News @ M-Media

Author: Ko Lay

  • ဆော်ဒီအိမ်ရှေ့မင်းသားထံမှ ဒေါ်လာ၂၅ သန်းရခဲ့သည်ဟု ဆူဒန်အာဏာရှင်ဟောင်း ၀န်ခံ

    ဆော်ဒီအိမ်ရှေ့မင်းသားထံမှ ဒေါ်လာ၂၅ သန်းရခဲ့သည်ဟု ဆူဒန်အာဏာရှင်ဟောင်း ၀န်ခံ

    စက်တင်ဘာ ၁၊ ၂၀၁၉
    M-Media

    ဘရှီးရ်ကို တရားခွင်တွင်တွေ့ရစဉ်

    -ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ထံကနေ ကန်ဒေါ်လာ ၂၅ သန်း
    ရယူခဲ့တယ်လို့ ဆူဒန်အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ်က တရားရုံးမှာ ၀န်ခံပြောကြားလိုက်ပါတယ်။

    နှစ်ပေါင်း ၃၀ ကြာ တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ အသက် ၇၅ နှစ်အရွယ် ဘရှီးရ်ဟာ ပြည်သူတွေရဲ့ အုံကြွ ဆန္ဒပြမှုကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ ရာထူးကနေ ဖြုတ်ချခံလိုက်ရတာပါ။ လက်ရှိမှာတော့ ခြစားမှု အပါအ၀င် အာဏာရှိစဉ် ကျူးလွန်ထားခဲ့တဲ့ ကိစ္စတွေအတွက် တရားရင်ဆိုင်နေရပါတယ်။

    မနေ့က ပထမဆုံးရုံးချိန်းမှာ ဘရှီးရ်က ဘင် ဆလ်မန်ရုံးကနေ သူ့ရုံးကို ဖုန်းဆက်ခဲ့ပြီး ပုဂ္ဂလိက လေယာဉ်တစ်ခုနဲ့ ငွေတွေပေးပို့မယ်လို့ အကြောင်းကြားခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

    “အိမ်ရှေ့မင်းသားက သူနာမည် မပေါ်စေချင်ဘူးလို့ ကျွန်တော်တို့ကို ပြောပါတယ်။ ဆူဒန်ဘဏ် ဒါမှမဟုတ် ဘဏ္ဍာရေးဝန်ကြီးဌာနကို ငွေလွှဲလိုက်မယ်ဆိုရင် ဘယ်ကလွှဲလဲဆိုတာ ပေါ်လွင်နေမှာပါ”

    အဲဒီ ကန်ဒေါ်လာ ၂၅ သန်းကို ကိုယ်ကျိုးအတွက်မသုံးခဲ့ဘဲ လှူခဲ့တယ်လို့လည်း ဘရှီးရ်က ပြောပါတယ်။

    ဒီအမှုကို စုံစမ်းစစ်ဆေးနေသူတွေက ဘရှီးရ်ဟာ ဆော်ဒီ တော်ဝင်မိသားစုထံကနေ ကန်ဒေါ်လာ သန်း ၉၀ ငွေသား ရယူခဲ့တယ်လို့ တရားရုံးကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဆော်ဒီဖက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ဘရှီးရ်က ဘင် ဆလ်မန်ထံကနေ သူရတဲ့ ငွေတွေကို ပြည်သူ့စစ် Rapid Support Forces အဖွဲ့ထံ ဒေါ်လာ ၅ သန်း၊ တက္ကသိုလ်တစ်ခုကို ၄ သန်းနဲ့ စစ်ဆေးရုံတစ်ခုကို ၃ သန်း ပေးခဲ့ကြောင်း၊ ဒါပေမယ့် ဒီငွေတွေကို ဘယ်လိုအသုံးပြုလဲဆိုတာ မှတ်တမ်း မရှိတော့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

    ဘရှီးရ်ရဲ့ရှေ့နေက အာမခံပေးဖို့ လျှောက်ထားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။

    ဘရှီးရ်ကို ဖမ်းဆီးစဉ် သူ့ရဲ့နေအိမ်မှာ နိုင်ငံခြားငွေအမြောက်အများကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုအတွက်လည်း ဘရှီးရ်ဟာ တရားစွဲဆိုခံထားရပါတယ်။

    ၂၀၀၀ ပြည့်နှစ်တွေက ဒါဖာရ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုတွေမှာ စစ်ရာဇ၀တ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့မှုအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကလည်း ဘရှီးရ်ကို အလိုရှိနေပါတယ်။

    Ref: Aljazeera

  • စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင်လှုပ်၊ ပျက်ဆီးမှုတစ်ချို့ရှိ

    စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင်လှုပ်၊ ပျက်ဆီးမှုတစ်ချို့ရှိ

    စက်တင်ဘာ ၁၊ ၂၀၁၉
    M-Media

    -မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ မနေ့ညပိုင်းက ပြင်းအား ၆.၀ မဂ္ဂနီကျု ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ပျက်ဆီးမှုအချို့ ရှိခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    စနေနေ့ည ၉ နာရီ မိနစ် ၄၀ အချိန်မှာ ရွှေဘိုမြို့ အနောက်မြောက်ဖက် ၂၂.၅ ကီလိုမီတာ၊ ကန့်ဘလူမြို့ တောင်ဘက် ၅၃ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဆိုပါတယ်။

    ” ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှုတစ်ချို့ ရှိခဲ့ပေမယ့် အသေးစိတ်ကို မသိရသေးပါဘူး” လို့ ဌာန တာဝန်ရှိသူတစ်ဦးက Xinhua သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ငလျင်ဒဏ်ကို မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ရေဦး၊ ချောင်းဦးနဲ့ ရွှေဘိုမြို့တွေကပါ ခံစားခဲ့ရပါတယ်။

    ရေဦးမြို့နဲ့ ရွှေဘိုမြို့က စေတီပုထိုးတစ်ချို့လည်း ငလျင်ကြောင့် ပျက်ဆီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပြောကြားခဲ့ပါတယ်။

    Ref: Xinhua

  • မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တစ်မျိုကို ပါကစ္စတန် စမ်းသပ်

    မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တစ်မျိုကို ပါကစ္စတန် စမ်းသပ်

    သြဂုတ် ၃၁၊ ၂၀၁၉
    M-Media

    -အကွာအဝေး ၂၉၀ ကီလိုမီတာ (မိုင် ၁၈၀) လောက်အထိ ရောက်ရှိနိုင်ပြီး ထိပ်ဖူးအမျိုးမျိုး တပ်လို့ရတဲ့ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တစ်စင်းကို ကြာသာပတေးနေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန်က ကြေငြာလိုက်ပါတယ်။

    Ghaznavi လို့ အမည်ပေးထားတဲ့ အဲဒီဒုံးကျည် စမ်းသပ်မှု ဗီဒီယိုကို ပါကစ္စတန်စစ်တပ်ရဲ့ Twitter အကောင့်မှာ လွှင့်တင်ခဲ့ပြီး ‘သမ္မတနဲ့ ၀န်ကြီးချုပ်တို့က အဖွဲ့ကို ချီးကျူးခဲ့သလို၊ တိုင်းပြည်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့တယ်’ လို့ ရေးသားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရာဗီရှ်ကူးမားရ် နှစ်နိုင်ငံ ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်အရ ပါကစ္စတန်က ဒုံးကျည်စမ်းသပ်မှုကို အကြောင်းကြားခဲ့တဲ့အတွက် ဒီကိစ္စကို သိရှိထားတယ်လို့ ကြာသာပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်ကဟာ မေလအတွင်းကလည်း ဒုံးကျည်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

    အိန္ဒိယဟာ သူတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အခုလအစောပိုင်းကစလို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းပြီး ဗဟိုအစိုးရဲ့ ထိန်းချုပ်မှုအောက်မှာ ထည့်သွင်းဖို့ လုပ်ဆောင်နေတာပါ။

    ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ ကက်ရှ်မီးယားပိုင်နက် အငြင်းပွားမှုကြောင့် ၂ ကြိမ်တိုင်တိုင် စစ်ပွဲဖြစ်ပွားခဲ့ဖူးပါတယ်။ ကက်ရှ်မီးယားမှာ လတ်တလော အိန္ဒိယရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့လည်း ပါကစ္စတန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သံတမန်အဆင့်အတန်း လျှော့ချတာ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးရပ်ဆိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက ပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ ဆန္ဒပြပွဲတစ်ခုကို မနေ့က ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းဦးဆောင်ကာ ပြုလုပ်ခဲ့ပါတယ်။

    Ref: CNN

  • ကမ္ဘ္ဘာ့ဘဏ်မှချေးငွေကို ဝီဂါဖိနှိပ်မှုတွင် တရုတ်အစိုးရက အသုံးပြုနေမှု စုံစမ်းစစ်ဆေးမည်

    ကမ္ဘ္ဘာ့ဘဏ်မှချေးငွေကို ဝီဂါဖိနှိပ်မှုတွင် တရုတ်အစိုးရက အသုံးပြုနေမှု စုံစမ်းစစ်ဆေးမည်

    သြဂုတ် ၃၁၊ ၂၀၁၉
    M-Media

    ရှင်ကျန်းပြည်နယ်မှ မြင်ကွင်းတစ်ခု

    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ပညာရေးစီမံကိန်းတွေအတွက် ၂၀၁၅ ခုနှစ်က တရုတ်ကိုပေးအပ်ခဲ့တဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်မှုမှာ သုံးစွဲခဲ့လားဆိုတာ စုံစမ်းနေတယ်လို့ ကမ္ဘ္ဘာ့ဘဏ် (World Bank) က ပြောကြားလိုက်ပါတယ်။

    ရှင်ကျန်းပြည်နယ်က ဝီဂါတွေနဲ့ တစ်ခြား တိုင်းရင်းသား လူနည်းစုတွေအပေါ် တရုတ်အစိုးရကဖိနှိပ်ချုပ်ခြယ်မှုတွေ ရှိနေတယ်ဆိုတဲ့သတင်းတွေဟာ နှစ်အတော်ကြာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာပါ။

    တရုတ်အစိုးရဟာ ဝီဂါ အနည်းဆုံး တစ်သန်းလောက်ကို ထောင်ပုံစံ စခန်းတွေထဲမှာ ထိန်းသိမ်းပြီး ကွန်မြူနစ်အတွေးအခေါ်တွေ သွတ်သွင်းပေးနေတယ်ဆိုတာကို ကမ္ဘ္ဘာ့မီဒီယာတွေက ၂၀၁၈ ခုနှစ်မှာ အသေးစိတ် စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။ တရုတ်ဟာ အဲဒီသတင်းကို အစောပိုင်းက ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ၀န်ခံခဲ့ပြီး ဝီဂါတွေကို အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးနေတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီသတင်းတွေကြောင့် ကမ္ဘ္ဘာ့ဘဏ်ကလည်း သူတို့ တရုတ်ကို ထုတ်ချေးထားတဲ့ ချေးငွေတွေဟာဒီလို ဖိနှိပ်မှုတွေမှာ အသုံးပြုနေလားဆိုတာကို စတင်စစ်ဆေးလာတာ ဖြစ်ပါတယ်။

    “ဒီကိစ္စကို ကျွန်တော်တို့ အသေအချာ ဆောင်ရွက်နေပါတယ်။ ပညာရေးစီမံကိန်းနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ စိုးရိမ်မှုတွေကိုလည်း တိတိကျကျ ဆန်းစစ်နေပါတယ်။ အရေးယူရမယ့် အနေအထားမျိုးဆိုရင် အရေးယူသွားမှာပါ” လို့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကမ္ဘ္ဘာ့ဘဏ်ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် သီးစ်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်က ချေးငွေ

    ကမ္ဘ္ဘာ့ဘဏ်ဟာ ချေးငွေကို ၂၀၁၅ ခုနှစ်မှာ တရုတ်အစိုးရထံ ထုတ်ပေးခဲ့တာဖြစ်ပြီး ရှင်ကျန်းပြည်နယ်က ကောလိပ် ၅ ခုကနေတစ်ဆင့် ထောင်သောင်းချီတဲ့ လူငယ်တွေ အသက်မွေးဝမ်းကြောင်းနဲ့ အလုပ်အကိုင်ဆိုင်ရာ အခွင့်အလမ်း ပိုမိုရရှိစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီနှစ်မှာ တရုတ်အစိုးရဟာ ကမ္ဘ္ဘာ့ဘဏ်ကနေ ကန်ဒေါ်လာ ၁.၈ ဘီလီယံ ချေးငွေ ရယူခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ လူဦးရေ ၂၄ သန်းလောက်ရှိပြီး အများစုက ဝီဂါလူမျိုးတွေဖြစ်ပါတယ်။ ပြည်နယ်အတွင်းက လူမျိုးစုတော်တော်များများဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။

    အဲဒီလူမျိုးစုတွေဟာ တရုတ်ကွန်မြူနစ်အစိုးရအောက်က လွတ်မြောက်အောင် တော်လှန်ရေး လုပ်ခဲ့ကြတဲ့သမိုင်းလည်း ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အစိုးရပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်အစိုးရဟာ ရှင်ကျန်းက လူမျိုးစုတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

    လေ့လာဆန်းစစ်သူတွေက တရုတ်အစိုးရဟာ ဝီဂါတွေကို အကျဉ်းစခန်းထဲမှာ ထိန်းသိမ်းထားမှုကို ၂၀၁၇ ခုနှစ်မှာ စတင်လုပ်ဆောင်တာလို့ ပြောကြားခဲ့ကြပါတယ်။

    သတင်းထွက်

    ကမ္ဘ္ဘာ့ဘဏ်က ချေးငွေကို တရုတ်အစိုးရက ဒီလိုလုပ်ငန်းတွေ၊ ဒီလုပ်ရပ်ကို ကာကွယ်တဲ့ ဝါဒဖြန့်မှုတွေမှာ အသုံးပြုခဲ့၊ အသုံးပြုနေဆဲပဲဆိုတဲ့ သက်သေ အထောက်အထားတွေ တွေ့ရတယ်လို့ ထင်ရှားတဲ့ အမေရိကန်လွှတ်တော်အမတ်တွေက ကမ္ဘ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ် မာလ်ပက်စ်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ စာရေးသား ပေးပို့ခဲ့ပါတယ်။

    တရုတ်ကိုချေးတဲ့ ငွေတွေအတွက် ဝေဖန်မှုဟာ အခုတစ်ပတ် Foreign Policy မဂ္ဂဇင်းရဲ့ သတင်းတစ်ပုဒ်ကြောင့် ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

    ရှင်ကျန်းက ပညာရေးစီမံကိန်းမှာ ချိုးဖောက်မှုတွေ မြောက်များစွာ ရှိနေတဲ့အတွက် ကမ္ဘ္ဘာ့ဘဏ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ ကမ္ဘ္ဘာ့ဘဏ် ၀န်ထမ်းတစ်ယောက်က အမှုဆောင်ဒါရိုက်တာဆီ စာရေးသား ပေးပို့ခဲ့တယ်လို့ Foreign Policy က ဖော်ပြခဲ့တာပါ။

    ကမ္ဘ္ဘာ့ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ သီးစ်ကတော့ ဒီစာမိတ္တူကို မရသေးဘဲ ဒီလိုချိုးဖောက်မှုမျိုး ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    British Columbia တက္ကသိုလ်က ရှင်ကျန်းပြည်နယ်ဆိုင်ရာ သုတေသနပညာရှင် ရှောင်ကျန်းက ကမ္ဘ္ဘာ့ဘဏ်ရဲ့ စီမံကိန်းဟာ ရှင်ကျန်းက လူ့အခွင့်အရေးပြဿနာမှာ သွယ်ဝိုက်ပါဝင်နေတယ်ဆိုတာ ဖြစ်နိုင်တယ်လို Medium သတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ ပြောကြားခဲ့ပါတယ်။

    ကမ္ဘ္ဘာ့ဘဏ်က စီမံကိန်းကို စတင်ပြီးတဲ့နောက်ပိုင်း တစ်နှစ်ကို ၂ ကြိမ် ပုံမှန်စစ်ဆေးခဲ့ပြီး ဒီလိုချိုးဖောက်မှုမျိုး ရှိတယ်ဆိုတာကို အရင်က မတွေ့ခဲ့ရကြောင်း၊ အခုထွက်လာတဲ့ သတင်းတွေအတွက် တာဝန်ရှိသူတွေလွှတ်ကာ မြေပြင်စစ်ဆေးမှုတွေကိုပါ ပြုလုပ်သွားမှာဖြစ်ကြောင်း ကြာသာပတေးနေ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: NewYork Times

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    သြဂုတ် ၃၀၊ ၂၀၁၉
    M-Media

    FILE PHOTO: Soccer Football – Premier League – Manchester City v Tottenham Hotspur – Etihad Stadium, Manchester, Britain – August 17, 2019 Tottenham Hotspur manager Mauricio Pochettino before the match REUTERS/Phil Noble/File Photo

    စပါးမှ ထွက်မည်ဆိုသည့်သတင်း ပိုချက်တီနို ငြင်း
    =====================
    တနင်္ဂနွေနေ့ အာဆင်နယ်အသင်းနဲ့ ဒါဘီပွဲပြီးရင် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေဟာ ရူးနှမ်းတဲ့ သတင်းတွေ ဖြစ်တယ်လို့ စပါးအသင်းနည်းပြ မောင်ရီစီယိုပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ စပါးဟာ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီးချိန်မှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ စပါးကနေ ပိုချက်တီနိုထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတာကြောင့် လောင်းကစားဒိုင်တွေ ကြေးဖွင့်ထားမှု ပိတ်တာတွေ ဖြစ်ခဲ့ပါတယ်။ ပိုချက်တီနိုကတော့ ဒီသတင်းဟာ တကယ်မရှိတဲ့ ပြဿနာကြီးတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

    ဆာလာဟ်ကို လူမျိုးရေးစော်ကားသည့် အဲဗာတန်ပရိတ်သတ် ထောင်ကျ
    =================
    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အပေါ် Twitter မှာ ဘာသာရေး၊ လူမျိုးရေး စော်ကားရေးသားတဲ့ အဲဗာတန်ပရိတ်သတ်တစ်ဦးကို တရားရုံးက ထောင်ဒဏ် ၆ ပတ် ချမှတ်လိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂါရီ ဟီလန်ဆိုတဲ့ အဲဒီအမျိုးသားဟာ သြဂုတ်လ ၆ ရက်နေ့ကစလို့ ဆာလာဟ်အပေါ် စော်ကားပြောဆိုတဲ့ ပို့စ်တွေ ရေးသားခဲ့တာဖြစ်ပါတယ်။ ထောင်ဒဏ်အပြင် ကွင်းအတွင်း ဘောလုံးပွဲကြည့်ခွင့် တစ်နှစ် ပိတ်ပင်ခံရပြီး၊ လခမရတဲ့ အလုပ် နာရီ ၂၀၀ လည်း လုပ်ပေးရမှာပါ။ ဒါ့အပြင်ပညာပေးသင်တန်းတစ်ခုကိုလည်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

    ဘာစီလိုနာနည်းပြဟောင်း၏ သမီးငယ် အရိုးကင်ဆာဖြင့် ကွယ်လွန်
    =========================
    ဘာစီလိုနာနဲ့ စပိန်အသင်းတို့မှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ လူးဝစ် အန်းရစ်ရဲ့အသက် ၉ နှစ်အရွယ် သမီးငယ်ဟာ အရိုးကင်ဆာကြောင့် မနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဇာနာလို့အမည်ရတဲ့ သမီးငယ်လေးဟာ ရောဂါဒဏ်ကို ၅ လကြာ ခံစားခဲ့ရပြီး သမီးဖြစ်သူကို အချိန်ပေးဖို့အတွက် အန်းရစ်ဟာ စပိန်နည်းပြအဖြစ်ကနေ ဇွန်လမှာ နှုတ်ထွက်ခဲ့ပါတယ်။ ဇာနာလေး နေမကောင်းဖြစ်ချိန်နဲ့ ဆေးရုံတက်ချိန်မှာ ဂရုစိုက်ပေးကြသူတွေအားလုံးကျေးဇူးတင်ကြောင်း၊ သမီးငယ်လေးကို အမြဲတမ်း သတိရနေမှာဖြစ်ကြောင်းအန်းရစ်က ပြောကြားခဲ့ပါတယ်။

    Ref: BBC