News @ M-Media

Author: Ko Lay

  • နိုင်ငံပေါင်း ၃၂ ခု ၀င်ဆံ့နိုင်တဲ့ အိန္ဒိယ

    နိုင်ငံပေါင်း ၃၂ ခု ၀င်ဆံ့နိုင်တဲ့ အိန္ဒိယ

    ဇွန် ၁၇၊ ၂၀၁၉
    M-Media

    -အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁.၃ ဘီလီယံ (သန်း ၁၃၀၀) ကျော်ရှိပြီး တရုတ်နိုင်ငံပြီးရင် ကမ္ဘ္ဘာမှာ ဒုတိယ လူဦးရေအများဆုံး တိုင်းပြည်ဖြစ်ပါတယ်။

    နိုင်ငံအတွင်း ပြည်နယ်ပေါင်း ၂၉ ခုနဲ့ ပြည်ထောင်စုနယ်မြေ ၇ ခု ရှိပြီး တစ်ချို့ပြည်နယ်တွေဟာ ကမ္ဘ္ဘာပေါ်က အခြားနိုင်ငံတွေရဲ့ လူဦးရေပမာဏလောက်အထိ ရှိကြပါတယ်။ ဥပမာအားဖြင့် အိန္ဒိယရဲ့ အကြီးဆုံး ပြည်နယ် အူတာ ပရာဒက်ရှ်ဟာ ဘရာဇီးလ်နိုင်ငံရဲ့ လူဦးရေထက် ပိုများပြီး မဟာရက်ရှ်ထရာ ပြည်နယ်ကတော့ ဂျပန်နိုင်ငံရဲ့ လူဦးရေထက် ပိုများပါတယ်။

    နိုင်ငံမှာ အသေးဆုံးဖြစ်တဲ့ အာသံဆိုရင်တောင် ဆော်ဒီအာရေဗျနိုင်ငံရဲ့ လူဦးရေထက် ပိုမိုများပါတယ်။

    အိန္ဒိယနိုင်ငံမှာ အခြား ကမ္ဘ္ဘာ့နိုင်ငံတွေ ထည့်သွင်းမယ်ဆိုရင် နိုင်ငံပေါင်း ၃၀ ကျော်လောက် ၀င်ဆံ့နိုင်မှာ ဖြစ်ပါတယ်။

    ref: gzeromedi.com

  • ကမ္ဘ္ဘာ့အကြီးဆုံး ရေအောက် အပန်းဖြေစခန်းကို ဘာရိန်း၌ မကြာမီ ဖွင့်လှစ်မည်

    ကမ္ဘ္ဘာ့အကြီးဆုံး ရေအောက် အပန်းဖြေစခန်းကို ဘာရိန်း၌ မကြာမီ ဖွင့်လှစ်မည်

    ဇွန် ၁၅၊ ၂၀၁၉
    M-Media

    ရေအောက်အပန်းဖြေစခန်း မြင်ကွင်း

    -Boeing 747 လေယာဉ် ပါဝင်ပြီး ကမ္ဘ္ဘာ့အကြီးဆုံး ရေအာက်အပန်းဖြေစခန်းဖြစ်လာမယ့် နေရာတစ်ခုကို လာမယ့် သြဂုတ်လမှာ ဖွင့်လှစ်တော့မယ်လို့ ဘာရိန်းနိုင်ငံက ကြေငြာလိုက်ပါတယ်။

    အဲဒီ ရေအောက်အပန်းဖြေစခန်းဟာ နိုင်ငံအနောက်မြောက်ပိုင်း ကျွန်းစုမြို့တော် ဒီယာအလ်မူဟာရက်မှာ တည်ရှိမှာပါ။ ဒီယာအလ်မူဟာရက် မြို့ကို လူလုပ်ကျွန်း ၇ ခုနဲ့ ဖွဲ့စည်းထားပြီး လက်ရှိ ခရီးသွားနေရာတစ်ခု ဖြစ်နေပါတယ်။ ကမ္ဘ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားပြီး နိုင်ငံရဲ့ ခရီးသွားဝင်ငွေ တိုးတက်စေဖို့ ရည်ရွယ်ကာ ရေအောက် အပန်းဖြေစခန်း စီမံကိန်းကို ဖော်ဆောင်တာ ဖြစ်ပါတယ်။

    အပန်းဖြေစခန်းရဲ့ အကျယ်အ၀န်းဟာ စကွဲယားမီတာ ၁ သိန်း ရှိပြီး၊ အဲဒီမှာပါဝင်မယ့် မီတာ ၇၀ ရှည် Boeing 747 လေယာဉ်ကြီးကတော့ ကမ္ဘ္ဘာပေါ်မှာ ရေအောက်မြှုပ်ထားတဲ့ အကြီးဆုံး လေယာဉ်အဖြစ် မှတ်တမ်းဝင်မယ်လို့ ဘာရိန်း ခရီးသွားလာရေးဝန်ကြီး ဇာယစ် ဘင် ရာရှစ် အလ် ဇာယာနီက ပြောကြားခဲ့ပါတယ်။

    ဘာရိန်းရဲ့ နာမည်ကျော် ပုလဲရောင်းဝယ်ရေးစင်တာ ပုံတူလည်း အဲဒီရေအောက် အပန်းဖြေစခန်းမှာ ပါဝင်သလို၊ လူလုပ်သန္တာကျောက်တန်း၊ အနုပညာလက်ရာတွေကိုလည်း ဖန်တီးထည့်သွင်းထားပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လကနေစပြီး ခရီးသွားတွေဟာ အပန်းဖြေစခန်းကို လာရောက်ဖို့ ဘိုကင်လုပ်နိုင်မယ်လို့လည်း ၀န်ကြီး အလ် ဇယာနီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဒီလိုစီမံကိန်းကြီးတစ်ခုကို ဖော်ဆောင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်”

    ရေအောက်အပန်းဖြေစခန်း စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စံနှုန်းတွေနဲ့အညီ ဖော်ဆောင်ထားပြီး ရေနေသတ္တဝါတွေ ရှင်သန်ကြီးထွားရေး၊ ဇီဝစနစ် ကောင်းမွန်ရေးတွေကို အထောက်အကူ ပြုလိမ့်မယ်လို့လည်း ဘာရိန်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

    အခု ရေအောက်အပန်းဖြေစခန်းမှာ နှစ်မြှုပ်ထားတဲ့ Boeing 747 လေယာဉ်ကို ကြာရှည်ခံအောင် အထူး ပြင်ဆင်မွမ်းမံထားပြီး ခရီးသွားတွေဟာ လေယာဉ်အတွင်းပိုင်းအထိ ၀င်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    ရေအောက် မြင်ကွင်းတွေကို ပြသကာ ခရီးသွားတွေကို စွဲဆောင်တဲ့ လုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းကစလို ကြီးထွားလာခဲ့ပြီး မော်လ်ဒိုက်နိုင်ငံက ရေအောက်ဟိုတယ်၊ အမေရိကန်နိုင်ငံက ရေအောက် ပြတိုက်တွေက နာမည်ကျော်ပါတယ်။

    တူရကီကလည်း သန္တရာကျောက်တန်းအတု ဖန်တီးဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်က Airbus လေယာဉ်တစ်စီးကို အေဂျီယံ ကမ်းရိုးတန်းမှာ နှစ်မြုပ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ နိုင်ငံ အနောက်မြောက်ပိုင်း ဂါလီပိုလီ ကျွန်းဆွယ်မှာ Airbus လေယာဉ်တစ်စီးကို တူရကီက ထပ်မံနှစ်မြှုပ်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ရေငုပ်ဝါသနာပါသူတွေကို စွဲဆောင်ဖို့ ဖြစ်ပါတယ်။

    အရှေ့အလယ်ပိုင်း ပါရှန်ပင်လယ်ကွေ့မှာတည်ရှိတဲ့ ဘာရိန်းနိုင်ငံဟာ ကျွန်းစုနိုင်ငံဖြစ်ပြီး လူဦးရေ ၁ သန်းကျော်သာ တည်ရှိတဲ့ ဘုရင့်နိုင်ငံငယ်လေး ဖြစ်ပါတယ်။ အရင်က ကမ္ဘ္ဘာမှာ နာမည်ကျော်ပုလဲတွေ ထွက်ရှိရာဒေသဖြစ်သလို၊ အခုအချိန်မှာတော့ ရေနံကြွယ်ဝကာ ချမ်းသာတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။

    Ref: CNN

  • Touch-screen ခေါက်ဖုန်း ဈေးကွက်တင်မည့်ရက်ကို Huawei က ၃ လနောက်ရွှေ့

    Touch-screen ခေါက်ဖုန်း ဈေးကွက်တင်မည့်ရက်ကို Huawei က ၃ လနောက်ရွှေ့

    ဇွန် ၁၅၊ ၂၀၁၉
    M-Media

    -Touch-screen ခေါက်ဖုန်း Mate X စတင်ရောင်းချမယ့် ကာလကို ၃ လနောက်ဆုတ်လိုက်တယ်လို့ Huawei က မနေ့မှာ ကြေငြာခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဆမ်ဆောင်းရဲ့ touch-screen ခေါက်ဖုန်း Galaxy Fold ကို ယှဉ်ပြိုင်နိုင်ပြီး ဈေးကွက်က မျှော်လင့်ထားတဲ့ Mate X ကို အခုလအတွင်း ဈေးကွက်တင်ရောင်းချဖို့ Huawei စီစဉ်ထားတာပါ။ ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဗင်းဆင့်ပန်က ဈးကွက်တင်မယ့်ရက်ကို စက်တင်ဘာလအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဟောင်ကောင်မှာပြုလုပ်တဲ့ WSJ Tech D.Live အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်လို့ဆိုကာ အမေရိကန်က Huawei ကို မေလမှာ အမည်ပျက်စာရင်းသွင်းခဲ့ပြီး အမေရိကန် ကုမ္ပဏီတွေအနေနဲ့ စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

    ဗင်းဆင့်ပန်က Mate X ဈေးကွက်တင်မယ့် ရက်ကို နောက်ဆုတ်လိုက်တာဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် မဟုတ်ဘဲ ဖြန့်ချီမယ့်ကုမ္ပဏီတွေထံကနေ အသိအမှတ်ပြုလက်မှတ်ရရေး စမ်းသပ်သုံးစွဲမှုကို စောင့်ဆိုင်းနေတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစမ်းသပ်မှုဟာ သြဂုတ်လကုန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

    အစိုးရက အမည်ပျက်စာရင်း သွင်းခဲ့တာကြောင့် Google အပါအ၀င် အမေရိကန် နည်းပညာကုမ္ပဏီ တော်တော်များများဟာ Huawei နဲ့ ဆက်သွယ်ဆောင်ရွက်မှာ မဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။ ဒ့ါကြောင့် ဖုန်းအသစ်တွေအတွက် Huawei ဟာ Andoriod စနစ်ကို အသုံးပြုလို့ရမှာ မဟုတ်သလို၊ ဖုန်းတွေအတွက် လိုအပ်တဲ့ ချစ်ပ်ပြားတွေကိုလည်း အမေရိကန်ကနေ တင်သွင်းခွင့် ရတော့မှာ မဟုတ်ပါဘူး။

    Huawei ကတော့ လက်ရှိမှာ သူတို့ရဲ့ ကိုယ်ပိုင် ဖုန်း Operating System ဖြစ်တဲ့ Hongmeng ကို စမ်းသပ်နေပြီး ၉ လအတွင်းမှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ တစ်ခြားသောဖုန်းတွေမှာလည်း အသုံးပြုနိုင်မှာကြောင်း ထုန်ပြန်ခဲ့ပါတယ်။ လက်တော့ ကွန်ပျူတာအသစ် ဈေးကွက်တင်ရောင်းချမယ့် အစီအစဉ်ကို Huawei က ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ မီဒီယာတွေရဲ့
    ဖော်ပြမှုကို ဗင်းဆင့်ပန်က ငြင်းဆိုခဲ့ပြီး မကြာခင်မှာ ထုတ်ပြန် ကြေငြာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • တောင်ဆူဒန်နိုင်ငံ၏ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရ

    တောင်ဆူဒန်နိုင်ငံ၏ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရ

    ဇွန် ၁၅၊ ၂၀၁၉
    M-Media

    တောင်ဆူဒန်မှာ မိခင်နှင့် ကလေးငယ်

    -ကမ္ဘ္ဘာ့ သက်တမ်းအနုဆုံး တိုင်းပြည်ဖြစ်တဲ့ တောင်ဆူဒန်နိုင်ငံမှာ စစ်ပွဲတွေကြောင့် နိုင်ငံလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော် ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂလက်အောက်မှာရှိတဲ့ အဖွဲ့အစည်း ၃ ခုနဲ့ တောင်ဆူဒန် အစိုးရတို့က ထုတ်ပြန်ကြေငြာလိုက်ပြီး ဒါဟာ နိုင်ငံသမိုင်းတစ်လျှောက် စံချိန်တင် ပမာဏလည်း ဖြစ်ပါတယ်။

    ဆူဒန်နိုင်ငံကနေ ၂၀၁၁ ခုနှစ်မှာ လွတ်လပ်ရေးယူခဲ့တဲ့ တောင်ဆူဒန်ဟာ ၂၀၁၃ ခုနှစ်မှာတော့ ပြည်တွင်းစစ် စဖြစ်ခဲ့ပါတယ်။ ဒုတိယသမ္မတ ရလက် မန်ချာက အာဏာသိမ်းဖို့ ကြိုးစားတယ်လို့ သမ္မတ ဆာလ်ဗာ ကီရ်က စွပ်စွဲခဲ့ပြီးတဲ့နောက် သူတို့နှစ်ဦးကို သစ္စာခံတဲ့ အဖွဲ့တွေအကြား တိုက်ခိုက်ရာကနေ ပြည်တွင်းစစ် စတင်ခဲ့တာ ဖြစ်ပါတယ်။

    ပြည်တွင်းစစ် ၅ နှစ်ကျော်အတွင်း နှစ်ဖက် အပစ်ရပ်ရေး သဘောတူညီချက်တွေ ရခဲ့ပေမယ့် ကြာကြာမခံပါဘူး။ နောက်ဆုံး သဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ၉ လအရင်က ပျက်ပြယ်ပြီးတဲ့နောက် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

    လက်ရှိမှာ နိုင်ငံလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော် ၇ သန်းလောက်ဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပြီး ၂ သန်းလောက်တော့ အငတ်ဘေးကျရောက်လုဆဲဆဲ ဖြစ်ပါတယ်။ ကာလရှည်၊ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊ စီးပွားရေးအကြပ်အတည်း၊ မိုးခေါင်ရေရှားမှုတွေကြောင့် အခြေအနေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးဝါးလာတယ်လို့ ကမ္ဘ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ တာဝန်ရှိသူ ရှောင်ဝေလီက ပြောကြားခဲ့ပါတယ်။

    အဆင့် ၅ ဆင့် ပါဝင်တဲ့ ကုလရဲ့ စားနပ်ရိက္ခာ ဖူလှုံမှုသတ်မှတ်ချက် IPC မှာ တောင်ဆူဒန်နိုင်ငံက ၁.၈ သန်းသော ပြည်သူတွေဟာ အဆိုးဆုံးအဆင့်ရဲ့အောက် အဆင့် ၄ ကို ရောက်နေတယ်လို့ WFP၊ FAO နဲ့ UNICEF တို့ရဲ့ စစ်တမ်းကောက်ယူမှုမှာ ဖော်ပြထားပါတယ်။ အဆင့် ၄ ဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ထမင်း မှန်မှန်မစားရတာ၊ အဟာရချို့တဲ့တာနဲ့ ငတ်မွတ်ပြီး သေဆုံးမှုဖြစ်တဲ့ အဆင့်မျိုး ဖြစ်ပါတယ်။

    ငတ်မွတ်ခေါင်းပါးမှု အရေအတွက်ဟာ ၂၀၁၉ ခုနှစ် အစောပိုင်းက ၆.၁ သန်း ရှိရာကနေ ယခုအချိန်မှာတော့ ၆.၉ သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ တောင်ဆူဒန်က နိုင်ငံမှာ လူသားတွေကြောင့်ဖြစ်တဲ့ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရတယ်လို့ ၂၀၁၇ ခုနှစ်မှာ ကြေငြာခဲ့ပါတယ်။

    စာရင်းအတိအကျ ကောက်လို့မရပေမယ့် စားနပ်ရိက္ခာအကူအညီ လိုအပ်နေတဲ့ ပမာဏက ၂ သန်းအထိ ရှိနေပြီး ဒီအခြေအနေတိုင်း ဆက်သွားမယ်ဆိုရင် လူ ၂၁၀၀၀ လောက်ဟာ အငတ်ဘေး ဆိုက်နိုင်တယ်လို့ FAO ရဲ့ တောင်ဆူဒန်ဆိုင်ရာ ဌာနကိုယ်စားလှယ် ပီယာရီ ဗူသီယာက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အင်အားကြီးနိုင်ငံများ အပြုသဘောမဆောင်လျှင် ၂၀၁၅ နျူစာချုပ်ကို မလိုက်နာတော့ဟု အီရန်ပြော

    အင်အားကြီးနိုင်ငံများ အပြုသဘောမဆောင်လျှင် ၂၀၁၅ နျူစာချုပ်ကို မလိုက်နာတော့ဟု အီရန်ပြော

    ဇွန် ၁၅၊ ၂၀၁၉
    M-Media

    အီရန်သမ္မတ ဟာဆန်ရူဟာနီ

    -၂၀၁၅ နျူသဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ အခြားနိုင်ငံတွေက အပြုသဘောဆောင်တဲ့ လက္ခဏာမျိုး မတွေ့ရဘူးဆိုရင် စာချုပ်ပါ စည်းကမ်းတွေ လိုက်နာတာကို ရပ်ဆိုင်းမှု ဆက်လက်လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    စာချုပ်ကနေ အမေရိကန်နှုတ်ထွက်သွားပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့မေလမှာ အီရန်က ယူရေနီယံသန့်စင်မှု ကန့်သတ်ချက် အပါအ၀င် စာချုပ်ပါ အချို့အချက်တွေကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်။ ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ၂၀၁၈ ခုနှစ် မေလမှာ စာချုပ်ကနေ နှုတ်ထွက်ကြောင်း ပြောကြားခဲ့ပြီး အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တာပါ။

    အီရန်နဲ့ အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေရဲ့ တိုက်ခိုက်လာနိုင်ဖွယ်ရှိမှုကို ပြန်လည်တုန့်ပြန်ဖို့ဆိုကာ ပင်လယ်ကွေ့ဒေသမှာ အမေရိကန်က ပြီးခဲ့တဲ့မေလအတွင်း တပ်တွေ ထပ်တိုးချထားခဲ့ပြီးတဲ့နောက်မှာတော့ အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုဟာ ပိုမို ပြင်းထန်လာခဲ့ပါတယ်။

    “အီရန်ကပဲ တစ်ဖတ်သက် စာချုပ်လိုက်နာရမယ်ဆိုတာမျိုး လုံးဝ အဖြစ်မခံပါဘူး။ စာချုပ် ဆက်လက်အကျုံးဝင်ဖို့ဆိုရင် လက်မှတ်ထိုးထားသူတွေအားလုံးက လိုက်နာဖို့ လိုအပ်ပါတယ်” လို့ ဒီကနေ့ တာဂျီကစ္စတန်နိုင်ငံမှာ ပြုလုပ်တဲ့ Conference on Interaction and Confidence Building Measures ထိပ်သီးအစည်းအဝေးမှာ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားခဲ့ပါတယ်။

    အဲဒီအစည်းအဝေးကို တရုတ်၊ ရုရှားတို့အပြင် အခြား အာရှခေါင်းဆောင် တော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကို အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂတို့က လက်မှတ်ရေးထိုးထားကြတာ ဖြစ်ပါတယ်။

    ရူဟာနီကတော့ လက်မှတ်ထိုးထားတဲ့ အခြားနိုင်ငံတွေထံကနေ အပြုသဘောဆောင်တဲ့ လက္ခဏာမျိုး မြင်ချင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဘယ်လို အခြေအနေမျိုးကို မြင်ချင်တယ်၊ စာချုပ်ပါ ဘယ်အချက်တွေကို မလိုက်နာဘူး ဆိုတာတွေကိုတော့ ရူဟာနီက တိတိကျကျ မပြောခဲ့ပါဘူး။

    ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေက စာချုပ်ပါ သတ်မှတ်ချက်အတိုင်း ဆက်လက်လိုက်နာမယ်လို့ ပြောကြားထားပေမယ့် အမေရိကန်ရဲ့ ဖိအားကြောင့် ဥရောပမှာ အခြေစိုက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အီရန်နဲ့ အဆက်အသွယ် ဖြတ်တောက်မှုတွေ ရှိနေပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပင်လယ်ကွေ့ဒေသမှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ကြာသာပတေးနေ့က အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော ၂ စင်း တိုက်ခိုက်ခံရပြီး၊ မေလအစောပိုင်းကလည်း ယူအေအီးနိုင်ငံ ဖူဂျိုင်ရာ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုဟာ အီရန်လက်ချက်ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် အီရန်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။

    Ref: Aljazeera