News @ M-Media
Author: Ko Lay
  • ယူအေအီးနိုင်ငံသား အာကာသယာဉ်မှူး ပထမဆုံး ISS ရောက်သည့် အာရပ်လူမျိုးအဖြစ် မှတ်တမ်းဝင်
    ယူအေအီးနိုင်ငံသား အာကာသယာဉ်မှူး ပထမဆုံး ISS ရောက်သည့် အာရပ်လူမျိုးအဖြစ် မှတ်တမ်းဝင်
    စက်တင်ဘာ ၂၆၊ ၂၀၁၉
    M-Media
    ယူအေအီး အာကာသယာဉ်မှူး အလ်-မန်ဆူရီ
    -ယူအေအီးနိုင်ငံက အာကာသယာဉ်မှူးတစ်ဦးဟာ နိုင်ငံတကာ အာကာသစခန်း (ISS) ကို အောင်မြင်စွာ သွားရောက်နိုင်ခဲ့ပြီး ISS ကို ရောက်ရှိတဲ့ ပထမဆုံး အာရပ်အာကာသယာဉ်မှူးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    အာကာသယာဉ်မှူး ဟဇ်ဇာ အလ်-မန်ဆူရီဟာ ရုရှားအာကာသယာဉ်မှူး၊ အမေရိကန် အာကာသယာဉ်မှူးတို့နဲ့အတူ မနေ့က ကာဇက်စတန်နိုင်ငံ အာကာသစခန်းကနေ ဒုံးပျံနဲ့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
    ဒီကနေ့မှာတော့ အလ်-မန်ဆူရီနဲ့အဖွဲ့ဟာ နိုင်ငံတကာ အာကာသစခန်းကို အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။
    အသက် ၃၅ နှစ်အရွယ် အလ်-မန်ဆူရီက ဒီခရီးဟာ သူ့ရဲ့အိပ်မက် ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကမ္ဘ္ဘာတစ်ဝှမ်းက ချီးကျူးထောက်ခံမှုကိုလည်း ရရှိထားပါတယ်။
    ISS မှာ ၈ ရက်တာနေထိုင်မယ့် အလ်-မန်ဆူရီဟာ ISS ရောက် ပထမဆုံး ယူအေအီး နိုင်ငံသားနဲ့ ပထမဆုံး အာရပ်လူမျိုးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
    “ဒီကနေ့ ကျွန်တော့်နိုင်ငံရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အခြေအနေသစ် တစ်ခုဆီ ကျွန်တော် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်သခင် ဒီခရီးစဉ်မှာ အောင်မြင်မှုကို ချီးမြှင့်ပေးသနားတော်မူပါစေ” လို့ အလ်-မန်ဆူရီက ကမ္ဘ္ဘာမြေကနေ မထွက်ခွာခင် သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    ISS မှာ နေ့စဉ် သူ့ရဲ့ဝတ်ပြုမှုကိုလည်း ကမ္ဘ္ဘာမြေထံ တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့လည်း အလ်-မန်ဆူရီက ဆိုပါတယ်။ တိုက်လေယာဉ်မှူးတစ်ဦးဖြစ်တဲ့သူဟာ အရင်က အရှိန်ပြင်းပြင်းနဲ့ လေယာဉ်မောင်းနေစဉ်မှာ ၀တ်ပြုဆုတောင်းတဲ့ အလေ့အကျင့်လည်း ရှိပါတယ်။
    Ref: Aljazeera
  • အကြမ်းဖက်ရန် ကြံစည်ထားသည့်  IS အဖွဲ့ဝင် ၁၆ ဦးကို မလေးရှားဖမ်းဆီး
    အကြမ်းဖက်ရန် ကြံစည်ထားသည့် IS အဖွဲ့ဝင် ၁၆ ဦးကို မလေးရှားဖမ်းဆီး
    စက်တင်ဘာ ၂၆၊ ၂၀၁၉
    M-Media
    မလေးရှားရဲတပ်ဖွဲ့ သရုပ်ပြမှု
    -အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ IS အကြမ်းဖက်အဖွဲ့ဝင် အနည်းဆုံး ၁၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
    သြဂုတ်လ ၁၀ ရက်နေ့ကနေ စက်တင်ဘာ ၂၅ ရက်နေ့အထိ ကွာလာလမ်ပူမြို့၊ ဆာဘားပြည်နယ်တို့အပါအ၀င် နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်း အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦး၊ မလေးရှားနိုင်ငံသား ၃ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မလေးရှားရဲ့တပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ အယွဘ် ခန်း မိုင်ဒင်း ပစ်ချေးက ပြောကြားခဲ့ပါတယ်။
    အကြမ်းဖက်သမားတွေဟာ နိုင်ငံရေးသမားတွေနဲ့ မွတ်စလင်မဟုတ်တဲ့ အုပ်စုတွေကို တိုက်ခိုက်ဖို့ ကြံစည်နေပြီး အခြား၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံသားတွေကိုလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် သွေးဆောင်နေတယ်လို့ ပစ်ချေးက ဆိုပါတယ်။
    ဆာဘားပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မလေးရှားနိုင်ငံသားနှစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဂျိုလိုမြို့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားမိသားစုကို ကူညီပေးခဲ့သူဖြစ်ကြောင်း မလေးရှား သတင်းဌာန Malaysiakini က ဖော်ပြခဲ့ပါတယ်။
    ဖမ်းဆီးခံရတဲ့ မလေးရှားနိုင်ငံသားတွေဟာ IS အကြမ်းဖက်အဖွဲ့အတွက် ဝါဒဖြန့်ပေးတာ၊ ဖိလစ်ပိုင်အခြေစိုက် Maute လက်နက်ကိုင်အဖွဲ့အတွက် ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ Maute အဖွဲ့ဟာ ၂၀၁၇ ခုနှစ်က မာရာဝီမြို့ကို တစ်လကြာ စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။
    သြဂုတ်လအစောပိုင်းမှာ ဖမ်းဆီးခံရတဲ့ အသက် ၃၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသားကတော့ IS အကြမ်းဖက်အဖွဲ့အတွက် ငွေကြေးရှာဖွေပေးသူလို့ စွပ်စွဲခံထားရပါတယ်။
    မလေးရှားအစိုးရဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း IS အဖွဲ့ဝင် ရာနဲ့ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇွန်လက ဆီလန်ဂေါပြည်နယ် နိုက်ကလပ်တစ်ခုမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒါဟာ မလေးရှားနိုင်ငံမှာ IS အကြမ်းဖက်အဖွဲ့ရဲ့ ပထမဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။
    Ref: Aljazeera
  • သတင်းထောက် ဂျမားလ်ကာရှိုဂျီ အသတ်ခံရမှု မိမိတွင် တာဝန်ရှိသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ၀န်ခံ
    သတင်းထောက် ဂျမားလ်ကာရှိုဂျီ အသတ်ခံရမှု မိမိတွင် တာဝန်ရှိသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ၀န်ခံ
    စက်တင်ဘာ ၂၆၊ ၂၀၁၉
    M-Media
    -အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း သတင်းထောက် ဂျမားလ်ကာရှိုဂျီ အသတ်ခံလိုက်ရတာဟာ မိမိရဲ့ ကြီးကြပ်မှုအောက်မှာ ဖြစ်သွားတဲ့အတွက် မိမိမှာ တာဝန်အပြည့် ရှိတယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
    ဆော်ဒီတော်ဝင်အသိုင်းအဝိုင်းနဲ့ အစိုးရတို့ကို ဝေဖန်ရေးသားလေ့ရှိတဲ့ ဝါရှင်တန်ပို့စ်သတင်းထောက် ကာရှိုဂျီဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက အသတ်ခံလိုက်ရတာပါ။ တူရကီအစိုးရက ကာရှိုဂျီဟာ ကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး အစပိုင်းမှာ ဆော်ဒီက ငြင်းဆိုခဲ့ပါတယ်။
    ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီကိစ္စကို ၀န်ခံခဲ့ပြီး ၀န်ထမ်းတွေနဲ့ စကားများရင်း လက်လွန် သေဆုံးသွားတာလို့ ဆိုပါတယ်။ ကာရှိုဂျီအသတ်ခံရမှုဟာ အိမ်ရှေ့မင်းသား ဘင် ဆလ်မန်က လုပ်ခိုင်းတာဖြစ်တယ်လို့ အမေရိကန် စီအိုင်အေနဲ့ အခြား နိုင်ငံခြားအစိုးရတွေက ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုထားကြပါတယ်။
    လာမယ့်တစ်ပတ် PBS ရုပ်သံကနေ ထုတ်လွှင့်ဖို့ရှိနေတဲ့ မှတ်တမ်းရုပ်ရှင်မှာတော့ ဘင် ဆလ်မန်က ဒီသတ်ဖြတ်မှုဟာ သူ့ကြီးကြပ်မှုအောက်မှာ ဖြစ်သွားခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။
    “ကျွန်တော့်ရဲ့ ကြီးကြပ်မှုအောက်မှာ ဖြစ်ပွားခဲ့တာပါ။ ကျွန်တော့်မှာ အားလုံး တာဝန်ရှိပါတယ်။
    ကျွန်တော့်ကြီးကြပ်မှုအောက်မှာ ဖြစ်သွားတာကြောင့်ပါ”
    ဒီမှတ်တမ်းရုပ်ရှင်ကို အောက်တိုဘာ ၁ ရက်နေ့ကျရင် ထုတ်လွှင့်မှာဖြစ်ပါတယ်။
    ဒီသတ်ဖြတ်မှုကို ဘာ့ကြောင့် မသိခဲ့တာလဲလို့ PBS က တွေ့ဆုံမေးမြန်းသူ မာတင်စမစ်က မေးမြန်းရာမှာ တိုင်းပြည်မှာ လူ သန်း ၂၀ ရှိပြီး အစိုးရ၀န်ထမ်း ၃ သန်း ရှိနေတဲ့အတွက် အားလုံးကို လိုက်မကြည့်နိုင်ဘူးလို့ ဘင် ဆလ်မန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
    လူသတ်အဖွဲဟာ အစိုးရဲ့ သီးသန့်ဂျက်လေယာဉ်ကို ယူသုံးခဲ့တာမျိုး ရှိခဲ့ပြီး အိမ်ရှေ့မင်းသားက သူ့လက်အောက်က တာဝန်ရှိသူတွေ၊ ၀န်ကြီးတွေကို ဒီလို အသုံးပြုခွင့်မျိုးတွေ ပေးထားပြီးသားလို့ ပြောခဲ့ပါတယ်။
    ကာရှိုဂျီအသတ်ခံရမှုအတွက် ဆော်ဒီက လူ ၁၁ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဆော်ဒီ ရှေ့နေချုပ်က သတ်ဖြတ်မှုကို တော်ဝင်မိသားစုရဲ့ ထိပ်တန်းအကြံပေးဟောင်း ထောက်လှမ်းရေးဌာန ဒုတိယအကြီးအကဲ ဆာအွဒ် အလ်-ကာတာနီက အမိန့်ပေးစီစဉ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အသွားအလာ သတိထားဖို့ နိုင်ငံခြားသံရုံးများ ထုတ်ပြန်ထား
    မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အသွားအလာ သတိထားဖို့ နိုင်ငံခြားသံရုံးများ ထုတ်ပြန်ထား
    စက်တင်ဘာ ၂၆၊ ၂၀၁၉
    M-Media
    Photo Credit – RFA
    -မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ အသွားအလာ အလွန်သတိထားကြဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေက သူတို့နိုင်ငံသားတွေအတွက် သတိပေးချက် ထုတ်ပြန်ထားပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဗုံးခွဲမှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ သတင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေစဉ် ဒီသတိပေးချက် ထွက်ပေါ်လာတာပါ။
    အခုလ ဒုတိယပတ်အတွင်းက မြန်မာအစိုးရရဲ့ အစိုးရအဖွဲ့အတွင်း သတိပေးချက်တစ်ခု အွန်လိုင်းပေါ်မှာ ပေါက်ကြားလာခဲ့ပြီး အဲဒီအထဲမှာ သမ္မတရုံး၊ ၀န်ကြီးဌာနရုံးတွေနဲ့ အခြား အစိုးရဌာနတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
    စက်တင်ဘာ ၁၆၊ ၂၆ နဲ့ အောက်တိုဘာ ၁၆ ရက်နေ့တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ AA၊ KIA၊ CNF နဲ့ KNU တို့က ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။
    ရန်ကုန် အမေရိကန်သံရုံးရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ ဒီသတင်းတွေအတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံသားတွေကို သတိပေးထားပြီး၊ အထူးဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တာ၊ အစိုးရအဆောက်အဦးတွေဆီ သွားရောက်တာတွေမှာ လုံခြုံရေးအသိ အမြင့်ဆုံးထားကြဖို့၊ ပြည်တွင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှုကို မပြတ်တမ်း စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
    ယူကေ၊ ကနေဒါနဲ့ သြစတေးလျအစိုးရတွေကလည်း ဒီလို သတိပေးချက်မျိုး ထုတ်ပြန်ထားပါတယ်။
    ဗြိတိန်အစိုးရရဲ့ အွန်လိုင်းမှာလွှင့်တင်ထားတဲ့ သတိပေးချက်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ မြန်မာအစိုးရထံကနေ အတည်ပြုချက် မရသေးကြောင်း၊ လူများတဲ့နေရာတွေကို ရှောင်ပြီး ဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြံပေးချက်တွေကို လိုက်နာဖို့ အကြံပြုထားပါတယ်။
    သြစတေးလျအစိုးရကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ခိုက်မှုတွေ မြင့်တက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသတွေကို သွားရောက်ခြင်းမပြုဖို့ သူတို့နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။
    ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ အစိုးရအဖွဲ့အတွင်း သတိပေးချက် မိတ္တူကို သမ္မတရုံးကနေ တရားဝင်ပေးပို့မှုကို လက်ခံရရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းဇော်က RFA ကို အတည်ပြုခဲ့ပါတယ်။
    မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လျှို့ဝှက်ညွှန်ကြားစာတွေ ဒီလိုပေါက်ကြားလာတာဟာ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပြီး၊ နေပြည်တော်မှာ လုံခြုံရေးတိုးမြှင့်ဖို့အတွက် အာဏာပိုင်တွေက လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    တိုင်းရင်းသားလက်နက်ကိုင်ကတော့ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုပါတယ်။
    Ref: RFA
  • ရှင်ကျန်းအလွန် တရုတ်တစ်နိုင်ငံလုံးကိုပြန့်နှံ့လာပြီဖြစ်တဲ့ ကွန်မြူနစ်အစိုးရရဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု
    ရှင်ကျန်းအလွန် တရုတ်တစ်နိုင်ငံလုံးကိုပြန့်နှံ့လာပြီဖြစ်တဲ့ ကွန်မြူနစ်အစိုးရရဲ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှု
    စက်တင်ဘာ ၂၅၊ ၂၀၁၉
    M-Media
    တရုတ်နိုင်ငံတစ်ဝှမ်း ဘာသာတရားများအပေါ် ဖိနှိပ်မှုပြပုံ
    -တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ပြီး ရှုမငြီးစဖွယ် သာယာတဲ့ တောင်ကြားဒေသရဲ့ ထင်ရှားတဲ့ အစ္စလာမ့်အမှတ်သညာတွေကို တရုတ်အစိုးရက ဖယ်ရှား ဖျောက်ဖျက်ပစ်နေပါတယ်။ ‘မက္ကာအငယ်စားလေး’ လို့ တင်စားရလောက်တဲ့ လင်ရှာမြို့နား ရွာငယ်လေးမှာရှိနေတဲ့ ဗလီတွေရဲ့ အမိုးခုံးတွေ၊ မင်နာရတ် မျှော်စင်တွေဟာ အာဏာပိုင်တွေရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။
    မွန်ဂိုလီးယားအတွင်းပိုင်း၊ ဟီနန်ပြည်နယ်နဲ့ နင်ရှာဒေသတို့မှာလည်း ဒီလို ဖျက်ဆီးမှုတွေ ပြုလုပ်လာပါတယ်။ နင်ရှာဒေသဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာဝင် လူမျိုးစုဖြစ်တဲ့ ‘ဟွေ’ လူမျိုးစုဒေသ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှာလည်း ဗလီ ၃ လုံး အပိတ်ခံရပါတယ်။ ဘေဂျင်းကနေ နင်ရှာဒေသအထိ အာဏာပိုင်တွေဟာ အာရဘီစာပန်းချီတွေ လူမြင်ကွင်းမှာ အသုံးပြုမှုကို ပိတ်ပင်ထားပါတယ်။
    ဒါဟာ ဆယ်စုနှစ်ချီ အထိုက်အလျောက် တံခါးဖွင့်ပေးထားပြီးတဲ့နောက် တစ်ဦးချင်းစီရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို တရုတ် ကွန်မြူနစ်ပါတီက ပြန်လည်ပိတ်ပင်လာတာ ဖြစ်ပါတယ်။ တံခါးဖွင့်ကာလအတွင်းမှာ အလယ်အလတ်ကျတဲ့ အစ္စလာမ်သာသနာ တရုတ်ပြည်မှာ ထွန်းကားလာခဲ့တာပါ။ ရှင်ကျန်းပြည်နယ်က အစ္စလာမ်ဘာသာဝင် ဝီဂါလူမျိုးတွေအပေါ်မှာ စတင်ခဲ့တဲ့ နှိပ်ကွပ်မှုဟာ အခုအချိန်မှာတော့ အခြားဒေသ၊ အခြားလူမျိုးစုတွေအပေါ် ပြန့်နှံ့လာနေပါတယ်။
    အစ္စလာမ်ကို ကျင့်သုံးမှုများလာရင် ဘာသာရေးအစွန်းရောက်ဝါဒ ပေါ်ပေါက်ကာ သူတို့ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်လာလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို ကွန်မြူနစ်ပါတီက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံတစ်ဝှမ်း အစ္စလာမ့် ဓလေ့ထုံးတမ်းတွေ၊ ကျင့်သုံးမှုတွေအပေါ် ကန့်သတ်တားမြစ်မှုတွေကို ကွန်မြူနစ်ပါတီက လုပါနေပါတယ်။ ပါတီရဲ့ လျှို့ဝှက်ညွှန်ကြားမှုနဲ့အညီ လုပ်ဆေင်တာဖြစ်ပြီး ညွှန်ကြားချက်တစ်စိတ်တစ်ပိုင်းကို New York Times သတင်းစာက ဖော်ထုတ် ဖွင့်ချခဲ့ပြီး ဖြစ်ပါတယ်။
    ဒီလုပ်ဆောင်ချက်တွေမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တင်းမာတဲ့ ပေါ်လစီတွေလည်း ပါဝင်ပါတယ်။ ရှီဟာ ကွန်မြူနစ်ပါတီရဲ့ ထိပ်ခေါင်နေရာကို အခိုင်အမာဖြစ်အောင်၊ ပါတီရဲ့ အယူအဆကို လူထုရဲ့နေ့စဉ်ဘ၀ထဲမှာပါ စိမ့်ဝင်လာအောင် လုပ်ဆောင်နေသူပါ။
    ဒါ့ကြောင့် နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအပေါ်မှာ ပြုလုပ်တဲ့ ဖိနှိပ်မှုတွေဟာ နိုင်ငံရဲ့ အခြားဒေသတွေမှာပါ ပေါ်ပေါက်လာပြီး တရုတ်လူ့အဖွဲ့အစည်းမှာ ဝီဂါတွေထက် ပိုပြီး တစ်သားတည်းဖြစ်တဲ့ ဟွေနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစုတွေအပေါ်မှာပါ ပစ်မှတ်ထားလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့နှစ် နင်ရှာပြည်နယ်က ကွန်မြူနစ်ပါတီ ထိပ်တန်းတာဝန်ရှိသူတစ်ဦး ရှင်ကျန်းပြည်နယ်ကို သွားရောက်စဉ် ရှင်ကျန်းအစိုးရကို ချီးကျူးခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ဒေသနှစ်ခု ပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင့်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
    ဒီလိုဖိနှိပ်မှုတွေဟာ ဘာသာရေးယုံကြည်သူတွေကို သီးခြားလူလို့ ရှုမြင်တဲ့ တရုတ်အစိုးရရဲ့ အစ္စလာမ်သာသနာအပေါ် အချိန်အတော်ကြာကတည်းက ရှိနေတဲ့ မုန်းတီးစိတ်ကနေ ဆက်လက် ပေါက်ဖွားတာမျိုး ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Frostburg State တက္ကသိုလ်က ဟွေလူမျိုး ပရော်ဖက်ဆာ မာဟိုင်ယွင်က ပြောကြားခဲ့ပါတယ်။
    “တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အစ္စလာမ်ဆန့်ကျင်ရေး သဘောထားနဲ့ အမုန်းတရားမှာ ကမ္ဘ္ဘာ့ထိပ်တန်းရောက်လာတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။ ဒါကို အစိုးရက အများပြည်သူ ထောက်ခံမှုရစေတဲ့ ပုံစံကို ပြောင်းပြီး ရှင်ကျန်းဒေသနဲ့ တိုင်းပြည်က အခြားနေရာတွေမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ဘေဂျင်းအစိုးရရဲ့ ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာပါတယ်” လို့ Hudson Institute အတွက် မကြာသေးခင်က ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
    အခြားဒေသတွေမှာပြုလုပ်တဲ့ ဖိနှိပ်မှုအသစ်တွေဟာ ရှင်ကျန်းမှာ ဝီဂါတွေကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းထားတာ၊ နောက်ယောင်ခံ စောင့်ကြည့်နေတာလောက်အထိ မဟုတ်သေးပါဘူး။ ဒါပေမယ့် လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ ဟွေလူမျိုးတွေကတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
    “အခု ကျွန်တော်တို့ နောက်ပြန်သွားနေတာပါ” လို့ A n Ran အမည်နဲ့ ကဗျာတွေ စာတွေ ရေးသားဖြန့်ဝေတဲ့ ကျွေဟောင်ရှင်က ဆိုပါတယ်။
    ဘေဂျင်းမြို့တောင်ဘက် ဂျီနန်က သူ့နေအိမ်မှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ သူက အခုလို ပြောကြားခဲ့တာပါ။
    ရှင်ကျန်းက ဝီဂါလူမျိုးစုတွေ တစ်ဖြည်းဖြည်း အနေရကြပ်လာစေတဲ့ နည်းလမ်းတွေဟာ တရုတ်တစ်နိုင်ငံလုံးကို လွှမ်းခြုံသွားတော့မယ်လို့ ကျွေဟောင်ရှင်က ယူဆနေပါတယ်။
    “တစ်နေ့ကြရင် ဒီပုံစံဟာ မွတ်စလင်တွေအတွက် သီးသန့်မဟုတ်တော့ဘဲ လူတိုင်းအပေါ် ထိခိုက်နာကျင်လာစေမှာ ဖြစ်ပါတယ်”
    အစ္စလာမ်ကို တရုတ်ဇာတ်သွင်းခြင်း
    တရုတ်နိုင်ငံမှာ ရာစုနှစ်ချီ အရင်ကတည်းက အစ္စလာမ်ဘာသာဝင်တွေ ရှိနေခဲ့တာပါ။ ၂၂ သန်းကနေ ၃၃ သန်းလောက်ရှိပြီး လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံမှာ လူနည်းစုလေးသာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဟွေနဲ့ ဝီဂါတို့ဟာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ အကြီးမားဆုံး လူမျိုးစုတွေ ဖြစ်ပါတယ်။ ဝီဂါတွေဟာ အဓိကအားဖြင့် ရှင်ကျန်းပြည်နယ်မှာ နေထိုင်ပေမယ့် ဟွေလူမျိုးတွေကတော့ နိုင်ငံတစ်ဝှမ်းမှာ ပြန့်နှံ့ နေထိုင်ကြပါတယ်။
    ဒီကနေ့ သူတို့ ကြုံတွေ့နေရတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ ၂၀၁၅ ခုနှစ်က စတင်ခဲ့တာပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ‘အစ္စလာမ်ဘာသာကို တရုတ်ဇာတ်သွင်းရေး’ ကျွေးကြော်သံနဲ့ စတင်ခဲ့တာဖြစ်ပြီး ဘာသာတရားအားလုံးဟာ တရုတ်ယဉ်ကျေးမှုနဲ့ ကွန်မြူနစ်ပါတီရဲ့ လက်အောက်မှာ ရှိရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ရှီဟာ ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နေ့စဉ်ဘ၀နဲ့ အစိုးရဲ့ လုပ်ငန်းစဉ်တွေမှာ အစ္စလာမ်ဘာသာ ၀င်ရောက်လာခြင်းမရှိအောင် လုပ်ဆောင်ရမယ်လို့ အာဏာပိုင်တွေကို အမိန့်ပေးခဲ့ပါတယ်။
    တရုတ်ပြည်ပြင်ပရောက်နေတဲ့ ဝေဖန်ရေးသမားတွေဟာ အဲဒီညွှန်ကြားချက်တွေထဲက အချို့ကို ကောက်နှုတ်ပြီး The Times သတင်းစာကို ပေးခဲ့ပါတယ်။ ညွှန်ကြားချက်ကို “အခြေအနေသစ်မှာ အစ္စလာမ်ကို ပုံစံပြောင်းရေး” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီညွှန်ကြားချက်ကို အများပြည်သူထံ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ညွှန်ကြားချက်ကို ‘နိုင်ငံတော်ကောင်စီ’ လို့ခေါ်တဲ့ တရုတ်အစိုးရက ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ထုတ်ပြန်တာဖြစ်ပြီး နှစ်ပေါင်း ၂၀ ထိပ်တန်းလျှို့ဝှက်အဆင့်မှာထားဖို့ သတ်မှတ်ထားပါတယ်။
    တရုတ်နိုင်ငံအတွင်း အစ္စလာမ်သာသနာနဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ ဖက်ရှင်တွေနဲ့ ဓလေ့ထုံးတမ်းတွေမှာ အာရပ်ပုံစံဖြစ်နေမှုကို သတိပေးထားပြီး အစ္စလာမ့် အထွဋ်အမြတ်ထားရာ နေရာတွေရှိတဲ့ ဆော်ဒီအာရေဗျရဲ့ လွှမ်းမိုးမှုကို စိုးရိမ်စရာ အကြောင်းအရင်းတစ်ခုအဖြစ် ဖော်ပြထားပါတယ်။
    အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ် အသုံးပြုမှုကို တားမြစ်ဖို့ ညွှန်ကြားထားသလို၊ ဗလီနဲ့ အခြား အစ္စလာမ်အသင်းအဖွဲ့တွေမှာ မူကြိုကျောင်းဖွင့်တာ၊ ကျောင်းချိန်ပြင်ပအတန်းတွေ ဖွင့်လှစ်တာကိုလည်း တားမြစ်ထားပါတယ်။ အာရဘီဘာသာစကား ကျောင်းတွေအနေနဲ့ ဘာသာရေးသင်တာ၊ ဒါမှမဟုတ် ကျောင်းသားတွေကို နိုင်ငံရပ်ခြားလွှတ် ပညာသင်စေတာတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။
    သိသာထင်ရှားတဲ့ ဖိနှိပ်မှုတစ်ခုက ဗလီတွေမှာရှိတဲ့ အမိုးခုံးတွေ၊ မင်နာရတ်တွေ၊ အရှေ့အာရှနဲ့ အာရဘီကမ္ဘ္ဘာနဲ့ ဆက်စပ်နေတဲ့ ဗိသုကာလက်ရာတွေကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
    အမိုးခုံးတွေနဲ့ အာရဘီ စာပန်းချီတွေကို ပစ်မှတ်ထား
    အစ္စလာမ်ဓလေ့ထုံးတမ်းတွေ ပြန့်နှံ့လာတာဟာ နိုင်ငံရဲ့ လူမှုရေးနဲ့ နိုင်ငံရေး သဟာဇာတဖြစ်မှုကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်မှုလို့ ကွန်မြူနစ်အစိုးရက ရှုပြင်ပါတယ်။
    နင်ရှာပြည်နယ်မှာဆိုရင် ပြည်နယ်အစိုးရဟာ အများပြည်သူမြင်နိုင်တဲ့ အာရဘီ စာပန်းချီလက်ရာတွေကို ပိတ်ပင်ခဲ့ပြီး ဟာလာလ်စားသောက်ဆိုင်တွေမှာ အာရဘီနဲ့ ရေးသားထားတဲ့ ဟာလာလ်တံဆိပ်တွေကိုပါ ဖယ်ရှားခဲ့ပါတယ်။ အခုအချိန်မှာတော့ ဟာလာလ်တံဆိပ်ကို တရုတ်စာနဲ့သာ ရေးသားရပါတယ်။ အခုနှစ်နွေရာသီမှာတော့ ဒီလိုလုပ်ဆောင်မှုဟာ ဘေဂျင်းနဲ့ အခြားနေရာတွေအထိ ရောက်ရှိလာပါတယ်။
    အစားအသောက်၊ နို့ထွက်ပစ္စည်းနဲ့ ဂျုံထုတ်လုပ်သူတွေ စားသောက်ဆိုင် ပိုင်ရှင်တွေကို ဟာလာလ်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးတာတွေကိုလည်း ပြည်နည်အစိုး တော်တော်များများက ရပ်ဆိုင်းလိုက်ပါတယ်။ ‘ဟာလာလ်ရေစီးကြောင်း’ ပေါ်ပေါက်လာမှာစိုးတဲ့အတွက် ဒီလိုလုပ်ဆောင်တာလို့ တရုတ်အစိုးရပိုင် သတင်းစာက ရေးသားခဲ့ပြီး ဟာလာလ်ဖြစ်လာတဲ့ အစားအသောက်တွေနဲ့ စားသောက်ဆိုင်တွေ အလွန်များလာပြီလို့ အစိုးရကရှုမြင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
    နင်ရှာနဲ့ ဂန်ဆူပြည်နယ်တွေမှာလည်း ဗလီက ၀တ်ပြုဖို့ နှိုးဆော်သံတွေကို ပိတ်ပင်ထားပါတယ်။
    တရုတ်အာဏာပိုင်တွေဟာ ဗလီအဆောက်အဦးတွေကိုလည်း ပစ်မှတ်ထားလာပါတယ်။ ဂန်ဆူပြည်နယ် လင်ရှာမြို့အနီးက ဂါကျွမ်းဆိုတဲ့ရွာမှာ ဧပြီလတုန်းက ဆောက်လုပ်ရေး လုပ်သားတွေဟာ ဗလီတစ်လုံးပေါ်တက်ပြီး ရွှေရောင်အမိုးခုံးကို ဖြိုချပစ်ခဲ့ကြပါတယ်။ အဲဒီဗလီကို အခုအချိန်အထိ ပြန်မဖွင့်ရသေးပါဘူး။ အခင်းဖြစ်ရာနေရာကို Times က ဂျာနယ်လစ် ၂ ဦး ၀င်ရောက်ဖို့ ကြိုးစားမှုကို အရပ်ဝတ်ရဲတွေက တားမြစ်ခဲ့ပါတယ်။
    ဟွေလူမျိုးစုတွေ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ ယူနန်ပြည်နယ်တောင်ပိုင်းမှာတော့ ပြီးခဲ့တဲ့ဒီဇင်ဘာက အာဏာပိုင်တွေဟာ ရွာသုံးရွာမှာရှိတဲ့ ဗလီ ၃ လုံးကို ချိတ်ပိတ်ခဲ့ပြီး တရားဝင်ခွင့်ပြုချက်မရှိတဲ့အတွက် ဒီလိုလုပ်ဆောင်တာလို့ ပြောကြားခဲ့ပါတယ်။ ဒေသခံတွေက ဆန္ဒပြခဲ့ပေမယ့် ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဘာရလဒ်မှ ထွက်မလာပါဘူး။ ပြည်နယ်အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဒီဗလီဟာ တရားမ၀င် ဘာသာရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တာမျိုး၊ ဘာသာရေးသင်တန်တွေ ဖွင့်တာမျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။
    အဲဒီထဲက ဟွေဟွေဒန်ဆိုတဲ့ရွာက အပိတ်ခံလိုက်ရတဲ့ ဗလီအရှေ့မှာ မာဂျီဝူဟာ မြေးကလေးကိုချီပြီး ရပ်နေပါတယ်။ ဒီဗလီဟာ နေအိမ်တစ်လုံးမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
    အာဏာပိုင်တွေက ၀တ်ပြုဆုတောင်းမှုတွေကို ရွာမှာရှိတဲ့ အစိုးရဗလီမှာ ရွှေ့ပြောင်း လုပ်ဆောင်ဖို့ သတိပေးမှုကို ရှေ့ဆောင်အီမာမ်တွေက လစ်လျူရှုခဲ့တယ်လို့ ဟွေလူမျိုးတွေရဲ့ ရိုးရာဦးထုပ်ကို ၀တ်ဆင်ထားတဲ့ မာက ပြောကြားခဲ့ပါတယ်။ အစိုးရက အသိအမှတ်ပြုထားတဲ့ ဗလီခြံဝန်း အလယ်မှာ တရုတ်အလံတွေ လွှင့်ထူထားပြီး “တိုင်းပြည်ကိုချစ်ခြင်းဟာ ဘာသာတရားကိုချစ်ခြင်းပါပဲ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုလည်း ချိတ်ဆွဲထားပါတယ်။
    “အီမာမ်တွေက နားမထောင်ကြဘူး”
    ဗလီအသေးလေးကို ပိတ်ပစ်လိုက်တာကို မကျေနပ်ပေမယ့် လက်ခံရမယ်လို့ အစိုးဗလီကြီးရဲ့အနားမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ အင်းအားကြီးတဲ့သူတွေ ပြုသမျှ နုရတဲ့ဘ၀ကိုလည်းသူက စကားပုံလေးတစ်ခုနဲ့ တင်စားခဲ့ပါတယ်။
    “ပေဖြစ်တုန်းတော့ ခံနေရအုံးမှာပေါ့လေ”
    Ref: New York Times
    (New York Times သတင်းဌာနတွင် ဖော်ပြထားသည့် A crackdown on Islam is spreading across China ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)