News @ M-Media

Author: Ko Lay

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၄၊ ၂၀၁၉
    M-Media

    ၂၀၂၂ ကမ္ဘ္ဘာ့ဖလား လိုဂိုကို ကာတာ မိတ်ဆက်
    =================
    ၂၀၂၂ ခုနှစ် ကမ္ဘ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လိုဂိုကို ကာတာနိုင်ငံက မနေ့မှာ မိတ်ဆက်ခဲ့ပြီး နိုင်ငံအတွင်းထင်ရှားတဲ့ အဆောက်အအုံတွေအပြင် ကမ္ဘ္ဘာတစ်ဝှမ်းက မြို့ကြီး ၂၄ မြို့မှာလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းလိုဂိုကို ပြသခဲ့ပါတယ်။ လိုဂိုရဲ့ အမို့အမောက်တွေဟာ အာရေဗျသဲကန္တာရရဲ့ လှပတဲ့ အနိမ့်အမြင့်တွေကိုရည်ညွှန်းပြီး၊ အင်္ဂလိပ်အက္ခရာ နံပါတ် (၈) ပုံစံ ဖြစ်နေခြင်းက ပြိုင်ပွဲကျင်းပမယ့် ဘောလုံးကွင်း ၈ ခုကိုကိုယ်စားပြုတယ်လို့ ပြိုင်ပွဲတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ လိုဂိုကို infinity အမှတ်သညာအဖြစ်လည်းမှတ်ယူလို့ရပြီး ဒါဟာ ကမ္ဘ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ အဓိပ္ပါယ်ကို ဖော်ကျူးထားတာဖြစ်ပါတယ်။

    ဂျာမနီနောက်ခံလူဟောင်း ညစ်ညမ်းဗီဒီယို ဖြန့်ဝေမှုဖြင့် စုံစမ်းခံနေရ
    ===================
    ဟမ်းဘတ်မြို့က လူတစ်ယောက်ဆီကို ကလေးညစ်ညမ်းဗီဒီယိုတွေ ပေးပို့ခဲ့တယ်လို့ သံသရှိတဲ့အတွက် ဂျာမနီလက်ရွေးစင် နောက်ခံလူဟောင်းခရစ္စတို့ဖ် မက်ဇဲလ်ဒါကို ဂျာမန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အသက် ၃၈ နှစ်အရွယ် မက်ဇဲလ်ဒါကတော့ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ အင်္ဂါနေ့က မက်ဇဲလ်ဒါနဲ့ သက်ဆိုင်တဲ့နေရာနှစ်ခုမှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ကွန်ပျူတာနဲ့ ဖုန်းတစ်ချို့ကို သိမ်းယူခဲ့ပါတယ်။ မက်ဇဲလ်ဒါဟာ ဂျာမနီအသင်းအတွက်ပွဲပေါင်း ၄၀ ကျော် ကစားပေးခဲ့ပြီး ၂၀၀၂၊ ၂၀၀၆ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်းရဲ့ လူစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

    ရော်နယ်ဒို၏ အောင်မြင်မှုကို ဖာဂူဆန် ချီးကျူး
    =====================
    အသက် ၁၇ နှစ်အရွယ် လူငယ်လေးတစ်ယောက်ကနေ အခုလို အောင်မြင်တဲ့ လူသားတစ်ယောက်၊ အားကစားသမားတစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူမိတယ်လို့ မန်ယူနည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်က ဂျူဗင်တပ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ချီးကျူးပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို စံချိန်တင် ၁၀ ကြိမ်မြောက် ရရှိခဲ့တဲ့ ရော်နယ်ဒိုကို ဖာဂူဆန်က အခုလို စကားလက်ဆောင် ပါးခဲ့တာပါ။ ဖာဂူဆန်ဟာ ၂၀၀၃ ခုနှစ် ရော်နယ်ဒို အသက် ၁၈ နှစ်အရွယ်မှာ အိုးထရက်ဖို့ဒ်ကို ခေါ်ယူပြီးသားအဖဆက်ဆံရေးတစ်ရပ် ရရှိအောင်လုပ်ကာ မြေတောင်မြှောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

    Ref : BBC

  • စစ်တပ်က ရခိုင်ရွာသားများကို ဖမ်းဆီးထားစဉ် ကျူးလွန်မှုများအတွက် စိုးရိမ်ကြောင်း ကုလတာဝန်ရှိသူများ ထုတ်ပြန်

    စစ်တပ်က ရခိုင်ရွာသားများကို ဖမ်းဆီးထားစဉ် ကျူးလွန်မှုများအတွက် စိုးရိမ်ကြောင်း ကုလတာဝန်ရှိသူများ ထုတ်ပြန်

    စက်တင်ဘာ ၄၊ ၂၀၁၉
    M-Media

    ရသေ့တောင်မြို့နယ်မှ ဗုံးမှန်ထားသည့် နေအိမ်တစ်လုံး (Photo credit – AFP)

    -ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအတွင်း အစိုးရစစ်တပ်ဟာ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းပြီး နှိပ်စက်တာ၊ မိသားစုနဲ့ တွေ့ခွင့်မပေးတာတွေတာ ရှိတဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူ ၃ ဦးက ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်းဟီးလီ၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေဖြစ်တဲ့ အဂ်နက်စ် ချာလာမဒ်နဲ့ နီလ်စ် မဲလ်ဇာတို့က ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။

    ကြေငြာချက်ဟာ ကုလကိုယ်စားမဟုတ်ဘဲ တွေ့ရှိချက်တွေကို သူတို့ ၃ ဦး သီးသန့် ထုတ်ပြန်တာလို့ ဆိုပါတယ်။

    မကြာသေးမီကာလအတွင်း ရခိုင်အမျိုးသားတွေနဲ့ ယောက်ျားလေးငယ်တွေ အများအပြား အကြမ်းဖက်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘယ်သူနဲ့မှလည်း တွေ့ခွင့်မပေးကြောင်း၊ ထိန်းသိမ်းစဉ်အတွင်း ညှင်းပမ်းနှိပ်စက်ခံရတာတွေလည်းရှိကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “ဖမ်းဆီးထိန်းသိမ်းပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတဲ့ လုပ်ရပ်တွေကို ချက်ခြင်း ရပ်တန့်ပစ်ဖို့ လိုပါတယ်။ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက် ညှင်းပမ်းမှုတွေ၊ လူမဆန်တဲ့ အပြုအမူတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဖမ်းဆီးခံရစဉ် သေဆုံးမှုတွေ၊ ဖိအားပေးပြီး ထွက်ဆိုခိုင်းတာတွေ အတွက်လည်း လွတ်လပ်ပြီး ယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်ရပါမယ်။ ကျူးလွန်သူတွေ အားလုံးကိုလည်း အရေးယူဖို့ လိုအပ်ပါတယ်”

    AA နဲ့ ပတ်သက်တယ်လို့ဆိုကာ ဖမ်းဆီးထားမှုအတွင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ဒါနဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း လူ့အခွင့်အရေး တာဝန်ရှိသူတွေက ရရှိထားတယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်း တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ညှင်းပမ်းမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးကတည်းက ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်လာတာ ဖြစ်ပါတယ်။

    ကုလ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ မနေ့ကထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ ရခိုင်ရွာသားတွေ ညှင်းပမ်းနှိပ်စက်ခံရမှုအချို့ကို ထည့်သွင်း ဖော်ပြထားပါတယ်။

    ဖမ်းဆီးခံရစဉ် သေဆုံးသွားမှုတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ထားတဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို အများပြည်သူထံ ချပြသွားဖို့၊ ကျူးလွန်သူတွေကို အရေးယူဖို့လည်း ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

    Ref: AFP

  • တောင်အာဖရိကတွင် နိုင်ငံခြားသားဆိုင်များကို ဖျက်ဆီးလုယက်မှုဖြစ်ပွား

    တောင်အာဖရိကတွင် နိုင်ငံခြားသားဆိုင်များကို ဖျက်ဆီးလုယက်မှုဖြစ်ပွား

    စက်တင်ဘာ ၄၊ ၂၀၁၉
    M-Media

    အကြမ်းဖက်ဖျက်ဆီးမှု မြင်ကွင်း

    -တောင်အာဖရိကနိုင်ငံမှာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး ဈေးဆိုင်တွေလည်းလုယက်ဖျက်ဆီး ခံခဲ့ရပါတယ်။

    တိုက်ခိုက်လုယက်မှုတွေဟာ မြို့တော် ဂျိုဟန်နစ္စဘတ်က အလက်ဇန်းဒရာမြို့နယ်မှာ တနင်္လာနေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မနေ့မှာတော့ ရဲတပ်ဖွဲ့က လူ ၁၈၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

    လုယက်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ပြီး၊ ရဲတပ်ဖွဲ့က ရာဘာကျည်ဆံတွေနဲ့ ပစ်ခစ်ဖြိုခွင်းခဲ့ရပါတယ်။ ဒီအဖြစ်အပျက်အတွင်း ၅ ဦးသေဆုံးကာ အများစုက တောင်အာဖရိကနိုင်ငံသားတွေ ဖြစ်ပါတယ်။

    နိုင်ငံခြားသားတွေနဲ့ တောင်အာဖရိကနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ဈေးဆိုင်ပေါင်း ၂ ဒါဇင်လောက် လုယက်ဖျက်ဆီးခံခဲ့ရတဲ့ ဒီတိုက်ခိုက်မှု နောက်ကွယ်က အကြောင်းအရင်းကို မသိရသေးဘူးလို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    တောင်အာဖရိကသမ္မတ ဆိုင်ရီလ် ရာမာဖိုဆာက ဒီလိုအကြမ်းဖက်မှုမျိုးကို နှိမ်နှင်းသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

    “နိုင်ငံခြားသားတွေအပေါ် တောင်အာဖရိက နိုင်ငံသားတွေက တိုက်ခိုက်မှုအတွက် ဘယ်လိုဆင်ခြေမျိုးမှ ပေးလို့ မရပါဘူး”

    တနင်္လာနေ့က မြို့တော် ဂျိုဟန်နစ္စဘတ် မြို့လယ်ကောင်မှာ နိုင်ငံခြားသားတွေ တိုင်းပြည်အတွင်းကနေ ထွက်သွားရေး ချီတက် ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့တာပါ။

    တောင်အာဖရိကနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံကလူတွေ လာရောက်အလုပ်လုပ်ကိုင်ရာ အဓိကနေရာဖြစ်နေပြီး အထူးသဖြင့် လီဆိုသို၊ မိုဇမ်ဘစ်နဲ့ ဇင်ဘာဘွေနိုင်ငံတို့က လာရောက်လုပ်ကိုင်သူတွေ များပြားပါတယ်။

    နိုင်ငံခြားသားတွေဟာ မူးယစ်ဆေးဝါး ရောင်းချတာ၊ အလုပ်အကိုင် ခိုးယူတာတွေ ရှိတယ်ဆိုတဲ့လှုံ့ဆော်မှုတွေလည်း တောင်အာဖရိကပြည်သူတွေကြားမှာ ပြန့်နှံ့နေပါတယ်။ တနင်္လာနေ့က ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ လက်ကမ်းကြော်ငြာတစ်ခုမှာ တောင်အာဖရိက ပြည်သူတွေအနေနဲ့ သူတို့အနီးအနားမှာရှိတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေမောင်းထုတ်ဖို့ တိုက်တွန်းထားပါတယ်။

    Ref: Aljazeera

  • ယခုနှစ်အတွင်း H1N1 ကြောင့် နိုင်ငံတစ်ဝှမ်း လူ ၁၀၈ ဦး သေဆုံး

    ယခုနှစ်အတွင်း H1N1 ကြောင့် နိုင်ငံတစ်ဝှမ်း လူ ၁၀၈ ဦး သေဆုံး

    စက်တင်ဘာ ၄၊ ၂၀၁၉
    M-Media

    ရန်ကုန်မြို့မှ H1N1 လူတစ်ဦး၏ ဈာပန (Photo credit – Myanmar Times)

    -အခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း ရာသီတုပ်ကွေး (H1N1) ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၀၈ ဦး ရှိပြီး၊ ရောဂါဖြစ်ပွားမှုက ၆၄၈ ခု ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    သေဆုံးမှုဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ၆၈ ခု၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၁၃ ခု၊ ပဲခူးတိုင်းဒေသကြီးမှာ ၁၀ ခု၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ၄ ခု၊ မွန်ပြည်နယ်မှာ ၃ ခု၊ ရခိုင်ပြည်နယ်မှာ ၂ ခု ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ ၁ ခုစီ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း H1N1 တုပ်ကွေးကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၃၈ ဦး ရှိခဲ့ပြီး အစိုးရဆေးရုံတွေမှာ တက်ရောက်ကုသသူ အရေအတွက်ကတော့ ၄၀၆ ဦး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ H1N1 ကြောင်း သေဆုံးမှု မရှိပါဘူး။

    အခုနှစ်အတွင်း သေဆုံးသူ ၁၀၈ ဦးမှာ ၉ ဦးဟာ H1N1 ရောဂါတစ်ခုတည်းကြောင့် ဖြစ်ပြီး၊ ၈၆ ဦးက ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူ အခြား ၁၃ ဦးက အန္တရာယ်ရှိတဲ့ အသက်အရွယ်တွေဖြစ်တဲ့ ၅ နှစ်အောက်နဲ့ ၆၅ နှစ်အထက်အရွယ်တွေ ဖြစ်ပါတယ်။

    H1N1 ရောဂါလက္ခဏာတွေက ရုတ်တရက် အဖျားကြီးတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ နှာစေးတာတွေဖြစ်ပါတယ်။ ကူးစက်သူအများစုဟာ ဆေးဝါး သောက်သုံးခြင်းမရှိဘဲ တစ်ပတ်အတွင်း ကောင်းသွားလေ့ရှိပါတယ်။

    မြန်မာနိုင်ငံမှာ မိုးရာသီဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း H1N1 အဖြစ်များလေ့ရှိပါတယ်။

    အခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း ရောဂါကူးစက်သူတွေထဲက ၅၆ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၆၅ ကြား အရွယ်တွေဖြစ်ပြီး၊ ၁၅ ရာခိုင်နှုန်းက ၁ နှစ်ကနေ ၅ နှစ်အရွယ် ကလေးငယ်တွေ ဖြစ်ပါတယ်။ ၉ ရာခိုင်နှုန်းက ၆၅ နှစ်အထက် ဖြစ်ပြီး၊ ၅ နှစ်ကနေ ၁၅ နှစ်ကြားက ၁၃ ရာခိုင်နှုန်း၊ ၁ နှစ်အောက် ကလေးငယ်တွေက ၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အသက် ၆ နှစ်က ၅ နှစ်အတွင်း ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဓာတ်ခွဲခန်းလုပ်သားတွေလို ကူးစက်နိုင်ခြေ မြင့်မားသူတွေကို ကာကွယ်ဆေးထိုးပေးဖို့ အကြံပြုထားပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၃၊ ၂၀၁၉
    M-Media

    မန်ယူကိုပြောင်းရွှေ့ခဲ့မှု နောင်တမရဟု ဆန်းချက်ပြော
    ================
    ခြေစွမ်းမပြနိုင်ပေမယ့် မန်ယူကို ပြောင်းရွှေ့မှုအတွက် နောင်တမရဘူးလို့ အသက် ၃၀ အရွယ် ချီလီတိုက်စစ်မှူး အလက်ဇစ် ဆန်းချက်က ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ်ဇန်နဝါရီလက အာဆင်နယ်ကနေ ပြောင်းလာခဲ့တဲ့ ဆန်းချက်ဟာ မန်ယူအသင်း စံချိန်တင်လခ တစ်ပတ် ပေါင် ၄ သိန်း ရခဲ့သူပါ။ ဒါပေမယ့် ၄၅ ပွဲသာ ပါဝင်ကစားခွင့်ရပြီး ၅ ဂိုးသာ သွင်းနိုင်ခဲ့ကာ ပြီးခဲ့တဲ့လက အင်တာမီလန်အသင်းကို တစ်ရာသီအငှားနဲ့ရောက်သွားခဲ့ပါတယ်။

    ဆန်းချက်ကတော့ အာဆင်နယ်မှာ ပျော်ရွှင်ပေမယ့် ဆုဖလားလိုချင်တဲ့အတွက် မန်ယူကို ပြောင်းရွှေ့ခဲ့ပြီး မန်ယူမှာလည်း ပျော်ရွှင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဥရောပ ဘောလုံးလိဂ် ၅ ခု ပြောင်းရွှေ့ကြေး စံချိန်တင် သုံးစွဲ
    ====================
    အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပ ထိပ်တန်းလိဂ် ၅ ခုရဲ့ သုံးစွဲမှုဟာ စတာလင်ပေါင် ၅ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်က စံချိန်ထက် သန်းပေါင်း ၈၀၀ ပိုများခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်နောက်ဆုံးနေ့မှာ အလုအယက် ၀ယ်ယူမှုတွေ ပြုလုပ်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်ဟာ စုစုပေါင်းသုံးစွဲမှု ပေါင် ၁.၄၁ ဘီလီယံ ရှိခဲ့ပြီး၊ စပိန်လာလီဂါ ကလပ်တွေကတော့ ၂၀၁၇ ခုနှစ်ကထက်၂ ဆ ပေါင် ၁.၂၄ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ အီတလီစီးရီးအေ၊ ဂျာမန် ဘွန်ဒစ်လီဂါနဲ့ ပြင်သစ် လိဂ်ဝမ်းတို့ကလည်း အခုနှစ်မှာ ပြောင်းရွှေ့ကြေးပမာဏ စံချိန်တင်ခဲ့ပါတယ်။ အခုနှစ်နွေရာသီ စံချိန်တင်ပြောင်းရွှေ့မှုတစ်ခုကတော့ အက်သလက်တီကိုမက်ဒရစ်က တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ဘာစီလိုနာက ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်းနဲ့ ခေါ်ယူမှု ဖြစ်ပါတယ်။

    Ref BBC