News @ M-Media
Author: Ko Lay
  • ဆီးရီးယားမြောက်ပိုင်းကို တူရကီ၏ ကျူးကျော်မှုတွင် အရပ်သားသေဆုံးမှု မြင့်တက်
    ဆီးရီးယားမြောက်ပိုင်းကို တူရကီ၏ ကျူးကျော်မှုတွင် အရပ်သားသေဆုံးမှု မြင့်တက်
    အောက်တိုဘာ ၁၃၊ ၂၀၁၉
    M-Media
    -ဆီးရီးယားမြောက်ပိုင်းကို တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ မြင့်တက်လာခဲ့ပြီး၊ တူရကီစစ်တပ်ကတော့ အဓိကမြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
    ကာ့ဒ်တပ်ဖွဲ့ SDF က ထိန်းချုပ်ထားတဲ့ ဒေသတွေကို တူရကီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ စတင် ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက အဓိကကျတဲ့ ရက်စ် အလ်-အင်မြို့ကို SDF လက်ကနေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
    SDF က ဒီထုတ်ပြန်မှုကို ငြင်းဆိုခဲ့ပြီး မြို့ရဲ့ စက်မှုရပ်ကွက်တစ်ဝိုက်ကိုသာ ၀င်ရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
    တူရကီဟာ မြေပြင်တပ်တွေအပြင်၊ လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
    ၅ ရက်တာ ကြာမြင့်နေပြီဖြစ်တဲ့ တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက် ၁ သိန်းကျော်လောက် ရှိနေပြီး၊ သေဆုံးသူ အရပ်သားအရေအတွက်ကလည်း မြင့်တက်လာပါတယ်။
    ဆေးရုံတွေ၊ ကျောင်းတွေ ပိတ်ထားရသလို၊ လူပေါင်း သန်းဝက်လောက် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကုလက သတိပေးထားပါတယ်။
    SDF အဖွဲ့ဟာ အမေရိကန်ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်ပြီး ဆီးရီးယားနိုင်ငံအတွင်း IS အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းသုတ်သင်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူပါ။ တူရကီရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ မလုပ်ခင် သမ္မတ ဒေါ်နယ်ထရမ့်က SDF ကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဆုတ်ခွာခိုင်းခဲ့ပါတယ်။
    Ref: Aljazeera
  • ဘာကီနာဖာဆို ဗလီတစ်လုံးတွင် အကြမ်းဖက်မှုဖြစ်၊ ၁၆ ဦး သေဆုံး
    ဘာကီနာဖာဆို ဗလီတစ်လုံးတွင် အကြမ်းဖက်မှုဖြစ်၊ ၁၆ ဦး သေဆုံး
    အောက်တိုဘာ ၁၃၊ ၂၀၁၉
    M-Media
    -ဘာကီနာဖာဆိုနိုင်ငံ မြောက်ပိုင်းက ဗလီဝတ်ကျောင်းတော် တစ်လုံးမှာ သောကြာနေ့က အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။
    မာလီနိုင်ငံနဲ့ ကပ်နေတဲ့ အူဒါလန်ဒေသ ဆာလ်မိုဆီဆိုတဲ့ရွာက ဂျာမေဗလီမှာ သောကြာနေ့ ၀တ်ပြုဆုတောင်းမှုတွေ ပြုလုပ်နေစဉ် သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ နေရာမှာတင် ၁၃ ဦး သေဆုံးခဲ့ပြီး ၃ ဦးက ရရှိတဲ့ ဒဏ်ရာတွေကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
    တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ဆာလ်မိုဆီရွာနဲ့ အနီးအနားတစ်ဝိုက်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ တိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်ဆောင်လဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ လက်ရှိမှာတော့ အခင်းဖြစ်ပွားရာ ဒေသမှာ အစိုးရက စစ်တပ်တွေ ချထားပါတယ်။
    ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာကီနာဖာဆိုနိုင်ငံမှာ အလ်ကိုင်းဒါးနဲ့ IS တို့အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
    မာလီနိုင်ငံမှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော်ကာ ဘာကီနာဖာဆို မြောက်ပိုင်းဒေသတွေကို ၀င်ရောက်တိုက်ခိုက်လေ့ရှိတာကြောင့် ဘာသာရေးနဲ့ လူမျိုးရေး
    တင်းမာမှုတွေလည်း မြင့်တက်လာပါတယ်။
    ဘာကီနာဖာဆိုရဲ့ စစ်တပ်ကလည်း စစ်လက်နက်ပစ္စည်းအားနည်းပြီး၊ လေ့ကျင့်မှုလည်း အားနည်းတာကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိထိရောက်ရောက် နှိမ်နှင်းနိုင်ခြင်း မရှိပါဘူး။ နိုင်ငံအတွင်း ပြင်သစ်တပ်ဖွဲ့ ၂၀၀ လောက်ရှိနေပေမယ့် အချို့စစ်ဆင်ရေးတွေမှာသာ ပါဝင်ဆောင်ရွက်ပါတယ်။
    နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့ အာဖရိကမှာ နိုင်ငံခြားတပ်ဖွဲ့တွေ ရှိနေတာကို ရှုတ်ချတဲ့အနေနဲ့ ဘာကီနာဖာဆိုပြည်သူတွေဟာ မနေ့က မြို့တော် အူဂါဒူဂူမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
    Ref: Aljazeera
  • တိုင်းပြည်ကိုသွေးခွဲကာ အမျိုးဘာသာသူရဲကောင်းဖြစ်အောင် မလုပ်သင့်ဟု အန်ဝါရ် အီဘရာဟင်ပြော
    တိုင်းပြည်ကိုသွေးခွဲကာ အမျိုးဘာသာသူရဲကောင်းဖြစ်အောင် မလုပ်သင့်ဟု အန်ဝါရ် အီဘရာဟင်ပြော
    အောက်တိုဘာ ၁၂၊ ၂၀၁၉
    M-Media
    -မလေးလူမျိုးတွေကြားထဲမှာ သူရဲကောင်းဖြစ်အောင် လုပ်တာမျိုးက ကိစ္စမရှိပေမယ့် တိုင်းပြည်အတွင်း လူမျိုးရေးသွေးကွဲအောင် လုပ်ဆောင်လို့ မရဘူးလို့ မလေးရှား ထိပ်တန်းနိုင်ငံရေးသမား အန်ဝါရ် အီဘရာဟင်က ပြောကြားလိုက်ပါတယ်။
    အရင်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့တဲ့ အန်ဝါရ်ဟာ လက်ရှိဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်နေရာကို ဆက်ခံမယ့်သူအဖြစ် ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။
    “တိုင်းပြည်တစ်ခုမှာ မတူကွဲပြားမှုကို အသုံးချကာ ကောင်းအောင်လုပ်လို့ရတယ်။ သွေးကွဲအောင်လုပ်ပြီး အခြေအနေတင်းမာအောင်လည်း လုပ်လို့ရပါတယ်။ မလေးလူမျိုးတွေရဲ့ သူရဲကောင်းဖြစ်အောင်လုပ်ဖို့ ကျွန်တော့်အတွက် လွယ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်သိတယ်။ ဒါမျိုး လုပ်ရင် သွေးကွဲမှုတွေ၊ မလိုမုန်းထားမှုတွေ ဖြစ်လာမယ်။ ဒါဟာ တိုင်းပြည်ကို သစ္စာဖောက်တာပါ” လို့ အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
    အောက်တိုဘာ ၆ ရက်နေ့က Malay Dignity Congress ကျင်းပပြီး ရက်နည်းငယ်အကြာမှာ
    အန်ဝါရ်အီဘရာဟင်ရဲ့ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Malay Dignity Congress မှာ မလေးခေါင်းဆောင်အချို့က နိုင်ငံအတွင်း မလေးလူမျိုးတွေရဲ့ အခွင့်အရေးကို၊ ထိန်းသိမ်းကာကွယ်ရေး၊ မလေးလူမျိုးအများစု ကိုးကွယ်တဲ့ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပေးရေး၊ အစိုးရ ထိပ်တန်းနေရာတွေမှာ မလေးလူမျိုးတွေကိုသာ ခန့်အပ်ရေး တောင်းဆိုခဲ့ကြပါတယ်။
    အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ မလေးဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မလေးလူမျိုးတွေ အနေနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားချင်တယ်ဆိုရင် ကိုယ်တိုင်အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အန်ဝါရ် အီဘရာဟင်က Malay Dignity Congress တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ နောက်ကျတဲ့အတွက် မသွားခဲ့ဘူးလို့ ဆိုပါတယ်။
    နိုင်ငံ့ခေါင်းဆောင်ဆိုတာ မလေးလူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ဘဲ နိုင်ငံအတွင်းမှာ ရှိနေတဲ့လူမျိုးအားလုံးရဲ့ ဒုက္ခသုက္ခတွေကို ဦးဆောင်ဖြေရှင်းပေးရမယ်လို့လည်း အန်ဝါရ်က ကြာသာပတေးနေ့ ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    “မလေးတွေအတွက်ပဲ လုပ်ပေးမယ်ဆိုတာမျိုး မရဘူး။ တရုတ်တွေ၊ ကုလားတွေအတွက်လည်းလုပ်ပေးရမယ်။ ဒါမျိုးစိတ်ဓာတ် ကျွန်တော်တို့မှာ ရှိလားဆိုတာ ဆန်းစစ်ပါ။ ဒီတိုင်းပြည်မှာ လူများစုက မလေးဖြစ်တယ်။ ဒါပေမယ့် လူနည်းစုဖြစ်တဲ့ ကုလားတွေ၊ တရုတ်တွေ ဆင်းရဲနေရင်လည်း သူတို့ကို ဖေးမဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့လူမျိုးရဲ့ လူသားဆန်မှုတွေ ဘယ်ရောက်သွားလဲ”
    လူတစ်ယောက်ရဲ့ ကြီးကျယ်မှုဆိုတာ တရားမျှတမှုအတွက် ဘယ်လောက် တိုက်ပွဲဝင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး၊ လူတွေကို ကြောက်ရွံ့အောင် လုပ်တာမျိုး မဟုတ်ဘူးလို့လည်း အန်ဝါရ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း မလေးရှားနိုင်ငံမှာ လူများစုဖြစ်တဲ့ မလေးလူမျိုးတွေရဲ့ အခွင့်အရေး ဦးစားပေးရေး အခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှု ရေစီးကြောင်းပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
    Ref: Malaysiakini
  • ၂၀၁၉ ငြိမ်းချမ်းရေး နိုဘယ်ဆုကို အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အဟ်မဒ် ရရှိ
    ၂၀၁၉ ငြိမ်းချမ်းရေး နိုဘယ်ဆုကို အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အဟ်မဒ် ရရှိ
    အောက်တိုဘာ ၁၂၊ ၂၀၁၉
    M-Media
    -၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အဟ်မဒ် ဆွတ်ခူး ရရှိသွားပါတယ်။
    အဟ်မဒ်ဟာ အိမ်နီးချင်း အီရစ်ထရီယာနိုင်ငံနဲ့ ၁၀ စုနှစ်ချီ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်တာ အပါအ၀င် ဒေသတွင်း ငြိမ်းချမ်းရေးရဖို့ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုအတွက် ဒီဆုကို ပေးအပ်ချီးမြှင့်ခဲ့တာလို့ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
    ကော်မတီဥက္ကဌ ရီအစ်-အန်ဒါဆန်က အဘီအဟ်မဒ်ဟာ ငြိမ်းချမ်းရေးအတွက် လက်ကမ်းခဲ့ပြီး အီရစ်ထရီယာ သမ္မတကလည်း ဒီကမ်းလက်ကို ဆုပ်ကိုင်နိုင်ခဲ့ကြောင်း၊ လုပ်စရာတွေ ထပ်ရှိနေသေးပေမယ့် အဟ်မဒ်ဟာ တိုင်းသူပြည်သားတွေ၊ ပိုမိုကောင်းမွန်တဲ့ဘ၀၊ တောက်ပတဲ့ အနာဂတ် ရရှိရေးအတွက် အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
    အီသီယိုးပီးယား ၀န်ကြီးချုပ်ရုံးကလည်း ဒီလို ဂုဏ်သိက္ခာရှိတဲ့ ဆုကို ရရှိတဲ့အတွက် နိုင်ငံအနေနဲ့ အလွန် ဂုဏ်ယူမိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    အဘီအဟ်မဒ်ဟာ ကင်ညာနဲ့ ဆိုမာလီယာတို့အကြား ဖြစ်ပွားခဲ့တဲ့ ရေပိုင်နက် အငြင်းပွားမှုကို ကြားဝင် စေ့စပ်ပေးခဲ့သလို၊ ဆူဒန်နဲ့ တောင်ဆူဒန်တို့ရဲ့ ပဋိပက္ခကိုလည်း ၀င်ရောက် ဖြေရှင်းပေးခဲ့ပါတယ်။
    တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေငြာထားမှုကို အာဏာရပြီး ရက် ၁၀၀ အတွင်းမှာ အဟ်မဒ်က ပယ်ဖျက်နိုင်ခဲ့သလို၊ နိုင်ငံရေးအကျဉ်းသမားတွေ လွှတ်ပေးတာ၊ မီဒီယာဆင်ဆာ ဖျက်သိမ်းပေးတာ၊ တရားမ၀င်းကြေငြာထားတဲ့ အသင်းအဖွဲ့တွေကို ပြန်လည် ဖွဲ့စည်းခွင့်ပေးတာ၊ ခြစားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်တာ၊ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးတွေ ပါဝင်မှုကို မြှင့်တင်ပေးတာ စတဲ့ အရေးပါတဲ့ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမငတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။
    Ref: Aljazeera
  • အကြားအာရုံချို့တဲ့သူများ ဂီတသံစဉ်ခံစားနိုင်မည့် ဂျာကင်
    အကြားအာရုံချို့တဲ့သူများ ဂီတသံစဉ်ခံစားနိုင်မည့် ဂျာကင်
    အောက်တိုဘာ ၁၁၊ ၂၀၁၉
    M-Media
    -အကြားအာရုံ ချို့တဲ့သူတွေ ဂီတသံစဉ်တွေကို ခံစားနိုင်မယ့် နည်းပညာမြင့် ဂျာကင်ကို လန်ဒန်အခြေစိုက် ဖက်ရှင်ကုမ္ပဏီ CuteCircuit က တီထွင် ထုတ်လုပ်လိုက်ပါတယ်။
    Sound Shirt လို့ အမည်ပေးထားတဲ့ အဲဒီဂျာကင်ကို ချည်နဲ့ပြုလုပ်ကာ ဆင်ဆာ ၁၆ ခု ထည့်သွင်းထားပါတယ်။ ၀တ်ဆင်ထားသူတွေအနေနဲ့ တယောသံကို လက်မောင်းတုန်ခါမှုကနေတစ်ဆင့် ခံစားရတာမျိုး၊ ဒရမ်သံကို ကျောဖက်ကနေ ခံစားရတာမျိုးလို ပုံစံမျိုးနဲ့ ဂီတသံစဉ်တွေကို နားထောင်နိုင်မှာ ဖြစ်ပါတယ်။
    ငယ်စဉ်ကတည်းက အကြားအာရုံ ချို့တဲ့ခဲ့တဲ့ ဘာရ်ဟာနီက ဒီဂျာကင်ဟာ ခံစားမှုအသစ်ကို ပေးစွမ်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဂီတကို နက်နက်ရှိုင်းရှိုင်း ခံစားရပြီး၊ သံစဉ်တွေထဲမှာ စီးမျောနေရသလိုပါပဲ”
    CuteCircuit ကုမ္ပဏီဟာ နည်းပညာအထောက်အကူပြု လူ့အသုံးအဆောင် ပစ္စည်းတွေကို တီထွင်ထုတ်လုပ်နေပြီး ပူးတွဲတည်ထောင်သူ ဖရန်ဆက်စကာ ရိုဆဲလာက အခုဂျာကင်အင်္ကျီဟာ အကြားအာရုံ ချို့တဲ့သူတွေ ဂီတသံစဉ်တွေကို စီးမျောခံစားရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “အင်္ကျီက ချည်သားသက်သက်နဲ့ ပြုလုပ်ထားတာပါ။ ဝါယာကြိုးတွေမသုံးဘဲ မိုက်ခရို အီလက်ထရောနစ်နည်းပညာ ပေါင်းစပ်ပြီး အသုံးပြုရအဆင်ပြေတဲ့ စမတ်ချည်မျှင်နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ အီလက်ထရောနစ် တုန်ခါမှုစနစ်ကို ချည်မျှင်နဲ့ တွဲစပ်ထားတာကြောင့် ပျော့ပြောင်းပြီး ၀တ်ရချွတ်ရ လွယ်ပါတယ်”
    ဒါပေမယ့် ဒီဂျာကင်ဟာ တစ်ထည်ကို ပေါင် ၃၀၀၀ လောက် ရှိနေတာကြောင့် ဈေးကွက်မှာ တွင်ကျယ်ဖို့ အတားအဆီးတွေ ရှိနေပါတယ်။
    Ref: Reuters