News @ M-Media

Author: Ko Lay

  • စစ်ကိုင်းတိုင်းမှ ထမံသီဘေးမဲ့တော အာဆီယံ အမွေအနှစ်အဖြစ် သတ်မှတ်ခံရ

    စစ်ကိုင်းတိုင်းမှ ထမံသီဘေးမဲ့တော အာဆီယံ အမွေအနှစ်အဖြစ် သတ်မှတ်ခံရ

    အောက်တိုဘာ ၁၄၊ ၂၀၁၉
    M-Media

    -စစ်ကိုင်းတိုင်းဒေသကြီးမှာ တည်ရှိတဲ့ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ အာဆီယံအမွေအနှစ်ဥယျာဉ် ASEAN Heritage Park (AHP) စာရင်းသွင်းခံခဲ့ရပြီး ဒီအတွက် ဂုဏ်ယူမိတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ချင်းတွင်းမြစ်အရှေ့ဖက် ကမ်းနဖူးမှာ ၁၉၇၄ ခုနှစ်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ရှားပါးတောရိုင်းတိရစ္ဆာန်တွေ၊ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တိရစ္ဆာန်တွေ ရှိနေကာ စုစုပေါင်း ၂၁၅၁ စကွဲယားကီလိုမီတာ ကျယ်ဝန်းပါတယ်။

    ပြီးခဲ့တဲ့တစ်တစ်ပတ် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ၁၅ ကြိမ်မြောက် အာဆီယံ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးမှာ ထမံသီဘေးမဲ့တောကို အာဆီယံအမွေအနှစ်ပန်းခြံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ တနင်္သာရီ ဘေးမဲ့တောနဲ့ ထမံသီ ဘေးမဲ့တောတို့ကို AHP စာရင်းဝင်ဖို့ မြန်မာနိုင်ငံက တင်သွင်းခဲ့တာပါ။

    ထမံသီဘေးမဲ့တော AHP စာရင်းသွင်းခံရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ နိုင်ငံပိုင်သတင်းစာက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ဘေးမဲ့တော စုစုပေါင်း ၈ ခုရှိပြီး အင်းတော်ကြီး ဘေးမဲ့တော၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ အင်းလေးကန်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ မိန်းမလှကျွန်းဘေးမဲ့တော၊ နတ်မတောင် အမျိုးသားဥယျာဉ်၊ လမ်ပီကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်နဲ့ ထမံသီဘေးမဲ့တောတို့ ဖြစ်ကြပါတယ်။

    Ref: Xinhua

  • အမုန်းရာဇဝတ်မှုများကို တိုင်ကြားရန် ဗြိတိန်ရဲတပ်ဖွဲ့က မွတ်စလင်အမျိုးသမီးများကို တိုက်တွန်း

    အမုန်းရာဇဝတ်မှုများကို တိုင်ကြားရန် ဗြိတိန်ရဲတပ်ဖွဲ့က မွတ်စလင်အမျိုးသမီးများကို တိုက်တွန်း

    အောက်တိုဘာ ၁၄၊ ၂၀၁၉
    M-Media

    -လူမျိုးဘာသာ ခွဲခြားမှုတွေ၊ အမုန်းဆောင်စော်ကားမှုတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာ သက်ဆိုင်ရာကို တိုင်ကြားဖို့အတွက် ဗြိတိန်ဒေသန္တရ ရဲတပ်ဖွဲ့တစ်ခုက အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေကို တိုက်တွန်းဆော်ဩလိုက်ပါတယ်။

    ဗြိတိန်မှာ တစ်ချို့ မွတ်စလင်အမျိုးသမီးတွေဟာ လူမျိုးရေး ခွဲခြားစော်ကားမှုကို နေ့စဉ်လိုလို ခံစားနေရတာပါ။ အင်္ဂလန်အနောက်ပိုင်း အေဗွန်ခရိုင် ရဲတပ်ဖွဲ့က တာဝန်ရှိသူ ‌အန်ဒီ ဘန်းနက်က ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အမုန်းဆောင် ရာဇဝတ်မှုတွေရဲ့ ၄ ပုံ ၃ ပုံဟာ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လူမျိုးရေး ခွဲခြားစော်ကားမှုတွေကို လူဖြူ လူငယ်အမျိုးသားတွေက အများစု ကျူးလွန်ကြတာဖြစ်ပြီး ဒါတွေဟာ ပုံမှန်ဖြစ်နေကြလို့ ကျူးလွန်ခံရသူအချို့က မှတ်ယူနေကြကြောင်း ဘန်းနက်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အမုန်းရာဇဝတ်မှု ပပျောက်ရေး လှုပ်ရှားနေတဲ့ We Rise အဖွဲ့က အမျိုးသမီးတွေအနေနဲ့ အမုန်းဆောင် ရာဇဝတ်မှုတွေကို တိုင်ကြားရာမှာ အခက်အခဲ အတားအဆီးတွေ ကြုံတွေ့နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်ကြားမှုအားနည်း

    ရဲအရာရှိ ဘန်းနက်က မွတ်စလင်အမျိုးသမီးတွေဟာ ဆဲဆိုတာ၊ ခြိမ်းခြောက်တာ၊ အရှက်ခွဲတာလို လူမျိုးရေး ခွဲခြားစော်ကားမှုတွေကို နေ့စဉ်လိုလို ခံစားနေရပြီး ဒါတွေပပျောက်အောင် လုပ်ဆောင်သွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “နေ့စဉ်လိုလို ကြုံတွေ့နေရတာကြောင့် မထူးတော့ပါဘူးလို့ သူတို့က ထင်နေကြတယ်။ ဒီလို အပြုအမူတွေကို လက်ခံလိုက်တာမျိုးကို ရဲတပ်ဖွဲ့က မလိုလားဘူးဆိုတာ ကျွန်တော် ပြောချင်ပါတယ်”

    We Rise အဖွဲကို တည်ထောင်သူ အလီယာ ဟူစိန်က အမုန်းဆောင်ရာဇဝတ်မှုတွေကို မွတ်စလင်အမျိုးသမီးတွေက သွားရောက်တိုင်ကြားတဲ့အခါမှာ အခြားသောအမျိုးသမီးတွေလို အရေးတယူ ဆောင်ရွက်ပေးတာမျိုး မရှိကြဘူးလို့ ထောက်ပြခဲ့ပါတယ်။

    “အာဏာပိုင်တော်တော်များများက မွတ်စလင်အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ နေကြရတဲ့အတွက် ရာဇဝတ်မှုတွေကို တိုင်ကြားခွင့်မရကြဘူးလို့ အာဏာပိုင်တော်တော်များများက ထင်နေကြတယ်။ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရမှု၊ အဓမ္မကျင့်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှုတွေလို ကျား၊ မ အခြေပြုတဲ့ အကြမ်းဖက်မှု ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် တိုင်ကြားမှုပမာဏဟာ တော်တော်လေးနည်းနေတာကို တွေ့ရပါလိမ့်မယ်”

    ဘန်းနက်ကလည်း ဗြိတိန်ရာဇဝတ်မှု စစ်တမ်းကောက်ယူမှု British Crime Survey အရ အမှန်တကယ် ဖြစ်ပွားမှုနဲ့ လာရောက်တိုင်ကြားမှုကြားမှာ အရေအတွက် သိသိသာသာ ကွာဟမှု ရှိနေပြီး ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    မွတ်စလင်အမျိုးသမီးတွေဟာ အမျိုးသားတွေလို နေ့စဉ် ဗလီတက်တာမျိုး မရှိတဲ့အတွက် မွတ်စလင်အမျိုးသမီးတွေထံကနေ အချက်အလက်တွေ ရရှိရေး ရဲတပ်ဖွဲ့က ပိုမိုကြိုးစားအားထုတ်ရတယ်လို့လည်း ဘန်းနက်က ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဗြိတိန်မှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အမုန်းဆောင်ရာဇဝတ်မှု အရေအတွက်ဟာ မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစက်ကနေ ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ အေဗွန်ခရိုင် ဘရစ္စတိုမြို့မှာ မွတ်စလင်အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားတဲ့ လူမျိုးရေး ခွဲခြားစော်ကားမှုပေါင်း ၁၉၁ မှု ရှိခဲ့ပါတယ်။

    Ref: BBC

  • ဂျပန်တွင် မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းကို လူအင်အား ၁ သိန်းကျော်ဖြင့် လုပ်ဆောင်

    ဂျပန်တွင် မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းကို လူအင်အား ၁ သိန်းကျော်ဖြင့် လုပ်ဆောင်

    အောက်တိုဘာ ၁၄၊ ၂၀၁၉
    M-Media

    -နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံး တိုင်ဖုန်းမုန်တိုင်းတွေထဲက တစ်ခုကို ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ဂျပန်နိုင်ငံဟာ ရှာဖွေကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။

    စနနေ့ညပိုင်းက အဓိကကျွန်းမကြီး ဟွန်ရှုကို ဝင်ရောက်ခဲ့တဲ့ Hagibis မုန်တိုင်း‌ကြောင့် အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့ပြီး၊ ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ ဂျပန်ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ မြို့တော်တိုကျိုဟာ မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားရခြင်း မရှိပေမယ့် ပတ်ဝန်းကျင် ဒေသတွေမှာတော့ ပျက်ဆီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ပွားခဲ့ပါတယ်။

    ရှာဖွေကယ်ဆယ်ရေး၊ ရှင်းလင်းရေးလုပ်ငန်းတွေကို စစ်သား ၃၁၀၀၀ အပါအဝင် လူအင်အား ၁ သိန်းကျော်နဲ့ တနင်္ဂနွေနေ့ညပိုင်းကစတင်ကာ လုပ်ဆောင်နေပါတယ်။

    မုန်တိုင်းကြောင်း ပြည်နယ် ၁၂ ခုမှာ မြေပြိုမှု ၄၈ ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇ သန်းလောက်ကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။

    တိုင်ဖုန်း Hagibis ဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံက ခံစားရတဲ့ အပြင်းထန်ဆုံးမြန်တိုင်းဖြစ်ပြီး နေရာ‌ဒသတော်တော်များများမှာလည်း စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    Ref: Aljazeera

  • တူရကီ၏ ကျူးကျော်မှုကို ခုခံရန် ကာ့ဒ်တပ်ဖွဲ့နှင့် ဆီးရီးယားအစိုးရတို့ သဘောတူ

    တူရကီ၏ ကျူးကျော်မှုကို ခုခံရန် ကာ့ဒ်တပ်ဖွဲ့နှင့် ဆီးရီးယားအစိုးရတို့ သဘောတူ

    အောက်တိုဘာ ၁၄၊ ၂၀၁၉
    M-Media

    ကာ့ဒ်တပ်ဖွဲ့ဝင်များ

    -ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံဖို့အတွက် ကာ့ဒ်တပ်ဖွဲ့နဲ့ ဆီးရီးယားအစိုးရတို့အကြား သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက အစိုးရတပ်တွေကို နိုင်ငံမြောက်ပိုင်းမှာ တပ်ဖြန့် ချထားလိုက်ပြီလို့ မနေ့မှာ ဖော်ပြခဲ့ပါတယ်။ သဘောတူညီချက်အရ ကာ့ဒ်တွေ ထိန်းချုပ်ထားပြီး တူရကီနဲ့ကပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ ဆီးရီးယားအစိုးရတပ်တွေ ချထားနိုင်မှာဖြစ်ပါတယ်။

    ဆီးရီးယားအစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ သဘောတူညီချက်ဟာ SDF က တူရကီရဲ့ ကျူးကျော်မှုကို တွန်းလှန်မှု၊ သိမ်းပိုက်ထားတဲ့နေရာတွေကို ပြန်လည်လွတ်မြောက်အောင်လုပ်ဆောင်မှုကို ကူညီဖို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့ SDF ထိန်းချုပ်ရာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို တူရကီက ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့ကစလို့ ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ SDF ဟာ တူရကီက ကာ့ဒ်အလုပ်သမားပါတီ PKK နဲ့ အဆက်အသွယ်ရှိတယ်လို့ဆိုကာ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာပါ။

    တူရကီက တိုက်ခိုက်မှုမလုပ်ခင် အမေရိကန်က ဆီးရီးယားမြောက်ပိုင်းမှာရှိတဲ့ သူတို့ရဲ့တပ်တွေကို ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

    တူရကီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ မြင့်တက်လာခဲ့ပါတယ်။ SDF က တိုက်ခိုက်မှုတွေအတွင်း IS အဖွဲ့က နိုင်ငံခြားတပ်ဖွဲ့ဝင်တွေရဲ့ ‌မိသားစု၊ ဆွေမျိုး စုစုပေါင်း ၈၀၀ နီးပါးလောက် အကျဉ်းထောင်တွေက‌နေ လွတ်မြောက်သွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    တူရကီရဲ့ကျူးကျော်မှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြစ်တင်ဝေဖန်မှုတွေလည်း လုပ်ဆောင်နေပြီး ဥရောပနိုင်ငံတစ်ချို့က တိုက်ခိုက်မှုကို မရပ်မချင်း တူရကီကို လက်နက်ရောင်းချတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန် ပြောကြားထားပါတယ်။

    Ref: BBC

  • အီရန်-ဆော်ဒီ တင်းမာမှုလျှော့ချရေး ဆောင်ရွက်ပေးမည်ဟု အင်မရန်းခန်းပြော

    အီရန်-ဆော်ဒီ တင်းမာမှုလျှော့ချရေး ဆောင်ရွက်ပေးမည်ဟု အင်မရန်းခန်းပြော

    အောက်တိုဘာ ၁၃၊ ၂၀၁၉
    M-Media

    -ပင်လယ်ကွေ့ဒေသ တင်းမာမှု လျော့ချရေးအတွက် အီရန်နဲ့ ဆော်ဒီအကြာ အတတ်နိုင်ဆုံးညှိနှိုင်းဆွေးနွေးပေးသွားမယ်လို့ ပါကစ္စတန်ဝန်ကြီး အင်မရန်းခန်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ခန်းဟာ အီရန်နိုင်ငံ မြို့တော် တီဟီရန်ကို ရောက်ရှိလာပြီး သမ္မတဟာဆန်ရူဟာနီနဲ့ တွေ့ဆုံကာသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီခါမေနီနဲ့လည်း တွေ့ဆုံဖို့ ရှိနေပြီး အင်္ဂါနေ့ကျရင် ဆော်ဒီအာရေဗျကို သွားရောက်မှာ ဖြစ်ပါတယ်။

    အခုခရီးစဉ်ဟာ ဆော်ဒီနဲ့ အီရန်တို့အကြား ပဋိပက္ခမဖြစ်ရေး ဆောင်ရွက်မယ့် ခရီးစဉ် ဖြစ်တယ်လို့ ခန်းက ဆိုပါတယ်။

    “ဘာပဲဖြစ်နေဖြစ်နေ ဒီလိုပဋိပက္ခမျိုးကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး။ ဒါမျိုးဖြစ်လာမှ အမြတ်ထွက်မယ့်အုပ်စုတွေ ရှိနေတယ်ဆိုတာကိုလည်း ခင်ဗျားရော၊ ကျွန်တော်ရော သိနေပါတယ်” လို့ ရူဟာနီနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အီရန်နဲ့ ဆော်ဒီတို့အကြားက ပြဿနာဟာ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရှာရမယ့် ပြဿနာဖြစ်ပြီး မဖြေရှင်းနိုင်ရင် ကမ္ဘာကြီး ဆင်းရဲမွဲတေတဲ့အထိ ဖြစ်သွားမယ်လို့လည်း ခန်းက သတိပေးခဲ့ပါတယ်။

    ပါကစ္စတန်ဟာ ဆော်ဒီအာရေဗျနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိသလို၊ နယ်စပ်ချင်း ထိစပ်နေတဲ့ အီရန်နဲ့ ဆက်ဆံရေးကောင်းတစ်ခုကိုလည်း တည်ထောင်ထားနိုင်ပါတယ်။ အမေရိကန်မှာ အီရန်ရဲ့ သံတမန်ပိုင်းဆိုင်ရာ ကိစ္စတွေကို အီရန်က ကိုယ်စားပြု ဆောင်ရွက်ပေးနေပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အီရန်နဲ့ ဆွေးနွေးမှုလုပ်ရေး ပါကစ္စတန်ကို အကူအညီတောင်းခဲ့တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Economic Times