုံ့ဆော်နေပါတယ်။

    ဘင်္ဂလာဒေ့ရှ်က တရုတ်ရဲ့စီမံကိန်း ၂၇ ခုမှာ ပြည်သူတွေရဲ့ကန့်ကွက်မှုကြောင့် ၂၂ ခု ရပ်ထားရပြီး၊ ၂၀၁၅ ငလျင်နောက်ပိုင်းမှာ သဘောတူညီချက်ရခဲ့တဲ့ နီပေါက တရုတ်ရဲ့ ဆောက်လုပ်ရေးစီမံကိန်း ၂၅ ခုမှာ ၁၀ ခုသာ ပြီးစီးထားပါတယ်။ နီပေါဝဘ်ဆိုက်တွေကို တရုတ်အုပ်စုတွေက ဖောက်ထွင်းတာနဲ့ နီပေါအမျိုးသမီးတွေကို တရုတ်နိုင်ငံထဲ လူကုန်ကူးရာမှာ တရုတ်နိုင်ငံသားတွေ ပါဝင်ပတ်သက်မှုတွေအတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာက မြို့တော် ခတ္တာမန်ဒူမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    နိုဝင်ဘာလမှာတော့ နီပေါပိုင်နက် ၃၆ ဟက်တာကို တရုတ်က ကျူးကျော်သိမ်းပိုက်မှုအတွက် နီပေါပြည်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး ရှီကျင့်ဖျင်ရဲ့ ရုပ်ပုံကို မီးရှို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကာဇက်စတန် အပါအဝင် BRI စီမံကိန်းမှာ ပါဝင်တဲ့ အခြားနိုင်ငံတွေမှာလည်း တရုတ်ရဲ့ စီမံကိန်းတွေအပေါ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

    ဖိအားတွေ ရှိလာမလား

    သောကြာနေ့ သမ္မတ ရှီကျင့်ဖျင် လာရောက်မှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ပိုပြီး ခက်ခဲတဲ့အနေအထားကို ကြုံတွေ့ရနိုင်တယ်လို့ ဘာတေးလ် လစ်တနာက သုံးသပ်ပါတယ်။

    ထွက်ရှိမယ့် ဓာတ်အား ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်ပြည်ပို့မယ့် မြစ်ဆုံစီမံကိန်း ပြန်စဖို့ တရုတ်က ဖိအားပေးလာနိုင်တာ၊ နောက်ဆက်တွဲ ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တာကို သူက ထောက်ပြခဲ့ပါတယ်။

    နောက်ထပ် အငြင်းပွားစရာတစ်ခုက မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ တရုတ်ရဲ့ မြန်မာအပေါ် ဩဇာလွှမ်းမိုးမှု ဖြစ်ပါတယ်။ ဒီကိစ္စမှာ တရုတ်ဟာ ရိုးသားတဲ့ ကြားဝင်စေ့စပ်ပေးသူမျိုးထက် ကိုယ့်အကျိုးအတွက် အမြတ်ထုတ်ဖို့သာ ကြိုးစားနေတယ်လို့ အစိုးရရော တိုင်းရင်းသားတွေဖက်ကပါ ရှုမြင်နေတာပါ။

    တုတ်တဖက်၊ မုန့်တစ်ဖက် ပေါ်လစီအရ တရုတ်ဟာ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်နေပမယ့် တစ်ဖက်မှာလည်း မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်သစ်တွေ တပ်ဆင်ပေးနေပါတယ်။

    စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ ၂၀၀၁ ခုနှစ်က တရုတ်သမ္မတ ကျန်ဇီမင်း ရန်ကုန်ကို ၄ ရက်တာ လာရောက်ချိန်မှာ ပြည်သူတွေဖက်က ဆန့်ကျင် ဆန္ဒပြတာမျိုး မရှိခဲ့ပေမယ့်၊ အခု ရှီကျင့်ဖျင်ရဲ့ ၂ ရက်တာ နေပြည်တော်ခရီးစဉ်မှာတော့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့ အခြား‌ဒေသတွေမှာ ဖြစ်ပွားလာနိုင်တယ်လို့ ဘာတေးလ် လစ်တနာက သူ့ရဲ့ဆောင်းပါးမှာ ကောက်ချက်ချထားပါတယ်။

    အဲဒီလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာရင် စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းတာထက် အခြားနည်းလမ်းတစ်မျိုးနဲ့ ကိုင်တွယ်သွားဖို့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Asia Times

    (Asia Times သတင်းဌာနတွင် ဖော်ပြထားသည့် What China’s Xi will and won’t get in Myanmar ဆောင်းပါးကို လေးမောင်က ထုတ်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ညစ်ညမ်းမြစ်တွေကို သန့်ရှင်းဖို့ နည်းလမ်းသစ်တစ်မျိုးကို မလေးရှား အသုံးပြုလာ

    ညစ်ညမ်းမြစ်တွေကို သန့်ရှင်းဖို့ နည်းလမ်းသစ်တစ်မျိုးကို မလေးရှား အသုံးပြုလာ

    ဇန်ဝါရီ ၁၆၊ ၂၀၂၀
    M-Media

    -ပလက်စတစ်တွေ အမှိုက်တွေနဲ့ ညစ်ညမ်းနေတဲ့မြစ်တွေကို ရှင်းလင်းဖို့အတွက် မလေးရှားနိုင်ငံဟာ နေစွမ်းအင်သုံး အမှိုက်သိမ်းဘော်ယာကြီးတွေကို အသုံးပြုလာပါတယ်။

    အအေးသောက်တဲ့ပိုက်လို နေ့စဉ်အသုံးပြုနေတဲ့ လူသုံးကုန်ပစ္စည်းတွေကနေ စက်မှုလုပ်ငန်း စွန့်ပစ်ပစ္စည်းတွေအထိ တစ်နှစ်ကို ပလက်စတစ် တန်ပေါင်း ၈ သန်းလောက် သမုဒ္ဒရာတွေထဲကို ဝင်ရောက်နေတယ်လို့ အမေရိကန်အခြေစိုက် Ocean Conservancy အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ရေထုညစ်ညမ်းတာ၊ ရေနေသတ္တဝါတွေရဲ့ အသက်ရှင်သန်နေထိုင်မှုကို ထိခိုက်တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

    မလေးရှားမှာတော့ ပလက်စတစ်တွေ၊ အမှိုက်တွေနဲ့ ညစ်ညမ်းလွန်းတဲ့မြစ်တွေကို ရှင်းလင်းဖို့အတွက် ၂၄ မီတာအရှည်ရှိတဲ့ နေစွမ်းအင်သုံး အမှိုက်သိမ်းဘော်ယာကို အသုံးပြုနေပါတယ်။ Interceptor လို့ အမည်ပေးထားတဲ့ အဲဒီ ဘော်ယာဟာ မြစ်ထဲက အမှိုက်တွေကို အလိုအလျောက်ဆယ်ယူကာ အမှိုက်ပုံးထဲ ထည့်ပေးပြီး တစ်နေ့ကို အမှိုက် တန်ချိန်ပေါင်း ၅၀ လောက်ကို ရှင်းလင်းနိုင်ပါတယ်။

    ဒီအိုက်ဒီယာကို နယ်သာလန်က အကူအညီပေးရေးအဖွဲ့ Ocean Cleanup က စတင်ခဲ့တာဖြစ်ပြီး မလေးရှားမှာတော့ ဒေသတွင်း ကုမ္ပဏီ Landasan Lumayan နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

    Interceptor ဟာ ကမ္ဘာ့ ၅၀ ခုမြောက် အညစ်ညမ်းဆုံး‌မြစ်ဖြစ်တဲ့ ကွာလာလမ်ပူက ကလန်းမြစ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး ရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။ မလေးရှားနိုင်ငံမှာ Interceptor ကို လွန်ခဲ့တဲ့ ၄ နှစ်က စတင်အသုံးပြုခဲ့တာဖြစ်ပြီး မြစ်တွေထဲက အမိုက်တန်ပေါင်း ၅ သောင်းလောက်ကို ရှင်းလင်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    Ocean Cleanup အဖွဲ့ဟာ လက်ရှိမှာ အမှိုက်သိမ်းဘော်ယာ ၄ ခု တည်ဆောက်ထားပြီး မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အသုံးပြုနေကာ ဗီယက်နမ်နဲ့ ဒိုမီနီကန်နိုင်ငံတွေကိုလည်း ပို့ဆောင်သွားဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တို့ကလည်း ဘော်ယာတွေရရှိရေး ဒီအဖွဲ့နဲ့ သဘောတူညီချက် ရထားပါတယ်။

    တစ်စီးတည်ဆောက်စားရိတ်ဟာ ကန်ဒေါ်လာ ၇ သိန်း ၇ သောင်းကျော်လောက် ကျပေမယ့် များများထုတ်လုပ်နိုင်ရင် စျေးကျသွားလိမ့်မယ်လို့ Ocean Cleanup အဖွဲ့က မျှော်လင့်နေပါတယ်။

    ညစ်ညမ်းနေတဲ့မြစ်တွေကို ရှင်းလင်းရေး ဒီဘော်ယာတွေက အထောက်အကူဖြစ်စေနိုင်ပေမယ့် အမှိုက်ကင်းစင်တဲ့ မြစ်ချောင်းအင်းအိုင်တွေ ဖြစ်လာဖို့အတွက် လူတွေရဲ့ အမှိုက်ပစ်တဲ့အပြုအမူတွေ ပြောင်းလဲဖို့ လိုအပ်တယ်လို့ Landasan Lumayan ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဆိုက်ဖွလ်က ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • တရုတ်နိုင်ငံမှ အမည်မသိကူးစက်ရောဂါကို တွေ့ရကြောင်း ဂျပန်အတည်ပြု

    တရုတ်နိုင်ငံမှ အမည်မသိကူးစက်ရောဂါကို တွေ့ရကြောင်း ဂျပန်အတည်ပြု

    ဇန်နဝါရီ ၁၆၊ ၂၀၂၀
    M-Media

    ဟောင်ကောင်လေဆိပ်တွင် တရုတ်ခရီးသွားများကို စောင့်ကြည့်မှု

    -တရုတ်နိုင်အလယ်ပိုင်း ဝူဟန်မြို့မှာ ဖြစ်ပွားနေတဲ့ အမည်မသိ အဆုတ်ရောင်ရောဂါ ကူးစက်သူတစ်ဦး တွေ့ရှိခဲ့ရတယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာကန ဒီကနေ့မှာ ထုတ်ပြန်လိက်ပါတယ်။

    နိုင်ငံတောင်ပိုင်း ကာနာဂါဝါပြည်နယ်က အသက် ၃၀ ကျော်အရွယ် အမျိုးသားမှာ ကူးစက်နေတာဖြစ်ပြီး သူဟာ ရောဂါပြန့်နှံ့နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပြန်အလာမှာ အဖျားပါလာတဲ့အတွက် ဆေးရုံတင်ခဲ့ရပြီး မနေ့မှာတော့ ရောဂါလက္ခဏာသက်သာကာ ဆေးရုံကနေ ဆင်းသွားခဲ့ပါတယ်။

    တရုတ်နိုင်ငံမှာ ဒီရောဂါ ကူးစက်ပြန့်နှံ့မှုအရေအတွက် ၄၁ ခုအထိ ရှိလာပြီး အသက် ၆၁ နှစ်အရွယ် အဖွားအိုတစ်ဦး သေဆုံးခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဗိုင်းရပ်စ်အသစ်ဟာ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒီရောဂါကူးစက်နေတဲ့ တရုတ်အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ပြီး သီးသန့်စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    လာမယ့်တစ်ပတ် တရုတ်နှစ်သစ်ကူးကာလမှာ သိန်းသန်းချီတဲ့တရုတ်လူမျိုးတွေဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုတွေ ပြုလုပ်မှာကြောင့် အာရှနိုင်ငံတွေဟာ တရုတ်ခရီးသွားတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

    တရုတ်နိုင်ငံမှာ စတင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ SARS ဟာ ၂၀၀၂ ခုနှစ်က ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၃၇ နိုင်ငံက လူပေါင်း ၈၀၀၀ လောက်မှာ ကူးစက်ဖြစ်ပွားခဲ့ပြီး လူ ၈၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၁၅၊ ၂၀၂၀
    M-Media

    ဘာကာနည်းပြဖြစ်လာရန် စိတ်ကူးပင်မယဉ်မိဟု စတီယန်ပြော

    ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်လာဖို့ စိတ်ကူးမယဉ်ခဲ့မိဘူးလို့ နည်းပြသစ် ကီကေး စတီယန်က ပြောကြားလိုက်ပါတယ်။ အသက် ၆၁ နှစ်အရွယ် ရီးယဲလ်ဘက်တစ်နည်း‌ပြဟောင်း စတီယန်ဟာ မနေ့က ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာပါ။ ဒုတိယတန်းအသင်း လက်စ် ပါးလ်မက်စ်နဲ့ လာလီဂါမှာ စွမ်းဆောင်ရည်ကောင်းပြသခဲ့တဲ့ စတီယန်ဟာ ရီးယဲလ်ဘက်တစ်နဲ့ ပထမဆုံးရာသီမှာပဲ ‌အဆင့် ၆ နဲ့ ယူရိုပါလိဂ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ အခုလို အခွင့်အရေးပေးတဲ့အတွက် ဘာစီလိုနာအသင်းကို ကျေးဇူးတင်ပြီး စိန်ခေါ်မှုတွေအတွက် ‌စိတ်လှုပ်ရှားမိတယ်လို့လည်း စတီယန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ‌

    လုံခြုံရေးစိုးရိမ်မှုကြောင့် ပင်လယ်ကွေ့လေ့ကျင့်မှုအစီအစဉ်ကို မန်ယူပယ်ဖျက်

    နောက်လ ဆောင်းရာသီ အနားပေးချိန်မှာ ကာတာ ဒါမှမဟုတ် ဒူဘိုင်းကို သွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားမှုကို လုံခြုံရေးအခြေအနေကြောင့် မန်ယူအသင်းက ဖျက်သိမ်းလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီနဲ့ နိုဝင်ဘာလတွေမှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို သွားရောက်ကာ ‌လေ့ကျင့်ခဲ့သလို၊ ကာတာနိုင်ငံမြို့ ဒိုဟာမှာလည်း လေ့ကျင်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုအရှိ ပိုမိုမြင့်တက်မှုကြောင့် ပင်လယ်ကွေ့ဒေသမှာ လုံခြုံရေးအခြေအနေ စိုးရိမ်လာရတာပါ။ နည်းပြ ဆိုးရှားဟာ ပင်လယ်ကွေ့နိုင်ငံတွေအစား စပိန် ဒါမှမဟုတ် ပေါ်တူဂီကိုသွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။

    အာတီတာသာ အသင်းအတွက် သင့်တော်သည့်လူဟု အိုဇေးလ်ပြော

    နည်းပြဟောင်း အူနိုင်း အမ်မရီလက်ထက်မှာ အာဆင်နယ်အသင်းရဲ့ တန်ဖိုးတွေ ပျောက်ဆုံးခဲ့တယ်လို့ ကွင်းလယ်လူ အိုဇေးလ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ အူနိုင်းရဲ့ ၁၈ လ နည်းပြသက်တမ်းမှာ အိုဇေးလ်ဟာ ပုံမှန်ကစားခွင့်မရခဲ့ဘဲ နည်းပြသစ် အာတီတာရဲ့ လက်ထက်ရောက်မှ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အာတီတာလက်အောက်မှာ အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ ပိုင်ဆိုင်မှုအသားပေးတဲ့ အသင်းရဲ့ ကစားပုံတွေ ပြန်ရလာပြီး ကစားသမားတွေအားလုံး ပျော်ရွှင်ကျေနပ်နေကြကြောင်း အာတီတာသာလျှင် အာဆင်နယ်အတွက် မန်ကန်တဲ့နည်းပြဖြစ်ကြောင်း အိုဇေးလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC, Daily Mail