News @ M-Media

Author: Ko Lay

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၄၊ ၂၀၁၉
    M-Media

    ဖီဖာ၏ အကောင်းဆုံးကစားသမားဆု မက်ဆီ ၆ ကြိမ်မြောက် ဆွတ်ခူး
    ================
    ကမ္ဘ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ၂၀၁၉ ခုနှစ်အတွက် ကမ္ဘ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မနေ့က မီလန်မြို့မှာပေးအပ်ခဲ့ရာမှာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီက ရရှိသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် မက်ဆီဟာ ဒီဆုကို ၆ ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီးအခုနှစ်မှာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အကောင်းဆုံးနည်းပြဆုကိုတော့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဂွါဒီယိုလာနဲ့ပိုက်ချက်တီနိုတို့ကို ကျော်ပြီး ရရှိခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို အမေရိကန်တိုက်စစ်မှူး မီဂန် ရာပီနိုးက ရရှိခဲ့ပါတယ်။

    ဘောလုံးပရဟိတအဖွဲ့သို့ ၀င်ကာ လှူဒါန်းမည်ဟု ကလော့ပ်ကြေငြာ
    =================
    ဘောလုံးသမားတွေနဲ့ နည်းပြတွေ စုဖွဲ့ထားတဲ့ ပရဟိတအဖွဲ့ Common Goal မှာ အသင်းဝင်ဖြစ်ပြီး လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မနေ့ကပြုလုပ်တဲ့ ဖီဖာ ဆုပေးပွဲအခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ Common Goal အဖွဲ့ကို မန်ယူကွင်းလယ်လူ ဂျူအန်မာတာက ၂၀၁၇ ခုနှစ် သြဂုတ်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေဟာ ရတဲ့လစာရဲ့ ၁ ရာခိုင်နှုန်းကို လှူဒါန်းရတာပါ။ အသက် ၅၂ နှစ်အရွယ် ကလော့ပ်ဟာ တစ်နှစ်ကို ပေါင် ၁၀ သန်းလောက် ၀င်ငွေရှိနေတာဖြစ်ပါတယ်။ အဖွဲ့ဝင်ဖြစ်ရတဲ့အတွက် ပျော်ရွှင်မိပြီး အဖွဲ့ကိုမသိရင် Google မှာရှာဖွေကာ အသင်းဝင်နိုင်တယ်လို့လည်း ကလော့ပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အောင်မြင်မှုပြန်ယူရန် မန်ယူတစ်သင်းလုံး စိတ်ပိုင်းဖြတ်ထား
    =======================
    အောင်မြင်မှုတွေ၊ ဖလားတွေ ရရှိအောင် လုပ်ဆောင်ဖို့အတွက် အသင်းကလူတိုင်းဆုံးဖြတ်ချက် ချထားတယ်လို့ မန်ယူအသင်းရဲ့ အမှုဆောင်ဒုတိယဥက္ကဌ အဒ် ၀ုဒ်ဝါ့ဒ်က ပြောကြားလိုက်ပါတယ်။ နည်းပြ ဖာဂူဆန် ထွက်ခွာသွားတဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ၆ ရာသီမှာ မန်ယူဟာ တစ်ရာသီသာ အဆင့် ၃ နေရာဝင်နိုင်ခဲ့ပြီး၊ ၃ ရာသီကတော့ချန်ပီယံလိဂ် မ၀င်နိုင်ခဲ့ပါတယ်။ အခုနှစ်မှာလည်း ၆ ပွဲကစားပြီးချိန် အဆင့် ၈ နေရာကိုရောက်ရှိနေပါတယ်။ ဝုဒ်ဝါ့ဒ်က ၀င်ငွေအရကြည့်ရင် အသင်းက အောင်မြင်နေပေမယ့် ဆုဖလားတွေရရှိအောင်လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်မှန်းချက်ကို ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • ရန်ကုန်-ဒလ တံတားသစ်အပေါ် ဒေသခံတွေ ဘယ်လောက်အထိ မျှော်လင့်နေလဲ

    ရန်ကုန်-ဒလ တံတားသစ်အပေါ် ဒေသခံတွေ ဘယ်လောက်အထိ မျှော်လင့်နေလဲ

    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media

    ရန်ကုန်ဆိပ်ကမ်းမှ မြင်ကွင်း

    -ရွှံ့ရေအပြည့်နဲ့ ရန်ကုန်မြစ်ကနေ မီတာအနည်းငယ်အကွာ မြစ်ကမ်းနဖူးက ခနော်နီ ခနော်နဲ့ နေရာလေးမှာ လက်ဖက်ရည်ဆိုင် ဖွင့်ထားတဲ့ မခင်သန်းမြင့်တစ်ယောက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာ ရန်ကုန်မြို့နဲ့ ဆက်သွယ်ပေးမယ့် တံတားကြီးကြောင့် ချမ်းသာလာတော့မယ်ဆိုတဲ့ အိပ်မက်တွေ မက်နေပါတယ်။

    “မြန်လေ၊ ကောင်းလေပါပဲ” လို့ အသက် ၅၈ နှစ်အရွယ် ခင်သန်းမြင့်က ပြောကြားခဲ့ပါတယ်။ သူမရဲ့ လက်ဖက်ရည်ဆိုင်တည်ရှိရာ ဒလမြို့နဲ့ ရန်ကုန်မြို့တို့ကို ဆက်သွယ်ပေးမယ့် ကန်ဒေါ်လာ ၁၆၈ သန်းတန် တံတားအကြောင်းကို ပြောပြတာပါ။

    ရန်ကုန်မြစ်ကိုဖြတ်ဆောက်မယ့် အဲဒီတံတားဟာ ၂၀၂၂ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပြီး မဖွံ့ဖြိုးသေးတဲ့ ဒလမြို့ကနေ ထောင်သောင်းချီတဲ့လူတွေ သင်္ဘောနဲ့ ဖြတ်ကူးရတဲ့ ဒုက္ခကို သက်သာစေမှာ ဖြစ်ပါတယ်။

    ညဖက် သိပ်နောက်ကျတဲ့အတွက် နာမကျန်းသူတွေ ရန်ကုန်က ဆေးရုံတွေကို အချိန်မီမရောက်နိုင်တဲ့ ကိစ္စမျိုးတွေ ရှိနေတယ်လို့ မခင်သန်းမြင့်က ပြောပါတယ်။

    ဒါပေမယ့် တံတားပြီးသွားရင်တော့ ရန်ကုန်ကို လမ်းလျှောက်သွားရုံပဲလို့ အပြုံးတစ်ပိုင်းနဲ့ သူက ဆိုပါတယ်။

    ရန်ကုန်မြို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံနေတဲ့အချိန် ဒလမြို့က ပြည်သူတွေကတော့ အပြောင်းအလဲတွေကို မြစ်ကိုကျော်ပြီးသာ ရှုမြင်နေရတာပါ။

    ကြယ်ငါးပွင့်ဟိုတယ်တွေ၊ တလက်လက်တောက်ပနေတဲ့ ရှော့ပင်းမောလ်တွေ၊ ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်တွေကို ရွှေတိဂုံစေတီတော်က ထွက်ပေါ်လာတဲ့ ရွှေအိုရောင် အလင်းနဲ့အတူ မိုးကုပ်စက်ဝိုင်းမှာ တွေ့မြင်နေရပါတယ်။

    ဒလမြို့မှာတော့ စပါးခင်းတွေကြား ဆိတ်တွေ လျှောက်သွားနေတာ၊ ရန်ကုန်မှာတားမြစ်ထားတဲ့ ဆိုင်ကယ်တွေ၊ တုတ်တုတ်တွေနဲ့ အပေါက် တစ်ရာလောက်ရှိတဲ့ လမ်းတွေမှာ ရှောင်ကွင်း မောင်းနှင်ရတာတွေကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။

    ဒီကမ္ဘ္ဘာကြီးနှစ်ခုကို ဆက်သွယ်ပေးထားတာကတော့ ပုံမှန်ထွက်နေကြ ကူးတို့သင်္ဘောတွေ၊ သစ်သား သဗ္မာန်တွေသာ ဖြစ်ပါတယ်။

    အနာဂတ်မှာ ရွှေအိုးထမ်းရမလား

    ရာစုနှစ် တစ်ဝက်နီးပါးလောက် စစ်အုပ်ချုပ်ရေးစနစ် သက်ဆိုးရှည်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ စတင်ပွင့်လင်းလာပါတယ်။

    နောက်ထပ် ၇ နှစ်အတွင်း ရန်ကုန်မှာ တစ်နိုင်ငံလုံးက ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ထက်ဝက်နီးပါး ကန်ဒေါ်လာ ၂၅.၈ ဘီလီယံလောက် ၀င်လာခဲ့တယ်လို့ PricewaterhouseCoopers အဖွဲ့က ပြောပါတယ်။

    လူနေမှုအဆင့်အတန်းတွေ မြင့်မားလာပေမယ့် နိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံလောက်ကတော့ ဆင်းရဲတွင်းထဲမှာ နစ်နေကြပြီး၊ အခြေခံအဆောက်အဦးတွေ မပြည့်စုံသလို၊ တိုင်းပြည်ရဲ့ နေရာတော်တော်များများမှာလည်း ပဋိပက္ခတွေ ဖြစ်နေပါတယ်။

    ရန်ကုန်မှာ တိုးတက်ဖွံ့ဖြိုးလာတာကြောင့် သင်္ဘောတွေ ဥဒဟိုသွားလာနေတဲ့ ရန်ကုန်မြစ်ထဲမှာ သဗ္မာန်နဲ့ ခရီးသည်တွေ ပို့ဆောင်ပေးနေရသူတွေ အပါအ၀င် ဒလမြို့မှာနေထိုင်သူ တော်တော်များများအတွက် အလုပ်အကိုင်တွေလည်း ပွင့်လာပါတယ်။

    ၁၄ နှစ်လုံးလုံး သဗ္မာန်မောင်းခဲ့တဲ့ ကိုအောင်မျိုးဝင်းက တံတားသစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။

    တံတားကြောင့် သူအပါအ၀င် အခြား သဗ္မာန်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်မယ်ဆိုတာကိအသက် ၄၅ နှစ်အရွယ်သူက သိနေပေမယ့် ပိုကောင်းတဲ့အနေအထားကို သူက မြင်နေပါတယ်။

    “တံတားက ပြည်သူတွေအတွက်ပါ။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့လည်း စွန့်လွှတ် စတေးပေးရမှာပေါ့ဗျာ” လို့ တံတားတည်ဆောက်ရေးစီမံကိန်းအနီးက သင်္ဘောဆိပ်မှာ ကိုအောင်မျိုးဝင်းက ပြောကြားခဲ့ပါတယ်။ ဒီတံတားကို တောင်ကိုရီးယားက ငွေကြေး ထောက်ပံ့မှုနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့ တောင်ပိုင်းခရိုင်တွေဟာ စိမ့်မြေတွေဖြစ်တာကြောင့် မြောက်ဖက်ကျတဲ့အပိုင်းတွေမှာ ပိုပြီး တိုးတက်အောင် လုပ်ဆောင်ကျတာလို့ Asia Foundation က မြို့ပြရေးရာ ကျွမ်းကျင်သူ ဒေးဗစ်နေးက ပြောကြားခဲ့ပါတယ်။

    “ဒလကလည်း ဆိုင်းငံ့ဒေသထဲမှာ ပါဝင်ပါတယ်”

    ဒါပေမယ့် ဒီအခြေအနေဟာ အခုအချိန်မှာတော့ ပြောင်းလဲစ ပြုလာပါပြီ။

    တောင်ကိုရီးယားနဲ့ တရုတ်တို့က ငွေကြေးထောက်ပံ့ပေးမယ့် ကြီးမားတဲ့ စက်မှုဇုန်ကြီးတစ်ခုကိုရန်ကုန်မြစ်ရဲ့ တောင်ဖက်နဲ့ အနောက်ဖက်မှာ တည်ဆောက်ဖို့အတွက် စဉ်စားမှုတွေလည်း ရှိလာပါတယ်။

    ဒါပေမယ့် တစ်ချို့တွေကတော့ ဒီလို အလျင်အမြန် တိုးတက်ပြောင်းလဲမှုတွေ တကယ်ဖြစ်လာမလား ဆိုတာကို စောင့်ကြည့်နေကြပါတယ်။

    ရန်ကုန်မြို့မှာ တက္ကဆီမောင်းနေတဲ့ အသက် ၆၈ နှစ်အရွယ် ဦးချစ်ညွန့်က ရန်ကုန်မြစ် မြောက်ဖက်ကမ်းမှာ လူချမ်းသာတွေက ပိုပိုချမ်းသာလာကြပြီး ဆင်းရဲသားတွေကလည်း ပိုမိုဆင်းရဲလာကြတယ်လို့ ဆိုပါတယ်။

    “အိမ်ခန်းငှားခမြင့်တာ၊ ကုန်ဈေးနှုန်း ကြီးတာတွေကြောင့် လူတွေဟာ လောက်ငှဖို့တောင် မနည်းလုပ်နေရပါတယ်”

    ဒလက မခင်သန်းမြင့်ကတော့ တံတားသစ်အပေါ် မျှော်လင့်ချက်ကြီးကြီး ထားနေပါတယ်။

    “အိမ်လေးတစ်လုံး ကောင်းကောင်းလေးဆောက်ချင်တယ်။ ရန်ကုန်မှာလို စားသောက်ဆိုင် ကြီးကြီးနဲ့ တစ်ခြားဆိုင်လေးတွေလည်း ဖွင့်ချင်ပါတယ်”

    Ref: AFP

    (AFP သတင်းဌာနတွင် ဖော်ပြထားသည့် Bridging the gap: Yangon’s boom falls short across river ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

  • ရာသီဥတုပြောင်းလဲမှုကိစ္စ ကမ္ဘ္ဘာ့ပညာရှင်များ အာတိတ်ဒေသသို့ သွားရောက် လေ့လာမည်

    ရာသီဥတုပြောင်းလဲမှုကိစ္စ ကမ္ဘ္ဘာ့ပညာရှင်များ အာတိတ်ဒေသသို့ သွားရောက် လေ့လာမည်

    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာ့နိုင်ငံပေါင်း ၁၉ သိပ္ပံပညာရှင်တွေဟာ ကမ္ဘ္ဘာ့မြောက်ဖက်စွန်းက အာတိတ်ဒေသကို သွားရောက်ပြီး ရာသီဥတုပြောင်းလဲမှုကို အနီးကပ်လေ့လာဖို့ စီစဉ်နေပါတယ်။

    နော်ဝေနိုင်ငံမြောက်ပိုင်း ထရွမ်ဆိုးမြို့ကနေ Polarstern ရေခဲခွဲသင်္ဘောနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်တွေ လိုက်ပါသွားမှာဖြစ်ပြီး လေ့လာမှုကို အလှည့်ကျ လုပ်ဆောင်ကြမှာပါ။

    “အာတိတ်ဒေသဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အဓိကဗဟိုချက်ဖြစ်တာကြောင့် ကျွန်တော်တို့ သွားချင်တာပါ” လို့ စီမံကိန်းကို ဦးဆောင်သူ သိပ္ပံပညာရှင် မာကွတ်စ် ရက်စ်က ပြောကြားခဲ့ပါတယ်။

    ရက်စ်ဟာ ဂျာမနီ Alfred Wegener အင်စတီကျုက သိပ္ပံပညာရှင်လည်း ဖြစ်ပါတယ်။

    Mosaic လို့အမည်ပေးထားတဲ့ အဲဒီအဖွဲ့ဟာ ဆောင်းရာသီအတွင်း အာတိတ်ဒေသမှာ သွားရောက်လေ့လာတဲ့ ပထမဆုံး သိပ္ပံပညာရှင်များအဖွဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။

    “ဆောင်းရာသီမှာ တစ်ခါမှ ကျွန်တော်တို့ မသွားဖူးတာကြောင့် အာတိတ်ဒေသရဲ့ ရာသီဥတုအခြေအနေကို ကျွန်တော်တို့ နားမလည်ကြပါဘူး”

    စီမံကိန်းကာလမှာ ပညာရှင်တွေဟာ အာတိတ်ဒေသအလယ်ပိုင်းက အဓိက ရာသီဥတု ဖြစ်စဉ်တွေကို လေ့လာမှာဖြစ်ပြီး၊ ရလဒ်တွေကြောင့် အနာဂတ်မှာ ရာသီဥတု ခန်းမှန်းချက်တွေကို ပိုမို တိတိကျကျ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

    Ref: Reuters

  • မည်သည့်ကျူးကျော်သူကိုမဆို ချေမှုန်းမည်ဟု အီရန်ပြော

    မည်သည့်ကျူးကျော်သူကိုမဆို ချေမှုန်းမည်ဟု အီရန်ပြော

    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media


    တ်ာလှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဆာလာမီ

    -အီရန်အနေနဲ့ ဘယ်လိုကျူးကျော်သူမျိုးကိုမဆို လိုက်လံတိုက်ခိုက်မှာဖြစ်ပြီး၊ တစ်ဖက်က အကန့်အသတ်နဲ့ တိုက်ခိုက်လာရင်တောင် မိမိတို့က အပြီးတိုင် ချေမှုန်းသွားမယ်လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဆာလာမီက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ဆော်ဒီက ရေနံထုတ်လုပ်ရာနေရာတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် ဆော်ဒီ၊ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။ ယီမင်က ဟူသီသူပုန်အဖွဲ့က တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ အမေရိကန်နဲ့ ဆော်ဒီက အီရန်လက်ချက်မကင်းဘူးလို့ ဆိုပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

    တုန့်ပြန်ဖို့အတွက် အဆင့်သင်ပြင်ထားတယ်လို့ အမေရိကန်ကပြောထားသလို၊ ဆော်ဒီကလည်း စုံစမ်းစစ်ဆေးမှုတွေပြီးရင် လုပ်ဆောင်တဲ့သူကို ချေမှုန်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

    “သတိထားကြပါ။ အကန့်အသတ်နဲ့ ကျူးကျော်မှု ဆိုပေမယ့်လည်း တုန့်ပြန်မှုက အကန့်အသတ်ရှိမှာ မဟုတ်ပါဘူး။ ကျူးကျော်သူ လုံးဝပျက်သုဉ်းသွားတဲ့အထိ ကျွန်တော်တို့ လိုက်လံချေမှုန်းသွားမှာပါ” လို့ ဆာလာမီက မနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အီရန်က ဆော်ဒီရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှုမှာ ပါဝင်မှုမရှိဘူးလို့ ပြောဆိုထားပါတယ်။

    ဆော်ဒီကို အမေရိကန်စစ်တပ်တွေ၊ ဒုံးခွင်းစနစ်တွေ စေလွှတ်ဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ လေကြောင်းဌာန အကြီးအကဲ အမီရာလီ ဟာဂျီဇာဒါဟ်ကလည်းအီရန်အပေါ် လုပ်ဆောင်လာတဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ထိထိရောက်ရောက် တုန့်ပြန်သွားမယ်လို့ IRNA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဘာသာကြီး ၃ ခု၏ ၀တ်ကျောင်များပါဝင်သော အထိမ်းအမှတ်နေရာ တည်ဆောက်မည်

    အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဘာသာကြီး ၃ ခု၏ ၀တ်ကျောင်များပါဝင်သော အထိမ်းအမှတ်နေရာ တည်ဆောက်မည်

    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media

    အဆောက်အဦးဒီဇိုင်း

    -အဘူဒါဘီမြို့မှာ ဂျူးဘုရားကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီဝတ်ကျောင်းတော်တို့ ပါဝင်မယ့် အထိမ်းအမှတ်နေရာတစ်ခု ဖန်တီးသွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) အာဏာပိုင်တွေက ကြေငြာလိုက်ပါတယ်။

    Abrahamic Family House လို့ အမည်ပေးမယ့် အဲဒီ အထိမ်းအမှတ်နေရာကို လက်ရှိမှာ စတင်အကောင်အထည်ဖော်နေပြီး ၃ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်။

    စီမံကိန်းဟာ ယူအေအီး လူသားထုချစ်ကျည်ရင်းနှီးရေး အဆင့်မြင့်ကော်မတီ ( Higher Committee of Human Fraternity) က ဆောင်ရွက်တဲ့ ပထမဆုံး စီမံကိန်းလည်း ဖြစ်ပါတယ်။

    ကော်မတီရဲ့ ရည်ရွယ်ချက်က ဘာသာစုံ၊ လူမျိုးစုံ၊ အသိုင်းအဝိုင်းစုံက လူတွေအကြား အပြန်အလှန် လေးစားမှု၊ ဆွေးနွေးညှိနှိုင်းမှုတွေ ပိုမိုအားကောင်းလာစေဖို့ ဖြစ်ပါတယ်။

    အခုနှစ် ဖေဖော်ဝါရီလ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ယူအေအီးနိုင်ငံကို လာရောက်စဉ်မှာ အီဂျစ် အလ်-အဇ်ဟာရ် အစ္စလာမ်တက္ကသိုလ်က မွဖ်သီ ဒေါက်တာ အဟ်မဒ် အလ် တိုင်ယစ်ဘ်နဲ့ တွေ့ဆုံကာ ‘ကမ္ဘ္ဘာကြီးငြိမ်းချမ်းရေးနှင့် ညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ရေး စာတမ်း’ တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။

    ယူအေအီးရဲ့ လူသားထုချစ်ကျည်ရင်းနှီးရေး အဆင့်မြင့်ကော်မတီက ဒီစာတမ်းပါ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    Abrahamic Family House ကို အဘူဒါဘီက ဆာဒီယက်ကျွန်းမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ဂျူးဘုရားကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗလီဝတ်ကျောင်းတော်တွေကို အတူတကွ တည်ဆောက်ကာ မတူညီတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေအကြား စည်းလုံးညီညွတ်မှု ပိုမိုရရှိလာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    အဆောက်အဦးဒီဇိုင်းကို နာမည်ကျော် ဗိသုကာပညာရှင် ဆာ ဒေးဗစ် အဒ်ဂျာယီက ဆွဲပေးထားတာပါ။

    Ref: Gulf News