News @ M-Media

Author: Ko Lay

  • မဲခေါင်မြစ်ကိုကိုင်ပြီး အာဆီယံပြည်သူတွေကို တရုတ်က ပြန်ပေးဆွဲထားပြီလား

    မဲခေါင်မြစ်ကိုကိုင်ပြီး အာဆီယံပြည်သူတွေကို တရုတ်က ပြန်ပေးဆွဲထားပြီလား

    အောက်တိုဘာ ၁၇၊ ၂၀၁၉
    M-Media

    မဲခေါင်မြစ်ပေါ်တွင် ဆည်များ ဆောက်လုပ်ထားမှု

    -မဲခေါင်မြစ်ညာမှာ တရုတ်က ဆည်တွေ အမြောက်အများ တည်ဆောက်ထားတာဟာ မြစ်အောက်ပိုင်းက အာဆီယံဒေသကို ပြန်ပေးဆွဲထားသလိုဖြစ်ပြီး အနာဂတ်မှာ အကြပ်ကိုင်ခံရနိုင်ချေတွေ ရှိနေတယ်လို့ ပညာရှင်တွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

    တီဘက်ကနေ စတင် စီးဆင်းလာတဲ့ မဲခေါင်မြစ်ဟာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကိုဖြတ်ပြီး ဗီယက်နမ်မှာ အဆုံးသတ်တာ ဖြစ်ပါတယ်။ အဲဒီ မြစ်ပေါ်မှာ တရုတ်က လက်ရှိ ဆည် ၁၁ ခု တည်ဆောက်ထားပြီး နောက်ထပ် ၈ ခု ဆက်ဆောက်ဖို့လည်း စီစဉ်ထားပါတယ်။

    ဒါ့ကြောင့် တရုတ်ဟာ မဲခေါင်မြစ်ရေ စီဆင်းမှုကို ထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်ရှိလာကာ မြစ်အောက်ပိုင်းက အရှေ့တောင်အာရှ နိုင်ငံတွေကို လိုသလို အကြပ်ကိုင်လာနိုင်တာကြောင့် မဲခေါင်မြစ်ဟာ တောင်တရုတ်ပင်လယ်လို နောက်ထပ်ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    အလွတ်တန်း လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ Eugene Chow ရဲ့ ၂၀၁၇ ခုနှစ်က ဆောင်းပါးတစ်ခုမှာ မဲခေါင်မြစ်က တရုတ်ရဲ့ ဆည်တွေကို ‘လက်နက်မှန်း မသိရတဲ့ လက်နက်တွေ’ လို့ သမုတ်ခဲ့ပြီး ‘ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံကို သေနတ်တစ်ချက်မဖောက်ဘဲ ပြန်ပေးဆွဲထားမှု’ လို့ သုံးသပ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် မိုးခေါင်ရေရှားမှု ကြုံတွေ့တဲ့အခါ မဲခေါင်မြစ်ကရေလွှတ်ပေးဖို့ အာဆီယံနိုင်ငံတွေက တရုတ်ကို မေတ္တာရပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဒါမျိုးအခြေအနေတွေမှာ တရုတ်ဖက်က တစ်ခုခု ပြန်လည်တောင်းဆိုလာလိမ့်မယ်လို့ နယူးဒေလီအခြေစိုက် Center for Policy Research ပရော်ဖက်ဆာ Brahma Chellaney က သုံးသပ်ခဲ့ပါတယ်။

    “နောက်တစ်ကြိမ်ဆို တရုတ်က တစ်ခုခု ပြန်တောင်းလိမ့်မယ်။ ရေမလုံမလောက်ဖြစ်နေတဲ့နိုင်ငံက ဒီတောင်းဆိုမှုကို ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် တရုတ်က ဆည်တွေကို လက်နက်အဖြစ် အသုံးပြုတာပါ။ မိုးခေါင်ရေရှားမှုတွေ ဆိုးဆိုးဝါးဝါးနဲ့ မကြာခဏ ဖြစ်လာတဲ့အချိန်မျိုးမှာ တရုတ်ရဲ့ ဆည်ကွန်ယက်တွေက မြစ်အောက်ပိုင်းနိုင်ငံတွေအပေါ် ပိုပြီး အနိုင်ကျင့်လို့ ကောင်းလာပါလိမ့်မယ်”

    အခုနှစ်အစောပိုင်းမှာ တရုတ် Jinghong Dam ဆည်ရဲ့ ဂိတ်တံခါးတွေကို ပြုပြင်ဖို့ ရေတွေဖောက်ချတဲ့အချိန် ထိုင်းနဲ့ လာအိုတို့မှာ ရေတွေကြီးခဲ့ပြီး၊ ပြင်ပြီးလို့ ရေပြန်ဖြည့်လိုက်တဲ့အခါမှာလည်း အောက်ပိုင်းကို စီးဆင်းလာတဲ့ မဲခေါင်မြစ်ရေဟာ သိသိသာသာကိုလျော့သွားကာ အရှေ့တောင်အာရှနိုင်ငံတွေ ဒုက္ခတွေ့ခဲ့ပါတယ်။

    ဆည်တွေကို လက်နက်အဖြစ် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်က ငြင်းပါတယ်။

    ဗီယက်နမ်နဲ့ လာအို

    တရုတ်က မဲခေါင်မြစ်ရေစီးဆင်းမှုကို ထိန်းချုပ်လိုက်ရင် အဓိကခံစားရမှာက မဲခေါင်မြစ်ကိုမှီကာ စိုက်ပျိုးရေးလုပ်နေတဲ့ ဗီယက်နမ်နိုင်ငံ ဖြစ်ပါတယ်။

    ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လထုတ် National Defense ဂျာနယ်မှာ နိုင်ငံအတွင်း စားနပ်ရိက္ခာလုံလောက်အောင် လုပ်ဆောင်မှုကို အဓိက မဟာဗျူဟာကိစ္စတစ်ခုအဖြစ် ဖော်ပြထားပါတယ်။

    တရုတ်နဲ့ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကိစ္စမှာ ဗီယက်နမ်ဟာ တော်တော်လေးကို တင်းတင်းမာမာ ပြောဆိုတာမျိုးရှိပြီး၊ တရုတ်ကလည်း နောက်ပိုင်းမှာ မဲခေါင်မြစ်ရေနဲ့ ဗီယက်နမ်ကို အကြပ်ကိုင်လာဖို့ ရှိနေပါတယ်။

    မဲခေါင်မြစ်ကို တရုတ်ရဲ့ ထိန်းချုပ်မှုကြောင့် သိသိသာသာ ဒုက္ခရောက်မယ့် နောက်ထပ်နိုင်ငံတစ်ခုက လာအိုဖြစ်ပါတယ်။

    မဲခေါင်မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့ ‌ဆည်တွေကနေ ဓာတ်အားထုတ်ရောင်းတာ၊ သတ္တုတင်ပို့တာတွေဟာ လာအိုရဲ့ အဓိက ဝင်ငွေရလမ်းဖြစ်ပြီး တရုတ်ကသာ မဲခေါင်မြစ်ရေကို ထိန်းချုပ်လိုက်ရင် လာအိုနိုင်ငံရဲ့ စီးပွားရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်မှာ ဖြစ်ပါတယ်။

    ရေစစ်ပွဲ

    ကျွမ်းကျင်သူတွေက မဲခေါင်မြစ်ကိစ္စကို တောင်တရုတ်ပင်လယ်ကိစ္စနဲ့ နှိုင်းယှဉ်ပြောဆိုကြပေမယ့် တကယ်တမ်း ‘ရေစစ်ပွဲ’ ဖြစ်လာတဲ့အခါမျိုးကျရင် တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတာထက် ပိုပြီး ရှုပ်ထွေးလာမယ်လို့ သုံးသပ်ထားပါတယ်။

    တောင်တရုတ်ပင်လယ်ကိစ္စမှာ ပိုင်နက်အငြင်းပွားမှုရှိနေပြီး မဲခေါင်မြစ်ကိစ္စမှာ ဒီလိုမဟုတ်တဲ့အတွက် တရုတ်ဖက်အခြမ်းက မဲခေါင်မြစ်ပေါ်မှာ ဘာလုပ်လုပ် နိုင်ငံတကာက ဝင်ရောက်စွက်ဖက်လို့မရပါဘူး။

    မဲခေါင်မြစ်ကို မျှတစွာ စီမံခန့်ခွဲ အသုံးချရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်တစ်ခု ရရှိအောင် အာဆီယံနိုင်ငံတွေက ၁၉၉၅ ခုနှစ်မှာ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မဲခေါင်မြစ်ကော်မရှင် (MRC) က မြစ်ပေါ်မှာ ဆည်ဆောက်မှုကို ၁၀ နှစ်ရပ်ဆိုင်းရေး ၂၀၁၀ ခုနှစ်မှာ အကြံပြုခဲ့ပေမယ့် ဗီယက်နမ်က လက်မခံဘဲ တရုတ်ရဲ့ ဖိအားပေးမှုကြောင့်ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။

    မဲခေါင်မြစ်ကို တရုတ်က ထိန်းချုပ်ထားမှု ပြဿနာဟာ ဒေသတွင်းတွင်မဟုတ်တော့ဘဲ ဒေသပြင်ပကိုပါ ရိုက်ခတ်လာပါတယ်။ အမေရိကန်ရဲ့ လုံခြုံရေးအကျိုးစီးပွားအတွက် အရေးပါတဲ့ တိုင်းပြည်တွေမှာ နောက်ထပ် ၁၀ နှစ်အတွင်း ရေပြဿနာပေါ်ကာ မတည်မငြိမ်ဖြစ်လာလိမ့်မယ်လို့ ၂၀၁၂ ခုနှစ်မှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    နောက်ထပ် ၇ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဟာ ဒီကိစ္စအတွက် ပိုပြီး အသံထုတ်လာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက မဲခေါင်မြစ်ရေဟာ ၁၀ စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးကို ရောက်ရှိလာတယ်လို့ သတိပေးခဲ့ပါတယ်။

    မဲခေါင်မြစ်ကိစ္စမှာ တရုတ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်လိုထိန်းကြောင်းမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ဒေသတွင်း လျှပ်စစ်ကဏ္ဍအတွက် အမေရိကန်က ဂျပန်နဲ့ Japan-US Mekong Power Partnership စာချုပ် လက်မှတ်ရေးထိုးထားတာ၊ မဲခေါင်ဒေသတစ်ဝှမ်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနဲ့ တရားမဝင် ကုန်ကူးမှုတွေ တိုက်ဖျက်ရေး အမေရိကန်က ဒေါ်လာ ၁၄ သန်း ထောက်ပံ့ကူညီထားတာတွေတော့ ရှိနေပါတယ်။

    တရုတ်ရဲ့ လွှမ်းမိုးမှုကို တုန့်ပြန်ရေး ရန်ပုံငွေ Countering Chinese Influence Fund ထားရှိ ဆောင်ရွက်မလားဆိုတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လက အမေရိကန်လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီရန်ပုံငွေ အမှန်တကယ် ပေါ်လာမယ်ဆိုရင်တော့ မဲခေါင်မြစ်ရှိရာ အရှေ့တောင်အာရှနိုင်ငံတွေက ငွေကြေးတစ်ချို့ရရှိနိုင်မှာပါ။

    မဲခေါင်မြစ်မှာ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ လုံခြုံရေးအစီအမံတွေ ဘယ်လောက်ပဲ လုပ်ဆောင်ထားပေမယ့် မဲခေါင်မြစ်ရေ အရှေ့တောင်အာရှဖက် မစီးနိုင်အောင် တရုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။

    Ref: Asia Times

    (Asia Times သတင်းဌာန၏ Water war risk rising on the Mekong ဆောင်းပါးမှ ကောက်နှုတ်ကာ ဆီလျော်အောင် ဘာသာပြန်ဆိုတင်ပြခြင်း ဖြစ်ပါသည်)

  • မြန်မာနိုင်ငံတွင် လိင်ပညာပေးလုပ်ငန်းကို နည်းပညာအကူအညီဖြင့် လုပ်ဆောင်နေ

    မြန်မာနိုင်ငံတွင် လိင်ပညာပေးလုပ်ငန်းကို နည်းပညာအကူအညီဖြင့် လုပ်ဆောင်နေ

    အောက်တိုဘာ ၁၇၊ ၂၀၁၉
    M-Media

    360ed ကုမ္ပဏီကို တည်ထောင်ထားသူ ဒေါ်လှလှဝင်း (Photo Credit – Myanmar Times)

    -မြန်မာနိုင်ငံအတွင်း အဓမ္မကျင့်မှုတွေ မြင့်တက်လာမှုကို တိုက်ဖျက်ဖို့အတွက် နည်းပညာက ကူညီပေးနိုင်တယ်လို့ နိုင်ငံတကာအဆင့် ဆုတံဆိပ်ရရှိထားတဲ့ စွန့်ဦးတီထွင်သူ ဒေါ်လှလှဝင်းက ပြောကြားလိုက်ပါတယ်။

    သူမဟာ AR (augmented reality) နည်းပညာကို အသုံးပြုကာ မြန်မာနိုင်ငံမှာ လိင်ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေသူဖြစ်ပြီး နည်းပညာအသုံးပြု ပညာသင်ကြားမှုစနစ်ကို မိတ်ဆက်ပေးတဲ့ 360ed ကုမ္ပဏီကို တည်ထောင်ထားပါတယ်။

    မေလက နေပြည်တော် ပုဂ္ဂလိက မူကြိုကျောင်းတစ်ခုမှာ အသက် ၃ နှစ်အရွယ် သမီးငယ်လေး အဓမ္မကျင့်ခံရတဲ့အမှုဟာ နိုင်ငံအတွင်း ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့ပြီး တရားမျှတမှုကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာသလို၊ နိုင်ငံမှာ လိင်ပညာပေးမှု နည်းပါးတာကို ထောက်ပြမှုတွေလည်း ရှိလာခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံအတွင်း အဓမ္မကျင့်မှု ၁၁၀၀ သာ ရှိရာကနေ ၂၀၁၈ ခုနှစ်မှာတော့ ၁၅၀၀ ‌ကျော်လာခဲ့ပြီး ၃ ပုံ ၂ ပုံလောက်မှာ ကလေးငယ်တွေ ပါဝင်နေပါတယ်။

    ဒေါ်လှလှဝင်းကာ ဒီအရေအတွက်ကိုကြည့်ရင် မြန်မာနိုင်ငံမှာ လိင်ပညာပေးမှု နည်းနေတယ်ဆိုတာ ထင်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “မိဘတွေကတော့ ရင်ကြိုးရတာပေါ့။ ဒါပေမယ့် လိင်ပညာပေးမှုကို မလုပ်ကောင်းတဲ့အရာဖြစ် သတ်မှတ်လို့ မရတော့ဘူးဆိုတာ အချက်ပေးခေါင်းလောင်း ထိုးနေတာလည်း ဖြစ်ပါတယ်”

    ပြီးခဲ့တဲ့လ နယူးယောက်မှာ ကျင်းပပြုလုပ်တဲ့ World Economic Forum မှာ ကမ္ဘာတစ်ဝှမ်း ထိပ်တန်း ဆိုရှယ် စွန့်ဦးတီထွင်လုပ်ငန်းရှင် ၄၀ ရဲ့ စာရင်းကို ထုတ်ပြန်ရာမှာ ဒေါ်လှလှဝင်းလည်း ပါဝင်လာပါတယ်။ မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ကျောင်းသားတွေရဲ့ သင်ယူမှုနည်းလမ်းကို ပြုပြင်ပြောင်းလဲပေးတဲ့အတွက် ဒီလို ကမ္ဘာ့အသိအမှတ်ပြုမှုကို ရရှိခဲ့တာပါ။

    သူမဟာ AR နည်းပညာကိုအသုံးပြုပြီး လူငယ်တွေရဲ့ သင်ယူမှုနည်းလမ်းကို ပြောင်းလဲပေးတာပါ။ ပြင်ပကမ္ဘာနဲ့ ဆော့ဖ်ဝဲကမ္ဘာကို ပေါင်းစပ်အသုံးပြုရတဲ့ အဲဒီ AR နည်းပညာဟာ ကမ္ဘာတစ်ဝှမ်း လူကြိုက်များ ကျော်ကြားပြီး နယ်ပယ်စုံမှာ အသုံးပြုနေကြပါတယ်။

    ဒေါ်လှလှဝင်းရဲ့ 360ed ဟာ ၂၀၁၆ ခုနှစ်ကတည်းက အက်ပလီကေးရှင်းတွေ ထုတ်လုပ်ကာ ဓာတုဗေဒနဲ့ ဇီဝါဗေဒလို ကျောင်းဘာသာရပ်တွေကို ကျောင်းသားတွေ သင်ယူရာမှာ ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

    လိင်ပညာပေး

    အခု လိင်ပညာပေး ပရောဂျက်ကိုတော့ သူမက ‘ဘေးကင်း’ လို့ အမည်ပေးထားပြီး ဩဂုတ်လမှာ စတင် မိတ်ဆက်ခဲ့တာပါ။

    ဒီပရောဂျက်မှာ လိင်ပညာပေးစာပေတွေကို စာအုပ်ပုံစံနဲ့ရော၊ AR ပုံစံနဲ့ပါ ဖန်တီးထားပြီး လိင်ပညာပေးဆိုင်ရာ ရုပ်ပြစာအုပ်တွေ၊ ဂိမ်းတွေလည်း ပါဝင်ပါတယ်။ ဒါတွေက‌နေတစ်ဆင့် ကျောင်းသားတွေဟာ လိင်အင်္ဂါအကြောင်းတွေကနေ ကိုယ်ဝန်ဆောင်မှုအထိ လေ့လာ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။

    “ဆရာမတစ်ယောက်နဲ့ အမေတစ်ယောက်ဖြစ်တဲ့ကျွန်မ ဒီကဏ္ဍကို ဘာ့ကြောင့်စိတ်ဝင်စားလဲဆိုတော့ ဆယ်ကျော်သက်အရွယ်တွေကြောင့်ပါ။ သူတို့တွေဟာ ဒါတွေကို လေ့လာချင်ပေမယ့် ကျွန်မတို့မှာ သင်ပေးဖို့ နည်းလမ်းမရှိဘူး။ ‌ယောက်ျားနဲ့ မိန်းမ ရေကို တစ်ခွက်တည်းသောက်ရင်တောင် ကိုယ်ဝန်ရနိုင်တယ်လို့ မြန်မာနိုင်ငံက ဆယ်ကျော်သက်တော်တော်များများက ထင်နေကြတာ”

    360ed က ထုတ်လုပ်တဲ့ လိင်ပညာပေး စာအုပ်တွေကို လက်ရှိမှာ ကျောင်းပေါင်း ၁၀၀ လောက်က လက်ခံအသုံးပြုနေပြီး AR နည်းပညာနဲ့ အကျွမ်းဝင်ရေးအတွက်လည်း ဆရာဆရာမတွေကို လေ့ကျင့်ပေးနေပါတယ်။

    “ကျောင်းတွေမှာ လိင်ပညာပေးဖို့ ဆရာ၊ ဆရာမတွေ တော်တော်များများက ရှက်နေတာကြောင့် တော်တော်လေးကို လုပ်ယူရမယ့် အနေအထားပါ။ AR ကတော့ ပျော်စရာကောင်းတယ်။ ဒါ့ကြောင့် ဒီလို ရှက်တာရွံ့တာကို ကျော်လွှားနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်”

    Ref: Reuters

  • ဆော်ဒီတွင် ကားမတော်တဆမှုကြောင့် ဘုရားဖူးခရီးသည် ၃၅ ဦး သေဆုံး

    ဆော်ဒီတွင် ကားမတော်တဆမှုကြောင့် ဘုရားဖူးခရီးသည် ၃၅ ဦး သေဆုံး

    အောက်တိုဘာ ၁၇၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမှာ ခရီးသည်တွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး ထရပ်ကားတစ်စီးနဲ့ တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပါတယ်။

    အာရှနဲ့ အာရပ်နိုင်ငံတွေ ဘုရားဖူးခရီးသည် ၃၉ ဦး တင်ဆောင်လာတဲ့ အဲဒီဘတ်စ်ကားဟာ မက္ကာမြို့နဲ့ မဒီနာမြို့ကို ဆက်သွယ်ထားတဲ့လမ်းမှာ မနေ့ညပိုင်း ၇ နာရီလောက်က ဒီလို မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

    ဒဏ်ရာရသူက ၄ ဦးရှိခဲ့ပြီးလက်ရှိ ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေရပါတယ်။ ဆော်ဒီအာဏာပိုင်တွေကတော့ ဒီမတော်မဆမှု ဘာ့ကြောင့်ဖြစ်ပွားလဲဆိုတာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    ဆော်ဒီမှာ ကမ္ဘာတစ်ဝှမ်းက ဘရားဖူးခရီးသွားတွေအကြား မတော်တဆဖြစ်မှုဟာ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလတုန်းက ဟဂျ်ဘုရားဖူးကာလအတွင်း လူတိုးမှုကြောင့် ဘုရားဖူးခရီးသွား ၂၃၀၀ လောက် သေဆုံးခဲ့ပြီး အများစုက အီရန်နိုင်ငံသားတွေဖြစ်ပါတယ်။ အဲဒီလ အစောပိုင်းမှာပဲ ဆောက်လုပ်ရေးကရိန်းတစ်ခု မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ ပရ၀ုဏ်အတွင်း လဲကျမှုကြောင့် လူ ၁၀၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • နိုက်ဂျီးရီးယားရှိ အစ္စလာမ်ဘာသာရေးကျောင်းများတွင် ညှင်းပမ်းခံရသူများကို ရဲတပ်ဖွဲ့ ကယ်ထုတ်

    နိုက်ဂျီးရီးယားရှိ အစ္စလာမ်ဘာသာရေးကျောင်းများတွင် ညှင်းပမ်းခံရသူများကို ရဲတပ်ဖွဲ့ ကယ်ထုတ်

    အောက်တိုဘာ ၁၇၊ ၂၀၁၉
    M-Media

    -နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက အစ္စလာမ်ဘာသာရေးကျောင်းတွေမှာ ချုပ်နှောင် နှိပ်စက်ခံရတဲ့ အမျိုးသားနဲ့ ယောက်ျားလေး စုစုပေါင်း ၁ ထောင်ကျော်လောက်ကို နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့က အခုတစ်ပတ်အတွင်းမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    မနေ့က ကတ်စီနာပြည်နယ် ဒေါင်ရာမြို့က အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ စုစုပေါင်း လူ ၃၀၀ လောက်ကို ကယ်ထုတ်ခဲ့ရပါတယ်။ ကျောင်းသားတွေကို လက်ထိပ်ခတ်တာ၊ ခြေထောက် သံကြိုးနဲ့ ချည်နှောင်ထားတာတွေရှိပြီး လူမဆန်တဲ့ နှိပ်စက်မှုမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း ရှိတယ်လို့ ကတ်ဆီ နာ ရဲတပ်ဖွဲ့အကြီးအကဲ ဆာနူဆီ ဘူဘာက ပြောကြားခဲ့ပါတယ်။

    အရင်က အဲဒီကျောင်းမှာ လူ ၅၀၀ လောက်ရှိပြီး တစ်ချို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

    အဲဒီအစ္စလာမ်ဘာသာရေးကျောင်းဟာ အသက် ၇၈ နှစ်အရွယ် မွတ်စလင်ဘာသာရေးဆရာ ဘီလို မိုင် အလ် မာဂျီရိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က တည်ထောင်ထားတာဖြစ်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေကို ကုရ်အာန်ကျမ်းစာ သင်ကြားဖို့၊ မူးယစ်ဆေးဝါးဖြတ်ဖို့ ဒီကျောင်းကို လာရောက် အပ်နှံကြတာ ဖြစ်ပါတယ်။

    ကတ်စီနာပြည်နယ်မှာ စီးနင်းမှုဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း နိုက်ဂျီးရီးယားရဲတပ်ရဲ့ ၃ ကြိမ်မြောက် စီးနင်းမှု ဖြစ်ပါတယ်။

    တနင်္လာနေ့ကလည်း ဒေါင်ရာမြို့မှာပဲ အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ လူ ၃၀၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက်‌နေ့က ကာဒူနာပြည်နယ်က အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုမှာလည်း လူပေါင်း ၅၀၀ လောက်ကို ရဲတပ်ဖွဲ့က ကယ်ထုတ်ခဲ့ပါတယ်။

    မိဘတွေက သူတို့သားသမီးတွေဟာ ဒီကျောင်းတွေမှာ ဘာသာရေးပညာတွေ သင်ကြားနေတယ်လို့ ယူဆနေကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဖိအားများနေ

    နိုက်ဂျီးရီးယားနိုင်ငံတစ်ဝှမ်းမှာ အထူးသဖြင့် အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ မြောက်ပိုင်းမှာ အခုလို အစ္စလာမ်ဘာသာရေးကျောင်းအမည်ခံပြီး ညှင်းပမ်းနှိပ်စက်မှုတွေ ရှိနေနိုင်တဲ့အတွက် ဒါတွေကို နှိမ်နှင်းဖို့ သမ္မတ မူဟာမာဒူ ဘူဟာရီ အစိုးရဟာ ပြည်သူလူထုရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။

    တနင်္လာနေ့က ဒုတိယမြောက် ကယ်ဆယ်မှု ပြီးတဲ့နောက်မှာ ဘူဟာရီက ဒီလို ဘာသာရေးကျောင်းအမည်ခံ ညှင်းပမ်းနှိပ်စက်မှုတွေကို နှိမ်နှင်းဖို့ အင်္ဂါနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

    “ဒီလိုနေရာတွေအားလုံးကို ပိတ်ပစ်ပြီး ထိန်းသိမ်းခံထားရသူတွေကို မိဘလက်ထံ ပြန်အပ်ဖို့အတွက် သမ္မတက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ ဘာသာရေးအမည်ခံပြီး အမျိုးသားကိုဖြစ်စေ အမျိုးသမီးကိုဖြစ်စေ ညှင်းပမ်းနှိပ်စက်တဲ့ ဒီလိုနေရာမျိုးတွေကို အစိုးရက ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ ဘူဟာရီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    အဲဒီလို ဘာသာရေးကျောင်းတွေမှာ ညှင်းပမ်းနှိပ်စက်ရင်း သေဆုံးသွားသူတွေလည်း ရှိနေပြီး ကျောင်းပိုင်ရှင်တွေနဲ့ ဆရာတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

    Ref: Reuters

  • Untitled post 82348

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    လူမျိုးရေးခွဲခြားသည့် ဘောလုံးပရိသတ် ၆ ဦးကို ဘူလ်ဂေးရီးယား ဖမ်းဆီး

    တနင်္လာနေ့က အင်္ဂလန်အသင်းကို ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၂ ခြေစစ်ပွဲမှာ အင်္ဂလန်ကစားသမားတွေကို လူမျိုးရေးခွဲခြားစော်ကားခဲ့တဲ့ အိမ်ရှင်ဘူလ်ဂေးရီးယားပရိတ်သတ် ၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဘူလ်ဂေးရီးယား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီပွဲမှာ လူမျိုးရေး ခွဲခြားစော်ကားမှုကြောင့် ၂ ကြိမ်တိုင်တိုင် ပွဲကို ရပ်နားခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က လူမျိုးရေးခွဲခြားစော်ကားသူ ပရိတ်သတ် ၁၅ ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စရဲ့ နောက်ဆက်တွဲအဖြစ် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌလည်း အင်္ဂါနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    ဘာကာ-ရီးယဲလ်ပွဲ ကွင်းပြောင်းရန် လာလီဂါက စပိန်ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထား

    ကာတာလိုနီယာဒေသ ခွဲထွက်ရေးခေါင်းဆောင် ၉ ဦးကို စပိန်တရားရုံးက ထောင်ဒဏ်တွေချမှတ်မှု နောက်ဆက်တွဲအဖြစ် ဒေသတွင်း မတည်မငြိမ်ဖြစ်မှာ စိုးရိမ်ရတဲ့အတွက် အောက်တိုဘာ ၂၆ ရက်နေ့မှာ ကစားမယ့် ဘာစီလိုနာ-ရီးယဲလ်မက်ဒရစ်ပွဲကို ဘာစီလိုနာအိမ်ကွင်းအစား ရီးယဲလ်အိမ်ကွင်းမှာ ပြောင်းကစားဖို့ လာလီဂါတာဝန်ရှိသူတွေက စပိန်ဘောလုံးအဖွဲ့ချုပ်ကို မေတ္တာရပ်ခံထားပါတယ်။ ဘာစီလိုနာဘောလုံးအသင်းဟာ ကာတာလိုနီယာရဲ့မြို့တော် ဘာစီလိုနာမှာ အခြေစိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး ပွဲကစားတဲ့နေမှာ ဆန္ဒပြမှုတွေ ပြင်းထန်လာမှာကို လာလီဂါ တာဝန်ရှိသူတွေက စိုးရိမ်နေတာပါ။ စပိန်ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာနဲ့ ရီးယဲလ်တို့ရဲ့ အမြင်တွေကို မးမြန်းပြီး လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပဲရစ်တွင် လူမျိုးရေးခွဲခြားသူများ ပြည့်နေသည်ဟု ပီအက်စ်ဂျီနောက်ခံလူဟောင်း ပြော

    ပဲရစ်မြို့ဟာ စိတ်ပျက်ငြီးငွေ့စရာကောင်းပြီး လူမျိုးရေးခွဲခြားသူတွေနဲ့ ပြည့်နေတဲ့မြို့ ဖြစ်တယ်လို့ ပီအက်စ်ဂျီနောက်ခံလူဟောင်း ဒါနီအဲလ်ဗက်စ်က ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်စ်ကနေ ထွက်ခွာပြီးတဲ့နောက် အဲလ်ဗက်စ်ဟာ ပီအက်စ်ဂျီမှာ ၂ နှစ်တာ သွားရောက်ကစားခဲ့ပြီး အခုအချိန်မှာတော့ မိခင်နိုင်ငံ ဘရာဇီးလ်က ဆော်ပေါ်လိုအသင်းမှာ ကစားနေပါတယ်။ အဲလ်ဗက်စ်ဟာ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် လူမျိုးရေးခွဲခြားမှုကို အကြိမ်ကြိမ် ခံစားခဲ့ရဖူးပြီး အထင်ရှားဆုံးကတော့ ဘာစီလိုနာမှာကစားခဲ့တဲ့ ၂၀၁၄ ခုနှစ်က ငှက်ပျောသီးနဲ့ ပစ်ပေါက်ခံရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာကစားစဉ် လူမျိုးရေးခွဲခြားခံရတာမျိုး ကိုယ်တိုင် မကြုံခဲ့ရပေမယ့် သူငယ်ချင်းတွေ ကြုံတွေ့ရတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ အဲလ်ဗက်စ်က ဆိုပါတယ်။

    Ref: BBC, Daily Mail