News @ M-Media
Author: Ko Lay
  • အာဖရိက၏ ပထမဆုံး နည်းပညာမြင့် စမတ်ဖုန်းစက်ရုံ ရ၀မ်ဒါတွင် ဖွင့်လှစ်
    အာဖရိက၏ ပထမဆုံး နည်းပညာမြင့် စမတ်ဖုန်းစက်ရုံ ရ၀မ်ဒါတွင် ဖွင့်လှစ်
    အောက်တိုဘာ ၉၊ ၂၀၁၉
    M-Media
    -အာဖရိကတိုက်ရဲ့ ပထမဆုံး နည်းပညာမြင့် စမတ်ဖုန်းစက်ရုံကို ရ၀မ်ဒါနိုင်ငံ မြို့တော် ကီဂါလီမှာ တနင်္လာနေ့က ဖွင့်လှစ်လိုက်ပါတယ်။
    ရ၀မ်ဒါနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စီးပွားရေး သိသိသာသာ တိုးတက်လာခဲ့ပြီး၊ တီထွင်ဖန်တီးမှုဆိုင်ရာ အချက်အခြာနေရာတစ်ခုအဖြစ် သတ်မှတ်ခံလာရပါတယ်။
    စက်ရုံဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတ ပေါလ်ကာဂါမီက နည်းပညာမြင့် စမတ်ဖုန်းစက်ရုံ ဖွင့်လှစ်နိုင်မှုဟာ ရ၀မ်ဒါဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်ထပ် မှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “Mara Phone စက်ရုံဟာ ကျွန်တော်တို့နိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ အဆင့်မြင့်ပစ္စည်းစာရင်းကို ပိုမိုများပြားလာပါလိမ့်မယ်”
    ဖုန်းစက်ရုံကို ပိုင်ဆိုင်တဲ့ ဒူဘိုင်းအခြေစိုက် အာဖရိက စီးပွားရေးလုပ်ငန်းစု Mara Group က သူတို့စက်ရုံဟာ နည်းပညာမြင့် စမတ်ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    Mara စက်ရုံဟာ ရ၀မ်ဒါမှာ ဖုန်းအမျိုးအစား ၂ မျိုးကို ထုတ်လုပ်မှာဖြစ်ပါတယ်။ 16 GB Storage ရှိမယ့် Mara X ဖုန်းဟာ ဖရန့်စ် ၁၂၀၂၅၀ (ဒေါ်လာ ၁၃၀) ကျသင့်မှာဖြစ်သလို၊ 32 GB Storage ရှိမယ့် Mara Z ကတော့ ဖရန့်စ် ၁၇၅၇၅၀ (ဒေါ်လာ ၁၉၀) ကျသင့်မှာ ဖြစ်ပါတယ်။
    ဖုန်းတွေမှာ အဆင့်မြင့် ကင်မရာ၊ အသံနဲ့ခိုင်းစေတဲ့စနစ်တွေလို လုပ်ဆောင်ချက်တွေ ပါဝင်မှာဖြစ်ပြီး ကုမ္ပဏီဝဘ်ဆိုက်ကနေ တိုက်ရိုက် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။
    Mara ဟာ အာဖရိကတိုက်ရဲ့ ပထမဆုံး ဖုန်းထုတ်လုပ်တဲ့စက်ရုံ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်က တောင်အာဖရိကမှာ Onyx Connect ကုမ္ပဏီက တန်ဖိုးနည်းဖုန်းစက်ရုံတစ်ခု တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် Onyx Connect ဟာ ဖုန်းအစိတ်အပိုင်းတစ်ချို့ကို နိုင်ငံခြားက တင်သွင်းရတာဖြစ်ပြီး Mara ကတော့ အစိတ်အပိုင်းအားလုံးကို ပြည်တွင်းမှာသာ ထုတ်လုပ်တာ ဖြစ်ပါတယ်။
    Ref: CNN
  • ၀န်ထမ်းများ လစာပေးရန် ကုလတွင် ငွေကြေးမလောက်တော့ဟု အတွင်းရေးမှူးပြော
    အောက်တိုဘာ ၉၊ ၂၀၁၉
    M-Media
    ကုလသမဂ္ဂအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်
    -အဖွဲ့ဝင်နိုင်ငံတွေက ပေးစရာရှိတဲ့ ငွေတွေကို မပေးဘူးဆိုရင် ကုလအနေနဲ့ လာမယ့်လမှာ ၀န်ထမ်းတွေကို လစာပေးဖို့ ငွေကြေး လုံလုံလောက်လောက် ရှိမှာ မဟုတ်တော့ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က မနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။
    ကုလသမဂ္ဂကို အဓိကထောက်ပံ့ကူညီနေတာက အမေရိကန်ဖြစ်ပြီး ကုန်ကျစားရိတ် စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းကို ပေးအပ်နေတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ကုလရဲ့ ဘက်ဂျက်ဟာ ကန်ဒေါ်လာ ၃.၃ ဘီလီယံဖြစ်ပါတယ်။
    မနေ့က အထွေထွေညီလာခံရဲ့ ဘက်ဂျက်ကော်မတီမှာ ဂူတာရက်စ်က အသုံးစားရိတ်လျှော့ချဖို့အတွက် ဇန်နဝါရီလကတည်းက လုပ်ဆောင်တာမျိုး မရှိခဲ့ဘူးဆိုရင်၊ ပြီးခဲ့တဲ့လ ထွေထွေညီလာခံအတွက် ငွေကြေးလုံလောက်မှာတောင် မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    “အခုလမှာတော့ ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ၀င်ငွေ၊ ထွက်ငွေ မမျှတမှုကို ကျွန်တော်တို့
    ကြုံတွေ့ရပါလိမ့်မယ်။ နိုဝင်ဘာလရောက်ရင် ၀န်ထမ်းလစာပေးဖို့တောင် ငွေကြေးလောက်တော့မှာ မဟုတ်ပါဘူး”
    အမေရိကန်ဟာ ကုလ ပုံမှန်ထည့်ဝင်ငွေမှာ ကန်ဒေါ်လာ ၃၈၁ သန်းနဲ့ ၂၀၁၉ ခုနှစ် ဘက်ဂျက်မှာကန်ဒေါ်လာ ၆၇၄ သန်း ပေးအပ်ဖို့ ကျန်ရှိနေပါသေးတယ်။ ကုလဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပုံမှန်ထည့်ဝင်ငွေရဲ့ ပမာဏတော်တော်များများကို ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ကုလကို ငွေကြေးထည့်ဝင်ရာမှာ အမေရိကန်က မမျှတတဲ့ ၀န်ထုပ်ဝန်ပိုးကို ထမ်းထားရတဲ့အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်း ဆော်သြထားပါတယ်။ ကုလအတွင်းရေးမှူး ဂူတာရက်စ်ကလည်း ကုလရဲ့ ကုန်ကျစားရိတ်တွေကို လျှော့ချနိုင်အောင် ဆောင်ရွက်နေပါတယ်။
    Ref : Reuters
  • ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့အား ကျူးကျော်တိုက်ခိုက်ရန် တူရကီ စီစဉ်
    ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့အား ကျူးကျော်တိုက်ခိုက်ရန် တူရကီ စီစဉ်
    အောက်တိုဘာ ၈၊ ၂၀၁၉
    M-Media
    -ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့ ထိန်းချုပ်ရာဒေသကို ၀င်ရောက်ကာ စစ်ဆင်ရေး ပြုလုပ်သွားမယ်လို့ တူရကီက ကြေငြာထားပြီး အမေရိကန်ကလည်း အဲဒီဒေသမှာရှိနေတဲ့ သူတို့ရဲ့တပ်တွေကို စတင် ဆုတ်ခွာပေးနေပြီ ဖြစ်ပါတယ်။
    ကာ့ဒ်တပ်ဖွဲ့ဟာ အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့အဖွဲ့ဖြစ်ပြီး ဆီးရီးယားနိုင်ငံကနေ IS အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် တိုက်ထုတ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ဒေသတွေကို ထိန်းချုပ် စီမံနေပါတယ်။
    တူရကီကတော့ ကာ့ဒ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတာပါ။ တူရကီသမ္မတ အာဒိုဂန်က ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်တပ်ဖွဲ့တွေကို အချိန်မရွေး ၀င်တိုက်သွားမယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။
    အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဆီးရီးယားမြောက်ပိုင်းမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ တူရကီရဲ့ စစ်ဆင်ရေးမှာ ပါဝင်မှာ မဟုတ်သလို၊ အဲဒီဒေသမှာလည်း ရှိနေမှာ မဟုတ်တော့ဘူးလို့ ဖော်ပြထားပါတယ်။ တပ်ဖွဲ့တွေအားလုံးကို ပြန်ခေါ်မှာလား ဒါမှမဟုတ် တစ်ချို့တစ်ဝက်ကို ပြန်ခေါ်မှာလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။
    ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ အဓိကအပြောင်းအလဲတစ်ခုဖြစ်ပြီး IS ကို ချေမှုန်းခဲ့တဲ့ မဟာမိတ်အဖွဲ့ကို စွန့်ပစ်လိုက်တာလည်း ဖြစ်ပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပြီး လက်ရှိအနေအထားမှာ
    မဟာမိတ်တွေကို ဆက်လက်ထောက်ပံ့ပေးတာဟာ အကုန်အကျများလွန်းကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ကာ့ဒ်တပ်ဖွဲ့က တူရကီရဲ့ ကျူးကျော်မှုကြောင့် IS အကြမ်းဖက်အဖွဲ့ ပြန်လည်ပေါ်ပေါက်လာမယ့်အန္တရာယ် ရှိနေပြီး၊ မိမိတို့ကလည်း ပြန်လည်ခုခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်လိုလျှင် အလုပ်လုပ်ကြဖို့ မလေးလူမျိုးများကို မဟာသီ တိုက်တွန်း
    အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်လိုလျှင် အလုပ်လုပ်ကြဖို့ မလေးလူမျိုးများကို မဟာသီ တိုက်တွန်း
    အောက်တိုဘာ ၇၊ ၂၀၁၉
    M-Media
    -မိမိတို့ မလေးလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ကိုယ်တိုင် ကြိုးစားမြှင့်တင်ရမှာဖြစ်ပြီး တစ်ခြားလူတွေက မြှင့်တင်ပေးဖို့ မျှော်လင့်တာမျိုးကို ရပ်တန့်ရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
    မလေးလူမျိုးတွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး ရည်ရွယ်တဲ့ ညီလာခံတစ်ခုကို Malay Dignity Congress ခေါင်းစဉ်နဲ့ အောက်တိုဘာ ၆ ရက်နေ့က မြို့တော် ကွာလာလမ်ပူမှာ ကျင်းပပြုလုပ်ခဲ့ပြီး မဟာသီအပါအ၀င် မလေးခေါင်းဆောင်တွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
    “ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ပြန်လည်မြင့်မားရေးအတွက် အခြားသူတွေဆီက တောင်းဆိုတာမျိုး မလုပ်ပါနဲ့။ မလေးလူမျိုးတွေရဲ့ ဂုဏ်တက်အောင် လုပ်ဆောင်ရမှာက ကျွန်တော်တို့ မလေးတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်”
    တိုင်းပြည်အတွင်းက နယ်ပယ်အသီးသီးမှာ မလေးလူမျိုးတွေ ပါဝင်ခွင့်ရအောင်ပဲ အစိုးရက လုပ်ပေးနိုင်မှာဖြစ်ပြီး၊ ဒီလိုပါဝင်ဖို့ နောက်တွန့်နေမယ်၊ အခွင့်အလမ်းတွေကို အကောင်းဖက်က အသုံးမပြုဘဲနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့လည်း မဟာသီက သတိပေးခဲ့ပါတယ်။
    “မလေးလူမျိုးတွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်တက်ရေးက ကျွန်တော်တို့ မလေးတွေရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်နေပါတယ်။ တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်မယ်။ အခွင့်အလမ်းတိုင်းကို အောင်မြင်အောင် အသုံးချနိုင်မယ်။ အလုပ်ကောင်းကောင်းလုပ်မယ်၊ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်မယ်ဆိုရင် ဘယ်သူကမှ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ယူဆောင်သွားလို့ မရပါဘူး”
    Malay Dignity Congress ညီလာခံကို မလေးရှားနိုင်ငံရေး၊ ပညာရေး အသိုင်းအဝိုင်းနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လူတွေအပါအ၀င် လူပေါင်း ထောင်ချီ တက်ရောက်ခဲ့ပါတယ်။
    Ref: CNA
  • အာရပ်-အစ္စရေး မကျူးကျော်ရေးစာချုပ် ချုပ်ဆိုရန် ရှိနေ
    အာရပ်-အစ္စရေး မကျူးကျော်ရေးစာချုပ် ချုပ်ဆိုရန် ရှိနေ
    အောက်တိုဘာ ၇၊ ၂၀၁၉
    M-Media
    -ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေနဲ့ မကျူးကျော်ရေးစာချုပ်တစ်ခု ချုပ်ဆိုဖို့ ဆောင်ရွက်နေတယ်လို့
    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရာအီလ် ကက်ဇ်က ပြောကြားလိုက်ပြီး ဘုံရန်သူအဖြစ် သတ်မှတ်ထားတဲ့ အီရန်ကို ရင်ဆိုင်ဖို့အတွက် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။
    ကက်ဇ်ဟာ ဇူလိုင်လက ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး ရှိခ် ခါလစ် ဘင် အဟ်မဒ် အလ် ခါလီဖာနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    အစ္စရေးက ပါလက်စတိုင်းနဲ့ ဆီးရီးယားတို့မှာရှိတဲ့ အာရပ်တွေရဲ့ နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်မှုကြောင့် အီဂျစ်နဲ့ ဂျော်ဒန်တို့ကလွဲပြီး အာရပ် ၂၂ နိုင်ငံလုံးက အစ္စရေးကို အသိအမှတ်အပြုပါဘူး။
    ကက်ဇ်ကတော့ အာရပ်တွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ရည်ရွယ်ထားတယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    “အမေရိကန်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့အတူ ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေနဲ့ မကျူးကျော်ရေးစာချုပ် ချုပ်ဆိုဖို့ လတ်တလော ကျွန်တော် ဆောင်ရွက်နေပါတယ်။ သမိုင်းဝင်မယ့် ဒီဆောင်ရွက်မှုဟာ ပဋိပက္ခတွေကို အဆုံးသတ်နိုင်မှာဖြစ်ပြီး၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်တဲ့အထိ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လမ်းဖွင့်ပေးမှာလည်း ဖြစ်ပါတယ်”
    ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုဟာ အာရပ်-အစ္စရေး ငြိမ်းချမ်းရေးမှာ အဓိက အခက်အခဲတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အီရန်အပေါ် စိုးရိမ်မှု မြင့်တက်လာတာက အာရပ်နိုင်ငံတွေနဲ့ အစ္စရေးတို့ရဲ့ ဆက်ဆံရေးကို ပိုမို နီးစပ်လာစေခဲ့ပါတယ်။
    ဆီးရီးယား၊ အီရတ်၊ လက်နွတ်နဲ့ ယီမင်တို့က ပဋိပက္ခတွေမှာ အီရန်က လက်နက်ကိုင်အုပ်စုတွေကို ထောက်ပံ့ပြီ တစ်ဆင့်ခံ အင်အားဖြန့်ကျက်ထားမှုကိုလည်း အစ္စရေးနဲ့ ဆော်ဒီတို့အပါအ၀င် ဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။
    အာရပ်နိုင်ငံတွေက အီရန်ကို ရင်ဆိုင်ဖို့အတွက် အစ္စရေးကို စည်းရုံးလို့ရမယ်လို့ ယုံကြည်နေပြီး၊ အမေရိကန်က သူတို့ရဲ့ ပြောကြားမှုတွေကို အရေးမစိုက်တဲ့အခါ အစ္စရေးကနေတစ်ဆင့် သတင်းပါးတာတွေလည်း ရှိတယ်လို့ ၂၀၀၉ ခုနှစ် Wikileaks က ထုတ်ပြန်ခဲ့တဲ့ အစိုးရတွေရဲ့ ထိပ်တန်းလျှို့ဝှက်မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
    Ref: Aljazeera