News @ M-Media

Author: Ko Lay

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media

    ကမ္ဘ္ဘာ့ဖလားဘောလုံးကွင်းတွင် ဇိမ်ခံဟိုတယ်ကို ကာတာက ထည့်သွင်းတည်ဆောက်
    =======================
    ၂၀၂၂ ခုနှစ် ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် Al Bayt ဘောလုံးကွင်းမှာ ဇိမ်ခံဟိုတယ်တစ်ခုထည့်သွင်းတည်ဆောက်ထားမှုကို ကာတာက အခုတစ်ပတ်မှာ ဗီဒီယိုရိုက်ကာပြသလိုက်ပါတယ်။ နိုင်ငံမြောက်ပိုင်း အလ်ခိုရ်မြို့က အဲဒီဘောလုံးကွင်းဟာ သဲကန္တာရမှာအသုံးပြုတဲ့ တဲပုံစံ ဒီဇိုင်းထုတ်ထားပြီး လက်ရှိမှာ တည်ဆောက်နေဆဲဖြစ်ပါတယ်။ ကမ္ဘ္ဘာ့ဖလား ပြိုင်ပွဲ လက်ခံကျင်းပဖို့အတွက် ဘောလုံးကွင်း ၈ ခုလျာထားပြီး အဲဒီအထဲက ၇ ခုကို ကာတာက အသစ်ဆောက်လုပ်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘောလုံးကွင်း တော်တော်များများ အပြီးသတ်အဆင့်ကို ရောက်ရှိနေပြီး အခြား ဇိမ်ခံဝန်ဆောင်မှုတွေလည်း ပါဝင်ဖို့ ရှိနေပါတယ်။ ဒိုဟာမြို့က Ras Abu Aboud ဘောလုံးကွင်းကတော့ ဘောလုံးသမိုင်းမှာ ပထမဆုံး ပြန်လည် ဖျက်သိမ်းအသုံးပြုလို့ရမယ့် ဘောလုံးကွင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

    အသင်းက ထောက်ခံမှုမရှိလျှင် ထွက်မည်ဟု ရီးယဲလ်နည်းပြပြော
    ====================
    လက်ရှိမှာ အသင်းရဲ့ ထောက်ခံမှုကို ရရှိနေပေမယ့် ဒါမျိုး မရတော့ရင် အသင်းကနေ ထွက်ခွာမယ်လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ အခုတစ်ပတ် ချိန်ပီယံလိဂ်မှာ ပီအက်စ်ဂျီအသင်းကို ၃ ဂိုးပြန်နဲ့ ရှုံးနိမ့်ပြီးတဲ့နောက် ဇီဒိန်းဟာ ဝေဖန်မှုတွေ ခံနေရတာပါ။ ဒါဟာ ရီးယဲလ်ကိုသူကိုင်တဲ့ သက်တမ်းတစ်လျှောက်မှာ အဆိုးဝါးဆုံးရှုံးပွဲလည်း ဖြစ်ပါတယ်။ လာလီဂါမှာလည်း ၄ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင် ၂ ပွဲသရေ ရလဒ်ကိုသာ ရရှိထားပါတယ်။ မတ်လက တစ်ကျော့ပြန် ရီးယဲလ်နည်းပြဖြစ်လာပြီးနောက်ပိုင်း ၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။ ဇီဒိန်းကတော့ ခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နေရတယ်ဆိုတာ ၀န်ခံခဲ့ပေမယ့် နောင်တတော့မရဘဲ အတူတူ ကျော်ဖြတ်ကြမယ်လို့ ပြောကြားခဲ့ပါတယ်။

    မန်ယူကွင်းလယ်လူဟောင်း အန်ဒါဆန် ဘောလုံးလောကမှ အနားယူ
    ===================
    မန်ယူမှာ ၈ နှစ်ကြာကစားခဲ့ပြီး လက်ရှိမှာ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ အန်ဒါဆန်ဟာ ဒီကနေ့မှာ ဘောလုံးလောကကနေ အနားယူသွားပြီ ဖြစ်ပါတယ်။ သဟာ လက်ရှိ တူရကီဒုတိယတန်းကလပ် Adana Demirspor မှာ ကစားနေတာဖြစ်ပြီး အနားယူပြီးနောက်
    အသင်းရဲ့ ကွင်းပြင်ပ တာဝန်တွေကို ဆက်လက်ရယူသွားမှာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ပေါ်တိုကနေမန်ယူကိုပြောင်းလာခဲ့ပြီးတဲ့ ၈ နှစ်အတွင်း ပရီးမီးယားလိဂ် ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ်၊ လိဂ်ဖလား၁ ကြိမ်၊ Club World Cup တစ်ကြိမ် ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မန်ယူကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် ဘရာဇီးလ်ကလပ် Internacional မှာ ၂ နှစ်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တူရကီကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

    Ref: BBC, Daily Mail

  • အီရတ်တွင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီဗလီ ပြုပြင်ရေး ယူနက်စကို ကူညီမည်

    အီရတ်တွင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီဗလီ ပြုပြင်ရေး ယူနက်စကို ကူညီမည်

    စက်တင်ဘာ ၂၁၊ ၂၀၁၉
    M-Media

    ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် တွေ့ရသည့် အလ်-နူရီဗလီ

    -၂၀၁၇ ခုနှစ်က IS အကြမ်းဖက်အဖွဲ့ရဲ့ ဖောက်ခွဲဖျက်ဆီးမှုကို ခံခဲ့ရတဲ့ မူဆိုးလ်မြို့က သမိုင်းဝင် အလ်-နူရီဗလီဝတ်ကျောင်းတော် ပြန်လည် ပြုပြင်မွမ်းမံရေးမှာ ပါဝင်ကူညီသွားမယ်လို့ ကုလရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်ဆိုင်ရာအဖွဲ့အစည်း UNESCO က ကြေငြာလိုက်ပါတယ်။

    အရှေ့အလယ်ပိုင်းမှာ IS အကြမ်းဖက်အဖွဲ့က ဖျက်ဆီးခဲ့တဲ့ သမိုင်းဝင်နေရာတွေ၊ သာသနိကအဆောက်အအုံတွေကို ပြန်လည် ပြင်ဆင်မွမ်းမံရေး သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေနဲ့ အန်ဂျီအို အဖွဲ့တွေက ပူးပေါင်း ဆောင်ရွက်နေပြီး ကုလကလည်း ကူညီပေးနေတာပါ။

    အလ်-နူရီဗလီကို ၁၂ ရာစုက တညဆောက်ခဲ့တာဖြစ်ပြီး စောင်းနေတဲ့ မင်နာရတ်မျှော်စင်ကြောင့်လည်း နာမည်ကျော်ကြားပါတယ်။ IS အကြမ်းဖက်အဖွဲ့က ဗလီကို သူတို့ဆုတ်ခွာစဉ်အချိန် ၂၀၁၇ ခုနှစ် ဇွန်လက ဖောက်ခွဲဖျက်ဆီးခဲ့တာပါ။

    ဗလီ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းကို အီရတ်အစိုးရက ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ ယူနက်စကိုက မူဆိုးလ်မြို့မှာရှိတဲ့ ဖျက်ဆီးခံ သမိုင်းအမွေအနှစ်တွေ ပြန်လည် ပြုပြင်မွမ်းမံ ထိန်းသိမ်းရေးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ တန် စီမံကိန်းတစ်ခုကို မကြာသေးခင်က ချပြခဲ့ပြီး ‘မူဆိုးလ်မြို့နာမ်ဝိဉာဉ်ကို ပြန်လည်ရှင်သန်စေခြင်း’ လို့ အမည်ပေးထားပါတယ်။

    ယူနက်စကိုက ကမကထလုပ်မယ့် အလ်-နူရီဗလီ ပြုပြင်ခြင်းလုပ်ငန်းကို လာမယ့်နှစ် အစောပိုင်းမှာ စတင်မှာဖြစ်ပါတယ်။

    “လူတွေပြောကြတဲ့ အာရပ်နွေဦးတော်လှန်ရေးဆိုတာ ကယ်တော့ အာရပ်ကျရှုံးမှုပါ။ အီရတ်၊ ဆီးရီးယားနဲ့ လစ်ဗျားတို့မှာရှိတဲ့ သမိုင်းဝင်နေရာတော်တော်များများ ဖျက်ဆီးဖျောက်ဖျက်ခံလိုက်ရပါတယ်။ ဖျက်ဆီးခံရမှုအတိုင်းအတာက သိပ်ကို ဆိုးရွားပါတယ်။ သမိုင်းအမွေအနှစ်တွေသာမကဘဲ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးမှာပါ အရေးပါတဲ့ အထိမ်းအမှတ်တွေ ဖျက်ဆီးခံလိုက်ရတာပါ” လို့ ဘေရွတ်မြို့အခြေစိုက် ဗိသုကာနှင့် ဒီဇိုင်းဆိုင်ရာ အင်စတီကျု ARCADE ကို တည်ထောင်သူ ဆာမီရ် ဆာဒီက ပြောကြားခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ သမိုင်းဝင်အဆောက်အဦးတွေဟာ အလ်-နူရီ ဗလီတစ်လုံးတည်း မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကလည်း ဆီးရီးယားက ပါလ်မိုင်ရာမြို့မှာ အေဒီ ၂ ရာစုမှာ တည်ဆောက်ခဲ့တဲ့ ရောမအဆောက်အဦးတစ်ခုပါအ၀င် သမိုင်းဝင် အဆောက်အဦး တော်တော်များများကို ဖျက်ဆီးခဲ့ပါတယ်။

    ဆာဒီကတော့ ဒီသမိုင်းဝင်နေရာတွေ၊ အဆောက်အဦးတွေ ပြန်လည်ပြင်ဆင်မွမ်းမံတဲ့ လုပ်ငန်းဟာ ငွေကြေးအကုန်အကျ အလွန်များမှာဖြစ်ပြီး အစွန်းရောက်အုပ်စုတွေရဲ့ တစ်ကျော့ပြန် ပစ်မှတ်ထားမှုကို ခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    ဒီလိုဖျက်ဆီးမှုမျိုး နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ သမိုင်းဝင် အမွေအနှစ်တွေ၊ ဗိသုကာလက်ရာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာတွေကို ပြည်သူလူထုထံ အသိပညာပေးတာကလည်း အရှေ့အလယ်ပိုင်းမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref : Arab News

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    အေစီမီလန်အသင်းက လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့ မိတ်ဆက်မည်
    ===================
    မနက်ဖြန် အင်တာမီလန်အသင်းနဲ့ ကစားမယ့် စီးရီးအေပွဲစဉ်မှာ အေစီမီလန်က လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့တစ်ခုကို မိတ်ဆက်ဖို့ရှိနေပါတယ်။ အခုနှစ် စီးရီးအေပွဲစဉ်တစ်ချို့မှာ ပရိတ်သတ်တွေက ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုမျိုးရှိခဲ့ပြီး အင်တာတိုက်စစ်မှူး လူကာကူဟာလူမျိုးရေးခွဲခြားမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။ မနက်ဖြန်ကစားမယ့် မီလန်ဒါဘီပွဲကို “လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး ဒါဘီ” လို့ အမည်ပေးထားပါတယ်။ အေစီမီလန်အသင်းရဲ့လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ဟာ ဆိုရှယ်မီဒီယာနဲ့ ဘောလုံးကွင်းအတွင်း လူမျိုးရေးခွဲခြားမှုကို စောင့်ကြည့်ဖြေရှင်းမှု၊ အသိပညာပေးရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာာ ဖြစ်ပါတယ်။

    ကာဒစ်အသင်းမှ တိုက်စစ်မှူးဆာလာ၏ အလောင်းခွဲစိပ်မှုဓာတ်ပုံ ထွက်ပေါ်
    ===========================
    ဇန်နဝါရီလက အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ ကာဒစ်ဖ်တိုက်စစ်မှူး အီမီလီယာနိုဆာလာရဲ့ အလောင်းခွဲစိပ်ထားတဲ့ဓာတ်ပုံတွေ ပေါ်ထွက်လာမှုကို မိသားစုက ရှုတ်ချပြောဆိုလိုက်ပါတယ်။ ဓာတ်ပုံတွေကို ရင်ခွဲရုံလုပ်သား ၂ ဦးက တရားမ၀င်ရယူကာ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာပါ။ အဲဒီ ၂ ဦးကို လက်ရှိမှာဖမ်းဆီးတရားစွဲဆိုထားပြီး တနင်္လာနေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။ ဆာလာရဲ့အစ်မဖြစ်သူ ရိုမီနာဆာလာက ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး လှောင်ပြောင်မှုတွေရှိတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဓာတ်ပုံတွေကို ရယူလွှင့်တင်သူဟာ အောက်တန်းကျတဲ့အလုပ်ကို လုပ်သူတွေဖြစ်ကြောင်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ရိုးမားအသင်း၏ ကလေးပျောက်ရှာဖွေမှု အစီအစဉ်တွင် ၅ ဦးအထိ ပြန်တွေ့
    ==================
    ယူကေပရဟိတအဖွဲ့ Missing People က ဆောင်ရွက်နေတဲ့ ကလေးပျောက်ရှာဖွေရေးလှုပ်ရှားမှုအတွင်း စီးရီးအေးကလပ် ရိုးမားအသင်းရဲ့ ပူးပေါင်းမှုကြောင့် ကလေးငယ် ၅ ဦးအထိ ပြန်ရှာတွေ့ခဲ့ပါတယ်။ Missing People ဟာ ကလေးပျောက်တဲ့အမှု ၂၀ ကို ရိုးမားအသင်းက ပေးထားပြီး ရိုးမားက ကစားသမားအသစ်တွေစာချုပ်ချုပ်တဲ့အခါ ပျောက်နေတဲ့ကလေးငယ်တွေရဲ့ပုံရိပ်ကိုထည့်သွင်းပြီး ဆိုရှယ်မီဒီယာမှာ မျှဝေရှာဖွေခိုင်းခဲ့ပါတယ်။ ဟင်းနရစ် မခီတာယန်နဲ့ ခရစ္စစမောလင်းတို့ကို ခေါ်ယူတဲ့အချိန်မှာ ကင်ညာကလေးငယ် ၂ ဦး၊ မာ့တ် စီတင်နဲ့ ဒါဗီဒီ ဇာပါကော့စတာတို့ကို ခေါ်ယူတဲ့အချိန်မှာ လန်ဒန်က မိန်းကလေး ၁ ဦးနဲ့ ဘယ်လ်ဂျီယံက ယောက်ျားလေးတစ်ဦးကို ထပ်မံ ရှာတွေ့ခဲ့ပါတယ်။ ရိုးမားအသင်းရဲ့ အကူအညီနဲ့ နောက်ဆုံးတွေ့ရှိခဲ့တာကတော့လန်ဒန်မြို့က အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ဖြစ်ပါတယ်။ Missing People ရဲ့ အမှုဆောင် ဂျိုယူလေက ရိုးမားအသင်းရဲ့ ဆောင်ရွက်မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • အာဖဂန်တွင် လယ်သမား ၃၀ သေဆုံးသည့် တိုက်ခိုက်မှု မိမိတို့လက်ချက်ဟု အမေရိကန်ဝန်ခံ

    အာဖဂန်တွင် လယ်သမား ၃၀ သေဆုံးသည့် တိုက်ခိုက်မှု မိမိတို့လက်ချက်ဟု အမေရိကန်ဝန်ခံ

    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်မှာ အနည်းဆုံး လယ်သမား ၃၀ လောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ မိမိတို့လုပ်ဆောင်တာဖြစ်တယ်လို့ အမေရိကန်က ၀န်ခံပြောကြားလိုက်ပါတယ်။

    တစ်ချိန်က အာဖဂန်အစိုးရ ထိန်းချုပ်ထားတဲ့ ခိုယာနီခရိုင် ဝါဇီရ်တန်ဂီဒေသမှာ မနေ့က ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်နီ လက်ဂျက်က IS အကြမ်းဖက်အဖွဲ့ ပုန်းအောင်းရာနေရာကို ဖျက်ဆီးဖို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုဟာ ထင်းရှူးစေ့ရှာတဲ့ လယ်သမားတွေကို သွားရောက်ထိမှန်ခဲ့တာကြောင့် အနည်းဆုံး ၃၀ သေဆုံးကာ ၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

    အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် သေဆုံး ဒဏ်ရာရမှုစာရင်းကို မထုတ်ပြန်ခဲ့ပါဘူး။

    အခုလအစောပိုင်းကလည်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA က လေ့ကျင့်ပေးထားတဲအာဖဂန်ထောက်လှမ်းရေးအဖွဲ့က တိုက်ခိုက်မှုကြောင့် ညီအစ်ကိုလေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းမှာ အမေရိကန်နဲ့ ဆွေးနွေးမှု ပျက်ပြယ်သွားပြီးတဲ့နောက် တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်လာခဲ့ပြီး လူရာချီ သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • မြောက်အမေရိကတွင် နှစ် ၅၀ အတွင်း ငှက်ကောင်ရေ သန်း ၃ ထောင် လျော့ကျ

    မြောက်အမေရိကတွင် နှစ် ၅၀ အတွင်း ငှက်ကောင်ရေ သန်း ၃ ထောင် လျော့ကျ

    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    -မြောက်အမေရိကမှာ နှစ်ပေါင်း ၅၀ အတွင်း ငှက်ကောင်ရေ ၃ ဘီလီယံလောက် ဆုံးရှုံးသွားခဲ့ပြီး ဒါဟာ ဂေဟစနစ်ပျက်သုဉ်းမှုကို ပြသနေတဲ့ စိုးရိမ်စရာ လက္ခဏာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

    လယ်မြေယာမြေတွေ တိုးချဲ့မှုက မြက်ခင်းပြင်တွေ ဆုံးရှုံးရတာ၊ မြေပြန့်လွင်ပြင် ပျက်သုဉ်းရတာတွေ ဖြစ်ပေါ်တာကြောင့် မြေပြန့်မှာ ကျက်စားတဲ့ ငှက်တွေက ဒီဒဏ်ကို အများဆုံး ခံစားရတာပါ။

    စိုက်ပျိုးရေးအတွက် ပိုးသတ်ဆေးတွေကို ပိုမိုသုံးစွဲတာကြောင့် ပိုးမွှားတွေသေဆုံးကာ ငှက်တွေရဲ့ အစာကွင်းစက်အပေါ် ထိခိုက်မှုတွေ ရှိတယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။

    အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ ငှက်ကောင်ရေဟာ ၁၉၇၀ ခုနှစ်ကထက်စာရင် ၂၉ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

    ဒီပြဿနာနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို သိပ္ပံပညာရှင်တွေက Science ဂျာနယ်မှာ အခုတစ်ပတ် အစောပိုင်းက ရေးသားဖော်ပြခဲ့ပါတယ်။ မြေပြန့်လွင်ပြင်မှာ ကျက်စားတဲ့ငှက်တွေ အပါအ၀င်၊ တောတောင်ထဲမှာ နေထိုင်တဲ့ ငှက်မျိုးစိတ်တွေလည်း အရေအတွက် လျော့ကျလာတာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

    လျော့ကျသွားတဲ့ ငှက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ စာကလေး၊ တေးဆိုငှက်၊ မြေလူးငှက်နဲ့ ငှက်ပုတီးတို့အပါအ၀င် ငှက်မျိုးစိတ် ၁၂ မျိုးဖြစ်ပါတယ်။

    မြောက်အမေရိအပြင် ကမ္ဘ္ဘာတစ်ဝှမ်းက အခြားသောဒေသတွေမှာလည်း မြေပြန့် ငှက်မျိုးစိတ်တွေ လျော့နည်းလာတာကို တွေ့ခဲ့ရပြီး အထူးသဖြင့် ပြင်သစ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ၃၀ ရာခိုင်နှုန်းလောက် လျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: Aljazeera