News @ M-Media

Author: Ko Lay

  • ဟဂျ်ပြုသည့်အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူလိုသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်မည်

    ဟဂျ်ပြုသည့်အမျိုးသမီးများ အမျိုးသားအုပ်ထိန်းသူလိုသည့်စနစ်ကို ဆော်ဒီ ပယ်ဖျက်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၉
    M-Media

    -ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ ဟဂျ်ဘုရားဖူး လာရောက်တဲ့အခါ အမျိုးသားအုပ်ထိန်းသူပါမှ ခွင့်ပြုတဲ့စနစ်ကို ဆော်ဒီက ပယ်ဖျက်ဖို့ ရှိနေတယ်လို့ Arab News သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဆော်ဒီဟာ ခရီးသွားကဏ္ဍနဲ့ ဟဂျ်၊ အွမ္မရာ ဘုရားဖူးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာပါ။

    ဟဂျ် ဘုရားဖူး၊ အွမ္မရာ ဘုရားဖူးခရီး သွားရောက်မယ့် အမျိုးသမီးတွေကို ဖခင်၊ ဦးလေး၊ အစ်ကို၊ မောင်၊ ခင်ပွန်း စတဲ့ အမျိုးသားအုပ်ထိန်းသူပါမှ ခွင့်ပြုတာ ဖြစ်ပါတယ်။ အဖွဲ့နဲ့ သွားမယ်ဆိုရင်လည်း အမျိုးသားအုပ်ထိန်းသူက ခွင့်ပြုကြောင်း ထောက်ခံချက်ကို တင်ပြရပါတယ်။

    ဒါပေမယ့် လက်ရှိ ဆော်ဒီအစိုးရရဲ့ ဟဂျ်နှင့် အွမ္မရာ ဝန်ကြီးဌာနက ခရီးသွားလာမှုနဲ့ ဘုရားဖူးခရီးစဉ်တွေအတွက် ဗီဇာ လွယ်လွယ်ကူကူ ထုတ်ပေးနိုင်အောင် စီစဉ်နေပြီး၊ ဟဂျ်ဘုရားဖူးခရီးစဉ် လာရောက်မယ့် အမျိုးသမီးတွေ အမျိုးသားအုပ်ထိန်းသူ ပါရမယ့်စနစ်ကို ပယ်ဖျက်တော့မယ့် အနေအထားရှိတယ်လို့ Arab News က ဆိုပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေ အွမ္မရာဟ်ဘုရားဖူးခရီးစဉ်ကို အွန်လိုင်း Maqam ဝဘ်ဆိုက်ကနေ ဝယ်ယူနိုင်အောင် ဆော်ဒီက စီစဉ်ပေးထားပြီး ပြီးခဲ့တဲ့နှစ်အတွင်း ခရီးသွား ၁.၁ သန်းနီးပါးလောက် ဒီစနစ်ကို အသုံးပြုခဲ့ပါတယ်။

    Ref: Arab

  • အစ္စလာမ်ကို နားလည်အောင်ကြိုးစားရန်၊ အကြမ်းဖက်မှုနှင့် မချိတ် ပြင်သစ်သမ္မတ တိုက်တွန်း

    အစ္စလာမ်ကို နားလည်အောင်ကြိုးစားရန်၊ အကြမ်းဖက်မှုနှင့် မချိတ် ပြင်သစ်သမ္မတ တိုက်တွန်း

    အောက်တိုဘာ ၁၉၊ ၂၀၁၉
    M-Media

    -အစ္စလာမ်ဘာသာဝင်တွေကို မတော်မတရား ပြုမူတာတွေ၊ အစ္စလာမ်ဘာသာကို အကြမ်းဖက်ဝါဒနဲ့ ချိတ်ဆက်ပြောဆိုတာတွေ မလုပ်ကြဖို့အတွက် ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်က သတိပေး ပြောကြားလိုက်ပါတယ်။

    လူမြင်ကွင်းမှာ ပုဝါဆောင်းတဲ့အတွက် စော်ကားပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့ လူဖြူအစွန်းရောက်တစ်ယောက်ကို ပြင်သစ်မွတ်စလင်အမျိုးသမီးတစ်ဦးက တရားစွဲဆိုခဲ့ပြီးတဲ့နောက် မာခရွန်ရဲ့ ဒီမှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့ဟာ နိုင်ငံသားအားလုံးနဲ့အတူ ရပ်တည်သွားရပါမယ်” လို့ အခုတစ်ပတ်အတွင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နဲ့တွေ့ဆုံစဉ် သတင်းစာရှင်းလင်းပွဲမှာ မာခရွန်က ပြောကြားခဲ့ပါတယ်။

    ပြင်သစ်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေ ၅ သန်းလောက်ရှိပြီး အနောက်ဥရောပမှာ အစ္စလာမ်ဘာသာဝင်အများဆုံး တည်ရှိရာနိုင်ငံလည်း ဖြစ်ပါတယ်။ ဟီဂျဘ်လို့ခေါ်တဲ့ မွတ်စလင်အမျိုးသမီးတွေ ပုဝါဆောင်းတာကို ပြင်သစ်က ကျောင်းတွေ၊ အစိုးရုံးတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးအချို့မှာ ပိတ်ပင်ထားပါတယ်။

    ပြင်သစ်မှာ ပုဝါဆောင်းတဲ့ မွတ်စလင်အမျိုးသမီးကို စော်ကားပြောဆိုမှုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ နိုင်ငံအရှေ့ပိုင်းက ပြည်နယ်လွှတ်တော်တစ်ခုကို သားဖြစ်သူနဲ့အတူ ကျောင်းလေ့လာရေးခရီးစဉ်သွားခဲ့တဲ့ မိခင်တစ်ယောက်ကို ပုဝါဆောင်းထားတဲ့အတွက် လွှတ်တော်အမတ်တစ်ဦး စော်ကားပြောဆိုခဲ့ပါတယ်။

    အဲဒီကိစ္စ ဖြစ်ပွားပြီးတဲ့နောက် မွတ်စလင်အမျိုးသမီးတွေ ပုဝါဆောင်းမှုနဲ့ပတ်သက်ပြီး ပြင်သစ်မှာ ဆွေးနွေးငြင်းခုန်မှုတွေ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ပါတယ်။ ကျောင်းလေ့လာရေးခရီးစဉ်မှာ လိုက်ပါတဲ့မိခင်တွေ ပုဝါမဆောင်းရဆိုတဲ့ ဥပဒေမျိုး ပြင်သစ်မှာ မရှိသေးပါဘူး။

    မာခရွန်ကတော့ အစ္စလာမ်ဘာသာကို ပိုမိုနားလည်အောင်‌ လေ့လာဖို့ ပြင်သစ်ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး အစ္စလာမ်ဘာသာနဲ့ အကြမ်းဖက်ဝါဒကို ဆက်စပ်ပြောဆိုတာတွေကိုလည်း ရှုတ်ချခဲ့ပါတယ်။

    “နိုင်ငံရေးသမားတွေကြားထဲမှာ တာဝန်ယူ၊ တာဝန်ခံမှုမရှိဘဲ ပြောဆိုမှုတွေ အမြောက်များ ရှိနေပါတယ်။ ဗဟုယဉ်ကျေးမှုဆိုတာ အကြမ်းဖက်ဝါဒ မဟုတ်ပါဘူး”

    ဘာသာရေးမစွက်တဲ့ secular နိုင်ငံဖြစ်တဲ့ ပြင်သစ်ဟာ အစိုးရကျောင်းတွေမှာ ပုဝါဆောင်းတာနဲ့ အခြား သံသယဖြစ်ဖွယ် ဘာသာရေးအမှတ်သညာတွေ ဝင်ဆင်မှုကို ၂၀၀၄ ခုနှစ်မှာ တားမြစ်ခဲ့ပါတယ်။ မွတ်စလင်အမျိုးသမီးတွေ ဝတ်လေ့ဝတ်ထရှိတဲ့ မျက်နှာအုပ်ဝတ်ရုံကို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မဝတ်ဆင်ဖို့ ၂၀၁၁ ခုနှစ်က တားမြစ်ခဲ့ပါတယ်။

    အဲဒီတားမြစ်ချက်ကြောင့် ပြင်သစ်မှာ နိုင်ငံသား၊ နိုင်ငံခြားသား မည်သည့်အမျိုးသမီးမဆို အိမ်အပြင်ကို မျက်နှာအုပ်ပြီး ထွက်ခွင့်မရှိဘဲ မလိုက်နာရင် ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

    Ref: BBC

  • နှလုံးရောဂါအား AI သုံးဖော်ထုတ်သည့်စနစ်တစ်ခုကို မလေးရှားပညာရှင် ၂ ဦး တီထွင်

    နှလုံးရောဂါအား AI သုံးဖော်ထုတ်သည့်စနစ်တစ်ခုကို မလေးရှားပညာရှင် ၂ ဦး တီထွင်

    အောက်တိုဘာ ၁၉၊ ၂၀၁၉
    M-Media

    -နှလုံးရောဂါကို အစောပိုင်းအခြေအနေတွေထဲကနေ စမ်းသပ်ဖော်ထုတ်နိုင်မယ့် AI အသုံးပြု နည်းလမ်းတစ်ခုကို မလေးရှားနိုင်ငံသား ၂ ဦးက တီထွင်ဖော်ထုတ်လိုက်ပါတယ်။

    ဆာရာဝပ်ပြည်နယ်က ပရော်ဖက်ဆာ ပက်ထရစ် သန်နဲ့ ဒေါက်တာ ဘရိုင်ယန် လို တို့ဖြစ်ပြီး နှလုံးရောဂါရှာဖွေရာမှာ အသုံးပြုတဲ့ stress echocardiogram နည်းလမ်းမှာ နှလုံးရဲ့ မူမမှန်မှုကို ဖော်ထုတ်ဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုခဲ့တာပါ။

    ဒေါက်တာ ဘရိုင်ယန် လို

    “stress echocardiogram ဆိုတာ နှလုံးခုန်တာကို စမ်းသပ်ဖို့အတွက် လူနာကို လေ့ကျင့်ခန်း လုပ်ခိုင်းရတာမျိုးပါ။ ဘာ့ကြောင့်လည်းဆိုတာ နှလုံးရောဂါ လက္ခဏာအချို့ဟာ ပုံမှန်အနေအထားမှာ မတွေ့ရပါဘူး” လို့ ပရော်ဖက်ဆာ သန်က ပြောကြားခဲ့ပါတယ်။

    သူဟာ ဆာရာဝပ်ပြည်နယ် Swinburne နည်းပညာတက္ကသိုလ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

    stress echocardiogram စမ်းသပ်မှုဟာ ဗီဒီယိုဖိုင်နဲ့ ထွက်ရှိလာပြီး အဲဒီနောက် နှလုံးရဲ့ မူမမှန်မှုတွေကို AI၊ Machine learning နည်းပညာတွေကို အသုံးပြုပြီး ဖော်ထုတ်တာလို့လည်း ပရော်ဖက်ဆာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ပရော်ဖက်ဆာ ပက်ထရစ် သန်

    ဒီစနစ်ကြောင့် နှလုံးရောဂါကို အစောကြီးကတည်းက သိရှိကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    “မူမမှန်တာကို တွေ့လိုက်တာနဲ့ လူနာမှာ နှလုံးရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အနာဂတ်မှာ ဖြစ်လာနိုင်တာမျိုးပါ။ နှလုံးဖောက်တာမျိုး ဒါမှမဟုတ် နှလုံးရောဂါ ဖြစ်လာတော့မယ်ဆိုတာကို စောစောစီးစီး ကြိုသိတဲ့အတွက် ကြိုတင်ကုသမှုတွေ လုပ်လို့ရပါတယ်” လို့ ပရော်ဖက်ဆာသန်က ပြောကြားခဲ့ပါတယ်။

    ဥရောပနှလုံးရောဂါဆိုင်ရာအဖွဲ့ European Society of Cardiology ရဲ့ ဖိတ်ခေါ်မှုကြောင့် ပရော်ဖက်ဆာ သန်နဲ့ ဒေါက်တာလိုတို့ဟာ အောက်တိုဘာ ၅-၆ ရက်က အက်စတိုးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Digital Summit မှာ သူတို့ရဲ့ ရှာဖွေဖော်ထုတ်မှုကို သွားရောက် ရှင်းပြခဲ့ပါတယ်။

    ဒီလေ့လာဖော်ထုတ်မှုတစ်ခုလုံးကို အခြားကနေ နည်းပညာလွှဲပြောင်းမှုတွေမပါဘဲ ဆာရာဝပ်မှာတင် လုပ်ဆောင်ခဲ့တာကြောင့် ဒါဟာ ‘ဖောက်ထွက်မှုတစ်ခု’ ဖြစ်တယ်လို့ ပရော်ဖက်ဆာသန်က ပြောပါတယ်။

    “ဘောနီယိုက တောကြီးမျက်မဲထဲကနေ ကမ္ဘာ့အဆင့် နည်းပညာတစ်ခုကို ဖန်တီးနိုင်ကြောင်း ကျ‌ေန်တော်တို့ ပြသလိုက်တာပါ”

    Ref: The Star

  • လက်ဘနွန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်

    လက်ဘနွန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်

    အောက်တိုဘာ ၁၉၊ ၂၀၁၉
    M-Media

    ဆန္ဒပြမှုမြင်ကွင်း

    -လက်ဘနွန်နိုင်ငံမှာ အစိုးရရဲ့ ချွေတာရေးအစီအစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ ကြီးထွားလာခဲ့ပြီး မတည်မငြိမ်ဖြစ်လာမယ့်‌ နောက်ထပ်အာရပ်နိုင်ငံတစ်ခု ဖြစ်ဖွယ်ရှိနေပါတယ်။

    နိုင်ငံမှာ ကုန်စျေးနှုန်းမြင့်တက်လာတဲ့အချိန် အစိုးရက အခွန်တိုးကောက်ဖို့ စီစဉ်ရာကနေ မြို့တော်ဘေရွတ်မှာ ကြာသာပတေးနေ့က စတင်ကာ ပြည်သူတွေရဲ့ ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့တာပါ။‌ မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာကနေ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

    နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ထရီပိုလီမှာလည်း မနေ့က ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ကာ ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။

    ဆန္ဒပြသူတွေဟာ အစိုးရရဲ့ အခွန်တိုးကောက်မယ့်အစီအစဉ်ကို ဆန့်ကျင်ကြောင်း ဟစ်အော်ခဲ့ကြသလို၊ တိုင်းပြည်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်နိုင်တဲ့ ဘဏ်လုပ်ငန်းလျှို့ဝှက်မှုဆိုင်ရာ ဥပဒေကို ဖယ်ဖျက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် စအဒ် ဟာရီရီ၊ သမ္မတ မိုက်ကယ် အေအွန်၊ လွှတ်တော်ဥက္ကဌ နဘီ ဘာရီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂီဘရန် ဘာစီလ်တို့အပါအ၀င် လက်ဘနွန်အစိုးရတစ်ခုလုံး နှုတ်ထွက်ရေးလည်း ကျွေးကြော်ခဲ့ကြပါတယ်။

    လက်ဘနွန်ဟာ အကြွေးပိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ ညွန့်ပေါင်းအစိုးရမှာ ပါဝင်နေတဲ့ ပါတီတွေက ဟန့်တားနှောက်ယှက်မှုတွေ လုပ်နေတယ်လို့ ဝန်ကြီးချုပ် ဟာရီရီက ပြစ်တင်ပြောဆိုထားပါတယ်။ ဟာရီရီရဲ့ ညွန့်ပေါင်းအစိုးရဟာ လွန်ခဲ့တဲ့ ၁ နှစ်က အာဏာရလာတာ ဖြစ်ပါတယ်။

    ဒါ့အပြင် စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်နိုင်မယ့် အစီအစဉ်တစ်ခုကို ၇၂ နာရီအတွင်း တင်သွင်းဖို့လည်း ဟာရီရီက ညွန့်ပေါင်းအစိုးရမှာ ပါဝင်တဲ့ ပါတီတွေကို တောင်းဆိုထားပါတယ်။

    Ref: Aljazeera

  • ပျောက်ဆုံးနေသည့် ခမာမြို့ဟောင်းတစ်ခု ကမ္ဘောဒီးယားတွင် ပြန်ရှာတွေ့

    ပျောက်ဆုံးနေသည့် ခမာမြို့ဟောင်းတစ်ခု ကမ္ဘောဒီးယားတွင် ပြန်ရှာတွေ့

    အောက်တိုဘာ ၁၉၊ ၂၀၁၉
    M-Media

    Mahendraparvata ‌မြို့မှ ခြေင်္သေ့ရုပ်

    -အေဒီ ၉ ရာစုကနေ ၁၅ ရာစုလောက်အထိ တည်တံ့ခဲ့တဲ့ ‘ခမာအင်ပါယာ’ လက်ထက်က မြို့တော်တစ်ခုကို နိုင်ငံတကာ သုတေသနပညာရှင်တွေက ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။

    Mahendraparvata လို့ အမည်တွင်တဲ့ အဲဒီမြို့တော်ဟာ ခမာအင်ပါယာရဲ့ အစောဆုံး မြို့တော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အရင်က ဒီမြို့တော်အကြောင်းကို အခြား ရှေးဟောင်းနေရာတွေမှာ တွေ့ရတဲ့ ကျောက်စာ၊ ပေစာတွေကနေတစ်ဆင့်သာ သိရှိခဲ့ရတာ ဖြစ်ပါတယ်။

    ရှေးဟောင်း သုတေသနပညာရှင်တွေက ဒီရှေးဟောင်းမြို့ဟာ အပန်းဖြေမြို့ဖြစ်တဲ့ Siem Reap ရဲ့ မြောက်ဖက် မိုင် ၃၀ အကွာလောက်မှာ တည်ရှိမယ်လို့ ခန့်မှန်းခဲ့ပြီး ပျောက်ဆုံးနေသောမြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

    Mahendraparvata မြို့ တည်နေရာ

    နောက်ပိုင်းမှာ နိုင်ငံတကာက သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး ဝေဟင်လေဆာစကန်စနစ်၊ မြေပြင်လေ့လာဆန်းစစ်မှုတွေအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် Mahendraparvata မြို့ရဲ့ တည်နေရာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    “၈ ရာစုကနေ ၉ ရာစုအထိ တည်တံ့ခဲ့ပြီး ခမာအင်ပါယာရဲ့ မြို့တော်လည်းဖြစ်တဲ့ Mahendraparvata မြို့ဟာ Phnom Kulen တောင်ကြောမှာ တည်ရှိခဲ့တယ်ဆိုတာကို ရရှိထားတဲ့ အထောက်အထားများစွာကို အခြေခံကာ အတည်ပြုနိုင်ခဲ့ပါတယ်” လို့ သုတေသနအဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောကြားခဲ့ပါတယ်။

    ရှာဖွေတွေ့ရှိမှုကို ပုံပေါ်ထားတဲ့ မြေပုံမှာ လေးထောင့်ကျကျမြို့ရဲ့ လမ်းမတွေ၊ ရေကန်တွေ၊ ကျုံးတွေ၊ ဆည်တွေ၊ ဘုရားကျောင်းနံရံတွေနဲ့ နန်းတော်တစ်ခု ပါဝင်ပါတယ်။

    Mahendraparvata မြို့ပုံကြမ်း

    Grid စနစ်နဲ့ ခေတ်သစ်မြို့တည်မှုရဲ့ အစောပိုင်းပုံစံကို ဒီမြို့မှာတွေ့ရပြီး မြို့ပြစီမံကိန်းတွေ၊ အဲဒီခေတ်အခါက ဆန်းသစ်လွန်းတဲ့ ဟိုက်ဒရောလစ်စနစ်တွေကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီတွေ့ရှိမှုဟာ ခမာအင်ပါယာ၊ အန်းကားဒေသနဲ့ပတ်သက်ပြီး ပိုမိုလေ့လာသိရှိနိုင်ဖို့ တံခါးဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့လည်း သုတေသနပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။

    ၈ ရာစုမတိုင်ခင်က ခမာဒေသမှာ စနစ်တက မြို့တည်ထားတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ Mahendraparvata မြို့ဟာ သိရှိထားသမျှ ခမာသမိုင်းမှာ Grid စနစ်နဲ့ ပထမဆုံး တည်ဆောက်ထားတဲ့မြို့ ဖြစ်မယ်လို့လည်း ပညာရှင်တွေက မှတ်ယူထားပါတယ်။

    တစ်ချိန်က ခမာအင်ပါယာမှာ ယနေ့ခေတ် ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံတွေ၊ တရုတ်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံက ဒေသအချို့ပါဝင်ခဲ့ပြီး မြို့တော်က Angkor ဖြစ်ပါတယ်။

    Ref : CNN