News @ M-Media

Author: Ko Lay

  • ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုပညာတက္ကသိုလ်ကို ယူအေအီးတွင် ဖွင့်လှစ်မည်

    ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုပညာတက္ကသိုလ်ကို ယူအေအီးတွင် ဖွင့်လှစ်မည်

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုပညာတက္ကသိုလ်တစ်ခုကို လာမယ့်နှစ်မှာ ဖွင့်လှစ်သင်ကြားသွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ‘မိုဟာမက် ဘင် ဇာယဒ် ဉာဏ်ရည်တုတက္ကသိုလ်’ ( MBZUAI) လို့ အမည်ပေးထားတဲ့ အဲဒီတက္ကသိုလ်ဟာ ဉာဏ်ရည်တု (AI) နည်းပညာနဲ့ပတ်သက်လို့ ပညာရပ်ပိုင်းဆိုင်ရာ နယ်ပယ်တစ်ခုနဲ့ သုတေသန နယ်ပယ်တစ်ခုတို့ကို ဖန်တီးဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    ဒီတက္ကသိုလ်ကို ရောက်ရှိလာတဲ့ ကျောင်းသားတွေဟာ ကမ္ဘာ့နောက်ဆုံးပေါ် AI နည်းပညာတွေကို ထိတွေ့ခွင့်ရမှာပါ။

    MBZUAI တက္ကသိုလ် ဖွင့်လှစ်တောမယ့်အကြောင်းကို မတ်စ်ဒါမြို့က တက္ကသိုလ်တည်ရှိရာအဆောက်အဦးမှာ ဘုတ်အဖွဲ့က သတင်းစာရှင်းပွဲတစ်ခုကျင်းပကာ အသိပေးခဲ့တာ ဖြစ်ပါတယ်။

    ယူအေအီးအစိုးရဝန်ကြီးတစ်ဦးဖြစ်ပြီး MBZUAI တက္ကသိုလ် ဘုတ်အဖွဲ့ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာ ဆူလ်တန် အဟ်မဒ် အလ် ဂျာဘာရ်က ရည်ရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ နောက်ဆုံးပေါ် နည်းပညာတွေကကို တီထွင်ကြံဆ အသုံးပြုရေးဆိုတဲ့ ယူအေအီးခေါင်းဆောင်ပိုင်းရဲ့ မူဝါဒနဲ့အညီ တက္ကသိုလ်ကို ထူထောင်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာကြီးက ပြောင်းလဲသွားပါပြီ။ လူသားတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို အသုံးပြုကာ အမြဲမပြတ် ရှာဖွေဖော်ထုတ်နေမယ်ဆိုရင် ဒီထက်ပိုပြီး အောင်မြင်နိုင်ပါတယ်။ ဒီတက္ကသိုလ်ဟာ AI အသုံးပြုတဲ့ ခေတ်သစ်မှာ ကျွန်တော်တို့ကို ဦးဆောင်မယ့် စွန့်ဦးတီထွင် ဖန်တီးသူတွေကို ပြုစုပျိုးထောင်ရာမှာ ရှေ့တန်းကနေ ပါဝင်လာပါလိမ့်မယ်”

    တက္ကသိုလ်ရဲ့ ဘုတ်အဖွဲ့ဝင်တွေထဲမှာ ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေ ပါဝင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက AI ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ကာ ညီလာခံတွေ၊ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။

    တက္ကသိုလ်ဟာ AI ရဲ့ အဓိက နယ်ပယ်တွေဖြစ်တဲ့ Machine Learning၊ Computer Vision နဲ့ Natural Language Processing စတဲ့ ပညာသာရပ်တွေမှာ မဟာဘွဲ့တွေ၊ ဒေါက်တာဘွဲ့တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

    ဘွဲ့ရကျောင်းသားတွေအနေနဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လကနေစလို့ MBZUAI ဝဘ်ဆိုက်မှာ စတင် စာရင်းပေးသွားနိုင်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ စတင် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Khaleej Times

  • ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ဆော်ဒီဘုရင်တို့တွေ့ဆုံကာ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဟာ မနေ့က ဆော်ဒီဘုရင် ဆလ်မန်နဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေး‌နွေးခဲ့ကြပါတယ်။

    ခန်းရဲ့ ၂ ရက်တာကြာမြင့်တဲ့ ဒီခရီးစဉ်ဟာ ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ လျော့ချရေး ရည်ရွယ်တာဖြစ်ပြီး ဘုရင်ဆလ်မန်နဲ့ မတွေ့ဆုံခင် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဘုရင် ဆလ်မန်နဲ့ ခန်းတို့ဟာ ဒေသတွင်းနဲ့ နိုင်ငံတကာဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ်ဟာ တနင်္ဂနွေနေ့က တီဟီရန်မှာ အီရန်သမ္မတ ဟာဆန်ရူဟာနီ၊ အဓိပတိ အယာတိုလာခါမေနီတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဟာဆန်ရူဟာနီနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခန်းက အီရန်နဲ့ ဆော်ဒီတို့အကြား ပဋိပက္ခတွေဖြစ်ပွားရင် ကမ္ဘာကြီးအတွက်ပါ စိုးရိမ်ရကြောင်း၊ မိမိအနေနဲ့ ဒီနှစ်နိုင်ငံအကြား တင်းမာမှုတွေကို ပြေလျော့အောင် ကြားဝင်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းက ဆော်ဒီရေနံစက်ရုံတွေကို ယီမင်သူပုန်တွေက ဒရုန်းနဲ့ တိုက်ခိုက်ပြီးခဲ့နောက် ဆော်ဒီနဲ့ အီရန်အကြား တင်းမာမှုတွေ ပိုမို မြင့်တက်လာခဲ့တာပါ။ ဟူသီသူပုန်တွေဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုမှာ အီရန်ပါဝင်တယ်လို့ အမေရိကန်နဲ့ ဆော်ဒီတို့က စွပ်စွဲထားပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

    Ref: Gulf News

  • ဘာဘရီဗလီအငြင်းပွားမှု အန္ဒိယတရားရုံးချုပ်က နိုဝင်ဘာတွင် အမိန့်ချမည်

    ဘာဘရီဗလီအငြင်းပွားမှု အန္ဒိယတရားရုံးချုပ်က နိုဝင်ဘာတွင် အမိန့်ချမည်

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အယွဒ္ဒယမြို့က ဘာဘရီဗလီမြေကို ဟိန္ဒူနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတွေထံ ခွဲဝေပေးရေး ကြားနာမှုတွေကို အိန္ဒိယ တရားရုံးချုပ်က အဆုံးသတ်လိုက်ပြီး အမိန့်ကို လာမယ့် နိုဝင်ဘာလအလယ်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

    မြေအကျယ်အဝန်း ၂.၇၇ ဧကရှိပြီး ၁၆ ရာစုက ဆောက်လုပ်ထားတဲ့ အဲဒီဗလီဟာ ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူတွေရဲ့ ဖျက်ဆီးမှုကိုခံခဲ့ရပါတယ်။ အဲဒီလုပ်ရပ်ရဲ့ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံမှာ ဟိန္ဒူနဲ့ မွတ်စလင်လူ့အဖွဲ့အစည်းအကြား အဓိကရုဏ်းတွေ ဖြစ်ပွားကာ လူ ၂ ထောင်လောက် သေဆုံးခဲ့ပါတယ်။

    ဗလီနေရာမှာ အရင်က ဟိန္ဒူဘုရားကျောင်းရှိခဲ့တယ်လို့ဆိုကာ ဟိန္ဒူတွေက ဘုရားကျောင်းပြန်ဆောက်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်းနှစ်ခုအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လကစလို့ တရားရုံးချုပ် တရားသူကြီး ၅ ဦးပါတဲ့ ခုံအဖွဲ့က ကိုင်တွယ်ခဲ့တာပါ။ ခုံအဖွဲ့ဟာ ဗလီမြေနေရာကို ဟိန္ဒူနဲ့ မွတ်စလင်တွေကို ခွဲဝေပေးရမယ်ဆိုတဲ့ ၂၀၁၀ ခုနှစ် အောက်ရုံးရဲ့ ဆုံးဖြတ်ချက်၊ အဲဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ထားတဲ့ အယူခံလွှာ ၁၄ ခုတို့ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    Ref: AP

  • လကမ္ဘာပေါ်လမ်းလျှောက်မည့် ပထမဆုံးအမျိုးသမီးအတွက် အာကာသဝတ်စုံကို နာဆာ ထုတ်ပြ

    လကမ္ဘာပေါ်လမ်းလျှောက်မည့် ပထမဆုံးအမျိုးသမီးအတွက် အာကာသဝတ်စုံကို နာဆာ ထုတ်ပြ

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    နာဆာက မိတ်ဆက်ပြသလိုက်သည့် အာကာသ ဝတ်စုံသစ်

    -လကမ္ဘာမှာ ပထမဆုံး လမ်းလျှောက်မယ့် အမျိုးသမီး ဝတ်ဆင်နိုင်မယ့် အာကာသဝတ်စုံကို အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က မနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    နာဆာဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လပေါ်ကို လူလွှတ်ခြင်းမရှိတော့ဘဲ ၂၀၂၄ ခုနှစ်မှာတော့ လပေါ်ကို အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ Artemis လို့ အမည်ပေးထားတဲ့ အဲဒီခရီးစဉ်မှာလိုက်ပါမယ့် အမျိုးသမီးအာကာသယာဉ်မှူးဟာ လပေါ်ကို ခြေချနိုင်တဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၅ ရက်နေ့မှာ နာဆာက ၂၀၂၄ ခရီးစဉ်မှာ ဝတ်ဆင်မယ့် အာကာသဝတ်စုံ ၂ ခုကို မိတ်ဆက်ခဲ့ပြီး ဒီ ၂ ခုစလုံးဟာ ၁၉၆၀နဲ့ ၁၉၇၀ ပြည့်နှစ်တွေက အပိုလိုခရီးစဉ်တွေမှာ ဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်းကို အခြေခံထားတာပါ။

    Exploration Extravehicular Mobility (xEMU) လို့ အမည်‌ပေးထားတဲ့ ဝတ်စုံဟာ အနီ၊ အဖြူနဲ့ အပြာရောင်တို့ ပေါင်းစပ်ထားပြီး လရဲ့ တောင်ဘက်ဝင်ရိုးစွန်းပေါ်ကို ဆင်းရင် ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ လိမ္မော်ရောင် နောက်တစ်စုံကိုတော့ Orion Crew Survival System လို့ အမည်ပေးထားပြီး ကမ္ဘာနေ လကို အသွားအပြန်ခရီးစဉ်မှာ ဝတ်ဆင်ရမှာပါ။

    ဒီဝတ်စုံတွေဟာ အရင်က ဝတ်စုံတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းပညာကို အသုံးပြုထားပြီး အာကာသယာဉ်မှူးတွေအတွက် သက်တောင့်သက်သာ ပိုဖြစ်လိမ့်မယ်လို့ နာဆာက ပြောကြားခဲ့ပါတယ်။

    အာကာသဝတ်စုံရဲ့ လုပ်ဆောင်ချက်တွေကတော့ အောက်ဆီဂျင်ကို ထိန်းသိမ်းတာ၊ အဆိပ်ဓာတ်ငွေ့တွေ၊ အနံ့တွေ၊ ရေခိုးရေငွေ့တွေ ဖယ်ရှားပေးတာ၊ အပူချိန် ထိန်းညှိပေးတာတွေ ဖြစ်ပါတယ်။ အခုဝတ်စုံသစ်မှာ ဆက်သွယ်ရေးနည်းနစ်ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။

    Artemis ခရီးစဉ်အတွက် အသုံးမပြုခင် အဲဒီဝတ်စုံသစ်ကို နိုင်ငံတကာ အာကာသစခန်းမှာ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး လိုအပ်ချက်တွေ ရှိခဲ့ရင် ပြုပြင်သွားဖို့လည်း နာဆာက စီစဉ်ထားပါတယ်။ ဒီဝတ်စုံကို အနာဂတ် အင်္ဂါဂြိုဟ်ခရီးစဉ်မှာ ပြုပြင်အသုံးပြုနိုင်အောင် ဖန်တီးထားတယ်လို့လည်း နာဆာက ဆိုပါတယ်။

    Ref: CNN

  • ခရိုက်ချက်ဗလီ အကြမ်းဖက်သူကို ဖမ်းဆီးခဲ့သည့် ရဲများအား နယူးဇီလန်က သူရဘွဲ့ ချီးမြှင့်

    ခရိုက်ချက်ဗလီ အကြမ်းဖက်သူကို ဖမ်းဆီးခဲ့သည့် ရဲများအား နယူးဇီလန်က သူရဘွဲ့ ချီးမြှင့်

    အောက်တိုဘာ ၁၆၊ ၂၀၁၉
    M-Media

    ခရိုက်ချက်မြို့မှ အကြမ်းဖက် တိုက်ခိုက်ခံရသည့် အလ်နူရီဗလီ

    -မတ်လအတွင်း ခရိုက်ချက်မြို့ ဗလီ ၂ လုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်တဲ့ သေနတ်သမားကို လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို နယူးဇီလန်က ‘သူရဘွဲ့’ ချီးမြှင့်လိုက်ပါတယ်။ ‌

    လူဖြူအစွန်းရောက် ဘရန်တန်တားရန့်ဟာ ခရိုက်ချက်က ဗလီနှစ်လုံးမှာ ပစ်ခတ်မှုအပြီး အက်ရှ်ဘာတန်မြို့က ဗလီကို ပစ်ခတ်ဖို့ ကားမောင်းသွားရောက်စဉ် အဲဒီ ရဲတပ်ဖွဲ့ဝင် ၂ ဦးက ပိတ်ဆို့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ နယူးဇီလန်ရဲ့ တရားရေးစနစ်အရ ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ အမည်တွေကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာရ်ဒန်က သီးသန့်အခမ်းအနားတစ်ခု ပြုလုပ်ကာ ဒီရဲတပ်ဖွဲ့ ၂ ဦးကို ‘၂၀၁၉ ခုနှစ် နယူးဇီလန်ရဲတပ်ဖွဲ့၏ သူရဘွဲ့’ ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေကတော့ မိမိတို့အလုပ်ကို ကျေပွန်အောင် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ထိခိုက်မှုတွေ ထပ်မဖြစ်အောင် လုပ်ဆောင်ရမှာ ကျွန်တော်တို့ရဲ့တာဝန် ဖြစ်တယ်ဆိုတာ သိထားဖို့က ကျွန်တော်တို့အတွက် တကယ့်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေအတွက် မိသားစုဝင်တွေ ဂုဏ်ယူကြလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ပြီးခဲ့တဲ့လတွေမှာ ဒါက တော်တော်လေး အထောက်အကူဖြစ်ခဲ့ပါတယ်”

    ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဲဒီလိုဖြစ်စေတဲ့ အယူအဆတွေကို နယူးဇီလန် ပြည်သူတွေက စုစုစည်းစည်းနဲ့ ဆန့်ကျင် တိုက်ထုတ်ကြတဲ့အတွက် ဂုဏ်ယူမိတယ်လို့လည်း ဒီရဲတပ်ဖွဲ့ဝင် ၂ ဦးက ပြောကြားခဲ့ပါတယ်။

    နယူးဇီလန် ရဲတပ်ဖွဲ့အကြီးအကဲ ခရစ် ကာဟီလ်ကလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

    ခရိုက်ချက်က ဗလီ ၂ လုံးမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေစဉ် အကြမ်းဖက် ပစ်ခတ်မှုအတွင်း လူ ၅၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    ပစ်ခတ်မှုမှာ တစ်ခြားသူတွေကို ကာကွယ်ရင်း သေဆုံးသွားကြသူတွေကိုလည်း နယူးဇီလန် အစိုးရက ဩဂုတ်လမှာ ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။

    သေနတ်သမား လူဖြူအစွန်းရောက် ဘရန်ဒန် တားရန့်ဟာ လက်ရှိမှာ လူသတ်မှုစွဲချက် ၅၁ ခု၊ လူသတ်ရန်ကြိုးစားမှုစွဲချက် ၄၀၊ အကြမ်းဖက်ဝါဒဆိုင်ရာ စွဲချက် ၁ ခုတို့နဲ့ တရားစွဲဆိုခံထားရပါတယ်။

    Ref: Aljazeera