News @ M-Media

Author: Ko Lay

  • လပေါ်ကို ယာဉ်ဆင်းသက်နိုင်သည့် စတုတ္ထမြောက်နိုင်ငံဖြစ်ရန် အိန္ဒိယ နီးစပ်လာ

    လပေါ်ကို ယာဉ်ဆင်းသက်နိုင်သည့် စတုတ္ထမြောက်နိုင်ငံဖြစ်ရန် အိန္ဒိယ နီးစပ်လာ

    စက်တင်ဘာ ၃၊ ၂၀၁၉
    M-Media

    Chandrayaan-2 အာကာသယာဉ် လွှတ်တင်မှု မြင်ကွင်း

    -လရဲ့ပတ်လမ်းမှာရှိနေတဲ့ အိန္ဒိယ အာကာသယာဉ်ဟာ လဆင်းယာဉ်ငယ်ကို ဆင်းသက်ဖို့ စီစဉ်နေပြီး အောင်မြင်မယ်ဆိုရင် လပေါ်ကို ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

    အိန္ဒိယဟာ Chandrayaan-2 အာကာသယာဉ်ကို ဇူလိုင်လ ၂၂ ရက်နေ့မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ မနေ့မှာတော့ လဆင်းယာဉ်ငယ်ကို အာကာသယာဉ်ကနေ ခွဲထုတ်ခဲ့ပြီး ယာဉ်နှစ်ခုစလုံးဟာ အခြေအနေ ကောင်းနေတယ်လို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO က ပြောကြားခဲ့ပါတယ်။

    IRSO ဥက္ကဌ ကေဆီဗန်က လမျက်နှာပြင်ပေါ် ယာဉ်ငယ်ဆင်းသက်မှုမှာ နည်းပညာဆိုင်ရာ ရှုပ်ထွေးတဲ့အဆင့်တွေ ပါဝင်မှာဖြစ်ပြီး ‘ကြောက်စရာကောင်းတဲ့ ၁၅ မိနစ်’ ကို ဖြတ်သန်းရလိမ့်မယ်လို့ ဆိုပါတယ်။

    ဒါဟာ အိန္ဒိယက လပေါ်ကို ပထမဆုံး လဆင်းယာဉ် ဆင်းသက်မှုဖြစ်ပြီး အောင်မြင်မယ်ဆိုရင်အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးတဲ့နောက် လပေါ်ကို ယာဉ်ငယ်ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    ၂၀၀၈ ခုနှစ်မှာ ပထမဆုံး လခရီးစဉ်အဖြစ် Chandrayaan-1 အာကာသယာဉ်ကို အိန္ဒိယက လွှတ်တင်ခဲ့ပြီး လပေါ်မှာ ရေရှိကြောင်း လေ့လာဖော်ထုတ်နိုင်ခဲ့ပါတယ်။ အခု ခရီးစဉ်မှာတော့ လပေါ်ကိုဆင်းကာ အဲဒီ ရေရှိတဲ့နေရာကို သုတေသနလုပ်မှာ ဖြစ်ပါတယ်။

    အိန္ဒိယဟာ ၂၀၂၂ ခုနှစ်မှာ အာကာသထဲကို လူလွှတ်ဖို့လည်း စီစဉ်နေပါတယ်။

    Ref: Space.com

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၃၊ ၂၀၁၉
    M-Media

    လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးတွင် ဘောလုံးလောက နောက်ရောက်နေဟု လူကာကူပြော
    ====================
    ဘောလုံးလောကဟာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်ရင် နောက်ပြန်သွားနေတယ်လို့အင်တာမီလန်အသင်း တိုက်စစ်မှူး ရိုမဲလူ လူကာကူက ပြောကြားလိုက်ပါတယ်။မန်ယူကနေ ပြောင်းသွားတဲ့ လူကာကူဟာ မနေ့က စီးရီးအေ ပွဲစဉ်မှာ ကဂ်လီယာရီ ပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရတာပါ။

    ပြီးခဲ့တဲ့ နှစ်ပါတ်အတွင်း မန်ယူတိုက်စစ်မှူး ပေါ့ဘာနဲ့ မားကက်စ် ရက်ရှ်ဖို့ဒ်၊ ချယ်ဆီးတိုက်စစ်မှူး တမ်မီ အဘ်ရာဟမ်တို့ဟာ ဆိုရှယ်မီဒီယာတွေမှာ လူမျိုးရေး ခွဲခြားစော်ကားခံခဲ့ရပါတယ်။

    လူကာကူကတော့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအတွက် ကစားသမားတွေ ညီညီညွတ်ညွတ်အသံထွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကဂ်လီယာရီအသင်းက ဘောလုံးလောကမှာ အဆိုးဝါးဆုံးရောဂါတွေထဲက တစ်ခုဖြစ်တဲ့ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရေး စိတ်နှစ်ဆောင်ရွက်နေကြောင်း၊ အခုကိစ္စမှာ လူကာကူနဲ့အတူပူးပေါင်းဆောင်ရွက်နေပြီး လူမျိုးရေးခွဲခြားတဲ့ ပရိတ်သတ်တွေကို ဖော်ထုတ် ပိတ်ပင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် အကောင်းဆုံး ဘောလုံးသမား ဇကာတင်စာရင်းကို ဖီဖာထုတ်ပြန်
    ================
    ၂၀၁၉ ခုနှစ် အကောင်းဆုံး ဘောလုံးသမားဆု နောက်ဆုံးဇကာတင်စာရင်းကို ဖီဖာက ဒီကနေ့ထုတ်ပြန်ရာမှာ လီဗာပူးလ်အသင်းနောက်ခံလူ ဗီရ်ဂီလ် ဗန်ဒိုက်၊ ဂျူဗင်တပ် တိုက်စစ်မှူးခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘာကာတိုက်စစ်မှူး မက်ဆီတို့ ပါဝင်လာပါတယ်။

    ဗန်ဒိုက်ဟာ ယူအီးအက်ဖ်ရဲ့ ၂၀၁၉ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူပါ။ အကောင်းဆုံး နည်းပြစာရင်းမှာတော့ လီဗာပူးလ်နည်းပြ ဂျာဂန်ကကလော့ပ်၊ စပါးနည်းပြ ပိုချက်တီနို၊ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာတို့ ပါဝင်လာပါတယ်။

    Ref: BBC

  • ရှီအာမွတ်စလင်ပွဲတော်တွင် အစွန်းရောက်အုပ်စုက နှောက်ယှက်ရန်ကြံစည်မှု သီရိလင်္ကာ ဖော်ထုတ်တားမြစ်

    ရှီအာမွတ်စလင်ပွဲတော်တွင် အစွန်းရောက်အုပ်စုက နှောက်ယှက်ရန်ကြံစည်မှု သီရိလင်္ကာ ဖော်ထုတ်တားမြစ်

    စက်တင်ဘာ ၂၊ ၂၀၁၉
    M-Media

    -ရှီအာမွတ်စလင်တွေရဲ့ အခမ်းအနားတစ်ခုမှာ အစွန်းရောက်အုပ်စု ၂ ခုက နှောက်ယှက်ဖို့ စီစဉ်ထားတဲ့အတွက် တားမြစ်ဟန့်တားခဲ့တယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အစ္စလာမ် ပြက္ခဒိန်ရဲ့ ပထမဆုံးလဖြစ်တဲ့ မုဟရမ်လ ၁၀ ရက် ‘အာရှူရာနေ့’ အထိမ်းအမှတ် အခမ်းအနားတစ်ခုကို လာမယ့်တစ်ပတ် မြို့တော် ကိုလံဘိုမှာ ပြုလုပ်သွားဖို့ သီရိလင်္ကာက ရှီအာအုပ်စု Dawoodi Bohra က စီစဉ်ထားတာပါ။

    ဒီပွဲတော်ကို ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဦးဆောင်တဲ့ အစွန်းရောက်အုပ်စုနှစ်ခုက နှောက်ယှက်ဖို့ ကြံစည်းထားပြီး ဒါကို ဟန့်တားဖို့အတွက် ကိုလံဘိုတရားရုံးက အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့တယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ruwan Gunasekera က ပြောကြားခဲ့ပါတယ်။

    အစွန်းရောက်အုပ်စုတွေ နှောက်ယှက်ဖို့ စီစဉ်ထားတယ်ဆိုတာ ရဲတပ်ဖွဲ့ကလည်း သိရှိထားပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေ ထပ်တိုးချကာ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ Ruwan Gunasekera က ဆိုပါတယ်။

    နှောက်ယှက်ဖို့ စီစဉ်ထားမှု အသေးစိတ်အချက်အလက်တွေကို သီရိလင်္ကာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိပါဘူး။

    အေဒီ ၆၈၀ ပြည့်နှစ်က အီရတ်နိုင်ငံတောင်ပိုင်း ကာရ်ဘာလာမြို့မှာ တမန်တော် မိုဟမ္မဒ်သခင်ရဲ့ မြေးဖြစ်သူ ဟိုစိန်သခင်နဲ့ သူ့ရဲ့ နောက်လိုက် ၇၂ ဦး လုပ်ကြံခံရမှု အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရှီအာမွတ်စလင်တွေဟာ ‘အာရှူရာနေ့’ မှာ ကျင်းပပြုလုပ်လေ့ ရှိပါတယ်။

    သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေဦးဆောင်တဲ့ အစွန်းရောက်အဖွဲ့ BBS ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း တိုင်းပြည်အတွင်းက ခရစ်ယာန်နဲ့ မွတ်စလင်တွေကို ပစ်မှတ်တား တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်ခဲ့ကြပါတယ်။

    ဧပြီလက အီစတာနေ့မှာ ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုကို IS အကြမ်းဖက်အဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး လူ ၂၅၀ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီးမှာတော့ သီရိလင်္ကာမွတ်စလင်တွေဟာ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုဒဏ်ကို တိုးမြှင့် ခံစားလာရပါတယ်။

    Ref: Press TV

  • လက်ဘနွန်နယ်စပ်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    လက်ဘနွန်နယ်စပ်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    စက်တင်ဘာ ၂၊ ၂၀၁၉
    M-Media

    နယ်စပ်မှ အစ္စရေးတင့်ကားများ

    -အစ္စရေး-လက်ဘနွန်နယ်စပ်မှာ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့အကြား မနေ့က အပြန်အလှပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

    နယ်စပ်က စစ်စခန်းတစ်ခုကို ဟဇ်ဘိုလာက တင့်ဖျက်ဒုံးတွေနဲ့ ပစ်ခတ်တဲ့အတွက် လက်ဘနွန် တောင်ပိုင်းက ပစ်မှတ် ၁၀၀ လောက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။

    ဟစ်ဇိုဘိုလာကလည်း ပြီးခဲ့တဲ့တစ်ပတ်မှာ အစ္စရေးက လက်ဘနွန်နိုင်ငံထဲကို ဒရုန်းတွေနဲ့ ကျူးကျော်ဝင်ရောက် ပစ်ခတ်မှုကို လက်တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း အစ္စရေးတင့်ကားတစ်စီး ပျက်ဆီးပြီး တင့်ကားထဲက စစ်သားတွေ သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း ဟစ်ဇ်ဘိုလာ ပြောပါတယ်။

    အစ္စရေးကတော့ ထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကို ငြင်းဆိုခဲ့ပါတယ်။

    လက်ဘနွန်စစ်တပ်ကလည်း အစ္စရေးက တိုက်ခိုက်မှုပြုလုပ်တာကို အတည်ပြုခဲ့ပါတယ်။ အစ္စရေးမီဒီယာတွေက အစ္စရေးစစ်တပ်ဟာ အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒရုန်းနဲ့ တိုက်ခိုက်မှု

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း အစ္စရေးဒရုန်းတွေဟာ ဆီးရီးယားနဲ့ လက်ဘနွန်ပိုင်နက်တွေကို ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်အနီးက ဟစ်ဇ်ဘိုလာ မီဒီယာရုံးခန်းပေါ်ကို အစ္စရေး ဒရုန်းနှစ်စီး ပျက်ကျပေါက်ကွဲလို့ ပျက်ဆီးမှုတွေ ဖြစ်ခဲ့ပြီး၊ ဆီးရီးယားမှာတော့ အစ္စရေးရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။

    ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆာရွလ္လာဟ်က အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုတွေအတွက် လက်တုန့်ပြန်သွားမယ်လို့ မနေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ဘနွန်ဝန်ကြီးချုပ် ဆအဒ် ဟာရီရီက နယ်စပ်မှာဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ကျရေးအတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ ပြင်သစ်နဲ့ အမေရိကန်တို့ကို ပန်ကြားခဲ့ပါတယ်။

    အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ဟာ ၂၀၀၆ ခုနှစ်က စစ်ပွဲဖြစ်ပွားခဲ့ပြီး အခုအချိန်အထိ စစ်ဖြစ်နေဆဲနေအထားမှာ ရှိနေပါတယ်။ မနေ့က တိုက်ခိုက်မှုဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးအကြား ပထမဆုံး ထိပ်တိုက် တိုက်ခိုက်မှု ဖြစ်ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လူ ၂ သန်းနီးပါး နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံး

    အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် လူ ၂ သန်းနီးပါး နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံး

    စက်တင်ဘာ ၁၊ ၂၀၁၉
    M-Media

    -အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ နိုင်ငံသားစာရင်းတစ်ခုကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ လူပေါင်း ၂ သန်းနီးပါးလောက် စာရင်းမပါဝင်ခဲ့ဘဲ နိုင်ငံမဲ့ဖြစ်မယ့် အနေအထားကို ရင်ဆိုင်နေရပါတယ်။

    နိုင်ငံသားနဲ့ နိုင်ငံသားမဟုတ်သူတွေ စီစစ်ရေးလုပ်ငန်းကို အိန္ဒိယအစိုးရက အာသံပြည်နယ်မှာ နှစ်ချီ အချိန်ယူ လုပ်ဆောင်ခဲ့တာာဖြစ်ပြီး နိုင်ငံသားစီစစ်ရေးစာရင်း (NRC) ခေါင်းစဉ်နဲ့ စာရင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံသားစာရင်းမှာ လူပေါင်း ၃၁.၁ သန်း ပါဝင်ခဲ့ပြီး ၁.၉ သန်းလောက်ကတော့ နိုင်ငံသားအရည်အချင်း ပြည့်မီခြင်း မရှိတဲ့အတွက် မပါဝင်ခဲ့ဘူးလို့ အာသံအစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “NRC လုပ်ငန်းစဉ်တစ်ခုလုံကို တိတိကျကျနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဆင့်တိုင်းမှာ ပြည်သူတွေကို အတိုင်းအတာတစ်ခုအထိ ချပြခဲ့ပါတယ်။ အဆင့်တိုင်းမှာလည်း ပြဌာန်းဥပဒေတွေ၊ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”

    နိုင်ငံသားစီစစ်ရေးလုပ်ငန်းဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမ၀င် ၀င်ရောက်လာသူတွေကို ဖော်ထုတ်ကာ၊ ပြန်ပို့ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း အာသံအစိုးရက ပြောကြားခဲ့ပါတယ်။

    ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေး စစ်ပွဲအတွင်း သန်းနဲ့ချီတဲ့ ဘင်္ဂါလီ ဟိန္ဒူတွေနဲ့ ဘင်္ဂါလီ
    မွတ်စလင်တွေဟာ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာခဲ့ကြပါတယ်။ အာသံ ဒေသခံတွေကတော့ ပြောင်းရွှေ့အခြေချသူတွေဟာ မြေတွေ၊ အလုပ်အကိုင်တွေ ရယူသွားတယ်လို့ ပြောဆိုကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က ၀င်ရောက်လာသူတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေလည်း အာသံပြည်နယ်မှာ အရင်က ဖြစ်ပေါ်ခဲ့ပြီး လူထောင်ချီ သေဆုံးတဲ့ အကြမ်းဖက်မှုတွေအထိ ဦးတည်ခဲ့ပါတယ်။

    အာသံပြည်နယ်မှာ နိုင်ငံသားစီစစ်ရေးလုပ်ငန်းကို ၁၉၅၁ ခုနှစ်ကတည်းက စတင် လုပ်ဆောင်ခဲ့တာပါ။ နောက်ဆုံး စီစစ်မှုကိုကို ၂၀၁၅ ခုနှစ်မှာ လုပ်ဆောင်ခဲ့ပြီး အိန္ဒိယ တရားရုံးချုပ်က တိုက်ရိုက် ကိုင်တွယ်တာ ဖြစ်ပါတယ်။ ဥပေဒအရ ၁၉၇၁ ခုနှစ်မတိုင်ခင် ပြည်နယ်အတွင်းမှာ ရှိနေကြတဲ့သူတွေဟာ နိုင်ငံသားဖြစ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

    အရင်ကထက် လျော့သွား

    နိုင်ငံသားဖြစ်ကြောင်း ပြည်သူ ၃၃ သန်းက တင်သွင်းတဲ့ အထောက်အထားတွေကို တာဝန်ရှိသူတွေက စစ်ဆေးကာ ဇူလိုင်လမှာ နိုင်ငံသားစာရင်း အကြမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအချိန်က လူ ၄ သန်းလောက် နိုင်ငံသားဖြစ်ခွင့်မရခဲ့ဘဲ အခုနောက်ဆုံးထုတ်ပြန်တဲ့
    နိုင်ငံသားစာရင်းမှာ နိုင်ငံသားဖြစ်ခွင့်မရသူအရေအတွက် နည်းသွားပြီး ၁.၉ သန်း ရှိပါတယ်။

    စာရင်းမှာ ပါဝင်ခြင်းမရှိတဲ့သူတွေဟာ ရက်ပေါင်း ၁၂၀ အတွင်း နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေကို တရားရေးဌာနက ဖွဲ့စည်းထားတဲ့ အထူးခုံရုံးတွေကို တင်သွင်းရမှာ ဖြစ်ပါတယ်။ လက်ရှိ အာသံပြည်နယ်မှာ နိုင်ငံသားဖြစ်ကြောင်း စီစစ်မယ့် အထူးခုံရုံးဟာ ၁၀၀ လောက်ရှိနေပြီး နောက်ထပ် ၂၀၀ ထပ်မံဖွဲ့စည်းဖို့လည်း အိန္ဒိယအစိုးရက ပြင်ဆင်နေပါတယ်။ အဲဒီခုံရုံးဟာ တင်သွင်းလာတဲ့ အထောက်အထားတွေကို ၆ လအတွင်း စီစစ်မှာ ဖြစ်ပါတယ်။

    နိုင်ငံသားမဖြစ်သူတွေအနေနဲ့ ထောင်ဒဏ်၊ ပြည်နှင်ဒဏ်တွေ ခံစားရမယ့်အပြင် အခြားနိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးရလိမ့်မယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

    လက်ရှိမှာ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအခြေချသူ ၁၀၀၀ နီးပါးကို အာသံမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး၊ နောက်ထပ် ထိန်းသိမ်းရေးစခန်း ၁၀ ခုကိုလည်း အိန္ဒိယအစိုးရက တည်ဆောက်နပါတယ်။

    နိုင်ငံသားစာရင်းမှာ မပါဝင်သူတွေအများစုဟာ မွတ်စလင်တွေဖြစ်တာကြောင့် အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ မွတ်စလင်တွေကို ပစ်မှတ်ထားပြီး နှင်ထုတ်ဖို့ကြိုးစားနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera