News @ M-Media
Author: Ko Lay
  • လက်နက်ကိုင်ဆောင်မှုကို နယူးဇီလန်က ထပ်မံတင်းကြပ်မည်
    လက်နက်ကိုင်ဆောင်မှုကို နယူးဇီလန်က ထပ်မံတင်းကြပ်မည်
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    နယူးဇီလန်ဝန်ကြီးချုပ်ကို လွှတ်တော်၌ တွေ့ရစဉ်
    -ဥပဒေ အားနည်းချက်ကြောင့် လူဖြူအမျိုးသားရေးအစွန်းရောက်တွေ ဆီမီးအော်တို သေနတ် ပိုင်ဆိုင်နိုင်တာကို တွေ့ရှိခဲ့ပြီးတဲ့နောက် နယူးဇီလန်က လက်နက်ကိုင်ဆောင်မှု ဥပဒေကို ထပ်မံ တင်းကြပ်ဖို့ စီစဉ်နေပါတယ်။
    သေနတ်ကိုင်ဆောင်ခွင့် ထပ်မံတင်းကြပ်မယ့် ဥပဒေတစ်ခုကို ၀န်ကြီးချုပ် ဂျာဆင်ဒါ အာရ်ဒန်က ဒီကနေ့ လွှတ်တော်မှာ ကြေငြာလိုက်တာပါ။
    မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို လူဖြူအစွန်းရောက်တစ်ဦးက ၀င်ရောက်အကြမ်းဖက်မှုကြောင့် လူ ၅၁ ဦးသေဆုံးတဲ့ ဖြစ်ရပ်အပြီး ၆ လအကြာမှာ နယူးဇီလန်က သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ဒုတိယမြောက် တင်းကြပ်တာလည်း ဖြစ်ပါတယ်။
    ” သေနတ်ကိုင်တယ်ဆိုတာ အခွင့်အရေး မဟုတ်ပါဘူး။ အခွင့်ထူးပါ။ တိုက်ခိုက်မှုကြောင့် ဥပဒေအားနည်းချက်တွေကို သိလာရပြီး ပြင်ဆင်ဖို့လည်း ကျွန်မတို့မှာ စွမ်းအား ရှိနေပါတယ်။ ဒါကို မဖြေရှင်းဘူးဆိုရင် ကျွန်မတို့ဟာ တာဝန်ခံမှုရှိတဲ့အစိုးရ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဒီကနေ့ ဥပေဒမူကြမ်း တင်သွင်းမှုမှာ အာရ်ဒန်က ပြောကြားခဲ့ပါတယ်။
    မူကြမ်းမှာ ‘တရားဝင် လက်နက်ကိုင်ဆောင်သူတိုင်းကို စာရင်းပြုစုထားပြီး စောင့်ကြည့်ရမယ်’ ဆိုတဲ့အချက်၊ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ကို အရင်က ၁၀ နှစ်တစ်ကြိမ် သက်တမ်းတိုးရာကနေ ၅ နှစ်တစ်ကြိမ် သက်တမ်းတိုးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
    အချက်အလက် အသေးစိတ်ကို အများပြည်သူ သိရှိအောင် နယူးဇီလန်အစိုးရကထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ မူကြမ်းဆွေးနွေးမှုကို နယူးဇီလန်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင်လုပ်ဆောင်မှာပါ။
    ခရိုက်ချက်မြို့ကဗလီတွေ တိုက်ခိုက်ခံရမှုနောက်ပိုင်း သီတင်းပတ်အနည်းငယ် အကြာမှာပဲ နယူးဇီလန်လွှတ်တော်ဟာ စစ်တပ်သုံး ဆီးမီးအော်တိုသေနတ်တွေ ကိုင်ဆောင်ခွင့် ပိတ်ပင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။
    လူဦးရေ ၅ သန်းအောက်သာရှိတဲ့ နယူးဇီလန်နိုင်ငံမှာ လက်နက်ပေါင်း ၁.၅ သန်းလောက် ပြန့်နှံ့နေပြီး အရပ်သားတွေ သေနတ်ကိုင်ဆောင်မှုအများဆုံးနိုင်ငံတွေစာရင်းမှာ အဆင့် ၁၇ နေရာ ရှိနေပါတယ်။
    အကြမ်းဖက်မှု ၆ လပြည့်အဖြစ် ခရိုက်ချက်မြို့ကိုရောက်နေတဲ့ အာရ်ဒန်က တိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားရသူတွေရဲ့ စိတ်ဒဏ်ရာကို ကုသနိုင်ရေး ငွေကြေး ပိုမိုသုံးစွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • မြောက်ဦးမြို့ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုထံ အဆိုပြုလွှာ တင်သွင်းမည်
    မြောက်ဦးမြို့ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုထံ အဆိုပြုလွှာ တင်သွင်းမည်
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    photo credit – mmtimes
    -ရခိုင်ပြည်နယ်က မြောက်ဦးမြို့ကို ကမ္ဘ္ဘာအမွေအနှစ်စာရင်း သွင်းနိုင်ရေးအတွက် ယူနက်စကိုထံ အဆိုပြုချက် တင်သွင်းသွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဦးလွင်က မြောက်ဦးမှာရှိတဲ့ ထိတွေ့ကိုင်တွယ်နိုင်တဲ့ အမွေအနှစ်တွေ၊ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အမွေအနှစ်တွေအားလုံးကို အဆိုပြုချက်မှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။
    “လျှောက်လွှာ တင်သွင်းမယ့်ရက်ကို အတိအကျကို မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ဒီလအတွင်း ဖြစ်မှာပါ။ နောက်ဆုံး အဆိုပြုချက်ကိုတော့ ဒီဇင်ဘာလမှာ တင်သွင်းမှာ ဖြစ်ပါတယ်”
    ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရေး လျှောက်လွှာကို ယူနက်စကိုထံ စက်တင်ဘာလကုန်ထက် နောက်မကျဘဲ တင်သွင်းရမှာ ဖြစ်ပါတယ်။
    မြောက်ဦးဒေသဟာ ထူးခြားတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများအပြား ရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၁၅ ရက်နေ့က အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား
    ဖြစ်ပွားတဲ့ တိုက်ပွကြောင့် ရှေးဟောင်းနေရာတစ်ချို့ ပျက်ဆီးခဲ့ပြီး ပညာရှင်တွေကတော့ ဒီအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။
    မြန်မာနိုင်ငံမှာ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်တဲ့နေရာ ၂ ခုရှိပြီး ဧရာဝတီတိုင်းဒေသကြီးက ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့တွေနဲ့ မန္တလေးတိုင်းဒေသကြီးက ပုဂံမြို့တို့ ဖြစ်ပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • နေအဖွဲ့အစည်း အပြင်ဘက်တွင် ကမ္ဘ္ဘာနှင့်တူသည့် ဂြိုဟ်တစ်လုံး တွေ့ရှိ
    နေအဖွဲ့အစည်း အပြင်ဘက်တွင် ကမ္ဘ္ဘာနှင့်တူသည့် ဂြိုဟ်တစ်လုံး တွေ့ရှိ
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    -ကမ္ဘ္ဘာတည်ရှိရာ နေအဖွဲ့အစည်းအလွန်က ဂြိုဟ်တစ်ခုရဲ့ လေထုမှာ ရေခိုးရေငွေ့တွေကို တွေ့ရပြီး၊ အပူချိန်ကလည်း သက်ရှိတွေနေထိုင်နိုင်မယ့် အခြေအနေ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
    K2-18b လို့ အမည်ပေးထားတဲ့ အဲဒီဂြိုဟ်ဟာ နေအဖွဲ့အစည်းကနေ အလင်းနှစ်ပေါင်း ၁၁၀ အကွာအဝေးမှာ တည်ရှိနေတာပါ။
    လန်ဒန်တက္ကသိုလ် အာကာသအချက်အလက်ဆိုင်ရာစင်တာက နက္ခတဗေဒပညာရှင်တွေက ဒီဂြိုဟ်ကို နာဆာရဲ့ Hubble Space တယ်လီစကုပ်နဲ့ လေ့လာပြီးတဲ့နောက် သူတို့ရဲ့တွေ့ရှိချက်ကို Nature Astronomy ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့က ရေးသားခဲ့ပါတယ်။
    “ကမ္ဘ္ဘာလွဲပြီး လူနေထိုင်နိုင်တယ်လို့ထင်ရတဲ့ အခြားဂြိုတစ်ခုမှာ ရေကိုရှာတွေ့တာဟာ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်”
    K2-18b ဟာ ကမ္ဘ္ဘာကြီးထက် ၂ ဆကြီးပြီး ၈ ဆလောက် ပိုမိုသိပ်သည်းတာကြောင့် ဆွဲအားလည်း ကမ္ဘ္ဘာကြီးထက် အလွန်အမင်းများပြားဖို့ရှိတယ်လို့ ဆိုပါတယ်။
    “K2-18b ကို ‘ဒုတိယကမ္ဘ္ဘာ’ လို့ပြောလို့မရပါဘူး။ အလွန်အမင်းသိပ်သည်းပြီး၊ လေထုဖွဲ့စည်းပုံကလည်း မတူပါဘူး။ ဒါပေမယ့် ‘ကမ္ဘ္ဘာကြီးဟာ ထူးခြားတဲ့ဂြိုဟ်လား’ ဆိုတဲ့ မေးခွန်းအတွက် အဖြေရဖို့ ပိုပြီး နီးစပ်လာပါတယ်”
    နာဆာက K2-18b ဂြိုဟ်ဟာ K2-18 ကြယ်ကို လှည့်ပတ်နေပြီး၊ ဓာတ်ရောင်ခြည် ပိုမိုများပြားနိုင်တာကြောင့် ကမ္ဘ္ဘာထက်ပိုပြီး ကြမ်းတမ်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။
    နေကအလင်းတန်းဟာ ကမ္ဘ္ဘာကိုရောက်ဖို့ ၇ မိနစ်ကနေ ၈ မိနစ်အထိသာ ကြာပေမယ့် K2-18b ဂြိုဟ်ကိုရောက်ဖို့ နှစ် ၁၀၀ လောက် ကြာမြင့်တာကြောင့် မိမိတို့ ရိုက်ယူထားတဲ့ K2-18b ပုံရိပ်ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပုံရိပ်သာဖြစ်ကြောင်း၊ လူတွေသွားရောက်ဖို့ မဖြစ်နိုင်ကြောင်း နာဆာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    နာဆာရဲ့ Kepler Space တယ်လီစကုပ်နဲ့ လေ့လာမှုအတွင်း ကမ္ဘ္ဘာနဲ့ နက်ပကျွန်းဂြိုဟ်ကြား အရွယ်ရှိပြီး သက်ရှိတွေ ရှင်သန်နိုင်မယ်လို့ ယူဆရတဲ့ ဂြိုဟ်ပေါင်း ရာချီ တွေ့ရှိထားပါတယ်။
    Ref: Aljazeera
  • ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ထူးဆောင်ဆု လုံးဝရုပ်သိမ်းရေး ဆုံးဖြတ်ချက်ကို  လန်ဒန်မြို့ကော်ပိုရေးရှင်းက ပယ်ဖျက်
    ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ထူးဆောင်ဆု လုံးဝရုပ်သိမ်းရေး ဆုံးဖြတ်ချက်ကို လန်ဒန်မြို့ကော်ပိုရေးရှင်းက ပယ်ဖျက်
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    -နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင်ဆု
    Honorary Freedom လုံးဝရုပ်သိမ်းရေးအစီအစဉ်ကို လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ပယ်ဖျက်လိုက်ပြီး ယာယီရုပ်သိမ်းဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။
    ကော်ပိုရေးရှင်းရဲ့ အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်တဲ့ ဒီဆုကို ၂၀၁၇ ခုနှစ် မေလက ပေးအပ်ချီးမြှင့်ခဲ့တာပါ။ ‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေး အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့မှု၊ ပြည်တွင်တွေ ငြိမ်းချမ်း၊ လွတ်လပ်ပြီး လုံခြုံတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရေး မဆုတ်မနစ် ကြိုးပမ်းခဲ့မှု’ ကို ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။
    ဒါပေမယ့် မြန်မာနိုင်ငံ အနောက်ပိုင်းက ရိုဟင်ဂျာလူမျိုးစုအပေါ် စစ်တပ်က ကျူးလွန်မှုတွေကို ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုပြီး ဒီဆုကို ပြန်လည်ရုပ်သိမ်းဖို့အတွက် အခုနှစ် ဇန်နဝါရီလမှာ ကော်ပိုရေးရှင်းက ဆုံးဖြတ်ခဲ့ပြီး ဆုပြန်လည်ရုပ်သိမ်းရေး လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
    ဒီလုပ်ငန်စဉ်အတွင်း မြန်မာနိုင်ငံက အခြေအနေတွေကို နားလည်ဖို့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအမှန်ကို နားလည်သိရှိနိုင်ဖို့ အဟန့်အတားတွေ ရှိခဲ့တယ်လို့ ကော်ပိုရေးရှင်းက ပြောပါတယ်။
    မနေ့က မဲခွဲမှုမှာတော့ Honorary Freedom ဆု လုံးဝရုပ်သိမ်းရေးအစား၊ ယာယီ ရုတ်သိမ်းမှုကိုသာ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
    “မြန်မာနိုင်ငံက အကြမ်းဖက်မှု၊ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ဆက်လက်ပြီး လစ်လျူရှုထားလို့ မရတော့ဘူးဆိုတဲ့ ပြတ်သားတဲ့သတင်းစကားတစ်ခုကို လန်ဒန်မြို့တော် ကော်ပိုရေးရှင်းက ပါးချင်ပါတယ်။ Freedom applications ကော်မတီအနေနဲ့ အခုဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားသွားပါမယ်” လို့ Freedom applications ကော်မတီရဲ့ ဥက္ကဌ ဆာ ဒေးဗစ် ဝေါ့တွန်က ပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံက အခြေအနေတွေကို အဆုံးစွန်သော ပုံစံနဲ့ ရှုတ်ချရမယ်လို့ ကော်မတီက ပြောခဲ့ပေမယ့်၊ တာဝန်ယူမှု အနေအထားကို မသိရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဝေဖန်သုံးသပ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။
    ရိုဟင်ဂျာတွေ ကျူးလွန်ခံရမှုကို ရှုတ်ချဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အောက်စဖို့ဒ်မြို့၊ ဒက်ဘလင်မြို့တွေက သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင်ဆုတွေကို ရုပ်သိမ်းခဲ့ပါတယ်။
    Ref: Cityam.com
  • ကမ္ဘ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေးကို ကင်ညာနိုင်ငံတွင် စတင်အသုံးပြုမည်
    ကမ္ဘ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေးကို ကင်ညာနိုင်ငံတွင် စတင်အသုံးပြုမည်
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    -နှစ်ပေါင်း ၃၀ ကြာ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် ကမ္ဘ္ဘာပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေးကို ကင်ညာနိုင်ငံမှာ သောကြာနေ့ကစပြီး တရားဝင် ထိုးပေးတော့မှာ ဖြစ်ပါတယ။
    ဒီကာကွယ်ဆေးကို ကလေးငယ်တွေ ပုံမှန်ထိုးနေကျ ကာကွယ်ဆေး အစီအစဉ်မှာ ထည့်သွင်းမှာဖြစ်ပြီး ၂ နှစ်မပြည့်ခင်မှာ ၄ ကြိမ်ထိုးရမှာပါ။ လာမယ့် ၃ နှစ်အတွင်း ကင်ညာနိုင်ငံက ကလေးငယ် ၃ သိန်းကျော်လောက်ကို ထိုးပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
    အခုကာကွယ်ဆေးဟာ ငှက်ဖျားပိုး ကာကွယ်နိုင်စွမ်းကို ကိုယ်ခံစွမ်းအားထဲမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
    စမ်းသပ်မှုတွေအရ ကလေးငယ် ၁၀ ဦးမှာ ၄ ဦးကို ငှက်ဖျားရောဂါ ကာကွယ်ပေးနိုင်တာ တွေ့ရပြီး၊ ဆိုးရွားတဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုကိုလည်း ၃ ပုံ ၁ ပုံအထိ လျှော့ချပေးနိုင်ပါတယ်။
    ခြက်ကိုက်တာကနေတစ်ဆင့် ကူးစက်တဲ့ ငှက်ဖျားရောဂါကြောင့် ကမ္ဘ္ဘာတစ်ဝှမ်း လူ ၄ သိန်းကျော်လောက်သေဆုံးပြီး အများစုက ကလေးငယ်တွေ ဖြစ်ပါတယ်။
    အခုကာကွယ်ဆေးကြောင့် ကမ္ဘ္ဘာပေါ်မှာ သက်တမ်းရှည်ကြာပြီး လူသေဆုံးမှုအများဆုံးဖြစ်တဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရာမှာ သိသိသာသာ ပြောင်းလဲမှု ရှိလာလိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
    အခုဆေးကို အခုနှစ်အစောပိုင်းက မာလာဝီ၊ ဂါနာနဲ့ ကင်ညာနိုင်ငံတို့မှာ ရှေ့ပြေးစမ်းသပ်ခဲ့ပြီး ​အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။
    Ref: BBC