News @ M-Media

Author: Ko Lay

  • ခရိုက်ချက်ဗလီ အကြမ်းဖက်ခံရမှုရုံးချိန်တွင် နာဇီသီချင်းလာဖွင့်သည့် အမျိုးသားကို နယူးဇီလန် ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲ

    ခရိုက်ချက်ဗလီ အကြမ်းဖက်ခံရမှုရုံးချိန်တွင် နာဇီသီချင်းလာဖွင့်သည့် အမျိုးသားကို နယူးဇီလန် ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲ

    ဇွန် ၁၄၊ ၂၀၁၉
    M-Media

    အကြမ်းဖက်မှုမှ လွှတ်မြောက်လာသူ အဘ်ဒူလ်အဇစ် (ယာ)က၊
    ရိုဒရစ် ဝိန်းဝုဒ်စ် (ဝဲ) ကို ထွက်သွားရန် ဖျောင်းဖျနေစဉ်

    -ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ ရုံးချိန်းမှာ တရားရုံးရှေ့လာရောက်ပြီး နာဇီသီချင်း ဖွင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို နယူးဇီလန်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပါတယ်။

    လူ ၅၀ သေဆုံးခဲ့တဲ့ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူ ဘရန်တန် တားရန့်ကို မနေ့က ခရိုက်ချက်မြို့ ဟိုက်ကုတ်တရားရုံးမှာ ဗီဒီယိုကနေတစ်ဆင့် ကြားနာ စစ်ဆေးခဲ့ပါတယ်။

    ကြားနာမှုအပြီး လူတွေ ပြန်ထွက်လာတဲ့အချိန်မှာ အသက် ၃၃ နှစ်အရွယ် ရိုဒရစ် ဝိန်းဝုဒ်စ်ဆိုသူက တရားရုံးရှေ့မှာ နာဇီသီချင်း ဖွင့်ခဲ့ပြီး တရားရုံးလာရောက်တဲ့ ကျန်ရစ်သူမိသားစုတွေကိုလည်း လူမျိုးရေး၊ ဘာသာရေးစော်ကားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဝိန်းဝုဒ်စ်ကို ဖမ်းဆီးကာ မလျော်ကန်တဲ့ အပြုအမူ ပြုလုပ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

    တရားသူကြီးက နောက်ပိုင်းမှာ ဝိန်းဝုဒ်စ်ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့မှာ အမှုကိုကြားနာဖို့ ရုံးချိန်ပေးခဲ့ပါတယ်။ ပြစ်မှုထင်ရှားရင် သူဟာ အမြင့်ဆုံး ဒဏ်ငွေ ကန်ဒေါ်လာ တစ်ထောင် ပေးဆောင်ရမှာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အလ်နူရ် ဗလီနဲ့ လင်ဝုဒ် ဗလီတွေရဲ့ ပတ်ဝန်းကျင် မီတာ ၅၀ အတွင်း မ၀င်ဖို့၊ သြဂုတ်လ ၁၆ ရက်နေ့ တားရန့်ရဲ့ ရုံးချိန်းမှာ တရားရုံးပတ်ဝန်းကျင် မီတာ ၅၀၀ အတွင်း မလာဖို့လည်း တရားသူကြီးက အမိန့်ပေးခဲ့ပါတယ်။

    မနေ့က ကြားနာမှုမှာ တားရန့်က တိုက်ခိုက်မှုတွေအတွက် သူ့မှာ အပြစ်မရှိဘူးလို့ ရှေ့နေကတစ်ဆင့် လျှောက်လှဲခဲ့ပါတယ်။ သြစတေးလျ နိုင်ငံသား တားရန်ဟာ ဥရောပက လူဖြူအစွန်းရောက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ နယူးဇီလန်နဲ့ သြစတေးလျ အာဏာပိုင်တွေက
    သတင်းထုတ်ပြန်ထားပါတယ်။

    Ref: nzherald

  • လိုက်ချီးသီးအဆိပ်သင့်မှုကြောင့် အိန္ဒိယတွင် ကလေးငယ် ၅၀ ခန့် သေဆုံး

    လိုက်ချီးသီးအဆိပ်သင့်မှုကြောင့် အိန္ဒိယတွင် ကလေးငယ် ၅၀ ခန့် သေဆုံး

    ဇွန် ၁၄၊ ၂၀၁၉
    M-Media

    -အဆိပ်သင့်နေတဲ့ လိုက်ချီးသီးကနေတစ်ဆင့် ဖြစ်ပွားတဲ့ ဦးနှောက်ရောဂါတစ်မျိုးကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာရ်ပြည်နယ်မှာ အနည်းဆုံး ကလေးငယ် ၅၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဦးနှောက်ရောင်ယမ်းတဲ့ ရောဂါ encephalitis syndrome ကြောင့်သေဆုံးတာဖြစ်ပြီး စုစုပေါင်း ၄၇ ဦး ရှိပြီလို့ ဘီဟာပြည်နယ် အစိုးရက သတင်းထုတ်ပြန်ပါတယ်။ အခုနှစ်ဇန်နဝါရီလကနေစလို့ ဒီရောဂါဖြစ်ပွားတဲ့ ဦးရေဟာ ၁၇၉ ဦးရှိနေပြီး၊ သေဆုံးမှုကတော့ ပြီးခဲ့တဲ့သီတင်းပတ် အနည်းငယ်ကမှ ဖြစ်တာလို့ မူဇက်ဖာရ်ပူးမြို့မှာရှိတဲ့ ဆေးရုံ ၂ ခုက ထုတ်ပြန်ထားပါတယ်။

    ၂၀၁၃ ခုနှစ်ကလည်း encephalitis syndrome ရောဂါကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ အနည်းဆုံး ၃၅၁ ဦး သေဆုံးခဲ့ပါတယ်။ ပြည်နယ်အစိုးရ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ ဆန်ဂျေးကူးမားရ်က အခုနှစ်အတွင်း သေဆုံးမှုအရေအတွက်ဟာ မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကလေးငယ်တွေ ဒီလိုသေဆုံးရတာဟာ ဟိုက်ပိုဂလိုက်ဆီးမီးယား (hypoglycemia) လို့ခေါ်တဲ့ သွေးတွင်း သကြားဓာတ်နည်းမှုကြောင့်ဖြစ်ပြီး နိုင်ငံမြောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးတဲ့ လိုက်ချီးသီးနဲ့ ဆက်နွယ်နေတယ်လို့ အိန္ဒိယ ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

    အဲဒီလိုက်ချီးသီးတွေမှာ အဆိပ်သင့်မှုတစ်ခုရှိပြီး စားလိုက်တဲ့အခါ အသည်းမှာ အဆိပ်က သွာစုကြောင်း၊ အပူအချိန်မြင့်တက်လာတဲ့အခါမှာ အဆိပ်က အသည်းကနေထွက်ကာ ပြန့်နှံတာကြောင့် ဦးနှောက်ရောင်ယမ်းကာ သေဆုံးရတာဖြစ်ကြောင်း နိုင်ငံတကာကျွမ်းကျင်သူတွေက
    လေ့လာဆန်းစစ် ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယနိုင်ငံမြောက်ပိုင်းက လိုက်ချီးသီး စိုက်ပျိုးကြတဲ့ ကျေးရွာတွေမှာ မိဘတွေဟာ ကလေးငယ်တွေကို ထမင်းအစား လိုက်ချီးသီးတွေကို ကျွေးတာကြောင့် ဒီလို ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာဖြစ်တယ်လို့ ကူးမားရ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    encephalitis syndrome ရောဂါကြောင့် ဦးနှောက်ရောင်ယမ်းတာ၊ ဖျားနာတာ၊ ကယောကယမ်းဖြစ်တာတွေ ဖြစ်ပွားတတ်ပြီး နောက်ဆုံးမှာ မေ့မြောက သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ရာသီဥတုပူပြင်းတာ၊ အဟာရချို့တဲ့တာနဲ့ စိုစွတ်တာတွေကာ ရောဂါဖြစ်ပွားမှုကို အထောက်အပံ့ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။

    Ref: CNN

  • အရှေ့အလယ်ပိုင်းတွင် စစ်ပွဲအသစ်ကို ကမ္ဘ္ဘာကြီးက ရင်မဆိုင်နိုင်တော့ဟု ကုလအတွင်းရေးမှူး သတိပေး

    အရှေ့အလယ်ပိုင်းတွင် စစ်ပွဲအသစ်ကို ကမ္ဘ္ဘာကြီးက ရင်မဆိုင်နိုင်တော့ဟု ကုလအတွင်းရေးမှူး သတိပေး

    ဇွန် ၁၄၊ ၂၀၁၉
    M-Media

    ဇွန်လ ၁၃ ရက်နေ့က အိုမန်ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံခဲ့ရသည့် ရေနံတင်သင်္ဘော တစ်စင်း

    -ပင်လယ်ကွေ့ဒေသမှာ နောက်ထပ် စစ်ပွဲဖြစ်ပွားမှုကို ရင်ဆိုင်ဖို့ ကမ္ဘ္ဘာကြီးက မတတ်နိုင်တော့ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပြီး အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောနှစ်စင်း မနေ့က တိုက်ခိုက်ခံရမှုကြောင့် တင်းမာမှုတွေ မြင့်တက်လာတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

    စင်ကာပူနဲ့ ထိုင်ဝမ်တို့ကို သွားရောက်မယ့် အဲဒီ သင်္ဘောနှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားအနီး အိုမန်ပင်လယ်ကွေ့မှာ မနေ့က တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး တစ်စီးက မီးလောင်ခဲ့ပါတယ်။ ဟော်မုဇ် ရေလက်ကြားဟာ ကမ္ဘ္ဘာ့ ရေနံတင်ပို့မှုမှာ အဓိကကျတဲ့လမ်းကြောင်း ဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်နိုင်ငံရှိနေတယ်လို့ စွပ်စွဲပြောကြားခဲ့ပြီး အီရန်ကတော့ သံသယဖြစ်ဖွယ် တိုက်ခိုက်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကုလအတွင်းရေးမှူး ဂူတာရက်စ်က တိုက်ခိုက်မှုကိုရှုတ်ချကြောင်း မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး၊ သက်သေအထောက်အထားတွေကို အခြေခံကာ လုပ်ဆောင်သူတွေကို ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    အီရန်ကို အပြစ်တင်

    မနေ့က ဝါရှင်တန် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ထောက်လှမ်းရေးသတင်းအချက်အလက်တွေ၊ အသုံးပြုတဲ့ လက်နက်အမျိုးအစား၊ လုပ်ဆောင်နိုင်တဲ့အဆင့်တွေ၊ ရေနံတင်သင်္ဘောတွေကို မကြာခင်က အီရန်ရဲ့ တိုက်ခိုက်မှု စတာတွေကို ဆက်စပ်လိုက်ရင် ဒီကိစ္စကို အီရန်က လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆထားကြောင်း ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီစွပ်စွဲမှုအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေကိုတော့ ပွမ်ပီယိုက မပေးခဲ့ပါဘူး။

    အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဖာရစ်ဖ်က အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှု ဖြေလျော့ရေး ကြားဝင် စေ့စပ်ပေးဖို့အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တိုင်းပြည်ကို ရောက်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတဲ့ ဒီတိုက်ခိုက်မှုဟာ သံသယဖြစ်စရာကောင်းနေတယ်လို့ မနေ့က မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    မေလ ၁၂ ရက်နေ့ကလည်း ယူအေအီးနိုင်ငံ ဖူဂျိုင်ရာဒေသ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံခဲ့ရပြီး ဒီကိစ္စအတွက် အမေရိကန်က အီရန်အပေါ် စွပ်စွဲပြောဆိုခဲ့ပါတယ်။ အီရန်ကတော့ ဒီပြောဆိုမှုတွေဟာ အဓိပ္ပါယ်မရှိတဲ့ စကားတွေလို့ တုန့်ပြန်ခဲ့ပြီး ဒေသတွင်း စိုးရိမ်စရာကောင်းတဲ့ လုံခြုံရေးအခြေအနေတွေအတွက် ဆွေးနွေးကြဖို့ ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်အစိုးရက ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်အအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့သလို မေလအတွင်းမှာ ပင်လယ်ကွေ့ဒေသမှာ စစ်တပ်အင်အားကို ထပ်မံ တိုးချဲ့ခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံတွင် အန္တရာယ်များသည့်အခြေအနေ၌ အလုပ်လုပ်ရသော ကလေးငယ် ၆ သိန်းကျော်ရှိ

    မြန်မာနိုင်ငံတွင် အန္တရာယ်များသည့်အခြေအနေ၌ အလုပ်လုပ်ရသော ကလေးငယ် ၆ သိန်းကျော်ရှိ

    ဇွန် ၁၃၊ ၂၀၁၉
    M-Media

    မန္တလေးရှိ အုတ်ဖုတ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ကလေးငယ်များ (Photo Credit – Irrawaddy)

    -မြန်မာနိုင်ငံမှာ အန္တရာယ်ရှိတဲ့လုပ်တွေ လုပ်နေရတဲ့ ကလေးငယ်အရေအတွက်ဟာ ၆ သိန်းကျော် ရှိတယ်လို့ နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ ILO က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံက လုပ်သားအင်အားကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ILO ဟာ အင်္ဂါနေ့က ရန်ကုန်မှာ အခမ်းအနားတစ်ခု ပြုလုပ်ပြီး ရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

    လေ့လာမှုအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အကြား ကလေးငယ် ၁.၁၃ သန်းဟာ အလုပ်လုပ်ကိုင်နေရပြီး ဒါဟာ နိုင်ငံမှာရှိတဲ့ ကလေးငယ်ဦးရေရဲ့ ၉.၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်နေရတဲ့ ကလေးအရေအတွက်ရဲ့ ထက်ဝက်ကျော် ၆၁၆၈၁၅ ဦးကတာ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတယ်လို့ ILO က ပြောပါတယ်။

    အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ကိုင်နေရတဲ့ ကလေးငယ်တွေထဲက ၂၄.၁ ရာခိုင်နှုန်းဟာ အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အရွယ်တွေ ဖြစ်ပြီး ၇၄.၆ ရာခိုင်နှုန်းက အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အရွယ်ဖြစ်ပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၄ နှစ်အကြား ကလေးတွေရဲ့ တစ်နေ့အလုပ်ချိန်ဟာ အလွန်ကြာညောင်းတယ်လို့ ILO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ကလေးငယ်တွေ အလုပ်လုပ်နေရတဲ့ အဓိက လုပ်ငန်းက စိုက်ပျိုးရေးလုပ်ငန်း(၆၀ ရာခိုင်နှုန်း)၊ ကုန်ထုတ်လုပ်ငန်း (၁၂ ရာခိုင်နှုန်း) တို့ ဖြစ်ကြပြီး ကားဝပ်ရှော့၊ လက်လီလက်ကား အရောင်းဆိုင်တွေနဲ့ အခြားလုပ်ငန်းတွေမှာလည်း လုပ်ကိုင်နေရပါတယ်။

    စက်မှုလက်မှုနှင့် အလုပ်အကိုင်ဥပဒေများ လိုက်နာမှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ကလေးလုပ်သား ပပျောက်ရေး ဆောင်ရွက်မှုဟာ စီးပွားရေး၊ လူနေမှုအဆင့်အတန်းနဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြည်တွင်း ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှု၊ ပြောင်းရွှေအခြေချမှု၊ သဘာဝဘေး၊ စားနပ်ရိက္ခာ ရှားပါးမှု၊ ရာသီဥတု ပြောင်းလဲမှုကနေ ဖြစ်တဲ့ လူမှုစီးပွား ခက်ခဲကြပ်တည်းမှုတွေကြောင့် ကလေးငယ်တွေဟာ ကျောင်းထွက်ပြီး ကာယလုပ်သားတွေအဖြစ် လုပ်ရတဲ့ဘ၀ကို ရောက်သွားကြပါတယ်”

    မြန်မာနိုင်ငံက ကလေးလုပ်သား တော်တော်များများဟာ တစ်ပတ်ကို ၄၄ နာရီကျော် အလုပ်လုပ်ကိုင်နေရတယ်လို့လည်း ညွှန်ကြားရေးမှူးက ပြောပါတယ်။

    ILO ရဲ့ မှတ်တမ်းအရ ကမ္ဘ္ဘာတစ်ဝှမ်းမှာ ကလေးလုပ်သား ၁၅၂ သန်းလောက် ရှိနေပြီး ၇၃ သန်းဟာ အန္တရာယ်များတဲ့ အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

    ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသမှာ ကလေးလုပ်သားတွေကို ပုံမှန် တွေ့နေရတယ်လို့ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အချို့ဒေသတွေမှာ ကျောင်းတွေ ပိတ်ထားရတယ်။ ဖခင်တွေက စစ်ပွဲထဲ ပါဝင်ရတယ်။ မိသားစုတွေကလည်း ဟိုပြေးဒီပြေး ဖြစ်နေတော့ ကလေးတွေက မိသားစုစားဝတ်နေရေးအတွက် လယ်လုပ်တာ၊ ထင်းကောက်တာ၊ ငါးဖမ်းတာတွေ လုပ်ဆောင်နေရပါတယ်”

    ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး၊ ကလေးရောင်းချမှု၊ ကလေးသူငယ်တွေကို လိင်လုပ်သားအဖြစ် ခိုင်းစေမှုတွေကို တားမြစ်တဲ့ သဘောတူညီချက်ကိုတော့ ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ILO ရဲ့ သဘောတူညီချက် အမှတ် ၁၈၂ ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒီသဘောတူညီချက်ဟာ ကလေးငယ်တွေ အဆိုးဝါးဆုံး အခြေအနေမှာ အလုပ်လုပ်ကိုင်နေရမှုကို တိုက်ဖျက်ရေး ရည်ရွယ်တာ ဖြစ်ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ရုရှားနှင့် စစ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်ဟု ပါကစ္စတန်ပြော

    ရုရှားနှင့် စစ်ဖက်ဆက်ဆံရေး တိုးမြှင့်မည်ဟု ပါကစ္စတန်ပြော

    ဇွန် ၁၃၊ ၂၀၁၉
    M-Media

    -ပြောင်းလဲလာတဲ့ ကမ္ဘ္ဘာကြီးမှာ ရုရှားနဲ့ ပိုမိုနီးနီးကပ်ကပ် ဆက်ဆံဖို့ လိုအပ်လာပြီး နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေးကို တိုးမြှင့်သွားမယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။

    ပါကစ္စတန်ဟာ စစ်ဖက်ရေးရာမှာ အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကို မှီခိုနေရပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ရုရှားရဲ့ လက်နက်တွေအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ Sukhoi Su-35 နဲ့ Mi-35M တို့ အပါအ၀င် ရုရှားထံကနေ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ တော်တော်များများ ၀ယ်ယူဖို့ ပါကစ္စတန်က ဆောင်ရွက်နေတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

    အင်မရန်းခန်းက ရုရှားထံကနေ စစ်လက်နက်တွေ ၀ယ်ယူဖို့၊ စစ်ဖက်ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ဖို့ ရှိတယ်လို့ Sputnik သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “ဟုတ်ပါတယ်။ ကျွန်တော်တို့ ရုရှားထံကနေ လက်နက်တွေ ၀ယ်ယူဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ စစ်တပ်နဲ့ ရုရှားစစ်တပ်တို့ကလည်း ထိတွေ့ဆက်ဆံမှုတွေ ရှိပါတယ်”

    ပါကစ္စတန်ဟာ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှု တော်တော်များများမှာ ပါဝင်နေပြီး ပါကစ္စတန် စစ်ဖက်အရာရှိ တစ်ချို့ကိုလည်း ရုရှားက လေ့ကျင့်သင်ကြားပေးတာတွေ ရှိနေပါတယ်။

    ၁၉၇၉ နှစ်ကနေ ၁၉၈၉ နှစ်အထိ အာဖဂန်နစ္စတန်ကို ဆိုဗီယက်တပ်တွေက ကျူးကျော်သိမ်းပိုက်မှုအတွင်း ပါကစ္စတန်နဲ့ ဆိုဗီယက်တို့ဟာ ရန်ဖက်တွေ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ကမ္ဘ္ဘာကြီးက ပြောင်းလဲနေပြီလို့ အင်မရန်းခန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရုရှားရဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံနိုင်တဲ့အတွက် ပျော်ရွှင်မိပါတယ်”

    အရင်က အမေရိကန်ကိုသာ အဓိကမဟာမိတ်၊ ကုန်သွယ်ရေး မိတ်ဖက်အဖြစ် ယူဆခဲ့ပေမယ့်၊ အခုအချိန်မှာတော့ Belt and Road စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ တရုတ်ကိုလည်း အာရုံစိုက်လာရတယ်လို့ အင်မရန်းခန်းက ပြောပါတယ်။

    Ref: RT